Friday, November 2, 2012
အဂတိတရား(၄)ပါး
မြတ်ဘုရားသည် သိင်္ဂါလ လုလင် မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ်ရမည့် ကမ္မကိလေသ တရားလေးပါး ကို ပြညွှန်းတော်မူခဲ့ ပြီးနောက် အဂတိတရားလေးပါး ကို မလိုက်စားအပ်ကြောင်း ဆုံးမတော်မူ ခဲ့ ပါသည်။ယင်း အဂတိတရားလေးပါးမှာ
(၁)ဆန္ဒာဂတိ (၂) ဒေါသာဂတိ (၃) မောဟာဂတိ (၄) ဘယာဂတိ တို့ ဖြစ်သည်။
(၁) ဆန္ဒာဂတိ ဟူသည် ဆွေမျိုးတော်စပ် သောကြောင့် ဖြစ်စေ၊ ရင်းနှီး ခင်မင်သောကြောင့် ဖြစ်စေ၊ချစ်ခင် အောင် လိုက်လျှော ခံ ရသောကြောင့် ဖြစ်စေ၊တံစိုး လက်ဆောင် လာဘ်လာဘ ယူ၍ဖြစ်စေ မိမိ၏ တာဝန်ဝတ္တရား ကိုယ်ကျင့် တရားတို့ မှ တိမ်းစောင်းချွတ်ချော် ကာ မပြုသင့် မပြုအပ်သည် ကို ပြုခြင်း ပင်ဖြစ်ပါသည်။
(၂) ဒေါသာဂတိ ဟူသည် မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊အာဃာတ ထားခြင်း အပေါ်အခြေခံ လျှက် မိမိပြုလုပ်ရမည့် အရာတွင် သမာ သမတ် မရှိမူဘဲ အညီ အညွှတ် ကျင့် ရမည့် တရားထုံးတမ်း မှတိမ်းစောင်း လမ်းချော် သွားခြင်းဖြစ်ပါသည်။
(၃) မောဟာဂတိ ဟူသည် အမှန်နှင့် အမှား၊ အကောင်းနှင့် အဆိုး၊ အကျိုးနှင့် အပြစ်၊သမ္မာ နှင့် မိစ္ဆာ ခွဲခြမ်းဝေဖန် စိစစ်ဥာဏ် ကင်းမဲ့သောကြောင့် တာဝန်ဝတ္တရားနှင့် အညီ ဖြောင့်မတ်စွာ မဆောင်ရွက်ခြင်း ပင် ဖြစ်ပါသည်။
(၄) ဘယာဂတိ ဟူသည် အကြောက်တရား၏ ဖိစီးနှိပ်စက် မူကြောင့် လူ့ အားမာန်၊လူ့ သိတ္တ ကင်းမဲ့လျှက် တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက် ဖြစ်စေ ခြိမ်းခြောက် အကြပ် ကိုင်သူ "အဓမ္မ၀ါဒီ အင်အားစု" တို့၏ အလိုကျ အမှန်တရားမှ ကင်းကွာ လျှက် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် လူတို့သည် အမှန်တရားကို မြတ်နိုးလိုပါ၏။ မိမိ၏ လူ့တန်ဖိုး၊လူ့ဂုဏ်သိက္ခာ ကိုထိန်းသိမ်းလိုစိတ် ရှိကြပါ၏။ တရားမျှတ မူကို အထိုက် အလျှောက် တန်ဖိုးထားလိုကြပါ၏။ အသိပညာ ကို မြတ်နိုးလိုစိတ် လည်းရှိ ကြပါ၏။သို့ သော် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာ ဂတိ တို့က အင်အားကြီးစွာ ပူးဝင်ခြယ်လှယ် သော အခါတွင်မူ လူ၏နှလုံးသား နှင့် ဦးနှောက် တို့တွင် တစ်ခဲနက် သော အမိုက်တိုက်ကြီး ကျရောက်လာချေတော့ သည်။
(မင်းနန်(မော်ကျွန်း) ၏ ဘ၀၏ရွှေရောင်စည်းမျဉ်းများ မှ ကူးယူဖေါ်ပြပါသည်။)
Wednesday, October 31, 2012
လောကနီတိ မြန်မာပြန်(၆)
၇။ အကြောင်းမျိုးစုံကို ရောနှော၍ ပြဆိုသော အပိုင်း
၁၃၈။ (က) မိန်းမနှင့် ရောနှောသော ရဟန်း သီလမရှိ။
(ခ) အသားစားကြူးသောသူ
သနားခြင်းမရှိ။
(ဂ) အရက်သေစာ
သောက်သောသူ စကားမမှန်။
(ဃ) လောဘကြီးသောသူ
အရှက်မရှိ။
(င) အပျင်းကြီးသောသူ
အတတ်ပညာမရ။
(စ) အမျက်ကြီးသောသူ
ဥစ္စာမရ။
၁၃၉။ (က) သေသောက်ကြူးခြင်း (ကြူးသူ)၊
(ခ) အချိန်အခါမဟုတ်
သွားလာခြင်း(သွားလာသူ)၊
(ဂ) ပွဲလမ်းသဘင်
အသွားများခြင်း (အသွားများသူ)၊
(ဃ) အလောင်းအစား
ကျူးလွန်ခြင်း(ကျူးလွန်သူ)၊
(င) မကောင်းသောမိတ်ဆွေနှင့်
ပေါင်းခြင်း(ပေါင်းသူ)၊
(စ) ပျင်းရိဖင့်နွဲခြင်း(ဖင့်နွဲသူ)။
ဤသည်တို့ကား
စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းတည်း။
၁၄၀။ နေ့အခါ၌ ပတ်ဝန်းကျင်ကို
မရှုဘဲ မပြောဆိုအပ်၊ ညဉ့်အခါ၌ မမေးဦးဘဲ မပြောဆိုအံ့၊ ဘေးအန္တရာယ် ကြောက်သော တောမုဆိုးသည် တော၌ ရှေ့နောက်ဝဲယာ
ကြည့်ရှုပြီးမှ သွားလာသကဲ့သို့ ကောင်းစွာ
သတိထား၍ ပြောဆိုရာ၏။
၁၄၁။ (က) ပစ္စည်းဥစ္စာ ဆင်းရဲသူ၊
(ခ) အနာရောဂါ
နှိပ်စက်သူ၊
(ဂ) မိုက်သောသူ၊
(ဃ) ကြွေးမြီ
များသောသူ၊
(င) မင်းဝယ်
ကိုယ်ကြပ် ခစားသောသူ။
ဤငါးယောက်သော
သူတို့ကို အသက်ရှင်လျက် သေသူများဟူ၍ ဗျာသဆရာက မိန့်ဆိုထား၏။
၁၄၂။ ပညာရှိသောသူသည်
မရောက်သေးသော ဘေးအန္တရာယ်ကို မြင်သည်ရှိသော် အဝေးကပင်
ကြိုတင်၍
ရှောင်တိမ်းရာ၏၊ ရောက်ပြီး ရောက်ဆဲ ဘေးအန္တရာယ် ကြုံတွေ့ခဲ့သော် မကြောက်မရွံ့
ပြေလည်အောင်
ဖြေရှင်းတတ်၏။
၁၄၃။ (က) အအိပ်ကြူးသောသူ၊
(ခ) မေ့လျော့သောသူ၊
(ဂ) ချမ်းသာကိုသာ
ကြိုက်သောသူ၊
(ဃ) အနာရောဂါ
ရှိသောသူ၊
(င) ပျင်းရိသောသူ၊
(စ) အလိုကြီးသောသူ၊
(ဆ) အမှုသစ်၌သာ
မွေ့လျော်သောသူ။
ဤ ခုနှစ်ယောက်သော
သူတို့သည် ကျမ်းဂန်မှ ကင်းကုန်၏။
၁၄၄။ အို…လာဘ်….ဆင်းရဲသောသူ၏ အထံသို့ သွားပါလော့၊ လာဘ်ပေါများသောသူသည်
လာဘ်ဖြင့်
ပြည့်နေပါ၏၊
အို…မိုးနတ်….ကြည်းကုန်း၌ မိုးရွာပေးပါလော့၊ သမုဒ္ဒရာသည် ရေဖြင့် ပြည့်နေပါ၏။
ဤသဘောတရားသည်
လောက၌ ဖြစ်ရိုးမရှိ၊ သတ္တဝါ၏ကံသာလျှင် ပဓါနဖြစ်၏။
၁၄၅။ ပြုဖွယ်ကိစ္စ ပြုပြီးသွားလျှင် ပြုလုပ်ပေးသူကို တစ်စုံတစ်ယောက်သောသူကမှ
ပြန်၍ မကြည့်၊
သတိမရ၊ လစ်လျူပြု၍
နေတတ်၏၊ ထို့ကြောင့်ပြုဖွယ်ကိစ္စ အားလုံးတို့ကို အကုန်အစင် ပြုမပေးဘဲ
အကြွင်းထား၍
ပြုလုပ်ပေးရာ၏။
၁၄၆။ (က) လောက၌ လဲဝါသည် အပေါ့ဆုံးဖြစ်၏။
(ခ) ထို့ထက်
လျှပ်ပေါ်သော သူသည် ပို၍ ပေါ့၏။
(ဂ) ထို့ထက်
လူကြီးမိဘ ဆရာသမား၏ အဆုံးအမကို မနာခံသောသူက ပို၍ပေါ၏။
(ဃ) ထို့ထက်
မြတ်စွာဘုရား သာသနာတော်၌ မေ့လျော့သောသူက ပို၍ ပေါ့၏။
၁၄၇။ (က) လောက၌ ကျောက်ထီးသည် အလေးဆုံးဖြစ်၏။
(ခ) ထို့ထက်
နတ်တို့ပြောသော စကားက ပို၍ လေး၏။
(ဂ) ထို့ထက်
လူကြီးမိဘ ဆရာသမား၏ အဆုံးအမက ပို၍ လေး၏။
(ဃ) ထို့ထက်
မြတ်စွာဘုရား၏ ဆုံးမသော စကားတော်က ပို၍ လေး၏။
၁၄၈။ (က) လက်ယာလက်သည် ကိုယ်ခန္ဓာ၏ ကျွန်မည်၏။
(ခ) ဤလက်ယာလက်၌
လက်သန်းသည် နားနှာခေါင်းနှင့် မျက်စိတို့၏ ကျွန်မည်၏။
(ဂ) လက်ဝဲလက်သည်
ခြေထောက်၏ ကျွန်မည်၏။
၁၄၉။ (က) ကွမ်းရွက်၏ အလယ်ပိုင်း၌ ကုဝေရနတ် အမြဲစောင့်၏။
(ခ) ကွမ်းရွက်၏
အရင်းပိုင်း၌ ဘီလူး စောင့်၏။
(ဂ) ကွမ်းရွက်၏
အဖျားပိုင်း၌ ဒေဝမိစ္ဆာ နတ်ယုတ်မာ စောင့်၏။
ထို့ကြောင့်
အရင်းနှင့် အဖျားကို ဖြတ်၍ စားရာ၏။ ဤသို့ စားသော် ဘုန်းကျက်စသရေ တိုးပွါး၏။
၁၅၀။ (က) ဗြဟ္မာသည် စာသင်ပုန်းကို စောင့်၏။
(ခ) ဗိဿနိုးနတ်သည်
ကမ္ဗလွေ(စာပလွေ)ကို စောင့်၏။
ထို့ကြောင့် အတတ်ပညာ
သင်ကြားသော သူတို့သည် ဗြဟ္မာနှင့် ဗိဿနိုးကို ပူဇော်ကြကုန်လော့၊
ထိုသို့ ပူဇော်သူကို ဗြဟ္မာနှင့် ဗိဿနိုးနတ်တို့က အခါခပ်သိမ်း မြတ်နိုးတတ်ကုန်၏။
ထိုသို့ ပူဇော်သူကို ဗြဟ္မာနှင့် ဗိဿနိုးနတ်တို့က အခါခပ်သိမ်း မြတ်နိုးတတ်ကုန်၏။
၁၅၁။ (က) နွားတို့သည် လူသားအားလုံးတို့ကို ကုန်းရုံးကျွေးမွေး
တတ်ကုန်၏။
(ခ) စည်းစိမ်ကို
ပေးတတ်ကုန်၏။
ထိုကျေးဇူးကြောင့် နွားမများကို မိဘကဲ့သို့ မှတ်ထင်မြတ်နိုးရာ၏၊
လေးလေးစားစား
သဘောထားရာ၏။
၁၅၂။ နွား၏ အသားကို စားကုန်သော သူတို့သည် ကျေးဇူးရှင်မိခင်၏
အသားကို စားသည်မည်၏။
နွားများသေသောအခါ
လင်းတစာ ကျွေးရာ၏။ ရေအလျဉ်၌သော်လည်း မျှောရာ၏။
၁၅၃။ (က) ကြာသပတေးနေ့၌ အတတ်ပညာစ၍ သင်ကြားသော် အောင်မြင်ပြီးစီး၏။
(ခ) တနင်္ဂနွေနှင့်
သောကြာနေ့တို့၌ အတတ်ပညာစ၍ သင်ကြားသော် လစ်လျူရှုတတ်၏။
(ဂ) ဗုဒ္ဓဟူးနှင့်
တနင်္လာနေ့တို့၌ အတတ်ပညာ စ၍ သင်ကြားသော် ဆုံးခန်းတိုင် မတတ်မြောက်ရာ။
(ဃ) စနေနှင့်
အင်္ဂါနေ့တို့၌ အတတ်ပညာ စ၍ သင်ကြားသော် သေရာ၏။
၁၅၄။ (က) လဆန်း ၈ ရက်၊ လဆုတ် ၈-ရက်နေ့၌ အတတ်ပညာသင်မူ ဆရာကို
သတ်သည်မည်၏။
(ခ) လဆန်း
၁၄-ရက်၊ လဆုတ် ၁၄-ရက်နေ့၌ အတတ်ပညာသင်မူ တပည့်ကို သတ်သည်မည်၏။
(ဂ) လဆန်း
၁၀-ရက်၊ လဆုတ် ၁၀-ရက်နေ့၌ အတတ်ပညာသင်မူ အတတ်ပညာကို သတ်သည်
မည်၏။
(ဃ) လပြည့်နေ့၌
အတတ်ပညာကိုသင်မူ အမိ၊ အဘကို သတ်သည် မည်၏။
၁၅၅။ (က) လဆန်း ၇-ရက်၊ လဆုတ် ၇-ရက်နေ့၌ အုန်းသီးကို မစားရာ၊
(ခ) ၉-ရက်မြောက်၌
အိမ်ဗူးကို မစားရာ။
(ဂ) ၁၂-ရက်မြောက်၌
ကင်ပိမ့်(ကင်းပုံ)ကို မစားရာ။
(ဃ) ၃-ရက်မြောက်၌
ဟင်းမျိုး(ငါးသား)ကို မစားရာ။
၁၅၆။ (က) အမျိုး၏ အကျိုးငှာ တစ်ယောက်သောသူကို စွန့်ရာ၏။
(ခ) ရွာ၏
အကျိုးငှာ အမျိုးကို စွန့်ရာ၏။
(ဂ) ဇနပုဒ်
အကျိုးငှာ ရွာကို စွန့်ရာ၏။
(ဃ) မိမိအကျိုးငှာ မြေအလုံးကို စွန့်ရာ၏။
၁၅၇။ ခြင်္သေ့၊ သူတော်ကောင်း၊
ဆင်၊ ဤသတ္တဝါသုံးဦးတို့သည် အကျိုးမရှိသော အရပ်ကို စွန့်၍
သွားကုန်၏။
ကျီးကန်း၊ ယုတ်မာသော ယောက်ျား၊ သမင်၊ ဤသတ္တဝါသုံးဦးတို့သည် မိမိကျင်လည်
ရာ အရပ်၌
သာလျှင် ပျက်စီးခြင်းသို့ ရောက်ကုန်၏။
၁၅၈။ (က) မြတ်နိုးသူ မရှိသောအရပ်၊
(ခ) ချစ်ခင်သူ
မရှိသောအရပ်၊
(ဂ) အဆွေခင်ပွန်း
မရှိသောအရပ်၊
(ဃ) အတတ်ပညာ
သင်ပေးသူ တစ်စုံတစ်ယောက်မျှ မရှိသောအရပ်။
ထိုလေးမျိုးမရှိသော
အရပ်၌ တစ်နေ့တစ်ရက်မျှ မနေထိုက်။
၁၅၉။ ပညာရှိတို့၏
သဘောသည် လှမ်းသွားသော ခြေတစ်ဖက်နှင့်တူသော အရပ်သစ်ကို မျှော်ကြည့်
လျက်သော စိတ်ဖြင့်
သွား၏။ ရပ်ထားသော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို မခွါသော
စိတ်ဖြင့်
ရပ်၏။ (ထို့ကြောင့်) အရပ်သစ်ကို မစူးစမ်း မလေ့လာဘဲ အရပ်ဟောင်းကို မစွန့်ရာ။
၁၆၀။ (က) ဥစ္စာ စပါး ရောင်းဝယ်သောအခါ၊
(ခ) အတတ်ပညာ
သင်ယူသောအခါ၊
(ဂ) တမန်စေလွှတ်ခြင်း
ခံရေသောအခါ၊
(ဃ) မေထုန်မှီဝဲသောအခါ၊
တို့၌ အရှက်အကြောက်ကို
စွန့်အပ်၏။
၁၆၁။ (က) မိန်းမတို့၏ အစာစားခြင်းသည် ယောက်ျားတို့ထက် နှစ်ဆ
လွန်ကဲ၏။
(ခ) ပညာသည်
လေးဆ လွန်ကဲ၏။
(ဂ) လုံ့လသည်
ခြောက်ဆ လွန်ကဲ၏။
(ဃ) ကာမဂုဏ်ရမက်သည်
ရှစ်ဆလွန်ကဲ၏။
၁၆၂။ ကြံသည် အဆစ်တိုင်း၊ အဆစ်တိုင်း အစဉ်သဖြင့် အဖျားမှ အရင်း
အထိ တဖြည်းဖြည်း ပို၍ ချိုသော
အရသာထူးရှိ၏။
ထို့အတူ မိတ်ဆွေကောင်းဖြစ်သော သူတော်သူမြတ်သည် အဖျားမှ အရင်း
တိုင်အောင်
ချိုသောကြံ၏ အရသာနှင့် တူ၏။
သူယုတ်မာတို့၏
သဘောသည် အရင်းပိုင်းသာ ချို၍ အဖျားပိုင်း ရောက်သော် အချိုပေါ့သော
ကြံ၏ အရသာနှင့်
တူ၏။
၁၆၃။ (က) တောင်သူလယ်သမား၊
(ခ) ကုန်သည်ပွဲစား၊
(ဂ) မင်းအမတ်(ပြည့်သူ့ဝန်ထမ်း)၊
(ဃ) အကြားအမြင်
သီတင်းသီလနှင့် ပြည့်စုံသောရဟန်း။
ထိုလေးမျိုး
ပြန့်ပြောထွန်းကားသော် တိုင်းပြည်၊ မြို့ရွာ ပြန့်ပြော သာယာ၏။
၁၆၄။ (က) အတတ်ပညာ စာပေကျမ်းဂန်တို့သည် ရွတ်အံသရဇ္ဈာယ်ခြင်း
မရှိသော် ပျောက်ပျက်
ကုန်၏။
(ခ) အိမ်ထောင်စီးပွါးတို့သည်
ထကြွ၊ လုံ့လ မရှိ ပျင်းရိသော ပျက်စီးကုန်၏။
(ဂ) ပျင်းရိခြင်းသည်
အဆင်းလှသူ၏ အညစ်အကြေးမည်၏။
(ဃ) မေ့လျော့ခြင်းသည်
စောင့်စည်းသောရဟန်း၏ အညစ်အကြေးမည်၏။
၁၆၅။ လုံ့လဝီရိယ ချို့တဲ့ ညံ့ဖျင်းကုန်သော သူတို့၏ ဥစ္စာသည်
လုံ့လဝီရိယ ကြီးမားသောသူတို့၏ ဥစ္စာ
အဖြစ်သို့
ရောက်ကုန်၏။ လုံ့လ ဝီရိယ ညံ့ဖျင်းကုန်သော သူတို့က ရှေးကံသာ ပဓါနဟု ဆိုလေ့
ရှိကြကုန်၏။
၁၆၆။ ပညာရှိတို့က
ဤသို့ “ရှေးကံသာ ပဓါန” ဟု မဆိုကြကုန်၊ ခပ်သိမ်းသော အမှုကိစ္စများကို
ကြိုးစား၍
ပြုလုပ်ကြကုန်၏၊ အကယ်၍ ထိုပြုလုပ်သော အမှုကိစ္စမပြီးခဲ့သော် ရည်မှန်းချက် မပြီး
ရုံသာရှိမည်။
ကြိုးစားအားထုတ်ခြင်းအတွက် အပြစ်မရှိပါ။
၁၆၇။ အမျိုးလည်းညံ့၊ ပညာလည်း မတတ်၊ အဆင်းလည်း မလှ၊ ခွန်အားလည်း
မရှိပါဘဲလျက် သူတစ်ပါး
တို့နှင့်
တန်းတူရည်တူကဲ့သို့ ဖြစ်နေသည်မှာ ဤခေတ်ကာလသည် ဆုတ်ခေတ်ကာလတည်း။ ဥစ္စာ
သည်သာလျှင်
လူကို ထူးအောင် ပြုသော ကာလတည်း။
အကြောင်းမျိုးစုံကို
ရောနှော၍ ပြဆိုသော အပိုင်း ပြီး၏။
နိဂုံးစကား
၁။ ပညာရှိကို ဆိုရာအပိုင်း၊
၂။ သူတော်ကောင်းကို ဆိုရာအပိုင်း၊
၃။ သူယုတ်မာကို ဆိုရာအပိုင်း၊
၎။ မိတ်ဆွေကို ဆိုရာအပိုင်း၊
၅။ မိန်းမကို ဆိုရာအပိုင်း၊
၆။ မင်းကို ဆိုရာအပိုင်း၊
၇။ အကြောင်းအရာမျိုးစုံ ရောနှောသည်ကို ဆိုရာအပိုင်း။
ဤသို့ အပိုင်းကဏ္ဍ
ခုနှစ်မျိုးတို့ဖြင့် တန်ဆာဆင်ထားအပ်သော လောကနီတိ နိဿယ ပြီး၏။
လောကနီတိ မြန်မာပြန်(၅)
၆။ မင်းကို ဆိုသော အပိုင်း။
၁၁၂။ (က) မင်းသည် တယာမ်သာ အိပ်ရာ၏။
(ခ) ပညာရှိသည် နှစ်ယာမ်သာ အိပ်ရာ၏။
(ဂ) အိမ်ရာထောင်သော လူအပေါင်းသည် သုံးယာမ်သာ အိပ်ရာ၏။
(ဃ) ဖုန်းတောင်းယာစကာသည်ကား လေးယာမ်လုံး အိပ်ရာ၏။
၁၁၃။ (က) ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသောသူ။
(ခ) အကြားအမြင်များသော ပညာရှိ။
(ဂ) မင်း (အစိုးရ)။
(ဃ) ရေရှိသော မြစ်။
(င) ဆေးသမား (ဆရာဝန်)။
ဤငါးဦး မရှိသောအရပ်၌ တစ်နေ့တစ်ရက်မျှ မနေအပ်။
၁၁၄။ (က) မြတ်နိုးသူ မရှိသောအရပ်။
(ခ) ချစ်ခင်သူမရှိသော အရပ်။
(ဂ) အဆွေခင်ပွန်း မရှိသော အရပ်။
(ဃ) အတတ်ပညာ သင်ပေးသူ တစ်စုံတစ်ယောက်မျှ မရှိသောအရပ်။
ထိုလေးမျိုးမရှိသော အရပ်၌ တစ်နေ့တစ်ရက်မျှ မနေထိုက်။
၁၁၅။ (က) သားသမီး မရှိသော အိမ်သည် တိတ်ဆိတ်၏။
(ခ) မင်းမရှိသော တိုင်းနိုင်ငံသည် တိတ်ဆိတ်၏။
(ဂ) အတတ်ပညာမရှိသော သူ၏ ခံတွင်းသည် တိတ်ဆိတ်၏။
(ဃ) ဆင်းရဲသောသူ၏ ဘဝသည် အလုံးစုံ တိတ်ဆိတ်၏။
၁၁၆။ (က) ဥစ္စာကို အလိုရှိသော ကုန်သွယ်ရာ၏။
(ခ) အတတ်ပညာကို အလိုရှိသော် အကြားအမြင်များသော ပုဂ္ဂိုလ်ကို ဆည်းကပ်ရာ၏။
(ဂ) သားသမီးကို အလိုရှိသော မိန်းမပျိုကို ပေါင်းသင်ရာ၏။
(ဃ) မင်း အမတ်ဖြစ်လိုသော် မင်း၏ အလိုသို့ လိုက်ရာ၏။
၁၁၇။ (က) ရဟန်းသည် မရောင့်ရဲမူ ပျက်စီးတတ်၏။
(ခ) မြေကြီးသေဌ်နင်း ပြည့်ရှင်မင်းသည် ရောင့်ရဲမူပျက်စီးတတ်၏။
(ဂ) ပြည့်တန်ဆာမသည် ရှက်တတ်မူ ပျက်စီးတတ်၏။
(ဃ) အမျိုးကောင်းသမီးသည် မရှက်တတ်မူ ပျက်စီးလွယ်၏။
၁၁၈။ (က) ငှက်တို့၏ အားကား ကောင်းကင်။
(ခ) ငါးတို့၏ အားကား ရေ။
(ဂ) အားနည်းသူ၏ အားကား မင်း(အစိုးရ)။
(ဃ) သူငယ်တို့၏ အားကား ငိုခြင်း။
၁၁၉။ (က) သည်းခံခြင်း။
(ခ) နိုးကြားခြင်း။
(ဂ) ထကြွလုံ့လရှိခြင်း။
(ဃ) ဝေဖန်ခွဲခြားတတ်ခြင်း။
(င) သနားခြင်း။
(စ) အမြော်အမြင်ကြီးခြင်း။
ဤကျင့်ဝတ် ခြောက်ပါးတို့သည် မင်းစသော လူကြီးမိဘ၏ ဂုဏ်ကျေးဇူးတို့တည်း၊ သူတော်ကောင်းတို့
အလိုရှိအပ်သော ဂုဏ်ကျေးဇူးတို့တည်း။
၁၂၀။ (က) မင်း(အစိုးရ) တို့သည် တစ်ကြိမ်သာ ဆိုမြဲ။
(ခ) ရဟန်း၊ ပုဏ္ဏားတို့သည် တစ်ကြိမ်သာ ဆိုမြဲ။
(ဂ) သူတော်ကောင်းတို့သည် တစ်ကြိမ်သာ ဆိုမြဲ။
လောက၌ ဤသဘောတရားသည် ရှေးသူတော်ကောင်းတို့၏ သဘောထား အကျင့်ပင် ဖြစ်၏။
၁၂၁။ (က) အိမ်ရာထောင်သောသူသည် ပျင်းရိမူ မကောင်း၊
(ခ) ရဟန်းသည် ကိုယ်နှုတ်နှလုံး မစောင့်မူ မကောင်း။
(ဂ) မင်း(အစိုးရ)သည် မဆင်မခြင် ပြုလေ့ရှိမူ မကောင်း။
(ဃ) ပညာရှိသည် အမျက်ထွက်မူ မကောင်း။
၁၂၂။ (က) အကြီးအကဲ လုပ်လိုသူ များနေခြင်း၊
(ခ) အဖွဲ့သားအားလုံး ပညာမာန်တက်နေခြင်း၊
(ဂ) အဖွဲ့သားအားလုံး နေရာမြင့်မြင့် ရာထူးကြီးကြီးရလိုခြင်း။
ထိုသူတို့၏ အမှုလုပ်ငန်း အဖွဲ့အစည်းသည် ကြာရှည်မခံ ပျက်စီးတတ်၏။
၁၂၃။ (က) မင်းတို့မည်သည် အခွန်ထွက်သည်၊ မထွက်သည်ကို သိအောင် ကိုယ်တိုင်ပြုရာ၏။
(ခ) မျိုးရိက္ခာ ကုန်သည်၊ မကုန်သည်ကို ကိုယ်တိုင်သိအောင် ပြုရာ၏။
(ဂ) အမှုထမ်းသည်၊ မထမ်းသည်ကို ကိုယ်တိုင်သိအောင် ပြုရာ၏။
(ဃ) နှိမ်ထိုက်သောသူကို နှိမ်ရာ၏။
(င) ချီးမြောက်ထိုက်သော သူကို ချီးမြောက်ရာ၏။
၁၂၄။ (က) နေပူကို ကျောဖြင့်သာလျှင် လှုံမှီရာ၏။
(ခ) မီးကို ဝမ်းဖြင့်သာလျှင် လှုံမှီရာ၏။
(ဂ) အရှင်သခင်ကို ဘက်ပေါင်းစုံဖြင့် လှုံမှီရာ၏။
(ဃ) တမလွန်လောကကို မမိုက်သဖြင့် လှုံမှီရာ၏။
၁၂၅။ (က) မီးကိုလည်းကောင်း။
(ခ) ရေကိုလည်းကောင်း။
(ဂ) မိန်းမကိုလည်းကောင်း။
(ဃ) လူမိုက်ကိုလည်းကောင်း။
(င) မြွေကိုလည်းကောင်း။
(စ) မင်း(အစိုးရ)ကို လည်းကောင်း။
မထိပါး ရှောင်ရှားသဖြင့် သွားအပ်၏။ လတ်တလော အသက်ကို သေစေတတ်ကုန်၏။
၁၂၆။ (က) မကောင်းသောမယားနှင့် ပေါင်းဖေါ်သူ။
(ခ) စိတ်ဓါတ်ကြမ်းသော ကျွန်ကို စေခိုင်းသူ။
(ဂ) မြွေရှိသော အိမ်၌ နေထိုင်သူ။
ဤသူတို့သည် မုချသေလမ်းပွင့်နေ၏။ ယုံမှားမရှိရာ။
၁၂၇။ (က) တပည့်မိုက်ကို ပညာသင်ပေးမိခြင်း။
(ခ) ယုတ်မာသော မိန်းမကို အိမ်ထောင်ဖက် ပြုခြင်း။
(ဂ) မသူတော်နှင့် ပေါင်းဖက်ခြင်း။
(ဤအကြောင်းများကြောင့်) ပညာရှိပင်ဖြင့်လင့်ကစား နစ်မွန်းတတ်ချေ၏။
၁၂၈။ (က) မကောင်းမှုကို သားသမီးပြုလျှင် မိဘပြုသည်မည်၏။
(ခ) မကောင်းမှုကို တပည့်ပြုလျှင် ဆရာပြုသည်မည်၏။
(ဂ) မကောင်းမှုကို တိုင်းသူပြည်သား ပြုလျှင် ရှင်ဘုရင်ပြုသည် မည်၏။
(ဃ) မကောင်းမှုကို ရှင်ဘုရင်ပြုလျှင် ပုရောဟိတ်ပြုသည် မည်၏။
၁၂၉။ (က) အမျက်မာန်စောင် ကြီးသူကို အမျက်မထား မေတ္တာပွါးခြင်းဖြင့် အောင်ရာ၏။
(ခ) မတော်မှန်သောသူကို မိမိက တော်မှန်ကောင်းမွန်ခြင်းဖြင့် အောင်ရာ၏။
(ဂ) နှမြောဝန်တိုသော သူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏။
(ဃ) စကားမမှန်သောသူကို အမှန်ဆိုခြင်းဖြင့် အောင်ရာ၏။
၁၃၀။ (က) ပေးကမ်းခြင်းသည် မယဉ်ကျေးသူကို ယဉ်ကျေးစေတတ်၏။
(ခ) ပေးကမ်းခြင်းသည် အကျိုးအားလုံးကို ပြီးစေတတ်၏။
(ဂ) ပေးကမ်းခြင်း ချစ်ဖွယ်ဆိုခြင်းဖြင့် မိမိက သူတစ်ပါးထက် သာလွန်၏၊ သူတစ်ပါးတို့က မိမိ
ဘက်သို့ ညွတ်လာရကုန်၏။
၁၃၁။ (က) ပေးကမ်းခြင်းသည် လူချစ်ဆေးမည်၏။
(ခ) နှမြောဝန်တိုခြင်းသည် လူမုန်းဆေးမည်၏။
(ဂ) ပေးကမ်းခြင်းသည် အခြံအရံများသော ဆေးမည်၏။
(ဃ) နှမြောဝန်တိုခြင်းသည် အထီးကျန်သော ဆေးမည်၏။
၁၃၂။ ပညာအနှစ်ကင်းကုန်သော လူမိုက်တို့၏ ဘေးရန်ကို ညီညွတ်ခြင်းဖြင့် အောင်နိုင်၏၊ မြက်ဖြင့်
လွန်ကြိုးကို ကျစ်အပ်၏၊ ထိုမြက်ကျစ်လွန်ကြိုးဖြင့် ဆင်ပြောင်ကြီးကို ဖမ်းယူနိုင်၏။
၁၃၃။ ဗိုလ်ပါသူရဲ သဟဲအဖေါ် ပြည့်စုံသော်လည်း ရန်သူကို မအောင်နိုင်သောမင်းသည် တန်ခိုးဖြင့်
ဘယ်သို့ ပြုအံ့နည်း၊ လေငြိမ်သောအရပ်၌ ထွန်းညှိထားသောမီး အလိုလိုငြိမ်းသည်နှင့် တူ၏။
၁၃၄။ (က) ကာမစည်းစိမ်ကို မင်းနှင့်အပြိုင် တရံတဆစ်မျှ မခံစားရာ။
(ခ) အသွင်ဟန်ပန်ကို မင်းနှင့်အပြိုင် မပြုရာ။
(ဂ) အရသာစားခြင်းကို မင်းနှင့် အပြိုင် မပြုရာ။
(ဃ) ပန်းပန်ခြင်း၊ နံ့သာထုံခြင်းကို မင်းနှင့် အပြိုင် မပြုရာ။
(င) အဝတ်အထည်ဝတ်ခြင်းကို မင်းနှင့် အပြိုင် မပြုရာ။
(စ) တန်ဆာဆင်ခြင်းကို မင်းနှင့် အပြိုင် မပြုရာ။
(ဆ) အလုံးစုံကို မင်းနှင့် အပြိုင် မပြုရာ။
၁၃၅။ (က) မင်းသည် ငါ၏ အဆွေခင်ပွန်း မဟုတ်။
(ခ) မင်းသည် ငါနှင့် ဂုဏ်ရည်တူ အပေါင်းအဖေါ် မဟုတ်။
(ဂ) ဤမင်းသည် ငါ၏အရှင်သခင်တည်း။
ဤသို့ လေးလေးစားစား စိတ်သဘောထားရာ၏။
၁၃၆။ မင်းကို ခစားသောသူသည် မင်းအား--
(က) အလွန်ဝေးသော အရပ်၌ မခစားရာ။
(ခ) အလွန်နီးသောအရပ်၌ မခစားရာ။
(ဂ) လေညာအရပ်၌ မခစားရာ။
(ဃ) ရှေ့တူယူအရပ်၌ မခစားရာ။
(င) အလွန်နိမ့်သော အရပ်၌ မခစားရာ။
(စ) အလွန်မြင့်သော အရပ်၌ မခစားရာ။
ဤအပြစ်ခြောက်ပါးကို ရှောင်ကြဉ်၍ ခစားရာ၏။
ပူလောင်သောမီး ကဲ့သို့ စောင့်စည်းလျက် ခစားတည်နေရာ၏။
၁၃၇။ သဗ္ဗညူမြတ်စွာဘုရားနှင့်တူသော ကျေးဇူးရှိသူပင် ဖြစ်လင့်ကစား အမှီကောင်းကို မရမူ မတင့်တယ်၊
ပတ္တမြားသည် အဖိုးများစွာ ထိုက်သော်လည်း ရွှေကို မှီရမှသာလျှင် တင့်တယ်၏။
မင်းကို ဆိုသော အပိုင်း ပြီး၏။
Subscribe to:
Posts (Atom)