Tuesday, January 22, 2013

ရတနာသုံးပါး(၁)


ကမ္ဘာကြီးရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်သောကတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဗုံးတွေ ဘယ်တော့ပေါက်ကွဲမလဲကို မသိနိုင်ပါဘူး။ ခြောက်ကမ်းပါးရဲ့အစွန်မှာ ရောက်ရှိနေသလို ခံစားမိကြပါတယ်။ ကျွန်တော်တို့တဦးချင်းစီ စိတ်ပျက်မှု၊ ငြီးငွေ့မှု၊ အကူအညီမဲ့မှုတွေကို ခံစားနေ ရတယ်။ ဒီလိုအခြေအနေတွေဟာ အန္တရယ်သိပ်များပါတယ်။ မတရားမှုက ပျံ့နှံ့နေပြီး၊ အန္တရာယ်ဆိုတာ ကျွန်တော်တို့လက်တစ်ကမ်းမှာရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ကြောက်လန့်နေရင် အခြေအနေတွေ ပိုဆိုးသွားပါလိမ့်မယ်။ အရာရာကို ကွဲကွဲပြားပြားသိမြင်ဖို့အတွက် ကျွန်တော်တို့ တည်ငြိမ်နေဖို့လိုအပ်ပါတယ်။ တရားထိုင်ခြင်းဟာ သိမှတ်နေဖို့နဲ့ ကူညီဖို့ ကြိုးစားခြင်းပါ။
       ယိုးဒယားပင်လယ်အော်ကိုဖြတ်တဲ့လှေငယ်လေးကို ဥပမာအနေနဲ့ ကြည့်ကြရအောင်။ ဗီယက်နမ်မှာ လှေငယ်လေးတွေစီးပြီး တိုင်းပြည်မှ ထွက်ခွါနေတဲ့လူတွေ ရှိပါတယ်။ မကြာခဏ လှေငယ်လေးတွေဟာ ကြမ်းတမ်းတဲ့ပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ တွေ့ရလေ့ရှိကြတယ်။ လှေပေါ်မှာပါတဲ့ လူတွေကြောက်လန့်နေရင် လှေဟာနစ်မြုပ်သွားလေ့ရှိပါတယ်။ အဲဒီလိုမဟုတ်ပဲ လှေပေါ်မှာ ဆောင်ရန် ရှောင်ရန်တွေကိုသိတဲ့၊ စိတ်တည်ငြိမ်၊ တည်ကြည်တဲ့လူမျိုးပါရင်တော့ သူကလှေပေါ်က လူတွေကို ကယ်တင်လိုက်နိုင်ပါလိမ့်မယ်။ တည်ငြိမ်တဲ့လူရဲ့မျက်နှာအနေအထား ၊ ပြောဆိုဆက်ဆံမှုတွေဟာ အခြားသူတွေကိုငြိမ်သက်၊ တည်ကြည်စေပါတယ်။ လူတွေကလည်း ဒီလိုလူမျိုးကို ယုံကြည်ကိုးစားပါတယ်။ သူပြောသမျှ လိုက်နာဆောင်ရွက်ပါတယ်။ ဒီလိုလူတစ်ယောက်က လှေပေါ်ကလူ အများကြီးကို ကယ်တင်နိုင်ပါတယ်။
      ကျွန်တော်တို့ကမ္ဘာကြီးက ဒီလှေငယ်လေးလိုပါပဲ။ ကြယ်တာရာတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ ဂြိုလ်ကမ္ဘာဟာ အလွန်ပဲသေးငယ်လှတဲ့ လှေလေးတစ်စင်းပါ။ ကျွန်တော်တို့ ကြောက်လန့်ကြပါတယ်။ ကျွန်တော်တို့ဘ၀တွေက ဒီလှေလေးတစ်စင်းပေါ်က အခြေအနေထက် ပိုပြီးမကောင်းပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော်တို့မှာ အနုမြူလက်နက်ပေါင်း ငါးသောင်းကျော်ရှိပါတယ်။ လူသားမျိုးနွယ်ဟာ အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေဖြစ်နေပါပြီ။ ငြိမ်သက်စွာထိုင်ပြီး ပြုံးရယ်နေနိုင်တဲ့လူတွေ၊ အေးချမ်းစွာလမ်းလျှောက်နေနိုင်တဲ့လူတွေကို ငါတို့လိုအပ်နေပါတယ်။ ကျွန်တော်တို့ကို ကယ်တင်ဖို့ အဲဒီလိုလူတွေလိုအပ်ပါတယ်။ မဟာယာနဗုဒ္ဓဘာသာအရတော့ ခင်ဗျားကလိုအပ်နေတဲ့ လူမျိုးပါတဲ့။ ကျန်တဲ့လူတစ်ဦးချင်းစီကလည်း ဒီလိုလိုအပ်နေတဲ့ လူမျိုးတွေပါပဲ။
       -------------------------------------------------------------------
        ကျွန်တော့်မှာ အရင်က သစ်သန်းဗန်ဆိုတဲ့ တပည့်တစ်ယောက်ရှိဖူးတယ်။ သူက အသက် ၆နှစ်အရွယ်မှာ ဘုန်းကြီးဝတ်ခဲ့တယ်။ အသက် ၁၇ နှစ် မှာ ကျွန်တော့်ထံကို ပညာဆည်းပူးဖို့ ရောက်လာတယ်။ နောက်ပိုင်းမှာတော့ သူကလူမှုရေးဆောင်ရွက်တဲ့လူငယ်ကျောင်း ရဲ့ ပထမဦးဆုံး ဒါရိုက်တာဖြစ်လာတယ်။ သူက စစ်အတွင်းမှာ လူမှုရေးဆောင်ရွက်တဲ့လူငယ် ထောင်ပေါင်းများစွာကို ဦးဆောင်မှုပေးခဲ့တယ်။ လူငယ်တွေက ဖျက်ဆီးခံရတဲ့ကျေးရွာတွေကို ပြန်လည်တည်ဆောက်ဖို့၊ စစ်ဖြစ်နေတဲ့နေရာတွေက ပြေးလာတဲ့ထောင်ပေါင်းများစွာသော လူတွေကို ပြန်လည်နေရာချထားဖို့ စတဲ့ အလုပ်တွေကို  လုပ်ကိုင်ကြတဲ့လူငယ်တွေပါ။ သူက မတော်တဆဖြစ်ပွါးမှုတစ်ခုမှာ သေဆုံးခဲ့တယ်။ ဒီလို တပည့်သေဆုံးတဲ့အကြောင်းကိုကြားရတော့ ငါက ကိုဗေဟေဂင်မြို့ရောက်နေတယ်။ သူက သိပ်ကို နူးညံ့ပြီး၊ ရဲရင့်တဲ့ဘုန်းကြီးတစ်ပါးပါ။
        သူက ၆ နှစ်၊ ရ နှစ် အရွယ် ကိုရင်ဘ၀မှာ လူတွေက ဘုန်းကြီးကျောင်းကိုလာပြီး မုန့်တွေ၊ ငှက်ပျောသီးတွေ ဗုဒ္ဓကို လာရောက်လှူဒါန်းတာကိုတွေ့တယ်။ သူ ဗုဒ္ဓ ငှက်ပျောသီးကို ဘယ်လို စားမလဲဆိုတာကို တွေ့ချင်၊သိချင်တယ်။ ဒါကြောင့် လူတွေ အိမ်ပြန်သွားပြီး ။ ဘုရားကျောင်းဆောင် ပိတ်တဲ့အထိ စောင့်တယ်။ ပြီးတော့ တံခါးကြားကနေ ဗုဒ္ဓ ကငှက်ပျောသီးကို ဘယ်လိုလှမ်းယူမလဲ၊ ခွါစားမလဲဆိုတာကိုစောင့်ကြည့်နေတယ်။ သူ စောင့်ကြည့်နေသော်လည်း ဘာမှ ဖြစ်ပျက်ခြင်း မရှိခဲ့ဘူး။ ဗုဒ္ဓက တစုံတဦးက သူ့ကို စောင့်ကြည့်နေတာကို သိရှိသွားတဲ့အတွက် မစားတာလို့သူက ထင်မိတယ်။
     သစ်သန်းဗန်က သူငယ်စဉ်က အခြားသောအကြောင်းအရာလေးတွေကို ကျွန်တော်ကို ပြောပြပါသေး တယ်။ ဗုဒ္ဓရုပ်ထုဟာ တကယ့်ဗုဒ္ဓ မဟုတ်ဘူးလို့ သူ သိသွားတဲ့ အခါ၊ တကယ့်ဗုဒ္ဓက ဘယ်မှာလဲလို့ မေးပါတော့တယ်။ ဗုဒ္ဓတွေက လူတွေကြားထဲမှာ နေတယ်ဆိုတာကို သူ မသိတဲ့အတွက် ဖြစ်တယ်။ ဗုဒ္ဓ ဆိုတာ သိပ်ပြီး ကောင်းမွန်မှာ မဟုတ်ဘူးလို့ သူထင်မိပါတယ်။ လူတွေက ဗုဒ္ဓ ဖြစ်သွားတဲ့ အခါ ဝေးကွာတဲ့နိုင်ငံတွေကို ထွက်ခွါသွားတတ်တယ်လို့ သူကထင်မိတယ်။ ဗုဒ္ဓဆိုတာဟာ ငါတို့ကိုယ်တိုင်ပါလို့ သူ့ကို ကျွန်တော်က ပြောပြတယ်။ ဗုဒ္ဓဆိုတာ အရိုး၊ အသားနဲ့ ဖွဲ့စည်းထားတာပါ။ ကြေး၊ ရွှေ၊ငွေတွေ နဲ့ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ ဗုဒ္ဓရုပ်ထုဆိုတာက ဗုဒ္ဓ ရဲ့သင်္ကေတ ပါ။ အမေရိကန်အလံက အမေရိကန် နိုင်ငံရဲ့သင်္ကေတဖြစ်သလိုပေါ့။ အမေရိကန်အလံကတော့ အမေရိကန်လူမျိုးတွေမဟုတ်ပါဘူး။
     “ ဗု “ ဆိုတဲ့ စကားလုံးရဲ့ အရင်းအမြစ်ဆိုလိုရင်းက နိုးကြားခြင်း၊သိရှိခြင်း ၊နားလည်ခြင်း စသည့်ဂုဏ်ပိုဒ်တွေကို ရည်ညွှန်းပါတယ်။ နိုးကြားမှု၊ နားလည်မှုရှိတဲ့ ယောက်ျား၊မိန်းမကို ဗုဒ္ဓလို့ ဆိုလိုတာပါ။ အလွန်ရိုးရှင်းပါတယ်။ နိုးကြားခြင်း၊နားလည်ခြင်း၊ ချစ်ခြင်းတရားတွေ ပိုင်ဆိုင်ခြင်းသည်  ဗုဒ္ဓသဘာဝ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓကိုကိုးကွယ်ဆည်းကပ်ပါ၏ လို့ ဆိုလိုက်တာဟာ သူတို့ ရဲ့နားလည်မှု၊ နိုးကြားမှု စွမ်းရည်တွေကို သူတို့ကိုယ်တိုင် ယုံကြည်တယ်လို့ ဖေါ်ပြလိုက်တာပါ။ တရုတ်လူမျိုးတွေ နှင့် ဗီယက်နမ်လူမျိုးတွေက “ကျွန်ုပ်တို့ ကိုယ်တွင်းမှာ ဗုဒ္ဓ ကိန်းအောင်းနေပါစေ” လို့ ရွတ်ဆိုတတ်ကြတယ်။ ကျွန်ုပ်တို့ ကိုယ်တွင်းလို့ထည့် ရွတ်ဆိုတာဟာ သင်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်နိုင်တယ်ဆိုတာ သိပ် ထင်ရှားစေပါတယ်။
       ဗုဒ္ဓဘာသာမှာ “ဗုဒ္ဓ”-နိုးကြားနေသောသူ၊ “ဓမ္မ”- နားလည်ခြင်း နှင့်ချစ်ခြင်းတရား၊ “သံဃာ” - နိုးကြားပြီး၊ သဘောထားညီညွှတ်သည့် အဖွဲ့အစည်းလို့ ပြောတဲ့ ရတနာသုံးပါး ရှိပါတယ်။ ထိုရတနာသုံးပါး မှာ တစ်ခုနှင့်တစ်ခု ဆက်စပ်လျှက်ရှိပြီး တစ်ခုနဲ့တစ်ခု ခွဲခြားရခက်ခဲပါတယ်။ လူတိုင်းလူတိုင်းမှာ နိုးကြားခြင်း၊ နားလည်ခြင်း ၊ချစ်ခြင်းဆိုတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဗုဒ္ဓကို ရှာဖွေနေချိန်မှာ ဓမ္မ ၊ သံဃာ ကိုလည်းရှာတွေ့နိုင်ပါတယ်။ ဓမ္မ နဲ့ သံဃာအကြောင်းကို အကျယ်တ၀င့် ရှင်းပြပါမယ်။ ဒါပေမဲ့ ပထမဆုံး အနေနဲ့ နားလည်မှုစွမ်းအားတွေဖွံဖြိုးလာပြီး အမြင့်ဆုံးသော ချစ်ခြင်းတရားကို ပိုင်ဆိုင်သူဗုဒ္ဓ အကြောင်းကိုရှင်းပြချင်ပါတယ်။
      နားလည်မှုတရား နှင့် ချစ်ခြင်းတရားဟာ နှစ်ခုခွဲခြားလို့ မရပါဘူး။ တစ်ခုတည်းသောအရာပါ။ ဥပမာအားဖြင့် သင့်သားငယ်မှာ တနေ့မှာ အိပ်ယာထနောက်ကျတယ်။ သူ နိုးလာပြီး နောက်ကျမှန်းသိတဲ့ အခါ သူ့ ညီမလေးကိုသွားနိုးမလို့ ဆုံးဖြတ်တယ်။ သူ့ညီမလေးက ကျောင်းမသွားခင် မနက်စာစားဖို့ နောက်မကျအောင်ပေါ့။ သူက သွားနိုးတဲ့ အခါ သူ့ညီမလေးက စိတ်ဆိုးတယ် ။ အစ်ကိုလာနိုးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောရမယ့်အစား “ တော်တော့ ၊ ငါတစ်ယောက်ထဲ နေပါရစေ” လို့ပြောမယ်။ သူ့ အစ်ကိုကို ဆောင့်ကန်မယ်။ သူ့အစ်ကိုက ငါက ကောင်းကောင်းမွန်မွန်ပြောတာတောင် သူက ဘာလို့ အဲဒီလိုပြောရတာလဲလို့ တွေးပြီးစိတ်ဆိုးလိမ့်မယ်။ အစ်ကိုက မီးဖိုထဲအထိ လိုက်သွားပြီး သူ့ ညီမလေးကို ဘာလို့ အဲဒီလိုပြောရတာလဲ ဆိုပြီးပြောလိမ့်မယ်။ သူက သူ့ညီမကို ခြေထောက်နဲ့ ပြန်ပြီးကန်လိမ့်မယ်။ ဒါပေမဲ့ ညတုန်းက သူ့ညီမလေး ချောင်းဆိုးနေတာကို သတိရသွားရင်တော့ ၊ အင်း သူ နေမကောင်းလို့ ဖြစ်လိမ့်မယ်လို့ စဉ်းစားလိမ့်မယ်။ ညီမလေးတော့ အအေးပတ်နေပြီထင်တယ်။ ဒါကြောင့် စိတ်တိုပြီး ငါ့ကို ဒီလိုပြန်ပြောတာလို့ စဉ်းစားမိပြီး စိတ်ဆိုးတော့မှာမဟုတ်ဘူး။ အဲဒီအချိန်မှာ သူ့ စိတ်ထဲမှာ “ဗု” ရှိတယ်။ သူမှာ နားလည်မှုရှိလာတဲ့အခါ နိုးကြားမှုရှိလာတယ်။ သင်ဟာ နားလည်မှုရှိလာတဲ့အခါ ချစ်ခြင်းတရားကလွဲလို့ အခြားမရှိတော့ပါဘူး။ သင့်မှာ စိတ်ဆိုး၊ ဒေါသမရှိတော့ပါဘူး။ နားလည်မှုတရား ဖွံဖြိုးလာဖို့သတ္တ၀ါ အားလုံးကို ကရုဏာမျက်စေ့နဲ့ ကြည့်တတ်အောင် အလေ့အကျင့်လုပ်ရပါမယ်။ နားလည်မှုရှိလာတဲ့အခါ ချစ်တတ်လာပါလိမ့်မယ်။ သင့် မှာချစ်ခြင်းတရားရှိလာတဲ့အခါ နာကျင်ခံစားရသူတွေ သက်သာစေမဲ့ လုပ်ရပ်တွေကို သင် သဘာဝအလျှောက်ပြုမှုလာပါလိမ့်မယ်။
        နိုးကြားမှုရှိသော၊ သိမြင်မှုရှိသော ၊ နားလည်မှုရှိသော မည်သူ့ကို မဆို “ဗုဒ္ဓ” လို့ ခေါ်ပါတယ်။ “ဗုဒ္ဓ” ဆိုတာ ကျွန်တော်တို့ လူတစ်ဦးချင်းစီအတွင်းမှာ ရှိပါတယ်။ “နိုးကြားခြင်း ၊နားလည်ခြင်း နှင့် ချစ်ခြင်း တရား” စသည့်တရားတွေကို ကျွန်တော်တို့ ပိုင်ဆိုင်နိုင် ပါတယ်။ ကျွန်တော်ကလေးတွေကို မကြာခဏ ပြောပြမိတယ်။ ကလေးတို့ရဲ့အဖေ၊ အမေတွေ ဒီနေ့ချစ်ခင်ခြင်း၊ နားလည်ခြင်းတွေနဲ့ မိသားစုကို ပြုံးရွှင်စွာစောင့်ရှောက်တယ်ဆိုရင် ကလေးတို့က ဒီနေ့ကတော့ အဖေ၊အမေတို့ဟာ “ဗုဒ္ဓ”  ပဲ လို့ပြောနိုင်ပါတယ်။
      
  လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ကျင့်ကြံအားထုတ်နေတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ရဲ့ချစ်ခြင်း နဲ့ နားလည်မှုတွေကို လုံးဝ ပြီးပြည့်စုံတဲ့အထိ ကျင်ကြံနေခဲ့တယ်။ သူ့ရဲ့ချစ်ခြင်း နဲ့ နားလည်ခြင်းတွေကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခဲ့တယ်။ ထိုလူသားရဲ့ အမည်နာမက သိဒ္ဓတ္ထ ဖြစ်တယ်။ လူတွေ တစ်ဦးနှင့်တစ်ဦး နားလည်မှုမရှိကြဘူး။ ချစ်ခင်ကြင်နာမှု မရှိကြပါဘူး ။ ဒါကြောင့် လူ့ဘ၀ဟာ နာကျင်ခံစားမှုများနှင့် ပြည့်နေသည်ဟု သိဒ္ဓတ္ထ ငယ်စဉ်က တွေးတောမိသည်။ ထို့ကြောင့် အိမ်မှထွက်ခွါ၍ တောထဲသို့ သွားကာ တရားရှုမှတ်ခြင်းကို ပြုလုပ်သည်။ သူသည် ရဟန်းပြုပြီးနောက် သူ၏ နားလည်မှု၊ နိုးကြားမှု နှင့် ချစ်ခြင်းတရားတွေကို အမြင့်ဆုံးအဆင့်ရောက်အောင် တရားအားထုတ်သည်။ သူသည် လျှောက်လှမ်းခြင်း ၊ ထိုင်ခြင်း ဧရိယာပုဒ်များဖြင့် အဖေါ်ရဟန်းငါးပါးနှင့်အတူ နှစ်အတော်ကြာအောင် အားထုတ်ခဲ့လေသည်။ သူတို့သည် အသိဥာဏ်အဆင့်မြင့်မားသူများဖြစ်သော်လည်း အမှားများကို ပြုလုပ်မိကြပါသည်။ ဥပမာအားဖြင့်ဆိုလျှင် တနေ့လျှင်သရက်သီးတစ်လုံး ၊ မာလကာသီးတစ်လုံး (သို့မဟုတ်) စောင်းလျားသီးတစ်လုံးသာစားခြင်းဖြစ်တယ်။ တစ်ခါတစ်လေ လူတွေက သိဒ္ဓတ္ထဟာ တစ်နေ့ နှမ်းစေ့တစ်စေ့ပဲစားတယ်ဆိုပြီး ချဲ့ကားကြတယ်။ ကျွန်တော် သိဒ္ဓတ္ထတရားကျင့်တဲ့တောထဲကိုရောက်ခဲ့ဖူး ပါတယ်။ အဲဒီမှာ ဘာနှမ်းပင်မှ မရှိပါဘူး။ သိဒ္ဓတ္ထရေချိုးတဲ့ နေသဇရာမြစ်ကိုလည်း ရောက်ဖူးပါတယ်။ အဲဒီမှာ သူထိုင်ပြီး ဗုဒ္ဓအဖြစ်ကိုရခဲ့တဲ့ ဗေဓိညောင်ပင်ကြီး ရှိတယ်။ ကျွန်တော်တွေ့ခဲ့တဲ့ ဗေဓိညောင်ပင်က ဗုဒ္ဓထိုင်ခဲ့တဲ့ ဗေဓိညောင်ပင်တော့ မဟုတ်ဘူးပေါ့ ။ အရင်အပင်ရဲ့ မြေး၊ တီ ၊တွတ် လောက်အထိ ဆွေမျိုးတော်တဲ့ညောင်ပင် ပါ။
       တစ်နေ့မှာတော့ သိဒ္ဓတ္ထဟာ အလွန်ပင်ပန်းနွမ်းနယ်လွန်းလို့ တရားမကျင့် နိုင်တော့ပါဘူး။ ဒါကြောင့် သူဟာ စားစရာတစ်စုံတရာရဖို့အတွက် ရွာကို သွားဖို့စဉ်းစားတယ်။ သူဟာ အားအင်ချိနဲ့လွန်းတဲ့အတွက် ခြေလှမ်း လေး၊ ငါးလှမ်းလောက်လှမ်းပြီးတာ နဲ့ ဆက်ပြီး မလျှောက်နိုင်လောက်အောင်ဖြစ်ပြီး လဲကျသွားတယ်။ သူဟာ ဆာလောင်လွန်းတဲ့အတွက် သတိမေ့မြောသွားတယ်။ သူဟာ သေလုဆဲဆဲမှာ နို့အိုးကိုသယ်လာတဲ့အိမ်ဖေါ်မလေးက သူ့ကိုတွေ့သွားတယ်။ သူဟာ အသက်ရှုနေတာကြောင့် အသက်ရှင်နေတုန်းပဲဆိုတာကို သူမကသိလိုက်တယ်။ သူဟာ အလွန်အမင်းအားအင်ချိနဲ့နေတယ်။ နွားနို့ တစ်ခွက်ကို ခပ်ယူလိုက်ပြီး ၊ နွားနို့နည်းနည်းကို သူ့ ပါးစပ်ထဲကိုထည့်ပေးလိုက်တယ်။ သိဒ္ဓတ္ထဟာ ပထမတော့မလှုပ်ရှားနိုင်ဘူး။ နောက်တော့နွားနို့တစ်ခွက်လုံးကို သောက်နိုင်သွားတယ်။ တဖြည်းဖြည်းချင်း အားအင်ပြည့်လာပြီး သူဟာ လဲနေရာကနေထိုင်လိုက်တယ်။ သိဒ္ဓတ္ထဟာ အလွန်ချောမောတဲ့ ယောင်္ကျားပါ။ ဒီနေ့လူတွေက သူ့ ရုပ်ထုတွေထုလုပ်တဲ့အခါ ၊ ချောမောခန့်ညားခြင်း မရှိပါဘူး။ တခါတလေများမှာ မျက်နှာမှာ အပြုံးမရှိပဲ ၊ ဆူပုပ်ပုပ်တောင် ဖြစ်နေသေးတယ်။ သူဟာ ချောမောခန့်ညားလွန်းလို့ အိမ်ဖေါ် မိန်းကလေးက သူ့ကို တောင်စောင့်နတ်လို့ ထင်ပြီး ၊ ရှိခိုးဖို့ ဒူးထောက်ထိုင်ချလိုက်တယ်။ ဒါပေမဲ့ သူက ရှိမခိုးဖို့ လက်ကိုဆန့်ပြီးတားလိုက်တယ်။ ပြီးတော့ သူမကို တစ်စုံတရာ ပြောလိုက်တယ်။ သူမကို သူက ဘာပြောမယ်လို့ ခင်ဗျား တို့ ထင်သလဲ ။
     “ငါကို နောက်ထပ် နို့ တစ်ခွက်လောက် ထပ်ပေးပါ”  လို့ ပြောလိုက်တာပါ။ နွားနို့ကို သောက်ပြီးတဲ့ နောက်မှာ အံ့သြဖွယ်ရာအားအင်တွေ ပြည့်ဝလာတာကို သူသိလိုက်တယ်။ ကျွန်တော်တို့ကိုယ်ခန္ဓာဟာ အားအင်တွေပြည့်ဝနေရင် တရားကျင့်တာအောင်မြင်နိုင်တယ်။ မိန်းမပျိုလေးက အလွန်ဝမ်းသာသွားပြီး သူ့ကို နောက်ထပ်နွားနို့တစ်ခွက် ထပ်ပေးလိုက်ပါတယ်။ သူက သူဟာရဟန်းတစ်ပါး ဖြစ်ပြီး၊ တရားအားထုတ်တယ်။ သူ့ရဲ့နားလည်ခြင်း၊ ချစ်ခြင်းတရားတွေကို အမြင့်ဆုံးအထိ အားထုတ်နိုင်တယ်ဆိုရင် အခြားသူတွေကိုလည်း သူကူညီနိုင်ပါတယ်လို့ သူက မိန်းမပျိုကိုပြန်ရှင်းပြခဲ့တယ်။ မိန်းမပျိုက သူ ကူညီပေးနိုင်တာရှိပါသလားလို့ သူကိုမေးတယ်။ နေ့တိုင်းမွန်းတည့်ချိန်မှာ ထမင်းတစ်ပန်းကန် ငါကို လှူဒါန်းနိုင်ပါလားလို့ သိဒ္ဓတ္ထက ပြောလိုက်တယ်။ ဒီလို မင်း လှူဒါန်းနိုင်ရင်တော့ ငါ့ကို အထူးကူညီတာပါပဲ။  အဲဒီနေ့ကစ၍ သူမက သိဒ္ဓတ္ထအတွက် ငှက်ပြောရွက်နဲ့ ထုတ်ထားတဲ့ထမင်းကို ယူဆောင်လာတယ်။ တခါတရံမှာတော့ နွားနို့ကိုလည်း ယူခဲ့ ပါတယ်။
       ဒီလို အစားအသောက်စားခြင်းကို သိသောအခါ အတူတရားကျင့်နေကြတဲ့ ရဟန်းငါးပါးက သိဒ္ဓတ္ထကို အထင်သေးကြတယ်။ တန်ဖိုးမရှိတဲ့လူလို့ ထင်ကြတယ်။ သူက နို့ သောက်တယ်။ ထမင်းကိုလဲ စားတယ် ။ ဇွဲသတ္တိမရှိပါဘူး။ ငါတို့ တရားကျင့်ဖို့ အခြားနေရာကိုသွားကြပါစို့ ဆိုပြီး စွန့်ခွါသွားကြတယ်။ သိဒ္ဓတ္ထဟာ နေ့စဉ်ရက်ဆက်တရားကောင်းစွာကျင့်ကြံနိုင်လာပါတယ်။ သူရဲ့ ကျန်းမာရေးဟာကောင်းမွန်လာတာကြောင့် ထိုးထွင်းသိမြင်ခြင်း ၊နားလည်ခြင်း၊ ချစ်ခြင်းတွေဟာ သိသာစွာဖွံဖြိုးလာခဲ့ပါတယ်။
        တစ်နေ့မှာတော့ သူဟာ နေသဥရာမြစ်ထဲတွင် ရေချိုးနေရင်း၊ လုံးဝပြည့်စုံသောအသိဥာဏ်ရရှိတဲ့ လူသားဖြစ်ဖို့ တစ်ခါသာတရားထိုင်ရန် ကျန်တော့ကြောင်း သူ သိမြင်မိတယ်။ သူဟာ လှမ်းလျှောက်ရင်း တရားကျင့်နေစဉ် ကျွဲကျောင်းသားလေးတစ်ယောက်က သူ့ထံကို ရောက်လာတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ လောက်တုန်းက လယ်ထွန်ဖို့ ကျွဲတွေကို အသုံးပြုကြတယ်။ ကျွဲကျောင်းသားတွေက ကျွဲတွေကို ရေချိုးပေးရတယ်။ စောင့်ရှောက် ရတယ်။ ကျွဲတွေ စားဖို့ အတွက် မြက်ရိတ် ရတယ်။
      ကျွဲကျောင်းသားလေးက ငြိမ်သက်ငြိမ်းချမ်းစွာလျှောက်နေတဲ့ သိဒ္ဓတ္ထကိုတွေ့တဲ့ အခါ၊ အလွန် နှစ်သက်သွားတယ်။ တခါတလေမှာ ကျွန်တော်တို့ဟာ ဘာကြောင့်ရယ်လို့တော့မသိပေမဲ့ တစ်စုံတဦးကို အလွန်နှစ်သက်မိတတ်ပါတယ်။ ကျွဲကျောင်းသားလေးက သိဒ္ဓတ္ထကို တစ်စုံတစ်ခုကိုပြောချင်ပေမဲ့ သူက ရှက်နေလို့ ပြောမထွက်ဘူး။ သိဒ္ဓတ္ထနားကို သုံးလေးကြိမ်လောက်လာပြီးတော့မှ သင့်ကို ကျွန်တော် နှစ်သက်မိတယ်လို့ ပြောလိုက်တယ်။ ငါကလည်း မင်းကို နှစ်သက် ပါတယ်လို့ သိဒ္ဓတ္ထကပြန်ပြောတယ်။ ဒီလိုတုံ့ပြန်ပြောလိုက်တဲ့အတွက် ကျွဲကျောင်းသားလေးက အားတက်လာကာ ကျွန်တော် ခင်ဗျားကို တစ်စုံတစ်ခုပေးချင်ပါတယ်။ ဒါပေမဲ့ ပေးစရာဘာမှ မရှိဘူး ဖြစ်နေတယ်လို့ ပြောတယ်။ မင်းမှာ ငါ လိုအပ်နေတဲ့အရာတွေရှိနေတာပဲလို့ သိဒ္ဓတ္တက ပြောတယ်။ မင်း အခု ရိတ်ဖြတ်လာတဲ့ စိမ်းစိုတဲ့ မြက်တွေ လေ။ မင်း ပေးချင်တယ်ဆိုရင် ငါကိုမြက်တစ်ပွေ့လောက်ပေးပါ။ ကျွဲကျောင်းသားလေးက တစ်စုံတစ်ရာကို ပေးနိုင်တဲ့အတွက် သိပ်ဝမ်းသာသွားတယ်။ သိဒ္ဓတ္ထကလဲ သူ့ကို ကျေးဇူးတင်တယ်။ ကျွဲကျောင်းသားလေးထွက်သွားတဲ့ အခါ သိဒ္ဓတ္ထက မြက်တွေကိုအခင်းအဖြစ် ဖြန့်ခင်းလိုက်ပါတယ်။
       သူဟာ မြက်ခင်းပေါ်မှာထိုင်ချလိုက်ပြီး၊ ငါဟာ မှန်ကန်တဲ့ သူညုတ ဥာဏ်မရရင် ဒီနေရာကမထတော့ ဘူးလို့ အဓိဌာန်ပြုလိုက်ပါတယ်။ ပြင်းထန်သောဆုံးဖြတ်ချက်နဲ့ သူဟာတစ်ညလုံး တရားထိုင်တယ်။ မနက်မိုးသောက်တဲ့အခါ သူဟာ အလုံးစုံ ပြည့်စုံသောဥာဏ်တော်ကိုရသော ဗုဒ္ဓအဖြစ် ရရှိခဲ့တယ်။
       
        ဗုဒ္ဓသည် ရွှင်ပြုံးစွာဖြင့် တရားရှုမှတ်ရင်း ထိုနေရာတွင် သီတင်း၂ ပတ်ကြာအောင်နေထိုင်ခဲ့ပါ သည်။ နေ့စဉ်နေ့တိုင်း လုံမပျိုလေးက သူ့အတွက် နို့ကိုယူဆောင်လာပြီး၊ ကျွဲကျောင်းသားလေးက သူ့ကို နေ့တိုင်းလာတွေ့ခဲ့သည်။ သူတို့ကိုနားလည်ခြင်း၊ ချစ်ခြင်း၊ နိုးကြားခြင်းတရားများကို သင်ကြားပေးခဲ့ သည်။ ပါဠိဘာသာမှာ ကျွဲများအားထိန်းကျောင်းခြင်း ဆိုသည့် သုတ္တံရှိပါတယ်။ အဲဒီ သုတ္တံ မှာ ကျွဲကျောင်းသားတွေရဲ့ အရည်အချင်း ၁၁ ချက်ပါရှိတယ်။ ကိုယ့်ကျွဲကို ကိုယ်မှတ်မိရမယ်။ မှတ်၊ ခြင်၊ယင်တွေ ကင်းဝေးစေရန် မီးဖိုပေးရမယ်။ ကျွဲရဲ့ ကိုယ်ခန္ဓာပေါ်က အနာရောဂါတွေကို ရှာဖွေရမယ်။ မြစ်ကို ဖြတ်ကူးတဲ့ အခါ ကျွဲတွေကို ထိန်းကျောင်းပေးရမယ်။ အစာရေစာပေါတဲ့နေရာကို ရှာဖွေတတ်ရမယ်။ ထိုအချက် ၁၁ ချက်ကို ဗုဒ္ဓက ရဟန်းများကို ပြောကြားပြီးတဲ့အခါ တရားကျင့်ရာမှာလည်း ထိုနည်းတူ ရဟန်းများ လိုက်နာရမည့် အချက် ၁၁ ချက် ကို ရှင်းလင်းပြောကြားတယ်။
            ကိုယ်ခန္ဓာ၏ ဓါတ်ကြီးလေးပါးကို သိရှိခြင်း… စသည်ဖြင့် လိုက်နာရမည့် အချက် ၁၁ ချက် ဖြစ်တယ်။ ဗုဒ္ဓရဲ့အကြောင်းကို ရေးသားရာမှာ ဗောဓိပင်နားမှာ နို့သည်မိန်းမပျို ၊ကျွဲကျောင်းသား တို့ နဲ့ တရားရှုမှတ်ခြင်းကို ပြုလုပ်ကာ သီတင်း ၂ပတ် နေထိုင်ခဲ့တယ်ဆိုတဲ့အချက်ကို အလေးထားဖေါ်ပြခြင်း မရှိကြပါဘူး။ ဒီလိုမဖေါ်ပြထားပေမဲ့ ဒီလိုဖြစ်ပျက်နေထိုင်ခဲ့တယ်ဆိုတာကတော့ သေချာပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဗုဒ္ဓကကျွဲများအားထိန်းကျောင်းခြင်းသုတ္တံကို ဘယ်လိုလုပ်ဟောဖြစ်မှာလဲ။ ဒီတရားကို ဟောဖြစ်ပုံကတော့ ကျွဲကျောင်းသားလေးက အရွယ်ရောက်လာတဲ့အခါ ဗုဒ္ဓရဲ့သာဝက တစ်ဦးဖြစ်လာတယ်။ တစ်နေ့တော့ ရဟန်းတွေရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျွဲကျောင်းသားရဟန်းကို တွေ့ရှိတဲ့အခါ ဗုဒ္ဓကထိုသုတ္တံကို ဟောကြားခြင်း ဖြစ်တယ်။
       သီတင်း၂ပတ် ကုန်လွန်သွားတဲ့အခါ ဗုဒ္ဓဟာ ဗောဓိပုလ္လင်နေရာမှ ထွက်ခွါကာ အခြားသူတို့ကို သူ့၏ နားလည်ခြင်း၊ ချစ်ခြင်းတရားတွေကို ဝေမျှရန် အခြားကို ထွက်ခွါရန်သိခဲ့သည်။ ငါ သိပ်ဝမ်းနည်းပါတယ်။  သို့သော်လည်း အခြားသူတွေကို ဝေမျှရန်အတွက် ငါ အခြားကို သွားရတော့ မယ်။
      သူ၏နားလည်မှုကို ဝေမျှရန်အတွက် စဉ်းစားသောအခါ၊ သူနှင့်အတူ တရားကျင့်ခဲ့ဖူးသော ရဟန်းငါးပါးကို သတိရလိုက်သည်။ တနေကုန် ရှာဖွေပြီးသောအခါ ရဟန်းငါးပါးထံကို သူရောက်ရှိသွားခဲ့ သည်။ ထိုအချိန်တွင် ရဟန်းငါးပါးမှာ နေ့လည်တရားထိုင်ပြီးခါစ အချိန် ဖြစ်သည်။ သူတို့အချိန် အကြာကြီး တရားထိုင် ခဲ့ပါတယ်။  သူတို့ ဘယ်လောက်တောင် ပိန်လှီနေမလဲ ဆိုတာ စဉ်းစားကြည့်စမ်းပါ။ ဗုဒ္ဓ ကြွလာတာကို ရဟန်းတစ်ပါးက မြင်သွားတဲ့ အခါ အဖေါ် ရဟန်းတွေကို  “သူ လာရင် ထပြီး အရိုအသေ မပေးပါနှင့်” “ အ၀င်အပေါက် ကို သွားပြီး ခရီးဦးကြိုဆိုခြင်း မပြုပါနှင့်” ။ “သူ့ဆီကို မသွားပါနှင့်” ။ “သူ ခြေ၊လက် ဆေးကြော သုတ်သင် ဖို့ ရေ မခပ်ပေးပါနှင့်” ။ “ဒီလို ခရီးဦးကြိုဆိုခြင်းတွေကို သူ မရထိုက်ပါဘူး”။ “သူက ထမင်းစားသောက်တယ် ။ နို့ကို သောက်သုံးတယ် “ လို့ ပြောလိုက်တယ်။ သို့သော်လည်း ဗုဒ္ဓ ရောက်ရှိတဲ့အခါ ဗုဒ္ဓသည် အလွန်တည်ငြိမ်ငြိမ်းချမ်းပြီး ၊ ညို့ယူမှုရှိသောကြောင့် သူတို့က ဗုဒ္ဓကို ထိုင်ခုံပေးခြင်း၊ ခြေ လက်ဆေးကြောသုတ်သင်ရန် ရေခပ်ပေးခြင်းတို့ ပြုလုပ်ကာ ခရီးဦးကြိုဆိုမိကြသည် ။ “အဖေါ်ရောင့်ရင်းတို့ ငါဟာ နားလည်ခြင်း၊ ချစ်ခြင်းတရားတွေကို ဖွံဖြိုးတိုးတက်စေမည့် နည်းလမ်းကို တွေ့ရှိခဲ့ပြီ ။ သင်တို့ ထိုင်၍ နာယူပါ။ ငါ သင်တို့ကို သင်ကြားပေးပါ မယ်” လို့ ဗုဒ္ဓက ရဟန်းငါးပါးကို ပြောလိုက်ပါတယ်။ ပထမတော့ သူတို့က ဗုဒ္ဓကို ယုံကြည်မှု မရှိပါဘူး။  “သိဒ္ဓတ္ထ ၊ သင်သည် ကျွန်ုပ်တို့ နှင့် အတူတကွ တရားကျင့်ခြင်းကို စွန့်လွှတ်ခဲ့သည်။ သင်သည် နို့ကိုသောက်သုံးကာ ယာဂုထမင်းကို စားသုံးခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်သော သင်သည် အဘယ်မှာ လုံးဝပြီးပြည့်စုံသောတရားထူးကို ရရှိပါမည်လဲ။ ငါတို့ကို ပြောပြပါ ။ငါတို့ သင့်ကို ယုံကြည်မှုမရှိပါဘူး” လို့ သူတို့က ဗုဒ္ဓကို မေးမြန်းတယ်။ “ အဖေါ်ရောင့်ရင်းတို့ သင်တို့ကို ငါသည် တစ်ကြိမ်တစ်ခါ လိမ်ညာခဲ့ ဖူးပါသလား ။ “ လို့ ဗုဒ္ဓက သူတို့ကို ပြန်မေးလိုက်ပါတယ်။ သူတို့ကို ဗုဒ္ဓက တစ်ကြိမ်တစ်ခါမှ လိမ်ညာခြင်း မရှိခဲ့ဘူးဆိုတာကို သူတို့ ပြန်သတိရလိုက်ပါတယ်။ “ ငါသည် သင်တို့ကို တစ်ကြိမ်တစ်ခါမှ လိမ်ညာခဲ့ခြင်း မရှိပါ။ အခုတစ်ခါမှာလည်း သင်တို့ကို လိမ်ညာပြောမည် မဟုတ်ပါ။ ငါသည် လုံးဝပြည့်စုံသော အသိဥာဏ်ကိုရရှိသူ ဖြစ်နေပါပြီ။ ငါသည် သင်တို့၏ ဆရာဖြစ်ပါလိမ့်မယ်။ ထိုင်၍ ငါ ပြောသည်များကို နာယူကြပါ။ “ လို့ ဗုဒ္ဓက ပြောလိုက်ပါတယ်။ ရဟန်းငါးပါးသည် ထိုင်၍ ဗုဒ္ဓ ဟောကြားသည်ကို နာယူကြလေသည်။ ထိုတရားသည် ဗုဒ္ဓ၏ ပထမဆုံး တရားဦး ဖြစ်ပါသည်။ တကယ်လို့ သင်တို့ဟာ ဗုဒ္ဓ တရားတော်တွေကို လေ့လာဖတ်ကြားလိုရင်တော့ ဗုဒ္ဓ ဘာသာ၏ အခြေခံတရားများကို ရှင်းပြထားသော သုတ္တံများထဲတွင် တွေ့ ရှိနိုင်ပါတယ်။ ဆင်းရဲခြင်း၊ ဆင်းရဲစေကြောင်းတရား၊ ဆင်းရဲချုပ်ငြိမ်းကြောင်းတရား စသည့် တရားတော်တွေ ပါပဲ။
      ကျွန်ုပ်သည် ဗုဒ္ဓ၏ဘ၀ဖြစ်စဉ်ကို အကြိမ်ပေါင်းများစွာ ဖတ်ကြားခဲ့ပြီးပါပြီ ။ ဗုဒ္ဓကို ကျွန်ုပ်တို့လို လူသားတစ်ဦး အဖြစ် ထင်မြင်မိပါတယ်။ တကယ်တော့ ဗုဒ္ဓသည် လူသားတစ်ဦးပါ။ ဗုဒ္ဓရုပ်ပွါးတော်တွေကို မြောက်များစွာ တွေ့မြင်ဖူးသော်လည်း၊ သပ္ပါယ်ပြီး ၊ ကြည်ညိုဖွယ်ရာ ရုပ်ပွါးတော်တွေကို အများအပြား မတွေ့ဖူးပါဘူး ။ တကယ်လို့ သင်ဟာ ဗုဒ္ဓရုပ်ပုံတော်တစ်ခုကို ရေးဆွဲချင်တယ်ဆိုရင် မရေးဆွဲမှီမှာ ထိုင်ပါ။ ပြုံးရွှင်ရင်း ငါးမိနစ်၊ ဆယ်မိနစ်လောက်တရားမှတ်လိုက်ပါ။ ထို့နောက်မှာ ရိုးရှင်းလှတဲ့ ဗုဒ္ဓ ရုပ်ပုံကိုရေးဆွဲပါ။ ကြည်ညိုဖွယ်ရာ၊ ရိုးရှင်းစွာ ၊ပြုံးရွှင်မှု ရှိသောပုံ ကို ရေးဆွဲပါ။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေနှင့်အတူ ရှိသောဗုဒ္ဓ ပုံတော်ကိုရေးဆွဲ ပါ။ ဗုဒ္ဓသည် ငယ်ရွယ်ပြိုမြစ်ပြီး ပြုံးနေပါတယ် ။ အလွန်မျက်မှောင်ကျုံ့ခြင်း၊ အလွန်အမင်း တည်ကြည်လေးနက်ခြင်း မရှိပါဘူး။ ကျွန်ုပ်တို့ဟာ ဗုဒ္ဓကို ကြည့်မြင်တဲ့အခါ နို့သည်မိန်းမပျိုလေးနှင့် ကျွဲကျောင်းသားလေးတို့က ဗုဒ္ဓကို ကြည့်မြင်သလိုမျိုးကြည့် မြင်ပါမယ်။ ဆက်ပြီးလည်း ဒီနည်းလမ်းအတိုင်းလျှောက်သွားမှာ ဖြစ်ပါတယ်။
    ကျွန်ုပ်တို့ ဗုဒ္ဓကိုကိုးကွယ်၊ ခိုလှုံပါ၏လို့ ပြောတဲ့အခါ ဗုဒ္ဓသည် ကျွန်ုပ်ထံတွင် ခိုလှုံပါဆိုသည်ကို နားလည်ထားသင့်တယ်။ ဗုဒ္ဓသည် ကျွန်ုပ်ထံတွင် ခိုလှုံပါသည် ဆိုသည့် ဒုတိယမြောက်အဓိပ္ပါယ်မပါပဲ ပထမစာကြောင်းအဓိပ္ပါယ်သည် ပြည့်စုံမှု မရှိပါပေ။ နိုးကြားခြင်း ၊နားလည်ခြင်း၊ ချစ်ခြင်း သဘောတရား တွေကို အယူအဆသဘောတရားမှ အစစ်အမှန်ဖြစ်ရန်အတွက် ကျွန်ုပ်တို့ကို ဗုဒ္ဓက လိုအပ်ပါတယ်။ ထိုတရားများသည် ဘ၀တွင် အစစ်အမှန်သက်ရောက်သော အစစ်အမှန်တရားများ ဖြစ်ရပါမည်။ ကျွန်ုပ်က ဗုဒ္ဓထံတွင်ကိုးကွယ်ခိုလှုံပါ၏ လို့ ရွတ်ဆိုလိုက်တိုင်း ဗုဒ္ဓ ကျွန်ုပ်ထံတွင် ခိုလှုံပါဟု ကြားယောင်မိပါ၏။ သစ်ပင်စိုက်ခြင်းနှင့် ပတ်သက်သောကဗျာအပိုင်းအစလေး တစ်ခု ရှိပါသည်။
 ငါ့ကိုငါ မြေကြီးထဲတွင် ထိုးစိုက်လိုက်၏။
 မြေကြီး ကလဲ ငါ့ ကိုယ်ထဲ တွင် ထိုးစိုက်လိုက်ပါ၏။
 ငါသည် ဗုဒ္ဓ ထံတွင် ယုံကြည်အပ်နှံလိုက်ပါ၏။
 ဗုဒ္ဓ သည်လည်း ငါ၏ ကိုယ်တွင် အပ်နှံ လိုက်ပါ၏။
“ ငါ့ကို ငါ မြေကြီးထဲတွင် စိုက်လိုက်၏ “ ဆိုသည့် စကားသည် “ ကျွန်ုပ် ဗုဒ္ဓထံတွင် ကိုးကွယ်ယုံကြည်ပါ၏ ။ “ ဆိုသည့် စကားနှင့် တူညီပါသည်။ ( ကျွန်ုပ် ကို အပင် အဖြစ်ပြောခြင်း ဖြစ်သည်)။ သစ်ပင် သည် မြေကြီးကြောင့် ရှင်သန်ခြင်း ၊ သေဆုံးခြင်း ဖြစ်နိုင်ပါသည်။ သစ်ပင်သည် မြေကြီးထံတွင် ခိုလှုံရပါ သည်။ သစ်ရွက်များကြွေကျ၍ ၊ ပျက်စီးသောအခါ မြေဆီဖြစ်နိုင်သောကြောင့် မြေကြီးသည်လည်း သစ်ပင်ထံတွင် ခိုလှုံရပါသည်။ သစ်ပင်၊ သစ်ရွက်တို့ကြောင့် မြေဆီမြေနှစ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွန်ုပ်တို့ သိထားပါသည်။ ကျွန်ုပ်တို့ ကမ္ဘာကြီးသည် စိမ်းစိုလှပနေသည်မှာ သစ်ပင်များကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်အပင်များက ကမ္ဘာမြေကြီးကိုလိုအပ်သလို၊ ကမ္ဘာမြေကြီးကလည်း သစ်ပင်တွေကို အပြန်အလှန် လိုအပ်ပါတယ်။ “ ငါ့ ကို ငါ မြေကြီးထဲတွင် ထိုးစိုက်လိုက်၏ “ ကျွန်ုပ်တို့ဆိုလိုက်လျှင် “ မြေကြီးသည် ငါ့ ကိုယ်ထဲတွင် ထိုးစိုက်လိုက်၏ “ လို့ အပင်အနေနှင့် ပြောခြင်းသည် အတူတူပင် ဖြစ်သည်။ “ ကျွန်ုပ် သည် ဗုဒ္ဓထံတွင် ကိုးကွယ်ခိုလှုံပါ၏ “ ဟုဆိုလိုက်ခြင်းသည် “ ဗုဒ္ဓ သည် ကျွန်ုပ်ထံတွင် ခိုလှုံပါ၏ “ ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ဗုဒ္ဓ၏ နားလည်ခြင်း၊ ဥာဏ်ပညာ၊ ချစ်ခြင်းတရားများ ဘ၀တွင် အမှန်တကယ်ဖြစ်နိုင်ရန် ဗုဒ္ဓသည် ကျွန်ုပ်တို့ကို လိုအပ်ပါသည်။ ထို့ကြောင့် နိုးကြားခြင်း၊ ချစ်ခြင်း ၊ သနားဂရုဏာတရားများ သိမြင်နိုင်ရန်အတွက် ကျွန်ုပ်တို့တွင် အရေးကြီးသောအလုပ်များ ရှိပါ၏ ။
      ကျွန်ုပ်တို့အားလုံးသည် ဗုဒ္ဓများ ဖြစ်ကြပါသည်။ နားလည်နိုးကြားခြင်း ၊ ချစ်ခြင်းတရားများ အမှန်တကယ် ဖြစ်တည်ရန်အတွက် ကျွန်ုပ်တို့ထံမှ သိရှိနိုင်ရမည် ဖြစ်သည်။

အထက်တန်း သို့ တက်လှန်းရန် တွန်းအား (၉) ခု

                      အထက်သို့တက်လှန်းရန် တွန်းအား (၉)ခု
၁။    ။ အထက်တန်းသို့ တက်လှန်းခဲ့သူမှန်သမျှတွင် ပြတ်သားသော ဘဝပန်းတိုင်း ရှိခဲ့မြဲ ဖြစ်သည်။

လှေရှိသည်။ တက်ရှိသည်။ သို့သော် ဘယ်သောင်ဘယ်ကမ်း သို့ အရောက်လှော်ခတ်မည်ဟု ရည်မှန်းထားချက် မရှိပါက၊ ဦးတည့်ရာလှော်ပြီး မျော၊ ချင်ရာမျော နေပေတော့မည်။ ထို့အတူ ကျန်းမာသော ကိုယ်ခန္ဓာရှိသည်။ ကြံစည်လုပ်ဆောင်နိုင်သော စိတ်လည်း ရှိ၏။ သို့သော် ဘယ်အချိန်တွင် ဘယ်အလုပ်၌ ဘယ်ခရီးအထိရောက်အောင် ဆောင်ရွက်မည်ဟု ခိုင်မြဲစွာ သတ်မှတ်ထားသောဘဝ ပန်းတိုင် မရှိသဖြင့်၊ ရောက်ရာနေရာမှ ရှေ့သို့မတက်နိုင်တော့ပဲ၊ တလည်လည်နှင့်ပင် နေ့ရက်ကုန်ကာ၊ အထက်တန်းသို့ မတက်လှမ်းနိုင်ပဲ ရှိတတ်ကြသည်။
     ဘာပြီး ဘာလုပ်မည်ဟု ပြတ်သားတိကျစွာ မိမိရည်မှန်းချက်ကို စာအုပ်တွင်ရေး၍ နေ့တိုင်း နံနက် ညဖတ်ကာ မျက်ခြည်မပြတ် လုပ်ကိုင်သူမှန်သမျှ အထက်တန်းသို့တက်လှမ်းရတော့မည်မှာ ဗေဒင်မေးစရာ မလိုသော အချက်တစ်ရပ် ဖြစ်ပေသည်။

၂။   ။ ရည်မှန်းချက်တစ်ခုထားရှိသူသည် ထိုရည်မှန်းချက် အောင်မြင်ရေးအတွက် လုံလောက်သော အခြေခံပညာရပ်ကို ရယူကြစမြဲမြစ်၏။

     တက္ကသိုလ်မှ ဒီဂရီရမှ ဖြစ်မည့် ရည်မှန်းချက်အတွက် တက္ကသိုလ်ဒီဂရီကိုရအောင် ယူရပေမည်။
သို့သော် တက္ကသိုလ်ဒီဂရီသည် ရည်မှန်းချက် အောင်မြင်ရေးအတွက် အခြေခံမျှသာ ဖြစ်သည်ကိုလည်း သတိပြုသင့်၏။
     ပညာဟူသည် ကျောင်းမှာသင်ခဲ့ရုံမျှတွင် လမ်းမဆုံးသေးချေ။ ရရှိထားသော ဗဟုသုတကို လက်တွေ့ ဇွဲနှင့် အသုံးချတတ်ရန်လည်း လိုသေးသည်။


၃။   ။ အတတ်ပညာတစ်ခုကို ပေါက်မြောက်အောင်သင်ကြားတတ်မြောက်ခဲ့သူသည် မိမိ နေထိုင်စားသောက် လုပ်ကိုင်ရေးတွင် မိမိကိုယ်ကို အတော်အတန် စည်းကမ်းတကျ ထိန်းသိမ်းအုပ်ချုပ်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါ၏။

       မိမိကိုယ်ကိုနိုင်အောင် ထိန်းခြင်းသည် လောက၌ အခက်ဆုံးအလုပ် ဖြစ်၏။ ကြည့်မှန်ရှေ့တွင် သွား၍ ရပ်ကာ မှန်ထဲသို့ ကြည့်ပါ။ မှန်ထဲတွင် အကောင်းဆုံး အဆွေခင်ပွန်းကို လည်းကောင်း၊ အကြီးဆုံးရန်သူကို လည်းကောင်း ရှုမြင်ရလိမ့်မည်။
       ကိုယ့်ကိုယ်ကို အုပ်ထိန်းနိုင်မှုရှိမှ စည်းကမ်းကို လိုက်နာနိုင်၏။ စည်းကမ်းကို လိုက်နာနိုင်သူမှလည်း အခြေအနေအရပ်ရပ် ကို ထိန်းသိမ်းနိုင်ပေလိမ့်မည်။


၎။   ။အစား၊ အအိပ်၊ အနေအထိုင်တတ်၍ ကျန်းမာရေးနှင့် ပြည့်စုံမှုလည်း လိုရာရည်မှန်းချက်သို့ ရောက်သည်အထိ ဆောင်ရွက်သွားနိုင်ပေလိမ့်မည်။

      ကျန်းမာရေးချို့တဲ့သူအတွက် အောင်မြင်ရေးသည် ခက်လှ၏။ မမာလျက် နှင့်ပင် ဆက်လက်လုပ်ကိုင် အောင်မြင်နေသူတွေ တစ်သောင်းမှာတစ်ယောက် ရှိချင်ရှိပေမည်။ သို့ရာတွင် ထိုပုဂ္ဂိုလ်ကို အတုယူရန်ကား မဟုတ်။ ကျန်းမာရေးကို အလိုရှိသူသည်လည်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းအုပ်ချုပ် ရမြဲတည်း။


၅။  ။ အထက်တန်းသို့ တက်လှမ်းခဲ့သူ မှန်သမျှသည် အလုပ်ကိုအချိန်ရွေ့၍ လေးဖင့်နေခဲ့သူများ မဟုတ်ကြ။ သူတို့သည် ရောက်ရာဘဝမှပင် လက်လှမ်းမှီရာ စူးဆောက်ကိရိယာတို့ဖြင့် လုပ်ငန်းကို စတင်ခဲ့ကြသူများ ဖြစ်လေသည်။

   အခွင့်အလမ်းကိုထိုင်မျှော်ရင်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည့်အချိန်အခါများကို ကျော်လွန်၍ သွားစေသူတို့သာလျှင် လောကမှာ များပြား၍ နေတတ်၏။
    လုပ်သင့်လုပ်ထိုက်သောအလုပ်ကို တွေ့ပါလျက်၊ အချိန်မကျသေးဘူးဟု ဆိုကာ မိမိက ဆိုင်းငံ့ဖင့်နွဲ၍ နေခိုက်၊ ရရာ လက်နက် ကိရိယာဖြင့် လုပ်ငန်း စတင်သူများက မကြာမှီ အကွက်ကောင်းတွေ့ကာ၊ ကြီးပွါးရေးလှေကားထစ်ကို နင်းမိသွားတတ်ကြလေသည်။ ထို့ကြောင့် စောင့်မျှော်ရင်း အချိန်မကုန်စေသင့်။


၆။  ။ နေရာတကာ ဇွဲပါမှအရာထင်နိုင်သည်။  အထက်တန်းသို့ တက်လှမ်းသွားသော သူတို့မည်သည်လုပ်ငန်းတစ်ခုကို စရုံသာ စတတ်ကြသူများမဟုတ်။ ပြီးစီးအောင်မြင်ခြင်းသို့ ရောက်အောင်လည်း လုပ်တတ်ကိုင်တတ်ကြသူများ ဖြစ်လေသည်။ 

       လုပ်ငန်းကို မှ ကောင်းစွာ မစရသေးမှီ အခက်အခဲတွေ ပေါ်လာတော့မည့် အရိပ်နမိတ် ကို မြင်ရုံမျှဖြင့် လက်မြောက် အရှုံးပေးလိုက်တတ်ကြသူတွေသာလျှင် လောက၌ များပြား၏။ ဇွဲအတွက် အစားထိုး နိုင်သော အရာ လောကမှာ မရှိသးချေ။
     ဆုံးရှုံးခြင်းသည် ဇွဲသမားကို ကြာရှည် မကျီစားနိုင်ပါပေ။


၇။   ။ လူနှင့် သူနှင့် ပေါင်းသင်းဆက်ဆံ၍ မရအောင် ဘုကျ၊ အပေါက်ဆိုးမှုတ်တတ်သူတို့ အတွက် အောင်မြင်ရန် မျှော်လင့်ချက်သည် မရှိသလောက်ပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အောင်မြင်ခြင်း သည် သူ့တစ်ပါးထံမှ လာသောကြောင့်ပင်တည်း။

     စွမ်းအားသတ္တိကို အသုံးပြုနိုင်မှ အောင်မြင်မှုကို ရ၏။ စွမ်းအားသတ္တိကို လည်း ဘယ်သူနှင့်မှ မဆက်သွယ်ပဲ တစ်ကိုယ်တည်း လွင်တီးခေါင်တွင် သွားရောက်လုပ်ကိုင်ရုံမျှဖြင့် မရနိုင်ချေ။ စူး နေရာစူး၊ ဆောက်နေရာဆောက် ဆိုသလို ၊ သင့်နိုးရာရာ လူတချို့ကို ခေါ်ယူ၍ ပူးပေါင်းလုပ်ကိုင်ရစမြဲ ဖြစ်၏။ သို့တည်း မဟုတ် ရှိပြီးသား လူတစ်စုထဲသို့ သွားရောက်လုပ်ကိုင်ရစမြဲ ဖြစ်၏။

၈။   ။ သူတစ်ပါးကောင်းကျိုး ဘာတစ်ခုမျှ လုပ်မပေးရပဲ နှင့် ငွေကို အလကား လိုချင်သော လောဘဇောမျိုးသည် အထက်တန်းသို့ တက်လှမ်းလိုသူများ၏ စိတ်တွင် ကိန်းအောင်းလေ့ မရှိပေ။

      သူတစ်ပါး ခဲယဉ်းစွာ ရှာဖွေစုဆောင်း ထားသော ငွေကို အစုလိုက် အပုံလိုက် မတရားသဖြင့် လွယ်လွယ်နှင့် ရယူချင်သော သူခိုးဒမြတို့၏ စိတ်မျိုးကား၊ အထက်တန်းသို့ တက်လှမ်းလိုသူများ၏ စိတ်သန္တာန်တွင် စိုးစဉ်းမျှ မရှိနိုင်ချေ။


၉။   ။ ချက်ချင်း ဆုံးဖြတ်နိုင်သော အရည်အချင်း တစ်ခုသည် အထက်တန်းသို့ တက်လှမ်းသွားသူတိုင်းတွင် ရှိတတ်၏။

      အောင်မြင်သူတို့သည် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြီးသည့် နောက်တွင်လည်း ထိုဆုံးဖြတ်ချက်ကို လွယ်ကူစွာ စွန့်လွှတ်ခြင်း၊ ပြောင်းလဲခြင်း မပြုတတ်ကြပေ။
        မအောင်မြင်သူတို့ကား ပြောင်းပြန်ကျင့်ကြ၏။ သူတို့သည် နှေးနှေးသာ ဆုံးဖြတ်ချက်ချနိုင်ပြီး၊ အပြောင်းအလဲကား မြန်ဆန်တတ်၏။ ခဏခဏလည်း ပြောင်းလဲတတ်ကြလေသည်။
       ဆုံးဖြတ်ချက် မချနိုင်ခြင်း နှင့် အချိန်ရွေ့ခြင်းတို့ကား အမြွာညီအစ်ကိုများ ဖြစ်ကြသည်။
      ယနေ့ ဘာဟင်းနှင့် ထမင်းစားမည် ဟု စိတ်ဆုံးဖြတ်ခြင်း ကအစ လျင်မြန်စွာ စိတ်ဆုံးဖြတ်နိုင်အောင် အကျင့် လုပ်ထားမှ အထက်တန်းသို့ ရောက်လွယ်မည် ဖြစ်သည်။
---အထက်တန်းလှမ်းတက်
    သေးသေးကစ တွန်းအားဆက်
    လေ့ကျင့်ဤ ကိုးချက်။
(ဦးလေးကြီးဦးတင်မောင်--သင့်စာရိတ္တသည် တန်ခိုးတည်း --စာအုပ်မှ ကူးယူဖေါ်ပြပါသည်။)

Thursday, January 17, 2013

ငြိမ်းချမ်းခြင်း


        ဘ၀မှာ ဒုက္ခတွေပြည့်နေပါတယ်။ ဒါပေမဲ့ ဒုက္ခတွေပဲ ခံစားနေရတာ မဟုတ်ပါဘူး။  ကောင်းကင်ပြာပြာ၊ နေခြည်နွေးနွေး နှင့် ကလေးငယ်ရဲ့ မျက်လုံးတစ်စုံလို အံ့သြစရာတွေ အများကြီးရှိပါတယ်။ အံ့သြစရာတွေလည်း ကြုံနိုင်ပါသေးတယ်။ ဘ၀ရဲ့အံ့သြစရာတွေက အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေသလို၊ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းမှာလည်းရှိပါတယ်။
    ပျော်ရွှင်ခြင်း ၊ ငြိမ်းချမ်းခြင်းတရားတွေ ကိုယ်ခန္ဓာထဲမှာ မရှိရင်၊ ဘဝမှာ ချစ်တဲ့သူတွေနဲ့ တစ်မိုးအောက်ထဲမှာ အတူနေသော်လည်း ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေကို မျှဝေပေးနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ ပန်းလေးတစ်ပွင့်လို ပြုံးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မိသားစုအပါအ၀င် လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။
ကောင်းကင်ပြာရဲ့လှပမှုကို ခံစားဖို့အထူးကြိုးစားနေဖို့ လိုအပ်ပါသလား။ ပျော်ရွှင်ဖို့အတွက် အထူးလေ့ကျင့်နေစရာလိုပါသလား။ မလိုအပ်ပါဘူး။ ပျော်ရွှင်လိုက်ဖို့ပဲ လိုအပ်တာပါ။ ဘ၀ရဲ့မိနစ်တိုင်း၊ စက္ကန့်တိုင်းဟာဒီလို အခြေအနေပါပဲ။ ကျွန်တော်တို့ ဘယ်လိုအချိန်ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေ ရောက်ရောက် နေရောင်ခြည်ကို ခံစားနိုင်ပါတယ်။
        တစ်ဦးရဲ့တည်ရှိမှုကို အခြားတစ်ယောက်က အသက်ရှုမှု ကတဆင့် ခံစားနိုင်ပါတယ်။ သိရှိနိုင်ပါတယ်။ ကောင်းကင်ပြာကြီးကို ခံစားဖို့ တရုတ်ပြည်ကို ခရီးထွက်ဖို့ မလိုအပ်ပါဘူး။ အသက်ရှုခြင်းကိုခံစားဖို့ အနာဂါတ်ကို ခရီးသွားလာဖို့ မလိုအပ်ပါဘူး။
        အဲဒီခံစားမှုတွေကို ချက်ချင်းခံစားနိုင်ပါတယ်။ တကယ်လို့ဘ၀မှာ ဒုက္ခတွေပဲ ခံစားနေရတယ်ဆိုရင်တော့ အလွန်သနားစရာကောင်းနေပါပြီ။
        အလုပ်တွေရှုပ်လွန်းလို့ အတူတကွနေထိုင်တဲ့ကျွန်တော်တို့ ချစ်တဲ့လူတွေကို သေသေချာချာ မကြည့်မိကြပါဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ ကိုယ်ကိုလည်း သေသေချာချာ မကြည့်မိတော့ပါဘူး။ ကျွန်တော်တို့မှာ အချိန်ပိုလေးရှိရင်တောင် ကိုယ်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့၊ ထိတွေ့ခံစားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံက အဲဒီလိုဖြစ်နေတာပါ။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးဖို့ နည်းလမ်းပေါင်း သန်းနဲ့ချီပြီးရှိပါတယ်။ တီဗွီဖွင့်၊ ဖုန်းပြော၊ ကားမောင်းပြီး တစ်နေရာကိုသွား စတဲ့ နည်းလမ်းတွေပါ။ အဲဒီလိုနဲ့ တစ်ယောက်ထဲ နေထိုင်လေ့ မရှိတော့ပါဘူး။ မိမိကိုယ်ကို မကြိုက်သလို ဖြစ်လာပြီး၊ ကိုယ်ကိုကိုယ် ထွက်ပြေးနေမိပါတော့တယ်။
ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာဘာတွေ ဖြစ်နေသလဲ၊ ကျွန်တော်တို့ရဲ့ ခံစားမှုတွေ ဘယ်လိုရှိသလဲ၊ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုရှိနေသလဲ၊ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာကို သတိထားကြည့်ပါ။ ဒါဟာ တရားရှုမှတ်နေပါ။ နေ့စဉ်ကလေးပေါင်း ၄၀၀၀၀ အစာငတ်မွတ်ပြီး သေကျေနေကြတယ်။ မဟာအင်အားကြီးနိုင်ငံတွေမှာ အနုမြူထိပ်ဖူးပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီအရေအတွက်ဟာ ကမ္ဘာမြေကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးလို့ ရပါတယ်။ လှပတဲ့နေထွက်ချိန် နဲ့ အဲဒီမနက်ခင်းမှာ နံရံကပ်ပြီးပွင့်နေတဲ့ နှင်းဆီပန်းက အံဖွယ်သရဲဖြစ်ရပ်တွေပါ။ ဘ၀ဆိုတာ အံ့သြစရာကောင်းသလို၊ ကြောက်စရာလည်းကောင်းပါတယ်။ တရားရှုမှတ်တာဟာ ဖြစ်ရပ်နှစ်ခုလုံးကို ထိတွေ့လိုက်တာပါ။ တရားရှုမှတ်ဖို့ တည်ကြည်လေးနက်နေရမယ်လို့ မတွေးပါနဲ့ဦး။ တကယ်တော့ ကောင်းစွာ တရားရှုမှတ်တယ်ဆိုတာ၊ ကျွန်တော်တို့ ပြုံးရယ်နေလိုက်ဖို့ပါ။
မကြာခင်က ကျွန်တော် ကလေးတစ်ဖွဲ့နဲ့ထိုင်နေမိတယ်။ “တမ်” က အရမ်းကို နှစ်လိုဖွယ်ကောင်းတယ်။ “တမ်၊ မင်းရဲ့အပြုံးဟာ အရမ်းကို နှစ်လိုဖွယ်ကောင်းတယ်” လို့ ကျွန်တော်ပြောမိတယ်။ “ကျေးဇူးတင်ပါတယ်” လို့ တမ်က ပြန်ပြောတယ်။ “မင်းက ကျေးဇူးတင်ရမှာ မဟုတ်ပါဘူး။ ငါက မင်းကို ကျေးဇူးတင်ရမှာပါ။ မင်းရဲ့ အပြုံးကြောင့် ဘ၀ဟာ ပိုပြီး လှပသွားတယ်။ ဒါကြောင့် ငါက မင်းကို ကျေးဇူးတင်ရမှာပါ။”  “မင်းက ကျေးဇူးတင်ပါတယ်လို့ ပြောမယ်အစား ကြိုဆိုပါတယ် လို့ ပြောရမှာပါ။”  လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
ကလေးတွေ၊ လူကြီးတွေအတွက် ပြုံးရယ်နေဖို့ ဆိုတာက အလွန် အရေးကြီးတာပါ။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ပျော်ရွှင်မှုတွေနဲ့ ရွှင်ရွှင်ပြုံးပြုံး ဖြစ်နေခဲ့ရင် ကျွန်တော်တို့ကိုယ်တိုင်အပြင် အခြားလူတွေအတွက် အကျိုးရှိပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် အခြေခံအကျဆုံးလုပ်ဆောင်မှုပါ။ တမ် ပြုံးတာ မြင်ရတော့ ကျွန်တော်ပျော်ရွှင်ရတယ်။ သူကြောင့် အခြားသူတွေ ပျော်ရွှင်စေခဲ့ပါတယ်။ အဲဒါကြောင့် သူက အားလုံးကို ကြိုဆိုပါတယ်လို့ ပြောနိုင်ပါတယ်။
        စိတ်တွေကို ဖြေလျှော့ဖို့ မကြာခဏ ကျွန်တော်တို့ ကိုယ်ကိုကိုယ် သတိပေးနေဖို့ လိုပါတယ်။ စိတ်သစ်လူသစ်ဖြစ်အောင် ပြန်လုပ်ဖို့ ၊တစ်နေ့လုံး သမာဓိရှိနေဖို့ အချိန် အချို့ကို ဖယ်ထားသင့်ပါတယ်။ ဒါဟာ ထွက်ပြေးနေဖို့အတွက် ပါ။ ခပ်နှေးနှေးလမ်းလျှောက်၊ ပြုံးရယ်ကာနေထိုင်၊ မိတ်ဆွေနဲ့ လက်ဖက်ရည် အတူသောက်ပြီး ကမ္ဘာကြီးပေါ်မှာ အပျော်ဆုံးလူသားအဖြစ် ခံစားနေလိုက်ဖို့ပါ။ ဒါဟာ ထွက်ပြေးတာမဟုတ်ပါဘူး။ ကောင်းမွန်စွာ သတ်မှတ်တာပါ။ လမ်းလျှောက်နေချိန်၊ ဥယျာဉ်ထဲမှာ တူးဆွနေချိန်၊ မီးဖိုချောင်ထဲ မှာချက်ပြုတ်နေချိန် ၊ ကုလားထိုင်ပေါ်တွင် ထိုင်နေချိန်၊ တရားမှတ်နေချိန်စတဲ့ အချိန်တွေမှာ တစ်နေ့လုံးပြုံးရယ်နေလို့ ရပါတယ်။ ပထမတော့  ပြုံးရယ်နေဖို့ ခဲယဉ်းပေလိမ့်မယ်။ ဘာကြောင့် လုပ်ရတယ်ဆိုတာလည်း စဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ်။  ပြုံးရယ်လိုက်ခြင်းကြောင့် ကိုယ်နှင့် စိတ် တထပ်ထဲကျသွားပါတယ်။ ကိုယ့်ကို ကိုယ် အောင်နိုင်သွားသလိုပါ။ မေ့လျှော့နေခြင်းရဲ့ ဝဲဂယက်ထဲမှာ နစ်မြုပ်ခြင်း မှ လွှတ်မြောက်ခြင်းပါ။ ဒီလို ပြုံးရယ်မှုမျိုးကို ဗုဒ္ဓနှင့် ဘောဓိသတ္တ ဘုရားအလောင်းတွေမှာ တွေ့ရတတ်ပါတယ်။
      ကျွန်တော် ကဗျာအတိုလေးတစ်ပိုဒ်ကို ပေးချင်ပါတယ်။ ခင်ဗျား ဒီကဗျာလေးကို မကြာခဏရွတ်ဆိုနိုင်ပါတယ်။ အသက်ရှုနေတုန်းခဏမှာ၊ ပြုံးရယ်နေတုန်း ခဏမှာ ပေါ့။
    “ ရှုသွင်းလိုက်ခဏ၊ ခန္ဓာငြိမ်းအေးရ
     ရှုထုတ်လိုက်ခဏ၊ ပြုံးရယ်ရ
     ပစ္စုပ္ပန်မှာ ခဏနေရင်း
     အံ့သြဖွယ် ထိုခဏကို ငါသိလိုက်ရ။ “
  “ ရှုသွင်းလိုက်ခဏ၊ ခန္ဓာ ငြိမ်းအေးရ “ ဆိုတဲ့ စာကြောင်းက အေးစိမ့်တဲ့ ရေတစ်ခွက်ကို သောက်လိုက်ရသလို ကိုယ်ခန္ဓာတစ်ခုလုံးကို အေးစိမ့်မှုပေးလိုက်ပါတယ်။ လန်းဆန်းမှုကို ခံစားလိုက်ရပါတယ်။ အသက်ရှုသွင်းတုန်း ဒီစာကြောင်းလေးကို ရွတ်လိုက်ပါ။ အသက်ရှုမှုကတဆင့် ကိုယ်ခန္ဓာ ငြိမ်းအေးစေမှု၊ စိတ်ငြိမ်းချမ်းမှုကို ခံစားလိုက်ရပါလိမ့်မယ်။
  “ရှုထုတ်လိုက် ခဏ၊ ပြုံးရယ်ရ “ ဆိုတဲ့စာကြောင်းရဲ့ အဓိပ္ပါယ်က ပြုံးရယ်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ကိုယ်တိုင်သိစေပါတယ်။ ပြုံးရယ်ခြင်းကြောင့် မျက်နှာရှိ ထောင်ပေါင်းများစွာသော ကြွက်သားတွေနှင့် အာရုံကြောတွေကို ပြေလျှော့စေပါတယ်။ ပြုံးရယ်ခြင်းကြောင့် ကိုယ်ကိုကိုယ် အောင်နိုင်ပြီး၊ အရှင်သခင် ဖြစ်လာစေတယ်။ ဒါကြောင့် ဗုဒ္ဓနဲ့ ဗောဓိသတ္တတွေ အမြဲပြုံးပါတယ်။ ပြုံးလိုက်တဲ့အခါမှာ ပြုံးရယ်ခြင်းရဲ့ အံ့သြဖွယ်ရာတွေကို ကိုယ်တိုင် သိမြင်တွေ့ကြုံ ရပါလိမ့်မယ်။
    “ ပစ္စုပ္ပန် မှာ ခဏနေရင်း”  ဆိုတဲ့အဓိပ္ပါယ်ကတော့ ကျွန်တော် ဒီမှာ ထိုင်နေတယ်ဆိုရင် အခြားအတိတ်တွေ၊ အနာဂတ်တွေ၊ အခြားနေရာတွေကို မစဉ်းစားပါဘူး။ ဒီနေရာမှာ ထိုင်နေရင် ဒီနေရာကို ကျွန်တော်သိတယ်။ အဲဒါ အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့က အမြဲတမ်းအနာဂါတ်ကို သွားနေလေ့ ရှိကြတယ်။ “ ကျွန်တော် ကျောင်းမပြီးသေးလို့၊ ကျွန်တော် Ph.D မပြီးသေးလို့ စသည်ဖြင့်…။ ဒါပြီးရင်တော့ ကျွန်တော် တကယ်တရားမှတ်ပါမယ် စသည်ဖြင့်…။ ကဲ လိုအပ်တာတွေ အားလုံးရသွားပါပြီးဆိုပါဆို့။ အဲဒီတော့လည်း ဒါတွေကို အလွယ်တကူရခဲ့တာ မဟုတ်ဘူးလို့ ကိုယ်ကို ကိုယ်ပြောမိပြန်တယ်။ တရားကို ရှုမှတ်ဖို့ အလုပ်အကိုင်လေးတစ်ခုရတဲ့ အထိ စောင့်ပါဦးမယ်ပေါ့။ အလုပ်အကိုင်ရပြန်တော့ ကားလေးတစ်စီးလောက် ရဖို့။ ကားတစ်စီးလောက် ရပြန်တော့ အိမ်တစ်လုံးလောက် ရဖို့ စသည်ဖြင့် …ပေါ့။ ကျွန်တော်တို့ဟာ ပစ္စုပ္ပန် မှာ မနေနိုင်ကြပါဘူး။ ဘယ်အချိန်မှန်းမသိတဲ့ အလွန်ဝေးတဲ့ အနာဂါတ်အထိ အသက်ရှင်ဖို့ အချိန်တွေ ဆွဲခဲ့ကြတယ်။
        ယခုအချိန်ဟာ အသက်ရှင်နေထိုင်ဖို့ အချိန်မဟုတ်ရင် ကျွန်တော်တို့ ဘ၀တစ်ခုလုံး ဘယ်အချိန်ရှင်သန်မှာလဲ… မဟုတ်ဘူး။ ဒါကြောင့် နည်းလမ်းတစ်ခုအနေနဲ့ ပစ္စုပ္ပန်ကိုတည့်တည့်နေဖို့၊ ကျွန်တော်တို့ ဒီမှာရှိနေရင်၊ ရှိနေတာကို သိနေဖို့လိုအပ်ပါတယ်။ ရှင်သန်နေချိန်ကို သိနေဖို့ ပစ္စုပ္ပန်မှာ နေထိုင်ရပါမယ်။
   “အံ့ဖွယ်ထိုခဏကို ငါသိလိုက်ရ” ဆိုတဲ့စာကြောင်းရဲ့အဓိပ္ပါယ်က “ထိုခဏဟာ အစစ်အမှန်ပါ။ အခု ဒီနေရာမှာ ရှိနေဖို့ ပစ္စုပ္ပန်ခဏကို ပျော်ရွှင်စေဖို့ ကျွန်တော်တို့ရဲ့အရေးအကြီးဆုံး အလုပ်ပါ။” “ ငြိမ်သက်စွာနေထိုင်ခြင်း၊ ပြုံးရယ်ခြင်း၊ ပစ္စုပ္ပန် ခဏ, အံ့သြဖွယ် ထိုခဏ” ကို သင် စမ်းသပ်ကြည့်လိမ့်မယ်လို့ ငါထင်ပါတယ်။
 
        ဘ၀ဆိုတာ ကြမ်းတမ်းလွန်းပါတယ်။ တခါတရံပြုံးရယ်ဖို့ ခဲယဉ်းပေမဲ့ ၊ ကျွန်တော်တို့ ကြိုးစားကြည့်သင့်တယ်။ ကျွန်တော်တို့ တစ်ယောက်နှင့် တစ်ယောက် မင်္ဂလာနံနက်ခင်းပါ လို့ နုတ်ဆက်ကြပါတယ်။ အဲဒီလို အမှန်တကယ် မင်္ဂလာနံနက်ခင်း ဖြစ်သင့်တယ်။ မကြာခင်က မိတ်ဆွေတစ်ယောက်က ကျွန်တော်ကို  “ စိတ်ထဲမှာ ၀မ်းနည်းမှုတွေနဲ့ပြည့်နေရင် ဘယ်လိုလုပ်ပြီး ကိုယ်ကို ကိုယ် ပြုံးရယ်ခိုင်းရမှာလဲ”  လို့မေးတယ်။ ဒါဟာ သဘာဝမကျပါဘူး။ သူမရဲ့ ၀မ်းနည်းမှုသောကကို သူမက ပြုံးပြနိုင်ရမယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သောကထက် ကျွန်တော်တို့က ပိုပြီး ကြီးကျယ်တယ်လေ။
       လူသားဆိုတာ လိုင်းပေါင်းမြောက်များစွာ ဖမ်းယူနိုင်တဲ့ တယ်လီဗေးရှင်းစက် တစ်လုံးလိုပါ။ ကျွန်တော်တို့က ဗုဒ္ဓဖြစ်ခြင်း ဆိုတဲ့ လိုင်းကိုဖမ်းလိုက်ရင်၊ ကျွန်တော်တို့ ဗုဒ္ဓ ဖြစ်သွားပြီ။ ကျွန်တော်တို့ ပူပင်သောကဆိုတာကို ဖမ်းလိုက်ရင် ၊ကျွန်တော်တို့မှာ ပူပင်သောကတွေ ပြည့်သွားပါပြီ။ ကျွန်တော်တို့ ပြုံးရယ်ခြင်းကို ဖမ်းလိုက်ရင်တော့ ကျွန်တော်တို့ ကိုယ်တိုင် ပြုံးရယ်မိနေပါလိမ့်မယ်။
      ကျွန်တော်တို့ ကိုယ်ကို လိုင်းတစ်လိုင်းထဲ ဖမ်းမိသလို၊ လွှမ်းမိုးမှု ခံရသလို ရှိမနေသင့်ပါဘူး။ ကျွန်တော်တို့ထဲမှာ အရာရာအားလုံးရဲ့ မူလမျိုးစေ့လေးတွေ ပါတယ်။ အခြေအနေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့၊ ထိန်းချုပ်နိုင်စွမ်းကို ကိုယ်တိုင် ပိုင်ဆိုင်ရဖို့ လိုအပ်ပါတယ်။
          ငြိမ်းချမ်းစွာ ထိုင်လိုက်ပါ။ သတိနဲ့ အသက်ရှုသွင်း၊ ရှုထုတ်လုပ်ပြီး ပြုံး နေကြည့်လိုက်ပါ။ ကျွန်တော်တို့ ကိုယ်နှင့်စိတ် တထပ်ထဲ ကျသွားပါလိမ့်မယ်။ ဒီလို လုပ်လိုက်တာဟာ ကျွန်တော်တို့ ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းပါ။ ရုပ်မြင်သံကြား အစီအစဉ်တစ်ခု ဖွင့်လိုက်ခြင်းဟာ အဲဒီအစီအစဉ်ရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရတာပါ။ တခါတလေတော့ အစီအစဉ်ကောင်းလေးတွေဖြစ်ပေမဲ့ မကြာခဏတော့ နားညီးတဲ့ အစီအစဉ်တွေ ဖြစ်တတ်ပါတယ်။ ဆူညံတဲ့တီဗွီအစီအစဉ်တွေကို ဖွင့်ပြီး ထိုင်လိုက်ရင် ဆူညံသံတွေကို လက်ခံခွင့်ပြုလိုက်တာပါပဲ။ မကောင်းတဲ့ အစီအစဉ်တွေက ကျွန်တော်တို့ကို ဖျက်ဆီးပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ကျွန်တော်တို့ ကိုယ်တိုင်သိရှိ နေထိုင်ခြင်းမရှိလို့ဖြစ်တာပါ။ ကိုယ့်ကိုကိုယ် သိရှိနေထိုင်ရမည့် အစား ၊ အခြားသောအရာတွေကို ကျွန်တော်တို့ ကိုယ်တွင်းကို လက်ခံလိုက်လို့ပါ။ အာရုံကြောတွေ တောင့်တင်းလာပေမဲ့ တီဗွီကိုမပိတ်မိပါဘူး။ ဆက်ပြီး ရပ်ကြည့်နေမိပါတယ်။ တီဗွီကို ပိတ်လိုက်ရင် ကိုယ်ကိုကိုယ် သိရှိခြင်းဆီ ရောက်သွားမှာ မို့လို့ပါ။
       တရားထိုင်းခြင်းက ဒီလိုကိစ္စရဲ့ ဆန့်ကျင်ဘက်ပါ။ ကိုယ်ကိုကိုယ် သိရှိနေဖို့ ကို တရားထိုင်ခြင်းက ကူညီပါတယ်။ ဒီလိုလောကီ လူ့ဘောင်ထဲမှာ တရားထိုင်နေဖို့ ဆိုတာ သိပ်ခက်ခဲပါတယ်။ အရာအားလုံးပူးပေါင်းပြီး မိမိကိုယ်ကို သိရှိခြင်းမှ ဆွဲထုတ်နေကြသလိုပါပဲ။ ဗွီဒီယိုတွေ၊ သီချင်းခွေတွေလို ထောင်နဲ့ချီတဲ့ အရာဝတ္ထု၊ အကြောင်းအရာတွေက မိမိကိုယ်ကို သိနေခြင်းကို အဝေးသို့ ဆွဲထုတ်လိုက်ပါတယ်။ တရားကျင့်တယ်ဆိုတာ စူးစိုက်သိရှိနေဖို့၊ အသက်ရှုသွင်းရှုထုတ်လုပ်ပြီး ပြုံးလိုက်နေဖို့ပါ။ အခြားသောဆန့်ကျင်ဘက်အစွန်း ရှိပါသေးတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် အတ္တတွေဆီကို ပြန်သွားတာဟာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို သိရှိနေဖို့ပါ။ တရားထိုင်ခြင်းဆိုတာ ဖြစ်ပျက်တာတွေကို သိရှိနေဖို့ပါ။ ဘာတွေဖြစ်နေလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။
          သင်ဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ဆိုပါဆို့။ အသက်ရှုသွင်း၊ ရှုထုတ်လုပ်နေဖို့၊ ကလေးအတွက် ပြုံးနေပေးဖို့ လိုအပ်ပါတယ်။ သင့်ကလေးငယ်ကို မွေးဖွါးပြီး မှ ပြုစု၊ ဂရုစိုက်မယ်ဆိုပြီး စောင့်မနေပါနဲ့တော့ ။ အခုပဲ သူ့ကို ဂရုစိုက်နေလို့ရပါပြီ။ သင်က ပြုံးရယ်မနေနိုင်ဘူး ဆိုရင်တော့ သိပ်အရေးကြီး ပါတယ်။ ငါဟာ စိတ်ညစ်နေရတယ်။ ပြုံးရယ်နေခြင်းဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ သင် စဉ်းစားနေကောင်းနေပါလိမ့်မယ်။ ငိုကြွေးခြင်း၊ ဆူညံအော်ဟစ်နေခြင်းတွေကလည်း မှန်ကန်နိုင်ပါတယ်။  ဒီလို လုပ်ရင်တော့ သင့်ကလေးက သင့် အပြုအမှုတွေက ရရှိတော့မှာပါ။ သင်ဘာတွေပဲ လုပ်လုပ် ဒါတွေဟာ သင့်ကလေးအတွက်ပါ။
       ကိုယ်ဝန်မဆောင်ထားဖူး ဆိုရင်တောင် သင့်မှာ မူလမျိုးစေ့တွေရှိပါတယ်။ သင့်ဟာ လူလွတ်တစ်ယောက်၊ သင်ဟာ ယောင်္ကျားတစ်ယောက် ဖြစ်ရင်တောင်မှ သင့်မှာ ကလေးတွေ ရှိတယ်လို့ သတိရထားသင့်တယ်။ သင့်မှာ နောင်မျိုးဆက်သစ်တွေရဲ့ မျိုးစေ့လေးတွေ ရှိနေပါတယ်။ ဆရာဝန်က ကလေးရှိနေပြီ၊ ဂရုစိုက်နေတော့လို့ ပြောတဲ့အထိ စောင့်မနေပါနဲ့တော့။ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲ နေနေ သင့်ကလေးက ဒါကို ရလိမ့်မယ်။ သင် ဘာတွေစားသုံးလိုက်သမျှ၊ သင့်စိတ်ထဲမှာ ပူပင်သောကရောက်သမျှ သင့်ကလေး အတွက် ဖြစ်တယ်။ ရယ်ပြုံးခြင်းကို သင်မလုပ်နိုင်တော့ဘူးလား။ ကလေးလေးကို စဉ်းစားကြည့်လိုက်စမ်းပါ။ သူ့အတွက် ပြုံးရယ်လိုက်ပါ။ နောက်မျိုးဆက်တွေ အတွက် ပြုံးရယ်လိုက်ပါ။ တခါလောက် ပြုံးရယ်လိုက်ရုံနဲ့ သောကအားလုံး ပျောက်သွားမှာလားလို့တော့ ငါ့ကို မပြောပါနဲ့။ ဒါတွေက မင်းရဲ့ စိုးရိမ်သောကတွေလား။ ကလေးရဲ့သောကတွေလား။ ဒါက ကလေး ရဲ့ သောကတွေ မဟုတ်ပါဘူး။
        ကလေးတွေက သိပ်ကိုနားလည်နိုင်စွမ်းရှိပါတယ်။ ယောင်္ကျားတွေ၊ မိန်းမတွေမှာ ချစ်ခင်ခြင်း၊ နားလည်ခြင်း၊ နိုးကြားခြင်းတွေအတွက် အစွမ်းသတ္တိတွေ ရှိပါတယ်။ ကလေးတွေက ဒီလို ချစ်ခင်ခြင်း၊ နားလည်ခြင်း၊ နိုးကြားခြင်းတွေကို နားလည်နိုင်စွမ်းရှိပါတယ်။ ဒီလိုနိုးကြားနေမှု၊ ဒီလိုမိမိစိတ်ထဲ၊ ကိုယ်ခန္ဓာထဲက ဖြစ်တည်ခြင်းတွေကို သိရှိမှုဟာ ဗုဒ္ဓ ဖြစ်မှုသဘာဝ ပါ။ နားလည်နိုင်စွမ်းအား၊ချစ်ခင်နိုင်စွမ်းအားတွေဟာ ဗုဒ္ဓ ဖြစ်မှု သဘာဝပါ။ ပြုံးရယ်ခြင်း က သိပ်ကိုအရေးကြီးပါတယ်။ ငါတို့မှာ ပြုံးရယ်ခြင်းတွေ မရှိရင် ကမ္ဘာမှာ ငြိမ်းချမ်းခြင်းရှိမှာ မဟုတ်ပါဘူး။ အနူမြူလက်နက်ဆန့်ကျင်ရေးအတွက် ဆန္ဒပြမှုတွေလို ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့ စွမ်းအားမှတဆင့် ငါတို့အတွက် ငြိမ်းချမ်းရေးကို လုပ်ဆောင်တာပါ။ ပြုံးရယ်လိုက်ခြင်း၊ ရှုသွင်းရှုထုတ်လုပ်ခြင်းတွေက ကျွန်တော်တို့ ကိုယ်တိုင် ငြိမ်းချမ်းရေးရရှိဖို့အတွက်ပါ။