Sunday, July 28, 2013

“ဘယ်လိုလွတ်လပ်မှုကို လိုချင်ပါသလဲ”



     ဒယကာတစ်ဦး ဖိတ်ကြားထားသော အာရုဏ်ဆွမ်းကျွေးပွဲအတွက် ထိုင်းနှစ်ဟန်းတော်နှစ်ပါး ကြွရောက်ချီးမြှင့်ပါတယ်။ ရဟန်းတော်နှစ်ပါးကို ဧည့်ခံထားသော ဧည့်ခန်းတွင် ငါးအမျိုးပေါင်းများစွာကို ထည့်၍ မွေးမြူထားသောမှန်ကန်တစ်ခု ရှိပါတယ်။ “ငါးတွေကို မှန်ကန်ထဲထည့်ပြီး မွေးမြူခြင်းသည် သတ္တဝါတွေကို ကြင်နာသနားရမည်” ဟုဆိုသည့် ဗုဒ္ဓ၏ မိန့်ကြားချက်ကို ဆန့်ကျင်ခြင်းဟု ရဟန်းငယ်က ပြောကြားပါတယ်။
      “ဒါဟာ အကျဉ်းချထားခြင်းတစ်မျိုးပါ”လို့ ဆက်ပြောပါတယ်။
      “မှန်ကန်ထဲမှာ အကျဉ်းချထားခြင်းကြောင့် ငါးတွေအတွက် ဘာလိုများ ပိုကောင်းလာမှာလဲ။ ငါးတွေက ကြိုက်သလိုရေကူးသွားတဲ့ မြစ်ချောင်း၊ အင်းအိုင်ထဲမှာ ရှိနေရမှာ။
      ဒုတိယရဟန်းတော်ကတော့ ဒီအချက်ကို သဘောမတူပါဘူး။
      “မှန်ကန်ထဲကငါးတွေက လိုသလိုရေကူးသွားနိုင်ခြင်း မရှိဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မှန်ကန်ထဲမှာ နေခြင်းကြောင့် အခြားသောအန္တရာယ်များစွာမှ လွတ်မြောက်နိုင်ပါတယ်။ ”
    ရဟန်းတော်က ငါးတွေရဲ့လွတ်မြောက်မှုတွေကို စာရင်းလုပ်ပြီး ရှင်းပြပါတယ်။

၁။ တစ်ယောက်ရဲ့အိမ်က ငါးကန်ထဲမှာ ငါးမျှားကြိုးလာချတဲ့ တံငါသည်ကို တွေ့ဖူးပါသလား။ မတွေ့ဖူးပါဘူး။ ဒါကြောင့် ငါးကန်ထဲကငါးတွေအတွက် ပထမဆုံးလွတ်မြောက်မှုက တံငါတွေရဲ့ရန်က လွတ်မြောက်မှုပါ။ ဘသာဝအတိုင်းလွတ်မြောက်ကူးခတ်နေတဲ့ငါးတစ်ကောင်ကို စဉ်းစားကြည့်ရအောင်။
     သဘာဝအတိုင်းရှင်သန်တဲ့ငါးတစ်ကောင်အတွက် တီတစ်ကောင်၊ ပိုးတစ်ကောင်ကို အမြဲတမ်းစားဖို့ သင့်၊ မသင့် မသေချာပါဘူး။ တီတစ်ကောင်ကို စားမိလို့ အပေါ်ကို မြောက်တက်သွားပြီး၊ ပြန်မကျလာနိုင်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ သဘာဝအတိုင်းရှင်သန်တဲ့ငါးတစ်ကောင်အတွက် အစာဟာ အန္တရာယ်တွေနဲ့ ရောပြွန်းနေပါတယ်။ တခါတရံမှာ အစာကြောင့် ထောင်ချောက်မှာ ကျရောက်နိုင်ပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ ညနေစာတွေဖြစ်နိုင်ပါတယ်။
      စားရမဲ့အစာအတွက် စိုးရိမ်စိတ်ကြောင့် အစာမကြေဝေဒနာကို ငါးတွေအားလုံး ခံစားနေရပါတယ်။ သံသယစိတ်လွန်ကဲသောငါးတွေကတော့ အစာငတ်ပြီး သေဆုံးဖို့အလားအလာရှိပါတယ်။ သဘာဝအတိုင်းရှင်သန်နေတဲ့ငါးတွေက စိတ်ဝေဒနာခံစားနေသလို ဖြစ်နေပါလိမ့်မယ်။ မှန်ကန်ထဲကငါးတွေအတွက် ဒီလိုစိုးရိမ်မှုဝေဒနာတွေ မရှိပါဘူး။

၂။ မြစ်ချောင်းထဲက ငါးတွေကို ပိုကြီးတဲ့ငါးတွေက စားသောက်ကြပါတယ်။ ဒီအန္တရာယ်ကိုလည်း စိုးရိမ်နေရပါတယ်။ မြစ်ကြီးတွေမှ ချောင်းငယ်လေးကို ညပိုင်းတက်သွားဖို့ဆိုတာကလည်း ဒီနေ့ခေတ်မှာ မလုံခြုံတော့ပါဘူး။ ပိုင်ရှင်ရှိတဲ့ငါးကန်ထဲမှာတော့ ငါးတွေ တစ်ကောင်နဲ့ တစ်ကောင် စားဖို့ ခွင့်မပြုပါဘူး။ မှန်ကန်ထဲမှာနေရခြင်းကြောင့် အသားစားငါးကြီးတွေရဲ့ရန်မှ လွတ်မြောက်ပါတယ်။

၃။ သဘာဝတရား အလှည့်အပြောင်းများကြောင့် တခါတရံမှာ ငါးတွေအစာငတ်ကြပါတယ်။ မှန်ကန်ထဲကငါးတွေအတွက်ကတော့ စားသောက်ဆိုင်နဲ့ ကပ်ပြီး နေထိုင်ရသလိုပါပဲ။ တစ်နေ့နှစ်ကြိမ်၊ အိမ်တိုင်ရာရောက် ပို့ပေးတဲ့အစားအသောက်တွေကို စားသောက်နိုင်ပါတယ်။ အိမ်ကို ပို့ပေးတဲ့ပစ်ဇာကို စားသောက်ရခြင်းထက် ပိုအဆင်ပြေပါတယ်။ ပိုက်ဆံရှင်းစရာ မလိုပါဘူး။ မှန်ကန်ထဲက ငါးတွေအတွက် အငတ်ဘေးမှ လွတ်မြောက်နေပါတယ်။

၎။ ရာသီဥတုပြောင်းလဲချိန်မှာ မြစ်ထဲ၊ ချောင်းထဲက ငါးတွေအဖို့ အလွန်ဆိုးရွာသော အပူချိန်တွေကို ခံစားရပါတယ်။ ဆောင်းရာသီမှာ အေးလွန်လို့ ရေခဲတွေ ဖုံးနေပါတယ်။ နွေရာသီမှာ ပူလွန်းလို့ တခါတရံမှာ ငါးခြောက်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်ထဲကငါးတွေအတွက် အမြဲတမ်း အပူအအေးမျှတနေသော လေအေးပေးစနစ်ရှိပါတယ်။ မှန်ကန်ထဲက အပူချိန်က နေ့၊ ည၊ ရာသီဥတုပြောင်းသော်လည်း မပြောင်းဘဲ တစ်နှစ်ပတ်လုံး တသမတ်ထဲပါ။ မှန်ကန်ထဲကငါးတွေအတွက် အပူ၊ အအေးပြောင်းလဲမှုဒဏ်မှ လွတ်မြောက်နေပါတယ်။

၅။ သဘာဝအတိုင်းရှင်သန်တဲ့ငါးတစ်ကောင် နေမကောင်းခဲ့ရင်၊ ဘယ်သူမှကုသမပေးပါဘူး။ မှန်ကန်ထဲကငါးတွေအတွက်တော့ ကျန်းမာရေးအာမခံထားဖို့တောင် မလိုအပ်ပါဘူး။ ထိခိုက်ဒဏ်ရာဖြစ်ခဲ့ရင် ပိုင်ရှင်က တိရိစ္ဆာန်ဆရာဝန်ကို အိမ်ကို ဖုန်းဆက်ပြီး၊ ခေါ်ပါလိမ့်မယ်။ ဆေးခန်းကိုတောင် သွားစရာ မလိုပါဘူး။ မှန်ကန်ထဲကငါးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အမြဲရှိပါတယ်။ 

       ရဟန်းကြီးက နောက်ဆုံးအတိုချုပ်ပြီးတော့ ပြောပါတယ်။ မှန်ကန်ထဲမှာ နေထိုင်ရသော်လည်း ကောင်းကျိုးချမ်းသာတွေ အများကြီးရှိပါတယ်။ မှန်ကန်ထဲကငါးတွေအဖို့ စိတ်ကြိုက်ရေကူးသွားလာဖို့ မဖြစ်နိုင်ပါဘူး။ အလိုဆန္ဒတွေကို ကန့်သတ်ထားပါတယ်။ သို့သော်လည်း အခြားသောဘေးအန္တရာယ်တွေ၊ ထိခိုက်စရာတွေကို ကြုံတွေ့ဖို့လည်း မဖြစ်နိုင်ပါဘူး။
       ရဟန်းကြီးက ဆက်လက်ပြီး၊ ဒီဖြစ်ရပ်ကို စာရိတ္တကောင်းမွန်စွာနေထိုင်သည့်လူ့ဘဝနှင့် နှိုင်းယှဉ်ပြီး ရှင်းပြပါတယ်။ မှန်ပါတယ်။ စည်းမျဉ်းတွေကို လိုက်နာပြီး၊ ကောင်းမွန်စွာနေထိုင်မယ်ဆိုရင်တော့ ဟိုဟိုဒီဒီဖြစ်ပေါ်လာတဲ့ အလိုရမက်တွေကို လိုက်ပါဖြည့်ဆည်းဖို့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း စည်းမျဉ်းဘောင်အတွင်း ကောင်းမွန်စွာနေထိုင်ခြင်းကြောင့် ဘေးအန္တရာယ်နဲ့ ထိခိုက်ရန်များမှ ကင်းဝေးနိုင်ပါတယ်။

  အသင်က ဘယ်လို လွတ်လပ်မှုမျိုးကို ရွေးချယ်လိုပါသလဲ။
( ဆရာတော်   “Ajahn Brahm” ၏   “which type of freedom would you like”   ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ )

“အလိုဆန္ဒတွေ အားလုံးပြည့်စုံတဲ့အခါ”



        ကျွန်ုပ် ကျင့်ကြံသောလမ်းစဉ်အရ ဗုဒ္ဓဘာသာရဟန်းများသည် ငွေကြေးကို လက်ခံခြင်း၊ ပိုင်ဆိုင်ခြင်း၊ ကိုင်တွယ်ခြင်း မပြုရပါဘူး။ ငွေကြေးပိုင်ဆိုင်မှုအတွက် အစိုးရအခွန်ကောက်မယ်ဆိုရင်တော့ ခေါင်းကိုက်စရာပါ။
      ဒကာများထံမှ ထောက်ပံ့လှူဒါန်းသော ရိုးရှင်းသောဝတ္ထုပစ္စည်းများနှင့် နေထိုင်ရခြင်း ဖြစ်ပါတယ်။ တခါတရံမှာတော့ ထူးထူးခြားခြားလှူဒါန်းမှုလေးတွေကို လက်ခံရရှိတတ်ပါတယ်။
     ထိုင်းလူမျိုးဒကာတစ်ယောက်ရဲ့ လူမှုရေးပြဿနာလေးတွေကို ကူညီခဲ့ဖူးပါတယ်။ တုံ့ပြန်ကျေးဇူးဆပ်သည့်အနေနှင့် ဒကာမှ ကျွန်ုပ်ကို ဒီလိုကမ်းလှမ်းမှုလေးလုပ်ပါတယ်။
    “ဆရာတော်၊ တပည့်တော် ဆရာတော် ကိုယ်ပိုင်အသုံးပြုရန်အတွက် လိုအပ်သောပစ္စည်း ပစ္စယလေးတွေကို လှူဒါန်းလိုပါတယ်။ ဆရာတော်အတွက် တပည့်တော် ဘတ်၅၀၀ ဖိုး ဝယ်ယူလှူဒါန်းပါမယ်။” လို့ ပြောလာပါတယ်။
             ငွေဘယ်လောက်အသုံးပြုပြီး၊ ဝယ်ယူလှူဒါန်းမယ်ဆိုတာက နားလည်မှုမလွဲမှားရအောင် ပြောလေ့ပြောထရှိကြတာပါ။ အခုချက်ချင်းပြောရမယ်ဆိုရင်တော့ ကျွန်ုပ် ဘာတွေလိုအပ်နေတယ်ဆိုတာ ပြောလို့မရပါဘူး။ ဒယကာကလည်း ကျွန်ုပ်ရဲ့အဖြေကို ချက်ချင်း သိချင်နေပါတယ်။ အဲဒါကြောင့် နောက်နေ့ ဒကာကျောင်းကို ပြန်ရောက်လာချိန်မှာ ပြောပါမယ်လို့ ကျွန်ုပ်က ပြောလိုက်ပါတယ်။
     ဒီအချိန်မတိုင်မှီကဆိုရင် ကျွန်ုပ်က စိတ်ချမ်းသာပျော်ရွှင်နေတဲ့ရဟန်းတစ်ပါးပါ။ အခုအချိန်ကစတင်လို့ ကျွန်ုပ် ဘာလိုပစ္စည်းတွေ လိုချင်တယ်ဆိုတာကို တွေးတောရပါတော့တယ်။ စာရင်းတစ်ခုကို ပြုစုပါတယ်။ စာရင်းက ရှည်လာပြီး ဘတ်၅၀၀ နဲ့ မလောက်တော့ပါဘူး။ စာရင်းထဲက တစ်ခုခုကို ဖျက်ပြစ်လိုက်ဖို့ တော်တော်စဉ်းစားရပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေက ဘယ်ကဘယ်လို ပေါ်လာမှန်းမသိပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေမှ မရှိမဖြစ်အရာတွေ အဖြစ်ပြောင်းလဲသွားပါတယ်။ ပစ္စည်းစာရင်းက ပိုရှည်လာပြီး ဘတ်၅၀၀၀ နဲ့ ဝယ်ရင်တောင် လုံလောက်မှုမရှိတော့ပါဘူး။
      အခု ဘယ်လိုဖြစ်နေတယ်ဆိုတာကို သတိထားမိပြီး၊ ပြုစုနေတဲ့စာရင်းစာရွက်ကို ကျွန်ုပ် လွင့်ပစ်လိုက်ပါတယ်။ နောက်နေ့မှာ ဒယကာ ကျောင်းကို ရောက်လာတဲ့အခါ၊ ဘတ်၅၀၀ ကို ဘုန်းကြီးကျောင်းဆောက်ရန်အတွက် လှူဒါန်းဖို့ ၊ ဒါမှမဟုတ် အခြားကောင်းကျိုးပြုတဲ့နေရာတစ်နေရာမှာ လှူဒါန်းဖို့ ကျွန်တော် ပြောလိုက်ပါတော့တယ်။ ဘတ်၅၀၀ ကို မလိုချင်တော့ပါဘူး။ ကျွန်ုပ်အမှန်တကယ် လိုချင်မိတဲ့တာက အရင်နေ့တွေတုန်းကရှိခဲ့တဲ့ တင်းတိမ်ရောင့်ရဲစွာ ကျေနပ်ပျော်ရွှင်မှုပါ။ လိုအပ်ချက်တွေကို ဝယ်ယူဖြည့်ဆည်းဖို့ ပိုက်ဆံမရှိတဲ့အချိန်၊ ဖြည့်ဆည်းဖို့နည်းလမ်း မရှိသောအချိန်တွေမှာ ကျွန်ုပ်ရဲ့ စိတ်ဆန္ဒတွေ အားလုံးပြည့်စုံနေခဲ့ပါတယ်။
       အလိုဆန္ဒတွေကို ဖြည့်ဆည်းဖို့ အဆုံးသတ်မရှိပါဘူး။ ဘတ်သန်း၁၀၀၀၊ ဒါမှမဟုတ် ဒေါ်လာသန်းတစ်ထောင်ရှိမယ်ဆိုခဲ့ရင်တောင် အလိုဆန္ဒတွေက ပြည့်စုံမယ် မဟုတ်ပါဘူး။ သို့သော်လည်း အလိုဆန္ဒတွေကို အဆုံးသတ်ဖို့နည်းလမ်းရှိပါတယ်။ ဘယ်အရာကိုမှ လိုချင်တောင့်တခြင်း မရှိတော့ဘူးဆိုရင်တော့ အလိုဆန္ဒတွေ ပြည့်စုံသွားခြင်း ဖြစ်ပါတယ်။ တင်းတိမ်ရောင့်ရဲခြင်းကတော့ လိုအပ်မှုများစွာကို ပြည့်စုံစေသော တစ်ခုသောအရာပင်ဖြစ်ပါတယ်။

( ဆရာတော် “Ajahn Brahm” ၏ “when all my wishes were fulfilled” ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ )

“ကြင်နာခြင်း၏ အတောင်ပံများ”



     “ချစ်ခင်ကြင်နာခြင်း” ကို လှပတဲ့ ခိုဖြူတစ်ကောင်လို့ ယူဆကြည့်လိုက်ပါ။ အဲဒီဆိုရင် “ဥာဏ်ပညာ” က ခိုဖြူရဲ့အတောင်ပံတွေပါ။ ဥာဏ်ပညာ မပါသော ကြင်နာသနားခြင်းသည် လုံးဝအလုပ်မဖြစ်ပါ။
      ကောင်းမှုလုပ်ဖို့ ကောင်လေးက စဉ်းစားပြီး၊ ရှုပ်ထွေးတဲ့ကားလမ်းကို ဖြတ်ကူးဖို့ အဖွါးကြီးကို ကူညီပေးပါတယ်။ ပြဿနာကတော့ အဖွါးကြီးက ကားလမ်းကို ကူးချင်သေးတာ မဟုတ်ပါဘူး။ အဲဒါကို ရှင်းပြဖို့ အဖွါးကြီးက စိတ်ရှုပ်ထွေးနေပါတယ်။


     ကျွန်တော်တို့ကမ္ဘာကြီးမှာ “ကြင်နာသနားခြင်း” ကြောင့်ဖြစ်ရတဲ့ အမှီးအမှောက်မတည့်မှုတွေက အများကြီးပါ။ တခါတလေမှာ အခြားလူတစ်ဦး လိုအပ်နေတာကို တွေးတောနိုင်တယ်လို့ ကျွန်တော်တို့ ယူဆကြပါတယ်။ 
      မွေးရာပါအကြားအာရုံချို့တဲ့နေသောလူငယ်တစ်ယောက်သည် မိဘနှစ်ပါးနှင့်အတူ ဆရာဝန်ထံသို့ ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ သွားပါတယ်။ ဆရာဝန်က ဝမ်းသာအားရနှင့် မိဘနှစ်ဦးကို ဆေးပညာဂျာနယ်မှာ ဖတ်ရသောကုထုံးသစ်အကြောင်းကို ရှင်းပြပါတယ်။ ရိုးရှင်းပြီး၊ အကုန်အကျသိပ်မများသောခွဲစိတ်မှုသည် လုံးဝအောင်မြင်ရန်အတွက် ၁၀ ရာခိုင်နှုန်းရှိပါတယ်။ ဆရာဝန်က မိဘတွေကို ကုထုံးသစ်ကို စမ်းသပ်ချင်ပါသလားလို့ မေးပါတယ်။ မိဘတွေက စမ်းသပ်ကြည့်ပါမယ်လို့ ချက်ချင်းပြန်ဖြေကြပါတယ်။

     လုံးဝအကောင်းပကတိအကြားအာရုံကို ပြန်ရတဲ့ ၁၀ ရာခိုင်နှုန်းထဲမှာ ထိုလူငယ်လေးပါဝင်ပါတယ်။ လူငယ်က မိဘနှစ်ပါးနှင့် ဆရာဝန်ကို အလွန်စိတ်ဆိုးပါတယ်။ သူ့ကို ဆေးစစ်နေချိန်မှာ သူတို့တိုင်ပင်ဆွေးနွေးတဲ့အကြောင်းအရာတွေကို သူမကြားပါဘူး။ အကြားအာရုံကို လိုချင်ပါသလားလို့ ဘယ်သူကမှ သူ့ကို မမေးပါဘူး။ အခုတော့ မခံနိုင်လောက်အောင် အသံတွေကို သူ့ကို နှိပ်စက်နေပါတယ်လို့ ညည်းတွားနေရပါပြီ။ အသံတွေကို လုံးဝမကြားချင်တော့လောက်အောင် ဖြစ်နေရတာပါ။
     ဆရာဝန်နှင့် မိဘနှစ်ပါးက လူတိုင်း အသံတွေကို ကြားချင်တယ်လို့ ယူဆကြပါတယ်။ ဒီဇာတ်လမ်းကို မဖတ်ရသေးမှီ ကျွန်တော် ကိုယ်တိုင်လဲ အဲဒီလို ယူဆခဲ့တာပါ။ အကောင်းဆုံးဆိုတာကို ကျွန်တော်တို့ သိတယ်လို့ ထင်နေပါတယ်။
      ဒီလိုယူဆချက်တွေနဲ့ ကြင်နာခြင်းကတော့ မိုက်မဲပြီး၊ အန္တရာယ်များလွန်းပါတယ်။ အဲဒီလိုကြင်နာခြင်းကြောင့် ကမ္ဘာကြီးမှာ ဒုက္ခတွေအများကြီးဖြစ်နေပါတယ်။

(ဆရာတော် “Ajahn Brahm” ရဲ့   “the wings of compassion” ကို ဘာသာပြန်ခြင်း ဖြစ်ပါတယ်။ )

“အသာယာဆုံးတေးတံ”



       အဖိုးကြီးတစ်ယောက်ဟာ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မြို့ကြီးသို့ ရောက်ရှိလာပါတယ်။ အဖိုးကြီးသည် ဝေးလံခေါင်ပါးသောဒေသမှာ ကြီးပြင်းခဲ့ပြီး၊ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှားခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူ့ကလေးတွေရဲ့အိမ်တွေရှိတဲ့ မြို့ကြီးပြကြီးကို ပထမဆုံးအကြိမ် ရောက်ရှိဖူးတာဖြစ်ပါတယ်။
      တစ်နေ့မှာတော့ မြို့မှာ လည်ပတ်ကြည့်ရှုရင်း အသံတစ်သံကို ကြားလိုက်ရပါတယ်။ တိတ်ဆိတ်တဲ့ တောင်ပေါ်တောရွာလေးမှာ တစ်ခါမှ မကြားဖူးခဲ့တဲ့ ဆိုးရွားလွန်းတဲ့အသံတစ်သံပါ။ ဒါကြောင့် ဘယ်နေရာက ဒီလို အသံထွက်နေတယ်ဆိုတာကို သိချင်လို့ စူးစမ်းမိပါတယ်။ အသံထွက်လာတဲ့အနောက်ကို လိုက်ရှာရင်း အိမ်တစ်အိမ်ရဲ့အနောက်ဖက်က အခန်းတစ်ခန်းဆီကို ရောက်သွားပါတယ်။ အခန်းထဲမှာ ကလေးငယ်တစ်ယောက်က တယောထိုးလေ့ကျင့်နေတာပါ။

      မမှန်ကန်တဲ့တေးသွားတွေကနေ ဆိုးရွားတဲ့အသံတွေ ထွက်နေပါတယ်။

      “ကျွီ၊ ကျိ…ကျိ…”

      အဖိုးကြီးက သူ့အိမ်ပြန်ရောက်တဲ့အခါမှာ သူ့သားက ထိုတူရိယာကို “တယော” လို့ ခေါ်ကြောင်း ရှင်းပြပါတယ်။ သေချာတာကတော့ အဖိုးကြီးက ဒီလောက်ဆိုးရွားတဲ့အသံကို မကြားလိုတော့ပါဘူး။

      နောက်တစ်နေ့မှာတော့ မြို့ရဲ့အခြားတစ်နေရာကို သွားရောက် လည်ပတ်ပါတယ်။     အဲဒီတနေရာမှာတော့ အသံတစ်သံကို ကြားပါတယ်။ သူ့ရဲ့အကြားအာရုံသိပ်မကောင်းတော့တဲ့ နားတွေကို ချော့မြူပွတ်သပ်နေသလို အသံက လုပ်နေပါတယ်။ ဒီလိုသာယာပြီး၊ ချော့မြူနေတဲ့အသံကို ကျေးလက်မှာ  တစ်ကြိမ်မှ မကြားခဲ့ဘူးပါဘူး။ ဒါကြောင့် သူ အသံထွက်ပေါ်ရာကို လိုက်ရှာမိတော့တယ်။ အသံထွက်ပေါ်လာရာကို နောက်ကိုလိုက်ရှာရင်း အိမ်တစ်အိမ်ရဲ့အိမ်ရှေ့ခန်းကို ရောက်သွားပါတယ်။ အိမ်ရှေ့ခန်းမှာ အဖွါးကြီးတစ်ယောက်က တယောနှင့် ဆိုနာတာတေးသီချင်းတစ်ပိုဒ်ကို ကျွမ်းကျင်စွာ တီးခတ်နေတာပါ။

     
 ဘာသာတရားကို ကောင်းမွန်စွာနားလည်တဲ့ သူတော်စင်တစ်ဦးနဲ့ တွေ့ကြုံခဲ့ရင် ခဏတာအတွေ့အကြုံဖြစ်သော်လည်း၊ နှစ်ပေါင်းများစွာ စွဲလမ်းပြီး ဖြစ်နေနိုင်ပါတယ်။

     … ဒီအတွေ့အကြုံတွေက အဖိုးကြီးအတွက် နောက်ဆုံးအတွေ့အကြုံ မဟုတ်ရပါဘူး။

      တတိယနေ့မှာတော့ အဖိုးကြီးက မြို့ရဲ့အခြားနောက်တစ်နေရာကို ထပ်သွားပါတယ်။ အဲဒီမှာ အသံတစ်သံကို ထပ်ကြားရပါတယ်။ အဲဒီမှာကြားရတဲ့အသံက အဖွါးကြီးရဲ့ကောင်းမွန်တဲ့တေးသွားကို ကြားရတာထက် အများကြီးသာယာပါတယ်။ အလွန်လှပပြီး၊ သန့်စင်တဲ့တေးသွားတစ်ခုပါ။ အဲဒီတေးသံက ဘယ်လိုများဖြစ်လိမ့်မလဲ စဉ်းစားကြည့်ပါတော့။
     နွေဦးပေါက်မှာ ကြားရတဲ့တောင်ကျချောင်းရဲ့အသံ၊ ဆောင်းဦးပေါက်မှာ တောကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေညှင်းရဲ့ချော့မြူသံ၊ မိုးအကြီးအကျယ်ရွာပြီး တိတ်သွားတဲ့အခါ အပြင်ထွက်လာတဲ့ တောငှက်ကလေးတွေရဲ့တေးဆိုသံ…စတဲ့ အသံတွေထက် အများကြီး သာယာနေပါတယ်။

      ဆောင်းရာသီမှာ တိတ်ဆိတ်နေတဲ့လှိုဏ်ဂူထဲက ငြိမ်သက်၊ ဆိတ်သှဉ်းနေတဲ့အသံထက်လည်း ပိုမိုသာယာပါတယ်။ အရင်ကကြားခဲ့ဖူးတဲ့အသံတွေအားလုံးထက် အခုကြားရတဲ့အသံက အဖိုးကြီးရဲ့ နှလုံးအိမ်ကို ပိုပြီး အေးချမ်းစေပါတယ်။ အဲဒီအသံဟာ ဘယ်ကထွက်ပေါ်လာတဲ့အသံများ ဖြစ်လိမ့်မလဲ။

       ကြီးမားတဲ့သံစုံတီးဝိုင်းကြီးမှ ဆင်ဖိုနီတေးသွားကို ဝိုင်းဝန်းတီးခတ်နေရာမှ ထွက်ပေါ်လာတဲ့အသံပါ။
       အဖိုးကြီးအတွက် ပထမဆုံး အလှပဆုံးတေးသံဆိုတာ တူရိယာတစ်ခုကို ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့အခါမှာ ကြားရတဲ့အသံပါ။ ဒုတိယ အလှအပဆုံးတေးသံဆိုတာကတော့ ကျွမ်းကျင်စွာတီးခတ်နိုင်သူတွေ စုပေါင်းညီညာတီးခတ်လိုက်ရာမှ ထွက်ပေါ်လာသောတေးသံ ဖြစ်တယ်လို့ အဖိုးကြီး သဘောပေါက်လိုက်ပါတယ်။

      “အဲဒီသဘောတရားဟာ ကိုးကွယ်ရာဘာသာတရားတွေနှင့် ပတ်သက်ပြီး၊ ယူဆခဲ့ရင်လည်း မှန်ကန်ပါတယ်။” လို့ အဖိုးကြီးတွေးလိုက်ပါတယ်။

    “ငါတို့တစ်ဦးချင်းစီရဲ့ ဘဝအတွေ့အကြုံတွေမှတဆင့် ကိုးကွယ်ယုံကြည်မှုရဲ့ နူးညံ့တဲ့နှလုံးသားကို လက်ခံပြီး သင်ကြားသင့်ပါတယ်။”

    “မိမိကိုးကွယ်ရာ ဘာသာတရားတစ်ခုအတွင်းမှာ လုံးဝကျွမ်းကျင်အောင် လေ့လာသင့်ပါတယ်။ ”

    “မိမိကိုးကွယ်ရာဘာသာကို ကျွမ်းကျင်စွာလေ့ကျင့်ပြီးခဲ့မယ်ဆိုရင်၊ သံစုံတီးဝိုင်းကြီးမှာ အားလုံးညီညွှတ်စွာဝိုင်းဝန်းတီးမှုတ်ကြဖို့ ကြိုးစားသလို၊ အခြားဘာသာကိုးကွယ်ယုံကြည်သူတွေနဲ့ ဘယ်လို့အတူတကွ လိုက်လျောညီထွေဖြစ်အောင် နေထိုင်မလဲ ဆိုတာကို လေ့ကျင့်သင့်ပါတယ်။”

    အဲဒီအခါမှာ ထွက်ပေါ်လာတာကတော့ ဘဝအတွက်အသာယာဆုံးတေးသွား ဖြစ်ပါလိမ့်မယ်။

(ဆရာတော်  “Ajahn Brahm” ၏  “the most beautiful sound” ဘာသာပြန်ဆိုခြင်း ဖြစ်ပါတယ်။)