Friday, April 12, 2013

အပြုံးတစ်ခု ဖန်တီးခြင်း

         ချီးမွှမ်းပြောဆိုခြင်းကြောင့် ငွေကြေးအပိုမကုန်ပါ။ သို့သော် ချီးမွှမ်းပြောဆိုခြင်းကြောင့် ကျွန်တော်တို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပြီး၊ ပျော်ရွှင်စေပါသည်။ ချီးမွှမ်းပြောဆိုခြင်းကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပိုမိုပျံ့နှံ့စေရန် လိုအပ်ပါသည်။
         ချီးမွှမ်းပြောဆိုဖို့အခက်ခဲဆုံးလူသားကတော့ မိမိကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုကိုယ် ချီးမွှမ်းပြောဆိုနေပြီဆိုရင် ဒီလူကတော့ ဘဝင်မြင့်နေပြီလို့ ကျွန်တော်တို့ ထင်ကြပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ချီးမွှမ်းသူတွေဟာ အကြင်နာတရားရှိသူတွေပါ။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့အရည်အသွေးတွေကို ချီးမွှမ်းခြင်းသည် အပြုသဘောနဲ့ အရည်အသွေးကောင်းတွေကို အားပေးချီးမြှောက်လိုက်ခြင်းပါ။
ကျွန်တော်ကျောင်းသားဘဝတုန်းက ပထမဆုံးတရားပြဆရာက လက်တွေ့ကျတဲ့သင်ခန်းစာတစ်ခုကို သင်ပေးပါတယ်။ မနက်ပိုင်းအိပ်ယာထပြီး၊ ပထမဆုံး ဘာလုပ်သလဲဆိုတဲ့ မေးခွန်းကို ဆရာက ကျွန်တော့်ကို မေးပါတယ်။
     “ကျွန်တော် ရေချိုးခန်းကို သွားပါတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။
    “မင်းရဲ့ ရေချိုးခန်းမှာ မှန်မရှိဘူးလား။” လို့ ကျွန်တော့်ကို ထပ်မေးပါတယ်။
    “ဟုတ်ကဲ့၊ ရှိပါတယ်။”
   “ကောင်းတယ်။” လို့ ဆရာက ပြောပါတယ်။
   “အခုအချိန်ကစပြီး မနက်တိုင်း၊ အိပ်ယာထပြီး သွားမတိုက်မှီ၊ မှန်ကို ကြည့်ပါ။ ပြီးတော့ မှန်ထဲမှာ မင်းကို မင်း ပြုံးပြလိုက်ပါ။”
  “ဆရာရယ်!” လို့ ကျွန်တော်က ပြန်ပြီးပြောဆိုပါတယ်။ “ကျွန်တော်က ကျောင်းသားပါ။ တခါတလေ ညအိပ်ယာဝင်တာ နောက်ကျပါတယ်။ အဲဒီအခါ မနက်အိပ်ယာထချိန်မှာ သုန်သုန်မုန်မုန်ဖြစ်နေတတ်တယ်။ တခါတလေ ပြုံးဖို့နေနေသာသာ၊ ကျွန်တော့်မျက်နှာကို မှန်ထဲမှာ မကြည့်ရဲလောက်အောင်ပါပဲ၊ ဆရာ။ ”
ဆရာက ရယ်လိုက်ပါတယ်။ ကျွန်တော့် မျက်လုံးကို စူးစိုက်ကြည့်ပြီး ဒီလိုဆက်ပြောပါတယ်။
      “မင်းက သဘာဝအပြုံးတစ်ခုကို မလုပ်နိုင်ဘူးဆိုရင်တော့ လက်ညိုးနှစ်ချောင်းကို ပါးစပ်ထဲထည့်လိုက်ပါ။ ပြီးတော့ ဟောဒီလို လက်ညိုးနဲ့ ပါးစပ်အစွန်းနှစ်ဘက်ကို ဆွဲဖြဲလိုက်စမ်းပါ။ ဟောဒီလိုပေါ့ကွာ။”
ဆရာကိုယ်တိုင် အဲဒီလိုလုပ်ပြီး ကျွန်တော့်ကို ပြပါတယ်။ ဆရာ့ပုံစံက ရယ်စရာကောင်းနေတော့ ကျွန်တော် ရယ်လိုက်မိပါတယ်။ ဆရာက မနက်တိုင်း ကျွန်တော့်ကို အဲဒီလို ပါးစပ်ကို လက်ညိုးနှစ်ချောင်းနဲ့ ဆွဲဖြဲကြည့်ဖို့ခိုင်းပါတယ်။
      နောက်တစ်နေ့ မနက်မှ အိပ်ယာထဲက ကျွန်တော် အားတင်းပြီး ထပါတယ်။ ပြီးတော့ ဒယီးဒယိုင်နဲ့ ရေချိုးခန်းဆီကို သွားပါတယ်။ ပြီးတော့ မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်လိုက်တယ်။
“အား !!”
   မျက်နှာက လုံးဝ မလှမပပါ။ သဘာဝအပြုံးကို ဘယ်လိုမှ လုပ်လို့ မရပါဘူး။ ဒါကြောင့် လက်ညိုးနှစ်ချောင်းကို ပါးစပ်ထဲ ထည့်ပြီး ဘေးကိုဆွဲဖြဲလိုက်တယ်။ မှန်ထဲမှာ ပေါ်နေတဲ့လူငယ်ရဲ့ပုံစံက ကျွန်တော် မရယ်ဘဲမနေနိုင်လောက်အောင် ဖြစ်နေပါတယ်။ မှန်ထဲမှာ သဘာဝအပြုံးတစ်ခုကို ဖန်တီးနိုင်တဲ့အခါမှာတော့ မှန်ထဲက ပြုံးနေတဲ့ကျောင်းသားတစ်ယောက်ကို တွေ့ရပါတော့တယ်။ အဲဒီအခါ ကျွန်တော် ပိုပြီး ပြုံးမိပါတယ်။ မှန်ထဲကလူက ကျွန်တော့်ကို ပိုပြီးတော့ ပြန်ပြုံးပြပါတယ်။ အဲဒီလိုနဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြနေတော့တာပါပဲ။
     အဲဒီလို အလေ့အကျင့်ကို ကျွန်တော် နှစ်နှစ်လောက် မနက်တိုင်း လုပ်မိပါတယ်။ အိပ်ယာကထချိန်မှာ ဘယ်လောက်ပင် သုန်သုန်မုန်မုန်ဖြစ်ဖြစ် မှန်ထဲမှာ ပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါတယ်။ တခါတလေမှာတော့ ကျွန်တော် လက်ညိုးနှစ်ချောင်းရဲ့အကူအညီကို ယူပြီး ပြုံးရယ်ပါတယ်။ လူတွေက ကျွန်တော့်ကို အမြဲတမ်းပြုံးနေတယ်လို့ ပြောကြပါတယ်။ ကျွန်တော့်မျက်နှာက ကြွက်သားတွေက ပြုံးရယ်နေတဲ့အနေအထားမှာ အမြဲတမ်းကပ်ပြီး မရွေ့တော့ဘူးလား၊ မသိပါဘူး။
လက်ညိုးနှစ်ချောင်းနဲ့ ပြုံးရယ်တတ်အောင် လူတိုင်းလေ့ကျင့်လို့ ရနိုင်ပါတယ်။ ကျွန်တော်တို့ နေထိုင်မကောင်းတဲ့အခါ၊ ပင်ပန်းနွမ်းနယ်တဲ့အခါ၊ စိတ်ဓါတ်ကျဆင်းနေတဲ့အခါမှာ ပြုံးရယ်နိုင်ဖို့ဆိုရင်တော့ လက်ညိုးနှစ်ချောင်းနည်းလမ်းကို လိုအပ်ပါတယ်။ ရယ်မောလိုက်တဲ့အခါ ကိုယ်ခန္ဓာက အင်ဒရိုဖင်းဓါတ်ပစ္စည်းတွေကို သွေးထဲကို ထုတ်လွှတ်ပေးပါတယ်။ အဲဒီဓါတ်ပစ္စည်းတွေက ခုခံအားစနစ်ကို ပို၍အားကောင်းစေပြီး၊ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုကို ခံစားစေပါတယ်။ ကျွန်တော်တို့ နံရံကြီးမှာ ရွှဲစောင်းနေတဲ့အုတ်ခဲနှစ်လုံး သာမက အခြားသော ကောင်းမွန်တဲ့အုတ်ခဲတွေကို မြင်တွေ့စေပါတယ်။ ရယ်မောခြင်းကြောင့် ကျွန်တော်တို့ ပိုပြီးကြည့်ပျော်ရှုပျော်ဖြစ်လာပါတယ်။
    ဒါကြောင့် ပတ်(တ်)မြို့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဆိုတဲ့ နာမည်အစား၊ တခါတရံ ကျွန်တော်က        “ဘရမ်းရဲ့အလှပြင်ဆိုင်” လို့ ခေါ်မိပါတော့တယ်။
( ဆရာတော် “Ajahn Brahm ” ၏ “ the two-finger smile ” ကို ပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။ )

Thursday, April 11, 2013

ပြစ်မှုနှင့် ပြစ်ဒဏ်

-->
        ပတ်(စ်)မြို့ရှိ ကျွန်ုပ်၏ဘုန်းကြီးသို့ အော်စတြေးလီးယားလူမျိုးအမျိုးသမီးငယ်တစ်ဦး ကျွန်ုပ်ကို လာရောက်တွေ့ဆုံဖူးပါသည်။ တခါတရံ ဘုန်းတော်ကြီးများသည် လူတို့၏လောကီကိစ္စရပ်များအတွက် အကြံဥာဏ်များ ပေးရလေ့ရှိပါသည်။ “ဆွေးနွေးတိုင်ပင်ခြင်း”အတွက် အဖိုးအခမတောင်းခံသောကြောင့် ဘုန်းတော်ကြီးများထံမှ အခမဲ့အကြံဥာဏ်များ ရယူရန်လာရောက်ကြခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုအမျိုးသမီးငယ်သည် စိတ်၏အပြစ်ဒဏ်ကို အကြီးအကျယ်ခံစားနေရပြီး၊ အလွန်အမင်းစိတ်ထိခိုက်လျှက်ရှိပါသည်။ လွန်ခဲ့သောခြောက်လခန့်က သူမသည် ဝေးလံခေါင်ဖျားသော အော်စတြေးလီးယားတောင်ပိုင်းရှိ မိုင်းတွင်းကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လုပ်ကိုင်ခဲ့ပါသည်။ အလုပ်သည် ပင်ပန်းကြမ်းတမ်းသော်လည်း၊ လခမှာ မက်စရာကောင်းပါသည်။ သို့သော်အလုပ်ပိတ်ရက်များတွင် သွားလာလည်ပတ်နိုင်သောနေရာမှာ အနီးအနားတွင် မရှိပါ။ ထို့ကြောင့် တနင်္ဂနွေနေ့ နေ့လည်ပိုင်းတစ်ခုတွင် အခင်ဆုံးသူငယ်ချင်းနှင့် သူမ၏ယောက်ျားလေးမိတ်ဆွေတို့ကို တောတွင်းသို့ ကားမောင်းသွားကြရန် အကြံပေးမိပါသည်။ သူငယ်ချင်းနှင့် ယောက်ျားလေးမိတ်ဆွေတို့မှာ ထိုခရီးစဉ်အတွက် စိတ်ပါလက်ပါ မရှိကြပါ။
          သို့သော် သူမ၏ ချော့မော့မြောက်ပင့်ပြီး၊ တကျည်ကျည်နားပူနားဆာလုပ်ခြင်းကြောင့် ကားမောင်းခရီးကို သူငယ်ချင်းများက သဘောတူလိုက်ပါသည်။ ထိုခရီးတွင် သူတို့ ကားအက်ဆီးဒင့်ဖြစ်ပွါးပါသည်။ မညီမညာကျောက်စရစ်ခဲလမ်းပေါ်တွင် လမ်းချော်ပြီး ကားသည် ချောက်ထဲသို့ လိမ့်ကျသွားပါသည်။ အချစ်ဆုံးသူငယ်ချင်းသည် ထိုအက်ဆီးဒင့်တွင် သေဆုံးပြီး၊ ယောက်ျားလေးမိတ်ဆွေမှာ ဒုက္ခိတတစ်ဦးဖြစ်ခဲ့ရပါသည်။ ထိုတောလမ်းခရီးကို ကားမောင်းသွားရန် သူမ အကြံပေးခြင်းဖြစ်ပါသည်။ သို့သော် ကားအက်ဆီးဒင့်မှ သူမ ဘာအန္တရာယ်မှမဖြစ်ခဲ့ပါ။
         “သူတို့ကို ဒီခရီးစဉ်သွားဖြစ်အောင် ကျမ အတင်းအကျပ်တောင်းဆိုမိခဲ့တာပါ။ ဒီခရီးကို မသွားဖြစ်ခဲ့ရင် သူငယ်ချင်းသေရမှာ မဟုတ်သလို၊ ယောက်ျားလေးမိတ်ဆွေလည်း ဒုက္ခိတ ဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကျမအရမ်းခံစားရပါတယ်။ အပြစ်ရှိတယ်လို့လည်း ခံယူပါတယ်။” လို့ ကျွန်ုပ်ကို မျက်ရည်စိုနေသောမျက်လုံးများနှင့် မိန်းမငယ်က ပြောပြပါတယ်။
        အဲဒီအချိန်မှာ ကျွန်ုပ်ခေါင်းထဲကို ပထမဆုံးဝင်ရောက်လာသည့် အကြံဥာဏ်က ထိုအက်ဆီးဒင့်အတွက် သူမအပြစ်လုံးဝ မရှိဘူးဆိုတာကို သေသေချာချာ ရှင်းလင်းပြောဆိုပြဖို့ပါ။ ထိုအက်ဆီးဒင့်အတွက် သူမ ကြံစည်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါဘူး။ အဲဒါသေချာပါတယ်။ မိတ်ဆွေတွေကို ထိခိုက်စေလိုတဲ့စိတ်မျိုး သူမမှာ မရှိပါဘူး။ သို့သော်လည်း အက်ဆီးဒင့်ကြောင့် မိတ်ဆွေတွေ ထိခိုက်ခဲ့ရပါတယ်။ အဲဒီအတွက် “ပြီးတာတွေပြီးပါစေတော့။ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ မခံယူပါနဲ့တော့။ ကိုယ်က ဒီလိုဖြစ်စေဖို့ ရည်ရွယ်ခဲ့တာမှ မဟုတ်တာ။” စသည်ဖြင့် ရှင်းလင်းပြီး သူမကို စိတ်ကျေနပ်အောင် ရှင်းပြဖို့တွေးမိပါတယ်။
       ဒုတိယမြောက်ဝင်လာတဲ့အတွေးတစ်ခုကတော့ “ဒီလိုသူမအပြစ်မရှိဘူးလို့ ရှင်းလင်းချက်သည် မလုပ်မဖြစ်ဘူး”လို့ ထင်ပါတယ်။ သူမ ဒီလိုရှင်းလင်းချက်မျိုးကို ထောင်သောင်းမက ကြားခဲ့ဖူးပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီလိုရှင်းလင်းခြင်းက အလုပ်မဖြစ်ဘူးဆိုတာ သေချာပါတယ်။ ကျွန်ုပ် ခဏရပ်ပြီး၊ သူမရဲ့ အကြောင်းကို သေသေချာချာစဉ်းစားလိုက်တယ်။ ပြီးတော့ “သူမမှာ အမှန်တကယ် အပြစ်ရှိတယ်” လို့ ပြောလိုက်တယ်။
       သူမ မျက်နှာက ဝမ်းနည်းမှုကနေ အံ့သြမှုကို ပြောင်းသွားတယ်။ ပြီးတော့ စိတ်သက်သာရာရသွားသလို ဖြစ်သွားပါတယ်။ ဒီလို အပြစ်ရှိတယ်လို့ ပြောတာမျိုးအရင်က သူမ မကြုံခဲ့ပါဖူး။ အဲဒါကြောင့် သူမ ကိုယ်တိုင် အပြစ်ရှိတယ်လို့ ထင်နေမိပါတယ်။ တွေ့တဲ့လူတိုင်းက သူမကို အပြစ်မရှိဘူးလို့ ပြောနေချိန်မှာ၊ သူမ ကိုယ်တိုင်က အပြစ်ရှိတယ်လို့ ခံစားနေမိပါတယ်။ သူမ ခံစားနေရတဲ့ ဝမ်းနည်းမှုက ထပ်ဆင့်ခံစားရသလိုဖြစ်နေပါတယ်။ ကားအက်ဆီးဒင့်အတွက် ဝမ်းနည်းမှုခံစားရတယ်။ အပြစ်ရှိတယ်ဆိုတဲ့ အပေါ်မှာလည်း ဝမ်းနည်းမှုခံစားရတယ်။ အဲဒီလို ကျွန်ုပ်တို့ရဲ့စိတ်တွေက ရှုပ်ရှုပ်ထွေးထွေး ဖြစ်ပျက်နေတာပါ။
       အပြစ်တစ်စုံတရာကို ကျွန်ုပ်တို့ ပြုလုပ်မိသောအခါတွင်၊ အပြစ်ရှိသည်ဟူသော ပထမအဆင့်ကို ဖြတ်သန်းရပါသည်။ သူမအနေနှင့် အပြစ်ရှိသည်ဟု ခံစားလက်ခံခြင်းမှာ မှန်ကန်ပါသည်။ သို့သော် ထိုအပြစ်အတွက် နောက်ထပ်ဘာဆက်လုပ်မလဲဟူသော အဖြေကို ဆက်လက်ရှာဖွေရပါမည်။ ထိုအပြစ်အတွက် ဘာတွေ ဆက်လုပ်သင့်ပါသလဲ။
       “ဖယောင်းတိုင်တစ်တိုင် ထွန်းညှိလိုက်ခြင်းသည်၊ မှောင်မိုက်ခြင်းကို ညဉ်းညူနေသည်ထက်ပို၍ ကောင်းပါသည်။” ဟူသော ဗုဒ္ဓဆိုရိုးစကားတစ်ခွန်းရှိပါသည်။
       စိတ်ပျက်အားလျော့နေမည့်အစား လုပ်ကိုင်ရန်နည်းလမ်းတစ်ခု အမြဲရှိပါသည်။ အနည်းဆုံး ညဉ်းညူခြင်းကို ရပ်ပြီး၊ ငြိမ်သက်စွာထိုင်နေနိုင်ပါသည်။
        အပြစ်ရှိခြင်းနှင့် နောင်တတရားသည် အနှစ်သာရအားဖြင့် ကွဲပြားပါသည်။ “အပြစ်ရှိခြင်း” ဆိုသည်မှာ တရားရုံးတွင် တရားသူကြီးက စားပွဲကိုတူနှင့် ထု၍အပြစ်ဒဏ်တစ်ခုချမှတ်ခြင်းဟု ကျွန်ုပ်တို့၏ ယဉ်ကျေးမှုက သတ်မှတ်ထားပါသည်။ အကယ်၍ အပြစ်လုပ်မိပြီး၊ တစ်ယောက်ယောက်က ကိုယ်ကို အပြစ်ဒဏ်တစ်ခုမပေးဘူးဆိုရင်တော့၊ အခြားတစ်နည်းနှင့် ကိုယ့်ကိုကိုယ် အပြစ်ပေးတော့တာပါ။ “အပြစ်လုပ်မိပြီဆိုရင် အပြစ်ပေးခံရမယ်” ဆိုသည့် အချက်ကို စိတ်အတွင်းမှာ စွဲမြဲစွာ မှတ်ထားတတ်ပါတယ်။
       ထို့ကြောင့် မိန်းမငယ်လေးက လုပ်ခဲ့တဲ့အပြစ်တွေကျေဖို့အတွက် ပြစ်ဒဏ်တစ်ခုခုကို လိုအပ်နေတာပါ။ မှားယွင်းမှုတွေကို မေ့ပြစ်ပြီး၊ ဘဝကို ဆက်လျှောက်သွားပါဆိုသည့် အကြံပေးချက်မျိုးကို သူမ လက်မခံပါဘူး။ “ယာဉ်ထိခိုက်မှုကြောင့် ဒဏ်ရာရသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်းမှာ လူနာတွေကိုကူညီဖို့ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ပါ။” လို့ ကျွန်ုပ် သူမကို အကြံပေးလိုက်ပါတယ်။ ပြန်လည်ထူထောင်ရေးစခန်းမှာ အပြစ်တွေဆေးကြောဖို့အတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီး၊ အကူအညီလိုအပ်နေသူတွေကို တကယ်ကိုယ်ဖိရင်းဖိ သူမ  အကူအညီပေးနေလိမ့်မယ်လို့ ကျွန်ုပ် တွေးထင်နေမိပါတော့တယ်။
(ဆရာတော် “Ajahn Brahm” ၏ “guilt and absolution” ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )

ကျေနပ်ရောင့်ရဲခြင်း

-->
      အမေရိကန်စီးပွါးရေးတက္ကသိုလ်တစ်ခုမှ ပါမောက္ခတစ်ဦးသည် တိတ်ဆိတ်သောမက်ဆီကန် တံငါရွာလေးတွင် အလုပ်ပိတ်ရက်၌ လာရောက်အနားယူပါသည်။ ပါမောက္ခကြီးသည် မနက်ပိုင်းအချိန်တွင် ငါးဖမ်းကိရိယာများကို သိမ်းဆည်းနေသော တံငါသည်တစ်ယောက်ကို ငေးကြည့်နေပါသည်။ ထင်ရှားကျော်ကြားသောစီးပွါးရေးတက္ကသိုလ်တစ်ခုမှ အောင်မြင်သောပါမောက္ခကြီးက မက်ဆီကန်တံငါသည်ကြီးကို အခမဲ့အကြံဥာဏ်လေးပေးရန် စိတ်ကူးရပါသည်။
      “ဟေ့၊ ခင်ဗျား ဒီနေ့ ဘာလို့ ငါးဖမ်းကိရိယာတွေကို စောစောစီးစီးသိမ်းနေတာလဲ။” လို့ ပါမောက္ခကြီးက မေးလိုက်ပါတယ်။
       မက်ဆီကန်ကြီးက “ ဒီနေ့ မိသားစုစားဖို့အတွက်နှင့် ပိုတာလေးရောင်းဖို့ လုံလောက်အောင် ငါးရပြီပဲ ဆရာရယ်။ ” လို့ ပြန်ပြောပါတယ်။ “အခုဆို မိန်းမနဲ့ ထမင်းစားမယ်။ နေ့လည်ခင်း တစ်ရေးအိပ်မယ်။ ပြီးရင် ကလေးတွေနဲ့ ကစားမယ်။ ညနေပိုင်းမှာ ဆိုင်သွားပြီး၊ တကီးလားအရက်နည်းနည်းသောက်မယ်။ ပြီးရင် သူငယ်ချင်းတွေနဲ့ ဂစ်တာတီးပြီး သီချင်းဆိုမယ်။ အဲဒီလောက်ဆို လုံလောက်ပါပြီ ဆရာရယ်။” လို့ တံငါသည်ကြီးက ပြောပါတယ်။
     စီးပွါးရေးပါမောက္ခကြီးက “ကျုပ် ပြောတာကို နားထေင်ပါ မိတ်ဆွေကြီး” လို့ ပြောတယ်။ “ခင်ဗျား ညနေပိုင်းအထိ ငါးဖမ်းရင် အခုရတာထက် နှစ်ဆ အသာလေးရနိုင်တယ်ဗျ။” “ခင်ဗျား ပိုတာကို ရောင်းမယ်။ ပိုက်ဆံစုမယ် ဆိုရင် ခြောက်လ၊ ကိုးလအတွင်းမှာ ဒီထက် ပိုကောင်းတဲ့လှေကို ဝယ်လို့ ရတယ်။ အလုပ်သမားတွေကို ငှားထားလို့ ရတယ်ဗျ။”
     “အဲဒီအချိန်မှာ ခင်ဗျား လေးဆ ပိုပြီး ငါးတွေဖမ်းလို့ရတယ်။ ခင်ဗျား ပိုရှာလို့ရနိုင်တဲ့ပိုက်ဆံတွေကို တွေးကြည့်လိုက်စမ်းပါ။ အဲဒီအတိုင်းသွားရင် နောက်တစ်နှစ်၊ နှစ်နှစ်ဆိုရင် လှေတစ်စီးထပ်ဝယ်နိုင်မယ်။ အလုပ်သမားတွေ ထပ်ငှားနိုင်မယ်ဗျာ။ ခင်ဗျား အခုလို စီးပွါးရေးအစီအစဉ်အတိုင်း လိုက်လုပ်သွားရင် ခြောက်နှစ်၊ ခုနှစ်နှစ်အတွင်း ငါးဖမ်းလှေအုပ်ကြီးတစ်အုပ်ကို ပိုင်နိုင်တယ်ဗျာ။ ခင်ဗျား စဉ်းစားကြည့်လိုက်စမ်းပါ။”
    “ အဲဒီနောက် ခင်ဗျားရဲ့ရုံးခမ်းကို လော့အိမ်ဂျယ်လိစ် ဒါမှမဟုတ် မက္ကဆီကိုမြို့တော်ကို ပြောင်းလိုက်ဗျာ။ လော့အိမ်ဂျယ်လိစ်မှာ နှစ်နှစ်၊ သုံးနှစ်လောက် လုပ်ကိုင်ပြီးရင် ခင်ဗျားရဲ့ကုမ္ပဏီကို စတော့ဈေးကွက်ထဲကို သွင်းလိုက်ပြီး၊ ခင်ဗျားက CEO လုပ်ဗျာ။ ထိုက်တန်တဲ့လခနဲ့ ရှယ်ယာတွေ ပိုင်ဆိုင်တဲ့CEO တစ်ယောက်ပေါ့ဗျာ။”
    “ နားထောင်စမ်းဗျာ။”
   “ နောက်နှစ်အနည်းငယ်အကြာမှာ ရှယ်ယာတွေကို ထပ်ရောင်းချရင် ခင်ဗျား မီလီယံနာသူဌေးကြီးတစ်ယောက် ဖြစ်လာမှာဗျ။”
    “ အဲဒီကိစ္စတွေအတွက် ကျုပ်က ခင်ဗျားကို အာမခံတယ်ဗျာ။ ကျုပ်က အမေရိကားက ထင်ရှားတဲ့စီးပွါးရေးကျောင်းက ပါမောက္ခကြီးဗျ။ အဲဒါကြောင့် ဒါတွေအကုန်လုံးကို သိတယ်ဗျာ။”
      အမေရိကန်ပါမောက္ခကြီးရဲ့ တက်တက်ကြွကြွ ပြောကြားချက်တွေအာလုံးကို မက္ကဆီကန်တံငါသည်ကြီးက ဂရုတစိုက်နားထောင်နေပါတယ်။ ပါမောက္ခကြီး ပြောကြားလို့အပြီးမှာ မက္ကဆီကန်ကြီးက မေးခွန်းတစ်ခု မေးပါတယ်။ “ဆရာကြီးရယ် ဒေါ်လာသန်းပေါင်းများစွာ ကျွန်တော် ရလာတဲ့အခါ ဘာဆက်လုပ်ရမလဲ၊ ခင်ဗျား။”
      အမေရိကန်ပါမောက္ခကြီးက စီးပွါးရေးအစီအစဉ်ကို အဲဒီလောက်အထိ ရောက်အောင်မဆွဲထားလို့ ရုတ်တရက်အံ့သြသွားပါတယ်။ ဒါကြောင့် ပါမောက္ခကြီးက လူတစ်ယောက်က ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို တွေးဆတွက်ချက်ပါတော့တယ်။
      “အကြံရပြီဗျာ။”                                                                        
     “ ခင်ဗျား အဲဒီလောက် ပိုက်ဆံတွေရပြီဆိုရင် အငြိမ်းစားယူလို့ရပြီဗျာ။”
    “ခင်ဗျား ဘဝမှာ နားလို့ရသွားပြီဗျာ။ ဒီလိုလှပတဲ့တံငါရွာလေးမှာ အိမ်လေးတစ်လုံးဝယ်ဗျာ။ ဒီလို အိမ်လေးပေါ့။ ပြီးတော့ လှေလေးတစ်စင်းဝယ်ဗျာ။ ဒီလိုအသေးလေးပေါ့။”
    “ မနက်ပိုင်း ငါးဖမ်းထွက်ဗျာ။ မိန်းမနဲ့ နေ့လည်စာအတူစားပြီး၊ နေ့လည်ပိုင်း တစ်ရေးတစ်မော အိပ်မယ်ဗျာ။ နေ့လည်ပိုင်းမှာ ကလေးတွေနဲ့ အချိန်ဖြုန်း၊ ညနေစာစားပြီးရင် သူငယ်ချင်းတွေနဲ့ ဂစ်တာတီး။ ပြီးရင် ဆိုင်သွားပြီး တကီလာအရက်ကလေး သောက်မယ်ဗျာ။”
   “ခင်ဗျား ပိုက်ဆံတွေ ရပြီးရင်၊ အဲဒီလို ဘဝမှာ အနားယူပြီး၊ အေးအေးဆေးဆေး မပူမပင် နေတော့ပေါ့ဗျာ။”
      “ဒါပေမဲ့ ဆရာကြီးရယ်၊ အခု ကျွန်တော် အဲဒီလိုဘဝမျိုးမှာ နေထိုင်နေတယ်လေဗျာ။” လို့ မက္ကဆီကန်ကြီးက ပြောလိုက်ပါတယ်။
     ကျေနပ်တင်းတိမ်ရောင့်ရဲမှုကို အရင်ဆုံးရှာဖွေခြင်း မပြုမှီ၊ အလုပ်ကြိုးစားလုပ်ကိုင်ပြီး၊ ချမ်းသာအောင်ရှာဖွေရမည်လို့ အဘယ့်ကြောင့် ကျွန်တော်တို့ ယုံကြည်လက်ခံနေရပါသလဲ။
( ဆရာတော် “Ajahn Brahm”  ၏  “the Mexican fisherman” ကို ပြန်ဆိုခြင်း ဖြစ်ပါသည်။ )

နောက်တော့ ပျော်ရမှာပေါ့ကွယ်

-->
        ရေတကောင်းပုံဝတ္ထုမှာ ဖေါ်ပြခဲ့သလို၊ ကျွန်တော်တို့ဘဝထဲကို အရင်ဆုံးထည့်ထားရမှာက စိတ်ပျော်ရွှင်မှုပါပဲ။ “စိတ်ပျော်ရွှင်မှု” ဆိုတာ ကျွန်တော်တို့မှာ မရှိခဲ့ရင်၊ အခြားသူတွေကို ဘယ်လိုမျှဝေပြီး၊ ပျော်ရွှင်အောင်လုပ်နိုင်မှာလဲ။ ကျွန်တော်တို့ အများစုကတော့ “ပျော်ရွှင်မှု” ကို သိပ်ပြီး အလေးအနက်မထားကြပါဘူး။ အခြားသောအရာများနှင့် နှိုင်းယှဉ်လာခဲ့ရင် ပျော်ရွှင်မှုကို အမြဲတမ်း နောက်ကိုပို့လိုက်ကြတာပါ။ ဘာလို့ အဲဒီလို လုပ်ကြရတာလဲ။
     ကျွန်တော် ၁၄ နှစ်သားတုန်းက လန်ဒန်မြို့က အထက်တန်းကျောင်းတစ်ခုမှာ ဂျီစီအီး-အို အဆင့်စာမေးပွဲတွေ ဖြေဖို့ကျောင်းတက်နေပါတယ်။ ကျွန်တော့မိဘများနှင့် ဆရာသမားတွေက ညနေပိုင်းတွေ၊ ကျောင်းပိတ်ရက်တွေမှာ ဘောလုံးကန်တာကို လျှော့ဖို့ ပြောကြပါတယ်။ ဘောလုံးကန်မဲ့အစား အိမ်မှာနေ၊ စာကျက်၊ အိမ်စာတွေကို လုပ်ပါလို့ ပြောကြပါတယ်။ ဂျီစီအီး-အို အဆင့်စာမေးပွဲတွေက ဘဝမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို မိဘ၊ ဆရာသမားတွေက ရှင်းပြကြပါတယ်။ စာမေးပွဲမှာ အဆင့်ကောင်းရခဲ့ရင် ကျွန်တော် ပျော်ရွှင်ရမယ်လို့လဲပြောကြပါတယ်။
      ကျွန်တော်က မိဘ၊ ဆရာသမားတွေရဲ့စကားကို နားထောင်ပြီး စာကြိုးစားခဲ့တယ်။ အဆင့်ကောင်းကောင်းနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော် မပျော်ရွှင်ပါဘူး။ အို-အဆင့်စာမေးပွဲမှာ အဆင့်ကောင်းကောင်းနှင့် အောင်မြင်ခဲ့တဲ့ ကျွန်တော်ဟာ အေ-အဆင့်စာမေးပွဲတွေ အတွက် နောက်ထပ်နှစ်နှစ် အပြင်းအထန်ကြိုးစားရတော့မှာပါ။ ညနေပိုင်းနှင့် ကျောင်းပိတ်ရက်တွေမှာ အပြင်မလည်ဖို့ ကျွန်တော့်မိဘ၊ဆရာသမားတွေက ကျွန်တော့်ကို အကြံပေးကြပြန်တယ်။ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး အချိန်ကုန်တာ၊ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး အချိန်ကုန်တာကို ရပ်လိုက်ပြီး၊ အိမ်မှာနေပါ။ စာကျက်ပါလို့ အကြံထပ်ပေးကြပြန်ပါတယ်။ မိဘ၊ ဆရာသမားတွေက အေ-အဆင့်စာမေးပွဲတွေက ဘယ်လိုအရေးပါတယ်ဆိုတာ ကျွန်တော့်ကို ရှင်းပြကြပါတယ်။ အေ-အဆင့်စာမေးပွဲမှာ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ရင် ကျွန်တော် ပျော်ရွှင်ရပါလိမ့်မယ်တဲ့။
      လူကြီးမိဘတွေရဲ့ ဆုံးမစကားတွေကို ကျွန်တော် နားထောင်ပြီး၊ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ရလဒ်ကောင်းတွေလဲ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် မပျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြိုးစားမှုတွေအနက် အပြင်းထန်ဆုံးကြိုးစားမှုတွေကို ကျွန်တော် နောက်ထပ်လုပ်ရတော့မှာပါ။ တက္ကသိုလ်ကျောင်းက ဘွဲ့တစ်ခုကို ရရှိဖို့အတွက် နောက်ထပ်သုံးနှစ် ကြိုးစားရမှာပါ။ ကျွန်တော့အမေနဲ့ ဆရာသမားတွေက ကျွန်တော့်ကို ကောလိပ်မှာ အရက်ဘားတွေ၊ ပါတီတွေနဲ့ ကင်းကင်းနေဖို့၊ ပြင်းပြင်းထန်ထန် ကြိုးစားပြီး၊ စာကြည့်ချိန်များများ ယူဖို့ အကြံပေးကြတယ်။ သူတို့က ဘွဲ့တစ်ခုဟာ ဘယ်လိုအရေးပါတယ်ဆိုတာကိုလဲ ရှင်းပြကြပါတယ်။ ဘွဲ့ရရင် ကျွန်တော် ပျော်ရွှင်ရပါမယ်လို့လည်း ပြောကြပါတယ်။
      ကျွန်တော် ဒီကိစ္စမှာတော့ သူတို့စကားတွေကို သံသယရှိလာပါတယ်။
    ကျွန်တော် သူငယ်ချင်းအချို့ကို တွေ့ပါတယ်။ သူတို့က ဘွဲ့ရပြီးပြီ။ အလုပ်ကို အရမ်းကြိုးစားကြပါတယ်။ အခုဆို သူတို့ ပထမဆုံးရတဲ့အလုပ်မှာ အရမ်းကို ကြိုးစားကြပါတယ်။ အလုပ်ကို ပိုကြိုးစားပြီး၊ ပိုက်ဆံစုကြတယ်။ အရေးပါတဲ့ပစ္စည်းတွေ ဝယ်ဖို့အတွက်ပေါ့။ ဥပမာ…ကားဝယ်ဖို့။ သူတို့က ကျွန်တော့်ကို ဒီလိုရှင်းပြကြတယ်။ “ငါတို့ ပိုက်ဆံစုပြီး၊ ကားဝယ်မယ်။ ကား ဝယ်ပြီးရင်တော့ ပျော်ရွှင်ရမှာပါ။ ”
     သူတို့ ပိုက်ဆံတွေ စုပြီး၊ ကား ဝယ်လိုက်ကြတယ်။ သူတို့မှာ ပျော်ရွှင်ခြင်း မရှိပါဘူး။ အခု ပိုပြီးတော့ ကြိုးစားကြပါတယ်။ အခြားအရေးကြီးတဲ့ပစ္စည်းတွေကို နောက်ထပ်ဝယ်ဖို့အတွက် ကြိုးစားကြတာပါ။ အဲဒါတွေ ဝယ်ပြီးရင်တော့ ပျော်ရွှင်ရမှာပေါ့။ အဲဒီပစ္စည်းတွေ မဝယ်ဖြစ်ရင်လည်း  သူတို့ ချစ်ရေး၊ ချစ်ရာတွေမှာ အဆင်ပြေဖို့၊ ဘဝအတွက် အဖေါ်မွန်တစ်ယောက်ရရှိဖို့ ကြိုးစားကြတယ်။ “ငါတို့ လက်ထပ်မယ်။ ဘဝကို အခြေချမယ်။ အဲဒီအခါ ပျော်ရွှင်ရပါလိမ့်မယ်” လို့ ကျွန်တော့်ကို သူတို့ ပြောကြပါတယ်။
     အိမ်ထောင်ပြုပြီးနောက်၊ သူတို့ ပျော်ရွှင်ခြင်းကို မရရှိသေးပါဘူး။ အလုပ်ပိုတွေကို ထပ်လုပ်တယ်။ အလုပ်ကို ပိုကြိုးစားတယ်။ ပိုက်ဆံကို ပိုပြီး ရှာဖွေပါတယ်။ အိမ်ခန်းလေးတစ်ခန်း၊ ဒါမှမဟုတ် အိမ်ကလေးတစ်လုံးကို ဝယ်နိုင်ဖို့အတွက်ပါ။ “ငါတို့ ကိုယ်ပိုင်အိမ်လေးဝယ်ပြီးရင်တော့ ပျော်ရွှင်ရမှာပေါ့” လို့ ကျွန်တော့်ကို သူတို့ပြောကြပါတယ်။
     ကံမကောင်းစွာနဲ့ အိမ်အတွက် အရစ်ကျငွေပေးချေမှုတွေ လုပ်နေရချိန်မှာလည်း မပျော်နိုင်ကြပါဘူး။ ပိုဆိုးတာက သူတို့မှာ မိသားစုတွေ ရှိလာကြပါပြီ။ ကလေးတွေရှိလာတော့ ညဘက် ကောင်းကောင်းအိပ်လို့ မရတော့ပါဘူး။ ပိုက်ဆံအပိုလေးတွေလည်း သိပ်မစုဆောင်းနိုင်တော့ပါဘူး။ စိုးရိမ်သောကတွေကလည်း အရင်ကထက်စာရင် အများကြီးပိုတိုးလာပါပြီ။ အခုဆိုရင် သူတို့ လုပ်ချင်တာလေးတွေ လုပ်နိုင်ဖို့ နှစ်ပေါင်းနှစ်ဆယ်လောက် စောင့်ရပါတော့မယ်။ “ကလေးတွေ ကြီးပြင်းလာပြီး၊ အိမ်ကနေထွက်ခွါသွားပြီး အခြေကျကုန်တဲ့အချိန်ရောက်ရင်တော့ ငါတို့ ပျော်ရွှင်ရလိမ့်မယ်။” လို့ ပြောကြပါတယ်။
     ကလေးတွေ အိမ်ကထွက်ခွါသွားချိန်မှာတော့ မိဘတွေက ပင်စင်ယူခါနီးအရွယ်တွေ ဖြစ်ကုန်ပါပြီ။ အဲဒီအချိန်မှာလည်း သူတို့ရဲ့ပျော်ရွှင်ခြင်းကို ထပ်ပြီး ရွေ့ဆိုင်းလိုက်ရပါတယ်။ အိုစာမင်းစာအတွက် ပိုက်ဆံကို ပိုမိုရှာဖွေစုဆောင်းရပါတော့မယ်။ “ပင်စင်ယူပြီးရင်တော့ ငါတို့ ပျော်ရွှင်နိုင်ပါပြီ။” လို့ ထပ်ပြီး ကျွန်တော့်ကို ပြောကြပါတယ်။
     သူတို့က ပင်စင်မယူမှီနဲ့ ပင်စင်ယူပြီးအချိန်တွေမှာ စတင်ပြီး၊ ဘာသာရေးကိစ္စတွေကို စတင် လုပ်ဆောင်ကြပါတယ်။ ဘုရားတက်၊ ကျောင်းသွားလုပ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းက ခုံတန်းရှည်တွေမှာ အဘိုးကြီး၊ အဖွါးကြီးတွေ အများကြီးစုပြီး၊ ထိုင်နေကြတာကို သတိထားမိကြရဲ့လား။ အဖိုးကြီး၊ အဖွါးကြီးတွေကို “ဘာလို့ ဘုရားကျောင်းကို တက်နေတာလဲ” လို့ ကျွန်တော် မေးကြည့်ပါတယ်။ “ငါတို့ သေသွားတဲ့နောက်မှာ၊ ပျော်ရွှင်ဖို့အတွက်ပါ။” လို့ ကျွန်တော့်ကို ဖြေကြပါတယ်။
         “အဲဒါကို ပိုင်ဆိုင်ရရင် ပျော်ရွှင်ရလိမ့်မယ်” လို့ ထင်နေသူတွေကို ကျွန်တော် တစ်ခုလောက် ပြောချင်ပါတယ်။ ခင်ဗျားတို့အတွက် “ပျော်ရွှင်ခြင်း” ဆိုတာ အနာဂါတ်မှာ အိပ်မက်နေခြင်းပါပဲ။
         “ပျော်ရွှင်ခြင်း” ဆိုတာ ခြေတစ်လှမ်း၊နှစ်လှမ်းနဲ့ ရောက်သွားတယ်လို့ ထင်နေရတဲ့ သက်တန့်တစ်ခု လိုပါပဲ။ သို့သော် သက်တန့်တစ်ခုဆီကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုလူတွေအတွက် ပျော်ရွှင်ခြင်းကို ယခုဘဝမှာ သို့မဟုတ် နောင်ဘဝမှာ သိရှိခံစားနိုင်ဖို့ ဘယ်တော့မှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
( ဆရာတော် “Ajahn Brahm” ၏  “then I’ll be happy ”  ကို ပြန်ဆိုပါသည်။ )

Wednesday, April 10, 2013

စူပါမားကတ်ထဲက ကလေးငယ်နှစ်ဦး


       ထောင်ထဲမှမိတ်တွေများကို ကျွန်တော် အမြဲပြောပြလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ကိုယ့်ကိုကိုယ် ရာဇဝတ်သားတစ်ယောက်လို့ သတ်မှတ်မထားဘဲ ရာဇဝတ်မှုကို ကျူးလွန်မိတဲ့ လူတစ်ယောက်လို့ သတ်မှတ်ထားဖို့ပါ။ ကျွန်တော်တို့က သူတို့ကို ရာဇဝတ်သားတွေလို ပြောဆိုဆက်ဆံရင် သူတို့က သူတို့ကိုယ်သူတို့ ရာဇဝတ်သားတွေအဖြစ် ယုံကြည်လာပါလိမ့်မယ်။ ပြီးတော့ ရာဇဝတ်သားလို့ သတ်မှတ်လိုက်ကြပါလိမ့်မယ်။ အဲဒီအခါမှာတော့ သူတို့ တကယ့်ရာဇဝတ်သားတွေ ဖြစ်သွားပါပြီ။
      စူပါမားကက်ကြီးတစ်ခုအတွင်း ငွေပေးရှင်းတဲ့နေရာမှာ ကလေးတစ်ဦးက နို့ပုလင်းတစ်လုံးကို လက်ကလွတ်ကျပြီး၊ ကွဲသွားတယ်။ နို့တွေကကြမ်းပြင်အနှံ့ ပျံ့ကျဲပြီး၊ ဖိတ်စင်ကုန်တယ်။ “မင်းက တကယ့်ကို သုံးမရတဲ့ကလေးဘဲ။” လို့ သူ့အမေက ပြောလိုက်တယ်။
      အခြားငွေရှင်းကောင်တာတစ်ခုမှာတော့ ကလေးတစ်ယောက်က ပျားရည်ပုလင်းကို လွတ်ကျပြီး၊ ကွဲသွားတယ်။ ပျားရည်တွေ ကြမ်းပြင်အနှံ့ပျံ့ကျဲသွားတယ်။ “ဒါကတော့ မင်း အသုံးမကျတဲ့ ကိစ္စတစ်ခုကို လုပ်တာပဲ။” လို့ သူ့အမေက ပြောလိုက်တယ်။
      ပထမကလေးကိုတော့ တစ်ဘဝလုံး အသုံးမကျဘူးလို့ သူ့အမေက သတ်မှတ်ပြောဆိုတယ်။ ဒုတိယကလေးကိုတော့ သူ့အမေက အသုံးမကျတဲ့ကိစ္စတစ်ခုကို လုပ်တဲ့သူလို့ သတ်မှတ်ပြီး ပြောဆိုတယ်။ ပထမကလေးကတော့ အသုံးမကျတဲ့ကလေးဖြစ်လာဖို့ ပိုနီးစပ်ပါတယ်။ ဒုတိယကလေးကတော့ အသုံးမကျတဲ့ကိစ္စတွေကို မလုပ်မိဖို့ ကြိုးစားပါလိမ့်မယ်။
     ကျွန်တော်က မိတ်ဆွေထောင်သားတွေကို မေးမြန်းပါတယ်။ သူတို့ ရာဇဝတ်မှုကျူးလွန်တဲ့နေ့မှာ ဘာလုပ်ကြသလဲ။ အခြားနေ့တွေမှာ ဘာတွေလုပ်ကြသလဲ။ ဒီပြင်အခြားအချိန်၊ နေ့ရက်တွေမှာ ဘာတွေ လုပ်ကြသလဲလို့ မေးမြန်းပါတယ်။ ကျွန်တော့်ရဲ့ရွဲ့စောင်းနေသောအုတ်ခဲနှစ်လုံးနှင့် အုတ်နံရံကြီးပုံပြင်ကို ပြန်ပြောပြပါတယ်။ ရာဇဝတ်မှုဆိုတာ ရွဲ့စောင်းနေတဲ့အုတ်ခဲနှစ်လုံးလိုပါပဲ။ ကျွန်တော်တို့ ဘဝမှာ အခြားကောင်းမွန်တဲ့အုတ်ခဲပေါင်းများစွာ ရှိပါတယ်။ ရာဇဝတ်မှုတွေ မကျူးလွန်ပဲ ကောင်းမွန်စွာနေထိုင်တဲ့ နေ့ရက်တွေဟာ ကောင်းမွန်တဲ့အုတ်ခဲတွေလိုပါပဲ။ ကောင်းမွန်တဲ့အုတ်ခဲအရေအတွက်ဟာ ရွဲ့စောင်းနေတဲ့အုတ်ခဲနှစ်လုံးထက် အရေအတွက်အားဖြင့် များစွာပိုပါတယ်။ အဲဒီတော့ ခင်ဗျားတို့က ရွဲ့စောင်းနေတဲ့အုတ်ခဲတွေကိုပဲ မြင်ပြီး၊ အုတ်နံရံကြီးကို ဖြိုချမလို့လား။ ခင်ဗျားတို့ဟာ ရွဲ့စောင်းနေတဲ့အုတ်ခဲနှစ်လုံးပါဝင်တဲ့ အုတ်နံရံကြီးတစ်ခုလိုပါပဲ။ ကျွန်တော်တို့ရဲ့ဘဝတွေဟာလဲ ခင်ဗျားတို့ ရွဲ့စောင်းနေတဲ့အုတ်ခဲတွေပါဝင်တဲ့ အုတ်နံရံကြီးတွေပါ။
       လအနည်းငယ်အကြာမှာတော့ ကျွန်တော် ကျောင်းထိုင်ဆရာတော်ဖြစ်လာပါတယ်။ အကျဉ်းထောင်တွေဆီကို သွားပြီး၊ တရားဟောကြားခြင်းအလုပ်ကို မလုပ်နိုင်တော့ပါဘူး။ တရက်မှာတော့ အကျဉ်းဦးစီးအရာရှိတစ်ယောက်က ကျွန်တော့်ကို ဖုန်းခေါ်ပါတယ်။ ထိုအရာရှိက ထောင်သားတွေကို လာပြီး တရားဟောကြားဖို့ ကျွန်တော့်ကို ပြောဆိုပါတယ်။ ကျွန်တော့်ဟောကြားချက်တွေက အလွန်ကောင်းမွန်ပါတယ်လို့ အရာရှိက ပြောပါတယ်။ ထောင်ထဲက ကျွန်တော့်တပည့်အကျဉ်းသားတွေ ထောင်ကျရက်တွေ ပြည့်သွားပြီး ထောင်ကလွတ်သွားပါတယ်။ အဲဒီနောက် ထောင်အပြင်ဖက်မှာ ထောင်ကျမယ့်အလုပ်တွေကို ဘယ်တော့မှ မလုပ်ကြတော့ပါဘူးလို့ အရာရှိက ကျွန်တော့်ကို ပြောကြားဆိုခဲ့ဘူးပါတယ်။
( ရွဲ့စောင်းနေသော အုတ်ခဲနှစ်လုံးပုံဝတ္ထုကို အရင်စာမျက်နှာများတွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။ )
( ဆရာတော် Ajahn Brahm ၏ “the child in the supermarket” ကို ပြန်ဆိုခြင်းဖြစ်ပါသည်။ )