Tuesday, February 25, 2014

အိမ်ပြေးလေးတို့ ခိုလှုံရာ - ( ၃ )



        အိမ်ပြေးကောင်လေးကို အလုပ်ပေးနိုင်မယ့်အလုပ်ရှင် ၂၀၀ ခန့်စာရင်းကို ပြုစုထားပါတယ်။ အလုပ်လိုအပ်သည်ဆိုသည့် ကြေညာတွေကို သူ ရှာပါတယ်။ မနက်တိုင်း ကောင်လေးတွေ တဝက်လောက် အိမ်မှာနေခဲ့ပြီး၊ အိမ်အလုပ်တွေကို လုပ်ကိုင်ပါတယ်။ နောက်ကောင်လေးတစ်ဝက်ကို ရထားခနှင့် နေ့လည်စာထမင်းဖိုးပေးပြီး၊ အလုပ်ရှာဖို့လွှတ်ပါတယ်။ 

          နေ့ပိုင်းမှာတွေ့သောကောင်လေးတွေကိုလည်း အီဗါအိမ်ကို ခေါ်လာပါတယ်။ မနက် ၅နာရီခွဲမှာ အီဗါအိပ်ယာထပါတယ်။ ကောင်လေးတွေအတွက် လက်ကားဈေးမှာ အစားအသောက်ဝယ်ပါတယ်။ တစ်ပါတ်မှာ လေးရက်ဈေးဝယ်ပါတယ်။ ကောင်လေးတွေအလုပ်လုပ်နေစဉ်၊ အုပ်စုတစ်ခုစီလုပ်ရမယ့် နေ့စဉ်အလုပ်တွေကို သူ ချရေးပါတယ်။ အလုပ်ရှာမယ့်အုပ်စုအတွက် မိတ်ဆက်စာတွေကို အရင်ညတုန်းကထဲက သူ ရေးပြီးပါပြီ။

           နေ့လည်ပိုင်းမှာ ကမ္ဘာလောကကြီးထဲရောက်သွားတဲ့ကောင်လေးတွေနဲ့ စာပေးစာယူ လုပ်ပါတယ်။ အလုပ်ရှင်ဖြစ်လာနိုင်သူတွေနဲ့ အင်တာဗျူးစာတွေရေးပါတယ်။ တစ်ပါတ်မှာလေးရက် ညပိုင်းအချိန်မှာ သူ့ကိုယ်ပိုင်ဘုရားကျောင်းမှာ တရားဟောပါတယ်။ တခြားညတွေမှာ သူ့ရဲ့ခိုကိုးရာအိမ်အပေါ်မှာ စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေဆီမှာ တရားဟောပါတယ်။ ည ၁၀နာရီလောက်မှာ သူ အပြင်ထွက်ပြီး အိမ်ပြေးကောင်လေးတွေကို လိုက်ရှာပါတယ်။ 

          ကံကောင်းစွာဖြင့် အီဗါတွင် အခကြေးငွေမယူဘဲ သူပြောသည့်အတိုင်း ဆောင်ရွက်ပေးမည့် လက်ထောက်ငါးယောက်ရရှိပါတယ်။ ငါးယောက်အနက်တစ်ဦးက မာဂရက်ဘယ်လန် ဖြစ်ပါတယ်။ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပါတယ်။ အီဗါကို ချစ်ခင်မြတ်နိုးသောကူညီသူတစ်ဦးဖြစ်ပြီး၊ ၄၅နှစ်ကြာ ကူညီခဲ့ပါတယ်။ 

          မစ္စဘယ်လန်သည် ပထမအင်္ဂလန်နိုင်ငံ လစ်ဗါပူးမြို့မှာ နေထိုင်ပါတယ်။ သူ့မယောက်ျားသည် ရေဒီယိုအော်ပရေတာအလုပ်ကို မော်ရေတီးနီးယားသင်္ဘောမှာ လုပ်ကိုင်ပါတယ်။ အိမ်မဲ့ယာမဲ့ကောင်လေးများကိုကူညီသည့်အီဗါန်အကြောင်းကို ကြားရသောအခါ သူသည် အီဗါန်ကို အလုပ်နားရက်များတွင် လာရောက်ကူညီပါသည်။ ထို့နောက် သူ့မိန်းမကို ကူညီရန်စေလွှတ်ပါသည်။ ဘယ်လန်အလုပ်မှထွက်ပြီးသောအခါ အချိန်ပြည့် ဂေါဟာတွင် သေသည့်အထိ လာရောက်လုပ်ကိုင်ခဲ့ပါသည်။ 

          အမျိုးမျိုးသောအလှူအတန်းများကို မှီခိုနေရသည့်အပြင်၊ အခြားသော လက်ဆောင်ပေးခြင်းများ ကိုလည်း မှီခိုနေရပါသည်။ ပေါင်မုန့်တိုက်များမှ တစ်နေ့တာရောင်းချအပြီး လက်ကျန်များကို အီဗါ့ဂေဟာသို့ ပေးပါသည်။ ကုန်သည်တစ်ဦးမှ တစ်ပါတ်လျှင် ငါးပေါင်ချိန် ၅၀ ပေးပါသည်။ အခြားအလှူရှင်များသည် အဝတ်စများ၊ ဆပ်ပြာတုံးများနှင့် ဆီသွတ်ဗူးများကို ပေးလှူကြပါသည်။


          နှစ်ပေါင်းများစွာကြာလာသောအခါ အလှူရှင်များသည် မည်သည့်ပစ္စည်းကို မည်သည့်အချိန်တွင် လှူရမည်ကို ကွဲပြားစွာ သိလာကြပါသည်။ မစ္စသီအိုဒိုရုစ်ဘဲ့စ်သည် အီဗါန့်ဂေဟာသို့ အစားအစာနှင့် အဝတ်အစားများ ပုံမှန်လှူဒါန်းလေ့ရှိပါသည်။ တခါတရံတွင် ဂေဟာတွင် လိုအပ်သည်ကို အာရုံဖြင့်သိပြီး၊ လာလှူဒါန်းသည်ဟု ထင်စရာကောင်းပါသည်။ တစ်နေ့ဂေဟာတွင် နေ့လည်စာစားနေကြပါသည်။ အီဗါမှ ကောင်လေးတစ်ယောက်အား အစားအသောက်အတွက် ကျေးဇူးတင်ရန်ပြောလိုက်ပါသည်။ 

“ကျွန်တော်တို့ ဂေါ်ဖီနှင့်အားလူးပဲစားနေရတာပဲလေ” လို့ ကောင်လေးက ပြန်ပြောပါတယ်။

“ဒါအမှန်ပဲလေ။”

“ဒါပေမဲ့၊ ငါတို့စားရတဲ့အတွက် ကျေးဇူးတင်ရမယ်ကွ။” လို့ အီဗါ ပြန်ပြောလိုက်တယ်။

          တံခါးခေါင်းလောင်းမည်သောကြောင့် အီဗါ စကားဆက်ပြီး မပြောနိုင်လိုက်ပါ။ 

          မစ္စရု့စဗဲ့ ထံမှ ဝက်ပေါင်ခြောက်ကျပ်တိုက်ကို ပစ္စည်းပို့သူ လာပို့ပေးခြင်းဖြစ်ပါသည်။

          တစ်ခါတုံးက သမ္မတကတော်ပေးပို့သောပထမဆုံးဆွယ်တာလေး ဘယ်လိုဖြစ်သွားကြောင်း ပြောပြသောအခါ သမ္မတကတော်မှ ကောင်လေးများအတွက် ဆွယ်တာဒါဇင်ပေါင်းများစွာ ထိုးပေးပါသည်။ ဆွယ်တာများ ဂေဟာသို့ရောက်လာသောအခါ ကောင်လေး ၁၂ ယောက်စာ လိုနေပါတယ်။ ကောင်လေးတွေအားလုံးလည်း ဆွယ်တာကိုလိုချင်ကြပါတယ်။ အီဗါကတော့ ဒီတစ်ပါတ်အတွင်း အကောင်းဆုံးနေထိုင်သူကို ဆွယ်တာပေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

          အီဗါ့အခန်းတံခါးအောက်ကို စက္ကူလေးတစ်စ တိတ်တိတ်ထိုးထည့်ထားပါတယ်။

“အို၊ အဖဘုရားသခင်၊ ကျွန်တော့်ကို ပိုကောင်းအောင်ကြိုးစားပေးပါ။ ဆွယ်တာကို ကျွန်တော် ဘယ်လောက်လိုချင်တယ်ဆိုတာ အဖသိပါတယ်။”

          မစ္စရု့စဗဲ့ကို အီဗါ ဆွယ်တာလိုချင်ကြောင်းရေးထားတဲ့ကဗျာလေးကို ပြောပြသောအခါ ချက်ချင်း ဆွယ်တာဆိုင်ကို ခေါ်သွားပြီး၊ ဆွယ်တာ ၄၀ ရွေးယူရန် ပြောလိုက်ပါတယ်။ လောင်းအိုင်လန်းမှအမျိုးသမီးများ ထိုအကြောင်းကို ကြားရသောအခါ အုပ်စုဖွဲ့လိုက်ကြတယ်။ ပြီးတော့ မစ္စရု့စဗဲ့အမှတ်တရအနေနှင့် ဆွယ်တာထိုးကြပါတယ်။

          ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုသည့်အဖြေအတွက် အီဗါ အဆန်းတကျယ် မဖြစ်မိပါဘူး။ နယူးယောက်မြို့လူမှုကူညီသူတစ်ယောက်နှင့် တွေ့ဆုံသောအခါ အီဗါကို သူက ဒီလိုပြောပါတယ်။

“ထမင်းတစ်ပန်းကန် လာစားသူကို ဒေါ်လာ ၃ ဒေါ်လာခွဲပေးမယ်ဆိုတဲ့ အစီအစဉ်တစ်ခုကို မနေ့ညတုန်းက ကျုပ်တို့ စလုပ်တယ်ဗျ။”

“ဘာအတွက်များလဲဗျာ” လို့ အီဗါ မေးလိုက်ပါတယ်။

“ကောင်လေးတွေရောက်လာဖို့ အကောင်းဆုံးနည်းလမ်းလို့ စဉ်းစားပြီး လုပ်တာဗျ။”

“ကောင်းတာပေါ့ဗျာ” လို့ အီဗါ ပြန်ပြောပါတယ်။

“ခင်ဗျားတို့ စကားတွေပြောနေချိန်မှာ ကျုပ် ကောင်လေး ၇ ယောက်တွေ့ပြီဗျ။ ကျုပ်အတွက်တော့ ကောင်လေးတွေ ကျုပ်ဂေဟာကို ရောက်လာဖို့ မီးရထားလက်မှတ်ဖိုးလောက်ပဲ ကုန်တယ်ဗျာ။” လို့ အီဗါ ပြန်ပြောလိုက်ပါတယ်။ 

( Guardian Angel of Bewildered Boys by Collie Small ကို ဘာသာပြန်ဆိုပါသည်။  )

အိမ်ပြေးလေးတို့ ခိုလှုံရာ - ( ၂ )



        အီဗါရဲ့အိမ်က နန်းတော်ကြီးတစ်ခုလိုပါပဲ။ ရှေးဟောင်းနှစ်ထပ်အိမ်ကြီးပါ။ တစ်ခါတုန်းက  ရဲဌာနချုပ်အဖြစ် သုံးခဲ့ပါသေးတယ်။ ဆူညံတဲ့မိရထားကုန်းတက်နားမှာ တည်ရှိပါတယ်။ အိမ်ထဲမှာ စိုစွတ်ထိုင်းမှိုင်းပြီး၊ မှောင်မည်းနေပါတယ်။ ကုလားထိုင်အဖုံးစတွေ အပြင်ကို တဝက်တပျက် ကျွတ်ထွက်နေပါတယ်။ မီးအိမ်တွေက အုတ်ဆောင်းတွေမရှိပါဘဲ ပုံပျက်ပန်းပျက် နံရံမှာ တပ်ထားပါတယ်။ 

          အရေးမကြီးတဲ့ ဆင်းရဲသားအိမ်တစ်လုံးပုံစံပါ။ ယောက်ျားလေးအယောက် ၅၀အတွက် အိပ်ဆောင် ၂ဆောင်၊ လုံလောက်အောင်ကျွေးမွေးဖို့အစားအစာရှိတဲ့မီးဖိုချောင်နှင့် သူတို့အကျိုးစီးပွါးကို စိတ်ဝင်စားတဲ့ အဖိုးအိုတစ်ယောက် နေထိုင်ခြင်းဟာ အိမ်ကြီးရဲ့ထူးခြားမှုပါ။ သူ့ရဲ့အတွေ့အကြုံအရ ဘာကြောင့် အိမ်ပြေးလေးတွေဖြစ်ရတယ်ဆိုတာ သိပါတယ်။ အိမ်ပြေးလေးတွေ ကြောက်တတ်တဲ့ကိစ္စတွေကို သူ သိပါတယ်။ 

          အသက် ၁၄ နှစ်အရွယ်က အီဗါကိုယ်တိုင် အိမ်ပြေးလေးဖြစ်ဖူးပါတယ်။ ဘော်စတွန်မြို့မှကုန်တိုက်ရှိ တစ်ပါတ် ၅ ဒေါ်လာရအလုပ်လေးပြုတ်သောအခါ သူ့အိမ်ရှင် သူ့လုပ်ခငွေကို ယူပြီး၊ သူ့ကို မောင်းချလိုက်ပါတော့တယ်။

       ဇန်နဝါရီလရဲ့ညတစ်ည၊ အမှောင်ထဲမှာ အီဗါတစ်ယောက် ပန်းခြံထဲမှ ခုံတန်းလေးပေါ် စတည်းချနေထိုင်ပါတယ်။ သူ့အပေါ်အကျီလေးကို စောင်အဖြစ်သုံးပြီး၊ ခြုံထားပြီး၊ အိပ်ဖို့ ကြိုးစားပါတယ်။ အပေါ်ယံခြုံလွှာလေးက အသုံးမဝင်လှပါဘူး။ 

          ညတာရှည်လှတဲ့ထိုတစ်ညမှာ သူ ဘုရားသခင်ကို ကတိပြုခဲ့ပါတယ်။ အကယ်၍ ဘုရားသခင် သူ့ကို အေးခဲ၊ အစာရေစာငတ်ပြီး မသေအောင် မစခဲ့မယ်ဆိုရင်၊ သူလို အိမ်ပြေးလေးတွေ ဒီလိုအဖြစ်မကြုံရအောင် သူ့ရဲ့ကျန်ဘဝကို မြုပ်နှံပါမယ်လို့ ကတိပြုခဲ့ပါတယ်။ 

          မနက်မိုးလင်းတဲ့အခါ ပေါင်မုန့်တစ်လုံး ဝယ်စားလိုက်ပါတယ်။ အဲဒီနေရာမှာ သူခြောက်ရက်၊ ခြောက်ည နေထိုင်ခဲ့ပါတယ်။ ခုနှစ်ရက်မြောက်နေ့မှာ ကော်ဖီဆိုင်တစ်ဆိုင်မှာ သူ အလုပ်ရပါတယ်။ တစ်ပါတ်အတွင်း တစ်နပ်စာပြည့်ပြည့်ဝဝစားရတဲ့နေ့တစ်နေ့ပါ။ 

          စွယ်စုံကျမ်းရောင်းခြင်း၊ အခြားအလုပ်များလုပ်ကိုင်ခြင်းတို့ကို လုပ်ကိုင်ပြီး၊ ၁၀နှစ်အကြာမှာ ဒေါ်လာ၄၀၀ စုဆောင်းနိုင်ခဲ့ပါတယ်။ သူ ဒေါ်လာ ၄၀၀ ကို ဘော်စတွန်ရှိဘုရားကျောင်းတွေကို လှူဒါန်းပြီး၊ အိမ်မဲ့ယာမဲ့ကလေးတွေအတွက် ခိုလှုံရာတစ်ခုဖန်တီးဖို့ အဆိုပြုကမ်းလှမ်းပါတယ်။ သူ့အဆိုပြုချက် ငြင်းပယ်ခံရပါတယ်။ 

          ဘုရားကျောင်းတစ်ခုက ခြွင်းချက်တစ်ခုထားပြီး လက်ခံပါတယ်။ အဲဒီခြွင်းချက်ကို အီဗါ လက်မခံနိုင်ပါဘူး။ ကောင်လေးတွေကုန်ကျစရိတ်တချို့ကို ကျခံရမယ်ဆိုသည့် ခြွင်းချက်ပါ။ စိတ်ဝိဥာဉ်တွေကို ကယ်တင်နိုင်ပါတယ်။ ကိုယ်ခန္ဓာတွေကိုတော့ မကယ်တင်နိုင်ပါဘူးလို့ လူတချို့ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ နောက်ဆုံး နယူးယောက်မြို့သွားသင့်တယ်လို့ ဘုန်းတော်ကြီးတစ်ပါး သူ့ကို ပြောပါတယ်။ 

          ဘုန်းတော်ကြီးရဲ့အကြံပေးချက်ကို အီဗါ လက်ခံပါတယ်။ နယူးယောက်ကို ရောက်တဲ့အခါ၊ အိမ်ခန်းသုံးခန်းပါ အိမ်တစ်လုံးကို သူ ငှားပါတယ်။ အဲဒီနေ့မှာ သူ ထီးရောင်းတဲ့အလုပ်ကို ရပါတယ်။ ညရောက်ချိန်မှာ သူရဲ့ ပထမဆုံးအိမ်ပြေးကောင်လေးကို တွေ့ပါတယ်။ ယူနီယံရင်ပြင်မှာ ကောင်လေး အိပ်နေတာကို တွေ့ခဲ့တာပါ။ 

          မြေအောက်ရထားလမ်းဆောက်ဖို့ထားတဲ့ ပိုင်တိုင်၊ သစ်လုံးတွေ ကြားမှာ အိပ်နေတဲ့ကောင်လေးတစ်ယောက်ကို မိနစ်အနည်းငယ်အကြာမှာ ထပ်တွေ့ပါတယ်။ အဲဒီတစ်ညမှာ သူ ကောင်လေး ၆ ယောက် ခေါ်ထားပြီးပါပြီ။ သုံးပါတ်အတွင်း ကောင်လေး ၁၂ ယောက် သူ့ထံ ခိုလှုံနေပါတယ်။ 

          နေ့ပိုင်းမှာ သူ ထီးရောင်းပါတယ်။ စတိုးဆိုင်ပိတ်ချိန်မှာ အိမ်ပြန်ပြေးပြီး၊ ကောင်လေးတွေအတွက် ထမင်းချက်ပါတယ်။ ကောင်လေးတွေရဲ့အဝတ်တွေကို ဖါထေးချုပ်လုပ်ပါတယ်။ ပြီးတော့ နောက်ထပ်ကောင်လေးတွေ ထပ်ပြီး လိုက်ရှာပါတော့တယ်။

          နှစ်ပေါင်းများစွာကြာသော်လည်း အီဗါ့လုပ်ကိုင်ဆောင်ရွက်မှုတွေ ဘာမှသိပ်မပြောင်းလဲပါဘူး။ အချိန်တွေကုန်လာသော်လည်း အီဗါ့ရှာဖွေမှုတွေ ဆက်လုပ်နေဆဲပါ။ ခရီးသွားကူညီရေးအဖွဲ့လို အခြားအဖွဲ့အစည်းတွေ အီဗါ့ဆောင်ရွက်မှုတွေကို သိရှိလာပြီး၊ အိမ်ပြေးကောင်လေးတွေကို ပုံမှန်လာပို့ပေးပါတယ်။ 

          အိမ်မှာ ၁၀ရက်မှ ၂ပါတ်အထိ ကောင်လေးတွေ နေထိုင်ပါတယ်။ အိမ်ပြန်ဖို့လိုအပ်တယ်လို့ ထင်တဲ့ကောင်လေးတွေအိမ်ကို အီဗါ ဖုန်းဆက်ပါတယ်။ ခရီးသိပ်မဝေးဘူးဆိုရင် ကောင်လေးကို လမ်းစရိတ်ထုတ်ပေးပါတယ်။

အိမ်ပြေးလေးတို့ ခိုလှုံရာ -( ၁ )



        ရာသီဥတုသာယာတဲ့ည ၁၀ နာရီခန့်မှာ၊ နယူးယောက်မြို့အိမ်အိုကြီးတစ်လုံးမှ အဖိုးကြီှးတစ်ယောက် ထွက်လာပါတယ်။ ပြီးတော့ လုပ်နေကျအလုပ်အတွက် အပြင်ကိုထွက်ပါတယ်။ လရောင်ကို အမှီပြုပြီး ဆောင်ရွက်ပါတယ်။ အဖိုးကြီးဟယ်ရီအီဗါ ဂိုထောင်လွတ်တွေ၊ အခြားသောအမိုးအကာတွေအောက် ဟိုဟိုဒီဒီလျှောက်ကြည့်သွားပါတယ်။ ပိုက်ဆံပြတ်ပြီး၊ ဆာလောင်နေတဲ့အိမ်ယာမဲ့ ကောင်လေးတွေကို ရှာနေတာပါ။ 

          ဒီအလုပ်ကို ဒီလူကြီး နှစ်နှစ်ခြိုက်ခြိုက်လုပ်ခဲ့တာ နှစ်ပေါင်း ၅၀ ရှိပါပြီ။ သူ့အိမ်မှာ မိဘမဲ့ကောင်လေးတွေကို ထမင်းကျွေးတယ်။ အဝတ်ပေးတယ်။ နေစရာပေးပါတယ်။ အဲဒီလို ကယ်တင်ခဲ့တဲ့ကောင်လေး စုစုပေါင်း ၅၀၀၀၀ ခန့်ရှိသွားပါပြီ။ သူ ကောင်လေးတွေရဲ့အကျီအပေါက်အပြဲတွေ ဖါပေးတယ်။ ယုံကြည်မှုကိုပျိုးထောင်ပေးတယ်။ ကောင်လေးတွေကို အလုပ်ရှာပေးပြီး၊ ကမ္ဘာကြီးထဲကို ပြန်လွှတ်ပေးခဲ့ပါတယ်။ 

          လိမ္မာတဲ့ကောင်လေးများစွာ ဆရာဝန်၊ ရှေ့နေတွေဖြစ်ခဲ့ပါပြီ။ အဲဒီအထဲကကောင်လေးတစ်ယောက်ဆို သူရဲကောင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ ကောင်လေးနာမည်က ဝီလီသွန်မဆင်အဖိုးကြီးအီဗါ ဝီလီကို တွေ့တဲ့အချိန်မှာ ဝီလီ ပန်းခြံထဲမှာ အိမ်နေတာပါ။ 

          ဝီလီကို အီဗါ အိမ်ကိုခေါ်သွားပြီး၊ အိမ်မဲ့ယာမဲ့တစ်ယောက်ရဲ့နှလုံးသား ထိခိုက်မှုတွေကို ပြုပြင်ပေးခဲ့ပါတယ်။ နောက်တော့ကောင်လေးကို စစ်တပ်ထဲဝင်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ အီဗါ့ အကြံပေးချက်ကို ဝီလီလိုက်နာပြီး၊ စစ်တပ်ထဲကို ဝင်ခဲ့ပါတယ်။ စစ်တပ်ထဲဝင်တဲ့အခါ အိမ်လိပ်စာကို ကောင်လေးရဲ့နားခိုရာအိမ်ကြီးရဲ့လိပ်စာကို ပေးခဲ့ပါတယ်။ 

          စစ်တပ်ထဲကို ဝီလီ ဝင်ပြီး၊ သိပ်မကြာခင်မှာ ကျဆုံးခဲ့ပါတယ်။ သူ့ရဲ့တပ်စုလေး ဆုတ်ခွါတဲ့အချိန်မှာ သူ ကာကွယ်ပေးရင်း၊ စက်သေနတ်အောက်မှာကျဆုံးခဲ့ရပါတယ်။ စပိန်-အမေရိကန်စစ်ပွဲနောက်ပိုင်း ကွန်ဂရက်ကချီးမြှင့်တဲ့ဂုဏ်ပြုဆုတံဆိပ်ကိုရတဲ့ ပထမဆုံးကပ္ပလီလူမျိုးဖြစ်ခဲ့တယ်။ 

          အမေရိကားမှာ နှစ်တိုင်း အသက် ၁၆ နှစ်မှ ၂၁ နှစ်အရွယ်ကောင်လေး ၃၀၀၀၀ ခန့် လယ်တွေ၊ ရွာတွေမှာတဆင့် နယူးယောက်မြို့ကြီးကို ထွက်ပြေးလာတတ်ပါတယ်။ အဲဒီအထဲမှ ၁၀ရာခိုင်နှုန်းသော ကောင်လေးတွေဟာ ပိုက်ဆံပြတ်ပြီး၊ သွားစရာ၊ နေစရာ မရှိဖြစ်နေတတ်ပါတယ်။

          အခုလို ဒုက္ခရောက်နေတဲ့ကောင်လေးတွေကို အီဗါ သွားခေါ်ပါတယ်။ မေးခွန်းတွေ မမေးမြန်းပါဘူး။ ဘယ်သူ၊ ဘယ်ဝါရယ်လို့ မရွေးချယ်ပါဘူး။ 

          အီဗါမြင်သလို မြင်တတ်ခဲ့ရင်တော့ အင်မတန်းရိုးတဲ့ပြဿနာပါ။

“ပရိုတက်စတင့်ဘာသာဝင်ကောင်လေးရဲ့ဗိုက်နဲ့ ကက်သလစ်ဘာသာဝင်ကောင်လေးရဲ့ဗိုက် အတူတူပဲကွ။ ဂျူးလူမျိုးကောင်လေးနဲ့ ပရက်စ်ဘေးတီးယန်းလူမျိုးကောင်လေးရဲ့ကုတ်အကျီမှာပါတဲ့ ကြယ်သီးအရေအတွက်ချင်း အတူတူပဲကွ။”

          အီဗါ ပုံစံနဲ့ သူ့ကောင်လေးတွေပုံစံ သိပ်မကွာပါဘူး။ သူ့ပုံစံက ပိန်ပိန်ပါးပါး။ ခေါင်းမှာ ဆံပင်ဖြူတွေနဲ့။ အီဗါ လမ်းလျောက်ရင်း ခဏခဏ လမ်းမှာ နားတတ်ပါတယ်။ သူ့မှာ   ရှပ်အကျီကောင်းကောင်းနှစ်ထည်ထက် ပိုမရှိပါဘူး။ သူ့ဘဝတစ်ခုလုံးကို ယုံကြည်မှုတစ်ခုအပေါ် မယိုင်းမယိုင် လုံးဝပုံအပ်ထားပါတယ်။ အဲဒီယုံကြည်မှုက ကောင်းမွန်တဲ့အလုပ်ဟာ ကျဆုံးခြင်း မရှိနိုင်ဘူး။


        လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကောင်လေးတစ်ယောက် အီဗါ့ထံ ငိုယိုပြီး လာပြောပါတယ်။ အလုပ်တစ်ခုရဖို့ ရှပ်အကျီတစ်ထည်ရှိရမယ်လို့ သူ့ကို ပြောပါတယ်။ ကောင်လေးပုခုံးကို သူ သိုင်းဖက်ထားလိုက်ပါတယ်။

“ငါမှာ မရှိတဲ့ဟာ မင်းကို ဘယ်လိုပေးရမှာလဲကွာ”

“ဒါပေမယ့် မင်းလိုချင်တဲ့ဟာ ရလိမ့်မယ်လို့ ငါ ကတိပေးနိုင်ပါတယ်” လို့ သူပြောလိုက်တယ်။

         ကောင်လေးကို ရှင်းပြဖို့ ကြိုးစားမနေပါဘူး။ သို့သော် မိနစ် ၃၀ အတွင်း တယ်လီဖုန်း မြည်သံကြားရပါတယ်။ အီဗါ တခါမှ မကြားဖူးတဲ့ ရှပ်အကျီထုတ်လုပ်သူတစ်ယောက် ဆက်သွယ်တာပါ။ အနာအနည်းငယ်ပါသောရှပ်အကျီအထည် ၁၂၀၀ကို အီဗါ အသုံးပြုလိုပါသလားဆိုပြီး မေးမြန်းလာပါတယ်။ 

       ဘုရား၊ သိကြားမတာလား ဆိုတာတော့ မပြောနိုင်ပါဘူး။ အခုလိုကိစ္စတွေ အမြဲလိုလို ဖြစ်နေပါတယ်။

ဘာအရေးအကြီးဆုံးလဲ



      လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဆီယာတယ်မြို့မှာ အထူးအိုလံပစ်အားကစားပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုးယောက်ရှိပါတယ်။ သူတို့အားလုံး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းသူတွေပါ။ ကိုက် ၁၀၀ ပြေးပွဲအတွက် အစမျဉ်းမှာ အားလုံး တန်းစီနေရာယူကြပါတယ်။ သေနတ်ဖေါက်ချိန်မှာ တာစထွက်ကြပါတယ်။ သူတို့တွေ အားကုန်အပြေးပြိုင်ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲဝင်ပြေးရတာပျော်လို့ ပြေးကြတာပါ။ အဆုံးအထိပြေးပြီး၊ အနိုင်ရကြပါမယ်ဆိုသည့် စိတ်နဲ့ပြေးကြတာပါ။

          လမ်းပေါ်ချော်လဲနေတဲ့ ကောင်လေးကလွှဲပြီး၊ အားလုံး စပြေးကြပါတယ်။ ကောင်လေး မြေကြီးပေါ်ကိုနှစ်ကြိမ်လောက်ချော်လဲပြီး၊ စငိုပါတော့တယ်။ ပြေးနေတဲ့ပြိုင်ပွဲဝင် ၈ ယောက် ကောင်လေး အော်ငိုသံကိုကြားသွားပါတယ်။ သူတို့ အရှိန်နှေးလိုက်ပြီး၊ ဆက်မပြေးတော့ပါဘူး။ ၈ယောက်လုံး နောက်ကိုပြန်ပြီး၊ ကောင်လေးဆီကို ပြန်လှည့်လာကြပါတယ်။ ဒုန်းရောဂါ ခံစားနေရတဲ့မိန်းကလေး ခါးကုန်းပြီး၊ ကောင်လေးကိုနမ်းလိုက်ပါတယ်။
“ကောင်းသွားမှာပါ၊ မောင်လေးရယ်”

          ထို့နောက်ပြိုင်ပွဲဝင် ၉ ယောက်လုံး၊ လက်ချင်းချိတ်ပြီး၊ ပန်းဝင်သည်အထိ အတူလျှောက်သွားကြပါတယ်။
          ပြိုင်ပွဲဝင်းအတွင်းရှိလူအားလုံးမတ်တပ်ရပ်ပြီး၊ ၁၀မိနစ်ကြာ လက်ခုပ်ဝိုင်းတီးကြပါတော့တယ်။

( What’s Really Important by Bob French  ကိုဘာသာပြန်ဆိုပါသည်။ )