Monday, April 28, 2014
အချိန်တိုင်းဇင်
ဇင်တရားကျင့်သူတပည့်တစ်ဦးသည် ဆရာအဖြစ်ပြန်လည်သင်ပြပေးခြင်း မပြုနိုင်မှီ၊ ဆရာထံတွင် ဇင်တရားကို ၁၀ နှစ်မျှအတူနေပြီး၊ လေ့လာရပါတယ်။ ဆရာတော်နန်အင်းထံသို့ ၁၀နှစ်ဇင်တရားတော်ကို လေ့လာပြီး ဆရာတစ်ဦးဖြစ်နေသူ တန်နို လာရောက်လည်ပတ်ပါတယ်။ ထိုနေ့တွင် မိုးရွာသဖြင့် တန်နိုသည် သစ်သားခုံဖိနပ်စီးပြီး၊ ထီးဆောင်လာပါတယ်။ ခရီးဦးကြိုနုတ်ဆက်ပြီးနောက် ဆရာတော်နန်အင်းမှ ဤသို့မှတ်ချက်ပြုပါတယ်။
          “မင်း ခုံဖိနပ်ကို ခန်းမထဲမှာ ချွတ်ခဲ့တယ်ထင်တယ်။ မင်း ထီးကို ဖိနပ်ရဲ့ ဘယ်ဖက်မှာ ထားခဲ့လား၊ ညာဖက်မှာ ထားခဲ့လား။”
(Zawgyi)      
          တန်နို ရုတ်ရက်တွေဝေပြီး၊ အဖြေမပေးနိုင်ပါဘူး။ ဇင်တရားတော်ကို အချိန်တိုင်း သိမှတ်နေခြင်း မရှိကြောင်း သူ့ကိုယ်သူ သိရှိသွားပါတယ်။ ထို့ကြောင့် တန်နိုသည် နန်အင်းထံတွင် တပည့်ခံပြီး ဇင်တရားတော်ကို အချိန်တိုင်းသိမှတ်စေရန်၊ ၆နှစ်ထပ်မံ၍ လေ့လာခဲ့ပါတယ်။
( Every-minute Zen by 101 Zen Stories ကိုဘာသာပြန်ဆိုပါသည်။ )
နားထောင်ကောင်းသူဖြစ်လာစေရန်
နားထောင်ကောင်းသူတစ်ဦး ဖြစ်လာစေရန် အချက်ကြီး (၁၀)ချက် 
၁) စကားပြောနေခြင်းကို ရပ်လိုက်ပါ။
၂) ပြောသူ အဆင်ပြေ သက်သာစေရန်လုပ်ပါ။
၃) ပြောသူ၏စကားကို နားထောင်ချင်ကြောင်းပြသပါ။
၄) စိတ်ပျံ့လွင့်မှုကို ဖယ်ထားပါ။
၅) အခြားသူ၏ ရှုဒေါင့်မှလည်း ကြည့်မြင်ပါ။
၆) စိတ်ရှည်ရှည်ထားပါ။
၇) ဒေါသကို ထိန်းပါ။
၈) ဆင်ခြေတက်ခြင်း၊ ဝေဖန်ခြင်းအတွက် သက်သောင့်သက်သာနေပါ။
၉) မေးစရာရှိတာမေးပါ။
၁၀) စကားပြောနေခြင်းကို ရပ်လိုက်ပါ။
                                                                   Ron Adler & Neil Towne
ဗုဒ္ဓ၏သမ္ပဒါတရား (၄)ပါး -- ၂
ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၄
          ဤအရာ၌ ဝိနည်းမဟာဝါပါဌိတော်၊ စီဝရက္ခန္ဓကလာ သာကေတသူဌေးကတော်ကြီး ဝတ္ထုကို သာဓကအဖြစ် တင်ပြပါမည်။
သူဌေးကတော်ကြီးဝတ္ထု
          ဘုရားရှင်လက်ထက်တော်က ဆေးဆရာလောကတွင် အလွန်ထင်ရှားကျော်ကြားသည့် သမားတော်ကြီးဇီဝကဆိုလျှင် လူတိုင်းသိပြီးဖြစ်ပါသည်။
          ဆရာကြီးဇီဝကသည် ဆေးဆရာဖြစ်စ တက္ကသိုလ်ပြည်မှ ရာဇဂြိုဟ်နေပြည်တော်သို့အပြန် သာကေတမြို့အရောက်တွင် ပါလာသောရိက္ခာပြတ်သွားသဖြင့် သာကေတသူဌေးကတော်ကြီးတစ်ဦးကို ပထမဆုံးအနေဖြင့် ဆေးကုသလေသည်။ သူဌေးကတော်ကြီးကား ခုနှစ်နှစ်တိုင်တိုင် ခေါင်းကိုက်၊ ခေါင်းခဲဝေဒနာကို ခံစားနေရသည့် ရောဂါသည်ကြီးတည်း။
          ဆရာကြီးသည် လူနာ၏ဝေဒနာကို အကဲခတ်လေ့လားပြီး တစ်လက်ခုပ်လောက်သော ထောပါတ်ကို တောင်း၏။ ထို့နောက် ထောပါတ်တစ်လုက်ခုပ်ကို အမျိုးမျိုးသောဆေးတို့ဖြင့် ချက်၍ သူဌေးကတော်ကြီးကို နှာပေး၏။ နှာခေါင်းမှ သွင်းပေးလိုက်သော ထောပါတ်နှာဆေးသည် ခံတွင်းမှ အန်ထွက်လာ၏။ သူဌေးကတော်ကြီးသည် အန်ထွက်လာသည့် ထောပါတ်နှာဆေးကို ထွေးခံဖြင့် ခံယူထားစေပြီး ထောပါတ်တို့ကို ဝါဂွမ်းဖြင့် တို့ယူထားရန် ကျွန်မတို့ကို ခိုင်း၏။
          ဤအခြင်းအရာကို ဆရာကြီးဇီဝက တွေ့မြင်သောအခါ “အင်း အံ့သြစရာပဲ။ ဒီသူဌေးကတော်ကြီးဟာ ကော်တရာ ကပ်စေးနဲမကြီးနဲ့တူတယ်။ သူဌေးမကြီးတစ်ယောက်ဖြစ်ပါလျက် စွန့်ပစ်ရတော့မယ့် ထောပါတ်လေးကိုပင် ဂွမ်းစလေးနဲ့ တို့ယူနေသေးရင် ဆေးအဖိုးတန်ကြီးနဲ့ ကုသထားရတဲ့ ငါ့ဆေးကုခကိုတော့ ထိုက်ထိုက်တန်တန် ပေးမယ့်ပုံမပေါ်ဘူး” ဟု စဉ်းစားမိပြီး မျက်စိမျက်နှာပျက်သွား၏။
          ဆေးဆရာကြီးဇီဝက၏ မျက်နှာပျက်သွားဟန်ကို သူဌေးကတော်ကြီး သိရှိရိပ်မိသွားပြီး “ဆရာကြီး… ကျွန်မတို့အိမ်ရှင်မတွေက ဆေးကုသပေးတဲ့ ကျေးဇူးကို သိတတ်ကြပါတယ်။ အခု ဒီထောပါတ်ဟာ ကျွန်၊ အမှုလုပ်တွေအတွက် ခြေနယ်ဆီအဖြစ်၊ ဆီမီးထွန်းညှိစရာအဖြစ် အသုံးဝင်ပါသေးတယ်။ ဆရာကြီး မျက်နှာမကောင်းမဖြစ်ပါနဲ့၊ ဆရာကြီးအတွက် ပေးသင့်တဲ့ ဆေးကုသခကို ဆရာကြီးကျေနပ်အောင် ကျေးဇူးဆပ်ပါမယ်”ဟု ကတိပေးပြောဆို၏။
          ဆရာဇီဝက၏ ထိုတစ်ကြိမ် ဆေးပေးခြင်းဖြင့်ပင် သူဌေးကတော်ကြီး၏ နာတာရှည် ခေါင်းကိုက်၊ ခေါင်းခဲ ရောဂါမှာ လုံးဝပျောက်ကင်းသွားတော့၏။ ထို့ကြောင့် သူဌေးကတော်ကြီးက သူ ကတိပေး ပြောကြားခဲ့သည့်အတိုင်း အသပြာလေးထောင် ပူဇောသည့်အပြင် သား၊ ချွေးမနှင့် သူဌေးကြီးသုံးယောက်တို့ကလည်း အသပြာလေးထောင်စီ ဆုချပြီး ကျွန်မိန်းမ၊ ကျွန်ယောကျ်ား၊ မြင်းရထားတို့ကိုပါ ကောင်းစွာ ပူဇော်လိုက်ကြကုန်၏။
ကုန်ကျသင့်သောအရာဖြစ်က မည်မျှလောက်ကိုပင် ကုန်ကျသည်ဖြစ်စေ နှမြောစစ်စီခြင်း မရှိ၊ ထိုက်ထိုက်တန်တန် စွန့်လွှတ်ပေးကမ်းရမည်ကို ဖေါ်ပြသောဝတ္ထုဖြစ်ပေသည်။ ဤနည်းကိုမှီ၍ မိမိတို့သည် မကုန်သင့်သောအရာဖြစ်က အနည်းငယ်မျှ မကုန်ကျရအောင် ကြိုးစားကြ၍ ကုန်သင့်သောအရာ၌ နှမြောတွန့်တိုခြင်း မရှိမိအောင် အထူးသတိပြုသင့်ကြပေသည်။
ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၅
          ဤဥပဒေသမှာ ဥပမာအနေဖြင့် နှမြောစီစစ်လွန်းသော အာဂန္တုက သူဌေးကြီးပုံဝတ္ထုကို ဖေါ်ပြထားပါတယ်။ ဆိုလိုရင်း အနှစ်ချုပ်မှာ သူဌေးကြီးသည် နှမြောစီစစ်လွန်းသောကြောင့် အနေ ဆင်းရဲ၊ အစားဆင်းရဲ၊ အဝတ်ဆင်းရဲဖြင့် နေထိုင်ပြီး၊ မိမိ၏ ကြွယ်ဝသောစည်းစိမ်ဥစ္စာတို့ကို မိမိအတွက်လည်း မသုံးစွဲ၊ ကျေးဇူးရှင်မိဘနှစ်ပါးကိုလဲ လုပ်ကျွေးခြင်း မပြု၊ သားမယားတို့အားလည်း မလုပ်ကျွေး၊ အခိုင်းအစေ အလုပ်သမားတို့ကိုလည်း ဆုချပေးကမ်းခြင်း မရှိ။ မိတ်ဆွေ အပေါင်းအသင်းတို့အားလည်း ချီးမြှင့်ထောက်ပံ့ရန် မကြံရွယ်ခဲ့။
          ထိုသေဌေးကြီး သေဆုံးသောအခါ အမွေစားအမွေခံလည်း ကျန်ရစ်ခဲ့ခြင်း မရှိသောကြောင့်၊ မင်းဘဏ္ဍာအဖြစ် ဥစ္စာပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။
ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ - ၆ 
          ဤနေရာတွင် ပစ္စည်းသုံးစွဲနည် (၅)မျိုးကို ဖေါ်ပြထားပြီး၊ ထိုသုံးစွဲနည်းအတိုင်း သုံးစွဲသောသူအား ပစ္စည်းဥစ္စာတို့ ကုန်ခန်းသွားသည်ဖြစ်စေ၊ တိုးတက်ပွါးများလာသည်ဖြစ်စေ၊ မိမိ၏တရားသဖြင့် သုံးစွဲခဲ့သည်ကို အောက်မေ့ဆင်ခြင်သည့်အခါ နှလုံးမသာယာခြင်း၊ နောင်တ တဖန် ပူပန်ခြင်းတို့ မဖြစ်နိုင်ကြကုန်ဟု မြတ်စွာဘုရားဟောကြားထား၏။
ဃ) မိတ်ကောင်းဆွေကောင်းရှိရခြင်း ( ကလျာဏမိတ္တသမ္ပဒါ )
          ထိုအခန်းတွင် မိတ်ဆွေစစ်(၄) ယောက်၊ မိတ်ဆွေတု(၄)ယောက်၊ မိတ်ဆွေစစ် လက္ခဏာ(၁၆)ပါး၊ မိတ်ဆွေတုလက္ခဏာ(၁၆)ပါးနှင့် မိတ်မြဲစေသောနည်းလမ်းများကို ဖေါ်ပြထားပါသည်။
[ မိတ်ဆွေစစ်နှင့် မိတ်ဆွေတုတို့ကို သုတ်ပါထေယျ ပါဌိတော်၊ သိင်္ဂါလသုတ်၌ ဘုရားရှင် ဟောတော်မူထားပါသည်။ ]
(၁) မိတ်ဆွေစစ်လေးယောက်
က) အကြင်မိတ်ဆွေသည် ကျေးဇူးပြုတတ်၏။ ( ဥပကာရမိတ္တ)
ခ) အကြင်မိတ်ဆွေသည် ဆင်းရဲအတူ ချမ်းသာအမျှဖြစ်၏။ ( သမာနသုခ ဒုက္ခမိတ္တ )
ဂ) အကြင်မိတ်ဆွေသည် အကျိုးစီးပွါးကို ညွှန်ကြားပြောဆိုတတ်၏။ ( အတ္တက္ခာယီမိတ္တ )
ဃ) အကြင်မိတ်ဆွေသည် အစဉ် သနားတတ်၏။ ( အနုကမ္ပကမိတ္တ )
(၂) မိတ်ဆွေတုလေးယောက်
က) အကြင်မိတ်ဆွေသည် မိမိအကျိုးအတွက် ယူသာယူတတ်၏။ ( အညဒတ္တု ဟရမိတ္တ)
ခ) အကြင်မိတ်ဆွေသည် နှုတ်ဖြင့်သာ ပေးတတ်၏။ ( ဝစီပရမမိတ္တ )
ဂ) အကြင်မိတ်ဆွေသည် အကြိုက်ကိုသာလိုက်၍ ပြောကြားတတ်၏။ ( အနုပိယဘဏိမိတ္တ )
ဃ) အကြင်မိတ်ဆွေသည် ပျက်စီးရာ ပျက်စီးကြောင်းတို့၌ သွေးဆောင် တိုက်တွန်းတတ်၏။ ( အပါယသဟာယမိတ္တ )
(၃) မိတ်ဆွေစစ် လက္ခဏာ ၁၆ ပါး ကိုဖေါ်ပြထားပြီး၊
(၄) မိတ်ဆွေတု လက္ခဏာ ၁၆ ပါးကို လည်း ဖေါ်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် မိတ်မြဲစေသည့်နည်းလမ်းများကို ပုံဆောင်ဝတ္ထုဖြင့် ရှင်းလင်းဖေါ်ပြထားပါသည်။
[ဤစာပိုဒ်များကို ကူးယူဖေါ်ပြရခြင်း၏ ရည်ရွယ်ချက်များ ဗုဒ္ဓသည် လောကုတ္တရာတွင်သာမက လောကီအကျိုးစီးပွါးကို ပြစ်ပယ်ခြင်း မရှိဘဲ၊ ပစ္စုပ္ပန်ဘဝတွင် လက်ငှင်းအကျိုးရှိစေမည့် တရားများကို ဟောကြားထားခဲ့ကြောင်း တင်ပြလိုရင်းဖြစ်ပါသည်။ မိရိုးဖလာဗုဒ္ဓဘာသာများအနေဖြင့် အရာရာကို ကံ ပုံချပြီး၊ မနေသင့်ကြောင်း ပစ္စုပ္ပန်ဘဝတွင် ဗုဒ္ဓ၏လမ်းညွှန်မှုများနှင့်အညီ ကြိုးစားသင့်ကြောင်း တင်ပြလိုပါသည်။ ယနေ့ခေတ်သံဃာတော်များ ဟောကြားမှုအားနည်းသောကြောင့် လူများမသိရှိသေးသည့် တရားတော်များကို ပိဋကတ်တော်များကို မွှေနှောက်ပြီး ပြုစုထားသည့် လူပုဂ္ဂိုလ်များကို ချီးကျုးဂုဏ်ပြုသင့်ပါသည်။ မိမိကူးယူဖေါ်ပြခြင်းထက် အရေးစိတ်ရေးသားချက်များကို ထပ်မံဖတ်ရှူရန် တိုက်တွန်းလိုက်ရပါသည်ခင်ဗျား… ]
ဗုဒ္ဓ၏ သမ္ပါတရား (၄)ပါး - ၁
 ဒီပိုစ်လေးရဲ့ ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာဟာ နေ့စဉ်ဘဝမှာ သုံးစွဲရန်ပြည့်စုံလုံလောက်တယ် ဆိုတာ တင်ပြချင်တာပါ။ တန်းခိုးပြမှုနှင့် အဆန်းတကယ်များအား ဗုဒ္ဓမနှစ်သက်ကြောင်း ရဟန်းတို့ကို တားမြစ်ထားပါတယ်။ ဗုဒ္ဓဟောကြားသည့် လောကီရေးရာ ဥစ္စာစီးပွါးရှာ တိုးတက်ကြောင်း အချက်များကို ယခုခေတ်သံဃာတော်များ ဟောကြားမှုအလွန်နည်းပါသည်။ ထို့လောကီရေးရာတို့နှင့် ပတ်သက်၍ ညွန်းဆိုလိုသော စာအုပ်များမှာ- ၁) သိင်္ဂါလောဝါဒသုတ်( သဲအင်းဂူဆရာတော်ကြီး  ၂) မြတ်ဗုဒ္ဓ၏ကြီးပွါးရေးလမ်းညွှန်ချက်များ- ဓမ္မာစရိယဦးအေးနိုင် ၃) ဗုဒ္ဓ၏ လူမှုရေးတရားတော်များ- ဦးခင်မောင်ဝင်း  ၄) ဘဝ၏ရွှေရောင်စည်းမျဉ်းများ - မင်းနန်မော်ကျွန်း တို့ဖြစ်ပါသည်။ အခြားသောကျွန်တော် မသိသည့် စာအုပ်များလည်း ရှိနိုင်ပါသေးသည်။ )
ကြီးပွါးတိုးတက်ကြောင်း သမ္ပဒါတရားလေးပါး
          ဘုရားရှင်သည် မျက်မှောက် ချမ်းသာစီးပွါး၊ တမလွန် ချမ်းသာစီးပါွးတို့ ဖြစ်စေနိုင်သောတရားကို တပည့်ဒါယကာ၊ ဒါယကာမတို့အား ဟောကြားတော်မူပါဘုရား ဟု လျှောက်ထားသဖြင့် သမ္ပဒါတရားလေးပါးကို ဘုရားရှင်ဟောကြားတော်မူသည့်အကြောင်း အဌကအင်္ဂုတ္တရပါဌိတော်၊ ဒီဃာဇာဏျာသုတ်၌ တွေ့ရပါသည်။
ထိုသမ္ပဒါတရားလေးပါးမှာ 
က) ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံရခြင်း ( ဥဌာနသမ္ပဒါ )
ခ) လက်ရှိ ဥစ္စာစီးပွါး မပျက်ပြားအောင် စောင့်ရှောက်ရခြင်းနှင့် ပြည့်စုံရခြင်း ( အာရက္ခသမ္ပဒါ )
ဂ) မျှတစွာ အသက်မွေးမြူရခြင်း ( သမဇီဝိတာ သမ္ပဒါ )
ဃ) မိတ်ကောင်း ဆွေကောင်းရှိရခြင်း ( ကလျာဏမိတ္တတာ သမ္ပဒါ ) တို့ ဖြစ်ပါသည်။
          ဤလေးပါးကို မှတ်သားရလွယ်ကူရန် ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက် ပထမစံကျောင်းဆရာတော် ဘုရားကြီးက “ထကြွသိမ်းဆဲ(ဆည်း)၊ မျှသုံးစွဲ၊ ပေါင်းမြဲမိတ်ဆွေကောင်း၊ ဤလေးပါးသာ၊ လောကီမှာ၊ မှန်စွာကြီးပွါးကြောင်းဟု လင်္ကာစီကုံးထားပေသည်။”
          “သမ္ပဒါ” ဆိုသည်မှာ အလိုရှိတိုင်း ပြည့်စုံစေနိုင်သော အကြောင်းတရားများဟု အဓိပ္ပါယ်ရသည်။ မျက်မှောက်လောကတွင် အရေးအကြီးဆုံးမှာ ရွှေငွေဘဏ္ဍာ၊ ဥစ္စာရတနာများပင်ဖြစ်သည်။ ထိုရွှေငွေဘဏ္ဍာ၊ ပစ္စည်းဥစ္စာတို့နှင့် ပြည့်စုံနိုင်ရန်မှာ ဤသမ္ပဒါတရားလေးပါးတို့သာ အကြောင်းရင်းများ ဖြစ်ကြသည်။
          က) ထကြွလုံ့လ ဝီရိယနှင့် ပြည့်စုံခြင်း ( ဥဌာနသမ္ပဒါ )
          ပစ္စည်းဥစ္စာ ရတနာတို့ကို ရှာမှီးစုဆောင်းရာ၌ ကံ၊ ဉာဏ်၊ ဝီရိယ သုံးမျိုးရှိသည်တွင် ကံကောင်း မကောင်းကို သိနိုင်ရန် ခဲယဉ်းသည့်အတွက် အတိတ်ကံကို မျှော်လင့်အားကိုးမနေရ၊ လက်ရှိပြုလုပ်နိုင်သည့် ပစ္စုပ္ပန်ကံဟု ဆိုရသော ဝီရိယကိုသာ ဉာဏ်နှင့်ယှဉ်၍ အားထုတ်ရမည်။
          ထကြွလုံ့လ ဝီရိယရှိရမည် ဆိုသော်လည်း ထိုလုံ့လဝီရိယသည် ဉာဏ်နှင့်ပြည့်စုံခြင်း ( ဉာဏသမ္ပတ္တိ)၊ အကွက်ကောင်း၊ နေရာကောင်းရှိရခြင်း(ဂတိသမ္ပတ္တိ)၊ အသွင်အပြင် လှပခံ့ညားခြင်း၊ ကိရိယာတန်ဆာပလာတို့နှင့် ပြည့်စုံခြင်း (ဥပဓိသမ္ပတ္တိ)၊ သင့်လျှော်အံဝင်သော အချိန်ကာလဖြစ်ခြင်း (ကာလသမ္ပတ္တိ)၊ အားထုတ်သင့်သည်ကို အားထုတ်ခြင်း၊ အားမထုတ်သင့်သည်ကို အားမထုတ်ဘဲ နေထိုင်ခြင်း (ပယောဂ သမ္ပတ္တိ) ဟူသော အင်္ဂါငါးရပ်တို့နှင့် ပြည့်စုံမှသာ လုံ့လဝီရိယရှိသလောက် အကျိုးစီးပွါး ဖြစ်ထွန်းနိုင်ပေသည်။
          ခ) ဥစ္စာစီးပွါး မပျက်ပြားအောင် စောင့်ရှောက်ရခြင်း ( အာရက္ခသမ္ပဒါ )
          ဤဒေသနာတော်၏ အဓိပ္ပါယ်အတိုချုပ်မှာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုး၊ သမီးဆိုး ဟူသော ရန်သူမျိုးငါးပါးကြောင့် မိမိလက်ရှိစီးပွါးဥစ္စာရတနာများ မလျော့ပါး၊ မပျက်ပြားရအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဟောတော်လိုရင်း ဖြစ်ပေသည်။
          ဂ) မျှတစွာ အသက်မွေးမြူခြင်း ( သမဇီဝိတာသမ္ပဒါ )
          ဤဒေသနာတော်ကို အနည်းငယ်ရှင်းပြရသော် မျှတစွာအသက်မွေးခြင်း ( သမဇီဝိတ သမ္ပဒါ) ဆိုသည်မှာ “ဝန်နှင့်အား၊ လေးနှင့်မြှား” ဆိုသကဲ့သို့ မိမိတို့၏ ဝင်ငွေအင်အားနှင့် ထွက်ငွေအင်အားတို့ကို မျှတအောင် သုံးစွဲရခြင်းပင် ဖြစ်သည်။      
          ဝင်ငွေနည်းသော်လည်း မိမိ၏ပမာဏကို မကြည့်ဘဲ ပစ္စည်းဥစ္စာအင်အားနှင့် မမျှမတ အထက်တန်းကျကျ ဝတ်စားနေထိုင်သောသူတို့သည် ရေသဖန်းသီးကို လှုပ်ခြွေစာားသူနှင့် တူ၏။ ရေသဖန်းသီးမှည့်ကို စားလိုသောသူသည် သဖန်းပင်ကို လှုပ်ခြွေပြီး မိမိအလိုရှိရာ တစ်လုံးနှစ်လုံးမျှကိုသာ စားပြီး များစွာသော သဖန်းသီးတို့ကို အကျိုးမဲ့ ချန်ထားခဲ့၏။ ထို့အတူ ဝင်ငွေနှင့် မမျှအောင် အထက်တန်းကျကျ သုံးစွဲသူသည်လည်း မိမိပစ္စည်း ဥစ္စာများကို အကျိုးမဲ့ဖြစ်အောင်(ဝါ) မွဲအောင် ဖန်တီးသူဖြစ်၏။
ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၁
          ရရှိလာသော ဥစ္စာပစ္စည်းတို့ကို လေးပုံပုံရမည်။ ထိုလေးပုံအနက် တစ်ပုံသော ပစ္စည်းဥစ္စာတို့ကို သုံးဆောင်ခံစားရမည်။ နှစ်ပုံသော ဥစ္စာပစ္စည်းတို့ကို ကုန်သွယ်မှု စသည်တို့၌ အရင်အနှီးပြုလုပ်ရမည်။ ကျန်လေးပုံမြောက်ကို ကိုယ်မကျန်းမမာဖြစ်ခြင်း စသည့် ဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာသည့်အခါ အသုံးပြုနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် စုဆောင်းသိမ်းဆည်း ထားရမည်။ ( ပါထိကဝဂ္ဂပါဌိ၊ သိင်္ဂါလောဝါဒသုတ် )
          ပထမစံကျောင်း ဆရာတော်ဘုရားကြီးမှ အတိုကောက်အားဖြင့်
“လုပ်၍ရလာ၊ ထိုဥစ္စာကို ၊ ပုံပါလေးပုံ၊ တစ်ပုံစားပါ၊ နှစ်ပုံကပ်ရင်း၊ အကြွင်းရန်ပုံ ထားပါတုံ၊ မှတ်ယုံကြီးပွါးမည်” ဟု ဆောင်ပုဒ်ပြုရေးစပ်ထားပါသည်။
ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၂
ဤနည်းကို စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာခြင်းသို့ ရောက်ပြီးနောက် လူချမ်းသာဘဝ၊ သူဌေးဘဝတို့၌ ကြာမြင့်စွာ တည်မြဲနေနိုင်သောနည်း ဖြစ်၏။ ဤနည်းတွင် အကြောင်းအရာလေးမျိုး ပါဝင်သည်။ ထိုအကြောင်းအရာလေးမျိုးမှာ--
၁) ပျောက်သော ပစ္စည်းဥစ္စာ စသည်တို့ကို ရှာဖွေရခြင်း
၂) ဟောင်းနွမ်းဆွေးမြည့်နေသောအရာကို ထပ်မံ ပြုပြင်ပြင်ဆင်ရခြင်း
၃) အတိုင်းအရှည်အားဖြင့် (ဝါ) မိမိဝင်ငွေနှင့် လိုက်လျောညီထွေဖြစ်အောင် ဝတ်စားနေထိုင်ရခြင်း
၄) ကိုယ်ကျင့်သီလရှိ၍ စာရိတ္တကောင်းသော အမျိုးသားကိုဖြစ်စေ၊ အမျိုးသမီးကိုဖြစ်စေ အကြီးအမှူး ဘဏ္ဍာစိုးအရာ၌ ထားရခြင်း တို့ဖြစ်သည်။ 
ပစ္စည်းဥစ္စာသုံးစွဲနည်း ဥပဒေသ - ၃
          …မောင်းမငါးရာတို့သည် အရှင်အာနန္ဒာ၏ တရားဓမ္မကို နှစ်သက်သဘောကျကြသဖြင့် မိမိတို့ကိုယ်ပေါ်တွင် လွှမ်းခြုံလာခဲ့ကြသည့် အပေါ်ရုံတဘက်တို့ကို အရှင်အာနန္ဒာအား အသီးသီး လှူဒါန်းခဲ့ကြပြီး ပြန်လာခဲ့ကြသည်။ ဘုရင်ထံမှောက်သို့ ရောက်ကြသည့်အခါ ဘုရင်ကြီးက “မင်းတို့ အရှင်အာနန္ဒာကို ဖူးမြော်ခဲ့ကြရဲ့လား။ လှူဖွယ်ဝတ္ထုတစ်ခုခုကိုကော လှူဒါန်းခဲ့ကြရဲ့လား” ဟု မေးမြန်းသဖြင့် မောင်းမငါးရာတို့က “ဖူးမြော်ကန်တော့ကြပြီး အပေါ်ရုံတဘက်ငါးရာကို လှူဒါန်းခဲ့ကြကြောင်း” လျှောက်တင်ကြ၏။
          ထိုအခါ ဥတေနဘုရင်ကြီးက “အရှင်အာနန္ဒာဟာ ဘာဖြစ်လို့ ဒါလောက်များများကြီး အလှူခံရပါသလဲ၊ အထည်ကုန်များ ကူးမလို့လား၊ ဒါမှမဟုတ် အထည်ဆိုင်ကြီးဖွင့်မလို့လား” ဟု ကဲ့ရဲ့စကားပြောကြား၏။ ထို့နောက် မကျေမနပ်ဖြင့် မိမိကိုယ်တိုင် အရှင်အာနန္ဒာအား သွားရောက် ဖူးမြော် ကန်တော့ပြီး အကျိုးအကြောင်း မေးမြန်း လျှောက်ထားလေ၏။ အောက်ပါတို့သည် အရှင်အာနန္ဒာနှင့် ဥတေနဘုရင်ကြီးတို့ အပြန်အလှန် ဆွေးနွေးချက်များ ဖြစ်ပါသည်။
“အရှင်ဘုရား…တပည့်တော်ရဲ့ မောင်းမငါးရာတို့ လှူဒါန်းခဲ့တဲ့ အပေါ်ရုံတဘက်တွေကို ဘယ်လိုအသုံးချပါသလဲဘုရား။”
“ဒါယကာမင်းကြီး…အဲဒီတဘက်ငါးရာကို သင်္ကန်းဟောင်းနွမ်း၊ ရှားပါးတဲ့ ရဟန်းတော်တွေ ဝေငှပြီး သုံးစွဲကြရပါတယ်။”
“ဒီလိုဆိုရင် ဟောင်းနွမ်းနေတဲ့ သင်္ကန်းတွေကို ဘယ်လိုအသုံးပြုပါသလဲဘုရား။”
“အဲဒီဟောင်းနွမ်းနေတဲ့သင်္ကန်းတွေကို ခုတင်၊ ညောင်စောင်းတွေမှာ အခင်းအဖြစ် အသုံးပြုပါတယ်။”
“အဲဒီ အခင်းအဟောင်းတွေကိုတော့ ဘယ်လိုအသုံးပြုပါသလဲ ဘုရား”
“အဲဒီ အခင်းအဟောင်းတွေကို ဘုံလျှိုစွပ် အဖြစ် အသုံးပြုပါတယ်။”
“ဘုံလျှိုစွပ်အဟောင်းတွေကို ဘယ်လိုအသုံးပြုပါသလဲ အရှင်ဘုရား”
“ဘုံလျှိုစွပ်အဟောင်းတွေကို မြေခင်း၊ ကြမ်းခင်း ပြုလုပ်အသုံးချပါတယ်။”
“မူလကြမ်းခင်း၊ မြေခင်း အဟောင်းတွေကို ဘယ်နေရာမှာ အသုံးပြုပါသလဲ ဘုရား”
“အဲဒီမြေခင်း၊ ကြမ်းခင်း အဟောင်းတွေကို ခြေသုတ်ပုဆိုးပြုလုပ်ထားပါတယ်။”
“ခြေသုတ်ပုဆိုးဟောင်းတွေကိုတော့ ဘယ်လိုအသုံးပြုထားပါသလဲဘုရား”
“အဲဒီခြေသုတ်ပုဆိုးဟောင်းတွေကို မြူမှုန်သုတ်ဖို့ ဖုန်သုတ်၊ ဖုန်ခါ ပြုလုပ်ထားပါတယ်။”
“ဖုန်သုတ်၊ ဖုတ်ခါ အဟောင်းတွေကို ဓါးနဲ့ နုပ်နုပ်စဉ်းထောင်းပြီး ရွှံ့ညွှန်တွေနဲ့ ရောနယ်ကာ မြေကြီးကို လိမ်းကျံရပါတယ်”
          ဟု မိန့်တော်မူလေသည်။
အချိန်ကိုစီမံခန့်ခွဲခြင်း
အချိန်ကို စီမံခန့်ခွဲရာတွင် အောက်ပါအတိုင်းစနစ်တကျဖြစ်ရန်လိုအပ်ပေသည်။
၁။ လုပ်ကိုလုပ်ကိုင်ရမည့်ကိစ္စများ
    ( Things that must be done )
၂။ လုပ်သင့်သည့်ကိစ္စများ
    ( Things that should be done )
၃။ ရွှေ့ဆိုင်း၍ရသည့်ကိစ္စများ
    ( Things that must be postphoned )
၄။ အခြားသူများအား လုပ်ခိုင်း၍ ရသောကိစ္စများ
    ( Things that can be delegented )
                                                                   စွန့်ဦးတီထွင်လုပ်ငန်းရှင်စာအုပ်
                                                                   ရဲမြင့်( စွန့်ဦးတီထွင်လုပ်ငန်းရှင် )
Sunday, April 27, 2014
ဘေးအန္တရာယ်ကြုံလာလျှင် ပညာရှိတို့ဖြေရှင်းနည်း
         ပညာရှိဆိုတာ ဘေးရန်ကြုံလာရင် ကြောက်ရွံ့ တုန်လှုပ်လေ့မရှိကြပါ။ ထိုပညာရှိရဲ့ ဣန္ဒြေ မပျက် ကြည်လင်လျက်နေတဲ့ မျက်နှာကို မြင်ရရင် ရန်သူတွေ စိတ်ပျက်ကြပါလိမ့်မယ်။
          အရှင်မင်းကြီး….ပညာရှိတို့ သဘောမှာ ဒီလိုဘေးရန်မျိုးတွေနဲ့ ကြုံလာတဲ့အခါ…
၁) မန္တန်၊ မန္တရား မန်းမှုတ်သောနည်းနဲ့ဖြစ်စေ။
၂) ပညာရှိတွေနဲ့ တိုင်ပင်ဆွေးနွေးတဲ့နည်းနဲ့ဖြစ်စေ။
၃) ချစ်ခင်နှစ်သက်ဖွယ်၊ နာခံလိုဖွယ်ဖြစ်တဲ့ စကားကောင်းကို ဆိုတဲ့နည်းနဲ့ဖြစ်စေ။
၄) ဥစ္စာပစ္စည်း တံစိုးလက်ဆောင် ထိုးတဲ့နည်းနဲ့ဖြစ်စေ။
၅) ဆွေမျိုး (ဝါ) အမျိုးအနွယ် စပ်တဲ့နည်းနဲ့ဖြစ်စေ။
          တစ်နည်းနည်းနဲ့ မိမိကိုယ်ကို လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားအားထုတ်ကြရမယ်။ အကယ်၍ ဤငါးပါးသော ဥပါယ်တံမျဉ်တို့ဖြင့် လွတ်အောင် ကြိုးစား၍ မရသည့် အဆုံးမှာတော့ “ငါတို့ သံသရာက ပြုခဲ့သော ကံသည် မြဲမြံလှ၏။ အားကြီးလှ၏။ ဘယ်သူမပြု မိမိမှုသာဖြစ်၏။” ဟု နှလုံးကောင်းသွင်းကာ စိုးရိမ်ငိုကြွေးခြင်း မပြုဘဲ သည်းခံကြရမည် ဟု ရဲဝံ့စွာ ပြန်လည်လျှောက်တင်သည်။
( တစသာရဇာတ် - သတိကောင်းသဖြင့် ကြီးပွါးချမ်းသာသည့် ဘုရားလောင်းသူငယ် - ဓမ္မာစရိယဦးအေးနိုင်(ဘီအေ) ရေးသားပြုစုသော မြတ်ဗုဒ္ဓ၏ကြီးပွါးချမ်းသာရေး လမ်းညွှန်ချက်များ စာအုပ်မှ ကောက်နုတ်ပါသည်။ )
*** ( မှတ်ချက် - ယခင်တင်ထားသော ဒေါက်တာခင်မောင်ဝင်း(ဒဿနိ)က စာအုပ်မှ ကောက်နုတ်ချက်နှင့် နှိုင်းယှဉ်ကြည့်ပါရန်။ သဘောထားအားဖြင့် အတူတူလို ဖြစ်ပါသည်။ မိမိတို့၏ အတိတ်ကံအား နောက်ဆုံးမှ စိတ်၏ဖြေဆည်ရာအနေဖြင့်သာ အသုံးပြုရန်ဖြစ်ပါသည်။ )