Wednesday, January 29, 2014

ဘာတွေကို စိုးရိမ်နေတာလဲ?- (၃)



                    စိုးရိမ်သောကဖြစ်ပေါ်စေသောနေရာများ

၁။ မသိနားမလည်မှုမှဖြစ်လာသောစိုးရိမ်သောက

         ပစ္စုပ္ပါန်အခြေအနေမှ စိုးရိမ်သောကကို ပြေလည်အောင်ဖြေရှင်းလို့ မရနိုင်ပါဘူး။ ရွေးချယ်စရာနည်းလမ်း မရှိတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဆိုးတွေ တွေ့နေတာလည်း ဖြစ်နိုင်တယ်။
          စိုးရိမ်သောကဖြစ်နေမယ့်အစား အခြေအနေတွေကို လေ့လာပါ။ သတင်းအချက်အလက်ကို ရှာဖွေပါ။ စိုးရိမ်သောက ပိတ်ပင်တားဆီးထားခြင်းကြောင့် ရွေးချယ်စရာနည်းလမ်းတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။
        အသစ်ရလာသော သတင်းအချက်အလက်တွေကြောင့် ဖြစ်နိုင်သောနည်းလမ်းတွေကို မြင်လာပါလိမ့်မယ်။ ထိုနည်းလမ်းတွေကို မလုပ်ဖို့ စိတ်အခုအခံတွေဖြစ်လာခဲ့ရင် ပယ်ချလိုက်ပါ။ လုပ်ကိုင်နိုင်သောနည်းလမ်းတွေ အားလုံးကို ချရေးမှတ်ထားလိုက်ပါ။ ထိုစာရင်းထဲမှ အကောင်းဆုံးနည်းလမ်းကို ဆောင်ရွက်ပါ။

၂။ အနာဂါတ်အတွက် စိုးရိမ်သောကရောက်ခြင်း

    တခါတရံမှာ ပြဿနာတစ်ခုအတွက် စိုးရိမ်နေမိပါလိမ့်မယ်။ အဲဒီပြဿနာကို အခုဖြေရှင်းလို့လဲ မရပါဘူး။
      စိုးရိမ်သောကရောက်နေမယ့်အစား၊ အချိန်ဆွဲထားလိုက်ပါ။ ထိုပြဿနာကို ဘယ်အချိန်မှာ ဖြေရှင်းမယ်ဆိုတာကို ချရေးထားပြီး၊ ပြဿနာကို ဘေးဖယ်ထားလိုက်ပါ။ နောက်တစ်ကြိမ် စိုးရိမ်သောကဖြစ်ပေါ်ခဲ့ရင်တော့ သတ်မှတ်တဲ့အချိန်မှာ ဖြေရှင်းမယ်ဆိုပြီး၊ ကိုယ့်ကို ကိုယ်သတိပေးပါ။

၃။ အတိတ်ကာလဖြစ်ရပ်အတွက် စိုးရိမ်သောကရောက်ခြင်း

“အဲဒီအချိန်က ငါလုပ်ခဲ့ရင်….”
“အဲဒီတုန်းက ဘယ်လိုလုပ်ရမှန်း ..”
အဲဒါကို မလုပ်ခဲ့မိဘူး၊ သို့မဟုတ် လုပ်လိုက်မိတယ်လို့ အတိတ်ကိုပြန်တွေးပြီး စိုးရိမ်သောကတွေ ရောက်မိတတ်ပါတယ်။ သို့သော်လည် ပစ္စုပ္ပါန်အချိန်မှာတော့ ကိစ္စတွေ ပြီးဆုံးသွားပါပြီ။
        သောကရောက်နေမယ့်အစား စိတ်လျှော့ထားလိုက်ပါ။ အခုအချိန်မှာ ပြီးခဲ့တဲ့ကိစ္စတွေကို ပိုကောင်းအောင်လုပ်နိုင်သလား။ နည်းလမ်းရှိရင် ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ ဘာကိုလုပ်မယ်ဆိုပြီး မှတ်သားထားလိုက်ပါ။
        ဘာမှ မလုပ်နိုင်ရင်တော့ ရှိပါစေတော့။ နောင်တတရားနှင့် နှစ်မြုပ်မထားပါနှင့်တော့။ အကြောက်တရားနှင့် အနာဂါတ်ကို မျှော်ကြည့်တတ်ခဲ့ရင်၊ အတိတ်ကာလအမှားတွေအတွက် နောင်တတရားထဲမှာ နှစ်မြုပ်မိလိမ့်မယ်။ 

၎။ ရပ်လို့မရဖြစ်နေသောစိုးရိမ်သောက

         လုပ်ကိုင်ရမယ့်ကိစ္စတွေကို ရွှေ့ဆိုင်းခြင်းဟာ စိုးရိမ်သောကဖြစ်စေတဲ့ အကြောင်းတစ်ခုပါ။
         စိုးရိမ်သောကရောက်နေမယ့်အစား တစ်ခုခုလုပ်ကိုင်ရိုက်ပါ။ ဘာမှ မလုပ်တာထက်စာရင် အမှားလုပ်မိခြင်းက ပိုကောင်းပါတယ်။ ချက်ချင်းမလုပ်ဖြစ်ခဲ့ရင် လုပ်ရမယ့်အချက်တွေကို ရေးမှတ်ထားပါ။ လုပ်ကိုင်မယ့်အချိန်၊ နေရာနှင့်တကွ ရေးမှတ်ထားပါ။

၅။ ရှောင်လွှဲမိလို့ဖြစ်တဲ့စိုးရိမ်သောက

         ဆုံးဖြတ်ချက်တစ်ခုအတွက် တန်ရာတန်ကြေးဆိုတာရှိပါတယ်။ ဘယ်လိုရွေးချယ်မှုကိုလုပ်လုပ် တန်ကြေးတစ်ခုတော့ ပေးရပါတယ်။ ချက်ချင်း လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုခဲ့လျှင်၊ ထိုကြားအချိန်တွေမှာ သောကတွေ ဝင်ရောက်နေရာယူသွားလိမ့်မည်။
      စိုးရိမ်ပူပန်နေမည့်အစား တန်ကြေးတစ်ခုကို ပေးပြီး၊ ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်ပါ။ ဆုံးဖြတ်ချက်ရဲ့တန်ကြေးအစစ်အမှန်ကို တွက်ချက်လိုက်ပါ။ အချိန်၊ စွမ်းအင်၊ ငွေကြေးနှင့် ဆက်ဆံရေးထိခိုက်မှုများသည် ဆုံးဖြတ်ချက်၏တွက်ချက်သင့်သော တန်ကြေးများဖြစ်ပါသည်။ 

( စိုးရိမ်သောကဆိုတာ လူတိုင်းတစ်ချိန်မဟုတ်၊ တစ်ချိန်ဖြစ်ပေါ်နေတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို အကြောက်တရားနှင့် မသေချာမှုတွေ လွှမ်းမိုးထားတဲ့နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတွေအဖို့ အမြဲတမ်း တစ်မျိုးမဟုတ်၊ တစ်မျိုးသောကတွေ ရောက်နေရပါတယ်။ ထို့ကြောင့် သင့်တော်ရာစာအုပ်ထဲမှ ဘာသာပြန်လေးလုပ်ပေးထားပါတယ်။ မူရင်းစာရေးသူနှင့် စာအုပ်ကို တင်ပေးပါမယ်ခင်ဗျား။ )

ဘာတွေကို စိုးရိမ်နေတာလဲ? - (၂)



                စိုးရိမ်သောကကို ဖြေရှင်းဖို့အတွက် နည်းလမ်း(၁၀)ချက်

၁။ အကြောက်တရားကို မဆန့်ကျင်ပါနဲ့၊ မခုခံပါနဲ့။

       ဆန့်ကျင်ခဲ့ရင် အကြောက်တရားကနစ်မြုပ်သွားမယ်။ ပြီးနောက် အစိုင်အခဲကြီးထွားလာလိမ့်မယ်။ သင်ရဲ့ခုခံမှု အားနည်းနေတဲ့အခါမှာ ပိုမိုကြီးမားတဲ့အရှိန်အဟုန်နှင့် ပေါ်ထွက်လာပြီး အကြောက်တရားမှ တိုက်ခိုက်ပါလိမ့်မယ်။ အကြောက်တရားကို ရင်ဆိုင်လက်ခံလိုက်ပါ။ ကြောက်နေချိန်တွေ ပြီးဆုံးသွားခဲ့ရင်တော့ အကြောက်တရားဆိုတာ ထပ်မံဖြစ်ပေါ်ဖို့ ခက်ခဲပါတယ်။ အဲဒီအချိန်မှာ စိုးရိမ်သောက အရောက်ဆုံးအချိန်တွေလဲ ကုန်ဆုံးသွားပါပြီ။ 

၂။ စိုးရိမ်သောကတွေကို နာမည်ပေးမှတ်သားထားလိုက်ပါ။

              ဒေါသထွက်ခြင်း၊ မရေရာသောစိုးရိမ်ပူပန်ခြင်းတွေဟာ တခါတရံမှာ အကြောက်တရားရဲ့အခြားသော ပုံစံတွေဖြစ်နေတတ်ပါတယ်။ စိုးရိမ်သောကနှင့် ပူပန်ခြင်းများသည် နှစ်ခြိုက်သောအိပ်စက်ခြင်းကို ရုတ်တရက်နိုးစေသလို၊ နေ့လည်ခင်းတရေးအိပ်စက်ခြင်းကို ဖျက်ဆီးပစ်ပါတယ်။ ဒါမှမဟုတ် တခုခုအပေါ် ထားရှိတဲ့အမြင်တွေကို မှားယွင်းစေပါလိမ့်မယ်။ လာမယ့်ရွေးကောက်ပွဲအတွက် (သို့မဟုတ်) ကျောင်းဆောင်တစ်ခု၏မှားယွင်းနေသောပုံစံအတွက် စိတ်ပူခြင်းလို့ သင် ထင်မိပါလိမ့်မယ်။ ထိုစိတ်ပူပင်စရာကိစ္စတွေအတွက် အမှန်တကယ် သောကရောက်နေတာပဲလို့လဲ ထင်မိပါလိမ့်မယ်။ တကယ့်စိတ်ပူနေတဲ့ကိစ္စအမှန်ကတော့ သင့်လည်ပင်းမှ မှဲ့တစ်လုံးရုတ်တရက် ယောင်ကိုင်းပြီး၊ နီရဲလာလို့ပါ။

          စိုးရိမ်သောကတွေကို နာမည်နဲ့တကွ ချရေးလိုက်စမ်းပါ။ တတ်နိုင်သလောက်ချရေးလိုက်ပါ။ အခုဆိုရင်တော့ ရှင်းလင်းစရာသောကတွေရဲ့စာရင်းကို ရလိုက်ပါပြီ။ 

၃။ အကျိုးဆက်တွေကို စဉ်းစားထားပါ။

        အကြောက်တရားနှင့် စိတ်ဖိစီးမှုဆိုတာ သင်ကိုယ်တွင်းမှာ တည်နေပြီး၊ ဖြစ်ပျက်တုန့်ပြန်နေသော  

“ဘယ်လိုအဆိုးဆုံးအခြေအနေအထိ ဖြစ်နိုင်သလဲ” လို့ ကိုယ့်ကို ကိုယ် မေးကြည့်လိုက်ပါ။

       ဒိန်ခဲဘာဂါနဲ့ အာလူးကြော်တွေအများကြီး စားမိလိုက်တယ်။ အစာတွေကြောင့် တစ်ပါတ်စာ အစားအသောက်တွေနှင့် ညီမျှသည့်ကယ်လိုရီနှင့် အဆီဓါတ်တွေ အများကြီးသွေးထဲကို ရောက်သွားတယ်။ ဒီလိုအမြဲစားသုံးခဲ့မယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်ပြီး၊ အသက်တိုစေမယ်ဆိုတာ အသေအချာပါ။ သို့သော်လည်း တစ်ခါတရံစားသောက်ရုံနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူး။ တခါတလေစားသောက်ခဲ့ရင် အရသာရှိတဲ့အစားသောက်တွေပါ။

၎။ စိုးရိမ်သောကကို အဆိုးဆုံးအခြေအနေအတွက် စဉ်းစားလိုက်ပါ။

         ပရိသတ်က သင် လုပ်တဲ့ အမှားအတွက် ရယ်မောကြတယ်။ လှောင်ပြောင်ကြတယ်။ နောက်တော့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတယ်။

         အခန်းထဲကနေ ဆွဲထုတ်ပြီး၊ အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။

         အလုပ်ပြုတ်တယ်။ မိန်းမနဲ့ ကွဲသွားတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။…. စသည်ဖြင့် အဆိုးဆုံးအခြေအနေတွေ အထိတွေးကြည့်လိုက်စမ်းပါ။

၅။ ကြိုတင်ကာကွယ်ဖို့အတွက် ဘာလုပ်နိုင်သလဲကို ရှာဖွေပါ။

      သင်ရွေးချယ်ဖို့အတွက် နည်းလမ်း(၃)ခုရှိပါတယ်။

-တခုခုကို အခုချက်ချင်းဆောင်ရွက်ခြင်း

-တခုခုကို နောက်ပိုင်းတွင် ဆောင်ရွက်ခြင်း

-ဘာတစ်ခုကိုမှ မဆောင်ရွက်ခြင်း

       ဖြစ်နိုင်သည့်အရာတွေနှင့် အတိုးအလျှော့လုပ်ပါ။ အဆီအဆိမ့်တွေကို စားခဲ့လို့ အရမ်းစိုးရိမ်နေခဲ့ရင် တစ်လလုံးနောက်ထပ်မစားမိအောင် နေဖို့ကြိုးစားပါ။ ဒိန်ခဲဘာဂါနဲ့ အားလူးကြော်မှာ တစ်ခုခုကို ရွေးလိုက်ပြီး အခြားတစ်ခုကို မစားမိအောင်ကြိုးစားပါ။ အရမ်းစားချင်နေခဲ့ရင်တော့ သူငယ်ချင်းဆီက တစ်ကိုက်လောက်တောင်းစားပြီး အာသာပြေအောင်ကြိုးစားပါ။

       စီးပွါးရေးဆိုင်ရာ တင်ပြဆွေးနွေးပွဲအတွက် စိုးရိမ်နေခဲ့တယ်ဆိုရင် အောက်ပါအတိုင်း ဖြေရှင်းကြည့်နိုင်ပါတယ်။ အင်တာနက်ကို အသုံးပြုပြီး အချက်အလက်ကောင်းတွေ ရှာဖွေပါ။ သင့်ကို စာနာမှုရှိသောပရိသတ်ရှေ့တွင် တင်ပြဆွေးနွေးမှုကို လေ့ကျင့်ပါ။ လည်ချောင်းနာနေတယ်လို့ ပြောပြီး၊ ရှောင်တခင်ဆေးခွင့်ယူပါ။ အခြားသူတစ်ဦးကို အစားထိုးဖို့ ကြိုးစားပါ။

       စိုးရိမ်မှုအတွက် ဘာမှ မဆောင်ရွက်တော့ဘူးလို့ သင် ဆုံးဖြတ်နိုင်ပါတယ်။ ဘာပဲလုပ်လုပ် ဒီအခြေအနေကို မပြောင်းနိုင်တော့ဘူးလို့ ယူဆခဲ့ရင်တော့ ဘာမှမလုပ်ပါနဲ့တော့။ ဖြစ်လာမယ့်အန္တရာယ်နှင့် ကြိုတင်ကာကွယ်မှုတွင် ကြိုတင်ကာကွယ်မှုက ပိုမိုတန်ကြေးရှိနေတယ်လို့ သင် ယူဆခဲ့ရင် ဘာမှ မလုပ်ပါနှင့်တော့။

      ဘာမှမလုပ်တော့ဘူးလို့ ဆုံးဖြတ်ခြင်းသည် ထိုကိစ္စကို မဆုံးဖြတ်ခြင်း၊ ဆုံးဖြတ်ရန်ရှောင်ရှားနေခြင်းနှင့်

 မတူညီပါ။ အခြေအနေကို လေ့လာသုံးသပ်ပြီး၊ ဘာမှမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်ဆိုခဲ့ရင် ရှုပ်ထွေးမှုကို ရှင်းပစ်လိုက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် စိုးရိမ်သောကတွေ သက်သာသွားလိမ့်မယ်။  ဆုံးဖြတ်ခြင်းကို သင် မလုပ်ဆောင်ခဲ့ရင်တော့ စိုးရိမ်သောကတွေ ပြန်ရောက်လာလိမ့်မယ်။ 

      မနက်ဖြန်မှာ ဆုံးဖြတ်ရမယ့်ကိစ္စတစ်ခုအတွက် စိုးရိမ်နေရတယ်ဆိုပါစို့။ မနက်ဖြန်ကိစ္စအတွက် အိပ်လို့မပျော်ခဲ့ရင် စိတ်ထဲမှာ ဒီလိုပြောကြည့်လိုက်ပါ။

“မနက်ဖြန်ကိစ္စကို အခုမဆုံးဖြတ်ဘူး။”

အဲဒီလို အကြိမ်ကြိမ် ပြောကြည့်လိုက်ပါ။

“အဲဒီကိစ္စအတွက် ဘယ်လိုဆုံးဖြတ်ချက်မဆို အဆင်ပြေတယ်။”

အဲဒီလို အကြိမ်ကြိမ် ပြောကြည့်ရင် အဲဒီအချက်ကို သင်ယုံကြည်လာပါလိမ့်မယ်။ အဲဒီအချက် မှန်တယ်ဆိုတာကို သင့်အတွင်းစိတ်က ယုံကြည်လာပါလိမ့်မယ်။

       ကိစ္စတစ်ခုအတွက် ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ အရေးမကြီးပါဘူး။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။


၆။ ဆုံးဖြတ်ချက်ချခြင်း။

အခုချက်ချင်း တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင်တော့ ချက်ချင်းလုပ်လိုက်ပါ။

      တချိန်ချိန်မှာ အဲဒီကိစ္စကို လုပ်ဆောင်ဖို့ ဆုံးဖြတ်တယ်ဆိုရင်၊ ဘာလိုလုပ်ကိုင်မယ်ဆိုတာကို ရေးမှတ်ပါ။ ဘယ်အချိန်လုပ်ကိုင်မယ်ဆိုတာကို နေ့ရက်၊ အချိန်၊ နေရာနှင့်တကွ ရေးမှတ်ပါ။ အတိအကျအသေးစိတ်ဖြစ်ပါစေ။

      အဲဒီကိစ္စအတွက် ဘာမှဆောင်ရွက်ဖို့ မလိုဘူးလို့ဆုံးဖြတ်ခဲ့ရင်တော့ ဒီအတိုင်းထားလိုက်ပါတော့။

၇။ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။

      ဆုံးဖြတ်ချက်ကို တစ်ကြိမ်သာချမှတ်ပါ။ ဒိန်ခဲဘာဂါကို စားမယ်လို့ ဆုံးဖြတ်ပြီးရင်း စားလိုက်ပါ။ အရသာခံပြီး စားလိုက်ပါ။ ဆလတ်ရွက်နှင့် ခရမ်းချဉ်သီးကို စားမယ်လို့ ဆုံးဖြတ်ပြီးရင် စားလိုက်ပါ။ မစားတော့ဘူးလို့ ဆုံးဖြတ်ပြီးရင်တော့ ဆာလောင်မှုကို လက်ခံပြီးခံစားလိုက်ပါ။ ဘာပဲဆုံးဖြတ်ဆုံးဖြတ် စိတ်ပါလက်ပါလုပ်လိုက်ပါ။ နောက်တစ်ခါထပ်စဉ်းစားပြီး၊ ဝေဝါးမနေပါနှင့်။ 


       ကိစ္စတွေကို ချက်ချင်း(သို့) နောင်တချိန်မှာ လုပ်ကိုင်ဖို့ ဆုံးဖြတ်ချလိုက်သော်လည်း စိုးရိမ်သောကတွေ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ စိုးရိမ်သောကတွေ သင့်ရဲ့သိစိတ်မှာ ရောက်လာခဲ့ရင် ဒီကိစ္စအတွက် စဉ်းစားဆုံးဖြတ်ပြီးပြီလို့ သင့်ကိုယ်သင် အကြိမ်ကြိမ် ပြောပြီး ဖြေရှင်းရမယ်။ 


       စိုးရိမ်သောကတွေ ပျောက်ကွယ်အောင်ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ တစ်ခုမဟုတ် တစ်ခုအတွက် စိုးရိမ်နေမိတတ်ပါတယ်။ ယုတ်စွအဆုံး ကလေးဘဝအချိန်တွေအထိ တွေးပြီး စိုးရိမ်နေမိတတ်ပါတယ်။ စိုးရိမ်သောကတွေဖြစ်နေသည့်အတွက် ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်။ 

၈။ စိုးရိမ်သောကကို ရင်ဆိုင်နေရတာ သင် တစ်ယောက်ထဲမဟုတ်ပါ။

       ကိုယ့်စိတ်ထဲမှ သောကတွေကို ကိုယ်သိပေမဲ့ အခြားသူတွေ စိတ်ထဲမှ သောကတွေကို မသိနိုင်ကြပါဘူး။ အများရှေ့မှောက်မှာ မြင်နေရတာက ဟန်ဆောင်မျက်နှာဖုံးတွေပါ။ ဒီမျက်နှာဖုံးတွေကြောင့် သောကကင်းဝေးသူတွေလို့ သင် ထင်မိပါလိမ့်မယ်။ သင်ကို မဖေါ်ပြပေမယ့် လူတိုင်းမှာ သူ့အပူနဲ့သူ သောကရောက်နေကြပါတယ်။

       ကိုယ့်အပူတွေကို ပြောမပြရင် အခြားသူတွေကလည်း သင့်ကို တည်ငြိမ်အေးဆေးပြီး၊ အဆင်ပြေအောင်မြင်နေသူလို့ ထင်ပါလိမ့်မယ်။

        အဲ့ဒါကြောင့် ကိုယ်တစ်ယောက်ထဲ ပူပင်သောကရောက်နေတာမဟုတ်ဘူးလို့ ယုံကြည်လိုက်စမ်းပါ။ 

၉။ ကြောက်နေသော်လည်း လုပ်သင့်တာကို လုပ်ပါ။

      ကြောက်စိတ်ပျောက်မှ တစ်ခုခုလုပ်မယ်လို့တော့ မစဉ်းစားပါနှင့်။ အဲ့ဒါဆို အလုပ်မဖြစ်ပါဘူး။

      သတ္တိဆိုတာ ကြောက်စိတ် မရှိခြင်း မဟုတ်ပါဘူး။ ကြောက်သော်လည်း လုပ်ကိုင်ဆောင်ရွက်ခြင်းကို သတ္တိလို့ခေါ်ပါတယ်။ လုံးဝကြောက်စိတ်မရှိဘူးလို့ ဟန်မဆောင်ပါနှင့်။ ကြောက်စိတ်ကို အဆုံးစွန်အထိဖွင့်ပေးလိုက်ပါ။ အဲဒီလိုလုပ်ပြီး ကြောက်စိတ်ကို ခွန်အားနှင့် ဖြတ်လတ်ခြင်းသို့ ပြောင်းလဲပေးလိုက်ပါ။

      အစပိုင်းမှာတော့ ကြောက်စိတ်ကို ခံစားလိုက်ပါ။ ပြီးတော့ တည်ငြိမ်အေးဆေးမှုကို အစားထိုးလိုက်ပါ။

၁၀။ စိုးရိမ်သောကတွေ ကူးစက်ခြင်းကို ကာကွယ်ပါ။

      သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်နိုင်လာသောအခါ အခြားသူတွေရဲ့ပူပင်မှုတွေ၊ သောကတွေကို ပိုပြီးမြင်လာပါလိမ့်မယ်။

     အဲဒီလိုဖြစ်ခဲ့ရင် သူတို့ရဲ့ မကောင်းမြင်မှု၊ အလျှင်စလိုဆောင်ရွက်မှုတွေကြောင့် ကိုယ့်ကို မထိခိုက်ပါစေနှင့်။ ပြဿနာတွေကို ကြိုးစားပြီး ဖြေရှင်းမနေပါနှင့်။ ငြင်းခုံမှုတွေ မလုပ်ပါနှင့်။ အရှုပ်အထွေးတွေကြားထဲမှ ရုန်းထွက်ဖို့ ကြိုးစားပါ။ ဖြေရှင်းလို့မရသောကိစ္စတွေကို ရှိပါစေတော့လို့ စိတ်ထဲမှာ ထားလိုက်ပါတော့။ 

 ( စိုးရိမ်သောကဆိုတာ လူတိုင်းတစ်ချိန်မဟုတ်၊ တစ်ချိန်ဖြစ်ပေါ်နေတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို အကြောက်တရားနှင့် မသေချာမှုတွေ လွှမ်းမိုးထားတဲ့နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတွေအဖို့ အမြဲတမ်း တစ်မျိုးမဟုတ်၊ တစ်မျိုးသောကတွေ ရောက်နေရပါတယ်။ ထို့ကြောင့် သင့်တော်ရာစာအုပ်ထဲမှ ဘာသာပြန်လေးလုပ်ပေးထားပါတယ်။ မူရင်းစာရေးသူနှင့် စာအုပ်ကို တင်ပေးပါမယ်ခင်ဗျား။ )

ဘာတွေကို စိုးရိမ်နေတာလဲ?- (၁)



( စိုးရိမ်သောကတွေကို ရပ်တန့်အောင် ကြိုးစားကြည့်လိုက်ပါ။ အချိန်နှင့်ခွန်အားကို စိုးရိမ်သောက ခိုးယူနေလို့ပါ။ )

 ( စိုးရိမ်သောကဆိုတာ လူတိုင်းတစ်ချိန်မဟုတ်၊ တစ်ချိန်ဖြစ်ပေါ်နေတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို အကြောက်တရားနှင့် မသေချာမှုတွေ လွှမ်းမိုးထားတဲ့နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံသားတွေအဖို့ အမြဲတမ်း တစ်မျိုးမဟုတ်၊ တစ်မျိုးသောကတွေ ရောက်နေရပါတယ်။ ထို့ကြောင့် သင့်တော်ရာစာအုပ်ထဲမှ ဘာသာပြန်လေးလုပ်ပေးထားပါတယ်။ မူရင်းစာရေးသူနှင့် စာအုပ်ကို တင်ပေးပါမယ်ခင်ဗျား။)

အချိန်တွေကို သေသေချာချာသုံးနိုင်ရဲ့လားလို့ စဉ်းစားပြီး တွေးပူနေမိပါသလား။

အဲဒီလိုစဉ်းစားနေခြင်းဟာ အချိန်ဖြုန်းခြင်းနည်းလမ်းတစ်ခုပါ။ စိုးရိမ်သောကတွေကြောင့် နားနားနေနေ မဖြစ်တော့ပါဘူး။ ဆုံးဖြတ်ချက်ကောင်းတွေကို ချနိုင်တဲ့အရည်အသွေးတွေကို ပျောက်ဆုံးစေပါတယ်။ အလုပ်လုပ်ခြင်းနှင့် အားကစားလုပ်ခြင်းတို့ကြောင့် ခံစားရသည့် ကျေနပ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ပျက်စီးဆုံးရှုံးစေပါတယ်။ 

          စိုးရိမ်သောကတွေကြောင့် အစီအစဉ်တွေမဆွဲနိုင်တော့ပါဘူး။ အလုပ်တွေ မလုပ်နိုင်တော့ပါဘူး။ ပြဿနာတွေကို မဖြေရှင်းနိုင်တော့ပါဘူး။ စိုးရိမ်သောကတွေကြောင့် ပြဿနာပြေလည်သွားတယ်ဆိုတာ မရှိပါဘူး။

          စိုးရိမ်သောကတွေဟာ ပစ္စုပ္ပန်ကို မျက်ကွယ်ပြုပြီး၊ ဘယ်တော့မှ ရောက်မလာတတ်တဲ့ အနာဂါတ်ကာလမှ ဒုက္ခတွေကို စဉ်းစားနေလို့ပါ။

          စိုးရိမ်သောကဆိုတာ ယူထားတဲ့အကြွေးတွေကို အတိုးပေးနေရသလိုပါ။ အတိုးကို ပေးဆပ်နေရသော်လည်း၊ လက်ဆုပ်လက်ကိုင်တော့ ပြစရာမရှိပါဘူး။ လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ အပို ပိုက်ဆံလည်းကုန်သွားပါပြီ။ ပိုက်ဆံနေရာမှာ အချိန်နဲ့ခွန်အားကို အစားထိုးပြီး စဉ်းစားကြည့်လိုက်စမ်းပါ။ ဘယ်လောက်တောင် အကုန်အကျများနေပြီလဲ။
         
စိုးရိမ်သောကရောက်စရာ (၃)ချက်

၁။ ချမှတ်ရမည့်ဆုံးဖြတ်ချက်တစ်ခုအတွက် စိုးရိမ်ခြင်း။
          ဆုံးဖြတ်ချက်အသေးလေးဖြစ်နိုင်သလို၊ ဆုံးဖြတ်ချက်ကြီးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်တွေအတွက်တော့ စိုးရိမ်သောကရောက်နေမိမှာပါ။

၂။ လုပ်ဆောင်ရမည့် ကိစ္စအတွက်စိုးရိမ်ခြင်း။
          စီးပွါးရေးဆွေးနွေးပွဲတစ်ခုအတွက် စိုးရိမ်ခြင်း၊ မိတ်ဆုံးစားပွဲတစ်ခုတက်ရောက်ရန် စိုးရိမ်ခြင်း။

၃။ သင်ထိန်းချုပ်လို့မရသည့်အရာများအတွက် စိုးရိမ်ခြင်း။
          သစ်တောများပြုန်းတီးခြင်း။ ရာသီဥတုဖေါက်ပြန်ခြင်း။

          အချက်(၃) မှာ ပါတဲ့ကိစ္စအတွက် စိုးရိမ်စရာအလွန်ကောင်းသော်လည်း ချက်ချင်းအကျိုးသက်ရောက်မည့် အရာများ မဟုတ်ပါ။ ဒီအချက်တွေကြောင့်စိုးရိမ်ခြင်းသည်  ဘာဟင်းချက်စားရမလဲဆိုသည့် ပစ္စုပ္ပန်စိုးရိမ်ခြင်းလောက် ကြီးမားမည် မဟုတ်ပါ။

ကိစ္စတွေအတွက် စိုးရိမ်နေခြင်း၏တန်ဖိုးကို တိုင်းတာမှတ်သားကြည့်ရအောင်

၁။ ငယ်ရွယ်စဉ်မှာ ဖြစ်ရသောစိုးရိမ်သောကများကို ချရေးကြည့်လိုက်ပါ။

၂။ အထက်တန်းကျောင်းတက်စဉ်ကြုံတွေ့ရသော စိုးရိမ်သောကများကို ချရေးကြည့်လိုက်ပါ။

၃။ လွန်ခဲ့သောတစ်နှစ်ခန့်တွင် ကြုံတွေ့ရသော စိုးရိမ်သောကများကို ချရေးကြည့်လိုက်ပါ။



စိုးရိမ်သောကတစ်ခုစီနှင့် ပတ်သက်သောမေးခွန်း(၃)ခုကို ယခုပင် ကိုယ့်ကိုကိုယ်မေးကြည့်ပါတော့။

၁။ အဲဒီကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်အထိစိုးရိမ်သောကရောက်နေရပါသလား။

၂။ အဲဒီအခြေအနေကို ဘယ်လိုဖြေရှင်းလိုက်ပါသလဲ။

၃။ စိုးရိမ်သောကသည် အခက်အခဲတွေကို ကူညီရှင်းလင်းခဲ့ပါသလား။

စိုးရိမ်သောကသည် အခက်အခဲကို ဖြေရှင်းရန်အတွက် အသုံးမဝင်ကြောင်းကို မုချတွေ့ရပေလိမ့်မယ်။ အခက်အခဲကို ဖြေရှင်းဖို့အတွက် တစ်ခုခုလုပ်ဖို့လိုပါတယ်။ အချိန်ကာလသည် အခက်အခဲတွေကို သက်သာစေနိုင်သလို မေ့ပျောက်စေနိုင်ပါတယ်။ ဒါမှမဟုတ် အခက်အခဲနှင့်အတူတကွ နေထိုင်ဖို့အတွက် အချိန်ကာလတစ်ခုလိုအပ်ပါတယ်။

ယခုအချိန်တွင် အဘယ်ကြောင့်ပူပင်သောကရောက်နေရမှာလဲ။

Wednesday, January 8, 2014

ကိုယ့်ဒုက္ခနဲ့ကိုယ်



     ထိုင်းနိုင်ငံမှာ သီတင်းသုံးတဲ့ဝါငယ်ရဟန်းတစ်ပါးအတွက်ဘဝဟာ မျှတမှုမရှိပါဘူး။ အကောင်းဆုံးသောအစားအစာနှင့် အကောင်းဆုံးအခင်းကူရှင်ကို ဝါတော်ကြီးရဟန်းတော်တွေ သုံးစွဲပါတယ်။ လက်တွန်းလှည်းတွန်းခြင်းစသည့် အလေးအပင်အလုပ်တွေကို မလုပ်ရပါဘူး။ ကျွန်တော်စားရသော တစ်နပ်စာဆွမ်းက အရမ်းကို ညံ့ဖျင်းလွန်းပါတယ်။ မာကျော၊ အေးစက်နေတဲ့ ကွန်ကရစ်ကြမ်းခင်းပေါ်မှာ နာရီပေါင်းများစွာ တရားထိုင်ရပါတယ်။ တခါတရံ ပင်ပန်းတဲ့အလုပ်ကြမ်းတွေ လုပ်ရပါသေးတယ်။ အလွန်နုံချာလှတဲ့ ငါ့ကံတရားပါလားလို့ ညှဉ်းညူမိပါတော့တယ်။ 

          တရားမျှတမှုကိုရရှိဖို့ ကျွန်တော်တစ်ယောက်ထဲ နာရီပေါင်းများစွာ ညဉ်းညူမည်တမ်းမိပါတယ်။ ဝါကြီးတဲ့ရဟန်းတော်တွေအဖို့ အမြဲတမ်းစားသောက်နေရတဲ့အတွက် အစားအသောက်ကောင်းတွေ မလိုအပ်တော့ပါဘူး ။  ကျွန်တော့်အတွက်တော့ တကယ့်ကို လိုအပ်ပါတယ်။ ဝါကြီးရဟန်းတော်တွေကနှစ်ပေါင်းများစွာ တရားထိုင်ခြင်းကို အလေ့အကျင့်ဖြစ်နေပါပြီ။ အဲဒါကြောင့် သူတို့အတွက် ထိုင်ခုံကူရှင်အကောင်းတွေ မလိုအပ်တော့ပါဘူး။ ဝါကြီးရဟန်းတော်တွေက ဝါငယ်ရဟန်းတော်တွေကို အလုပ်လုပ်ဖို့ကြိုးစားဖို့ အမြဲပြောပါတယ်။ သူတို့ကိုယ်တိုင်တော့ မည်သည့်အလုပ်ကိုမှ မလုပ်ပါဘူး။

 “အဲဒါကြောင့် လက်တွန်းလှည်းကို ဘယ်လောက်လေးလေးတွန်းရတယ်။”
“နေအပူထဲမှာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာကို သူတို့ သိကြပါ့မလား။”  
“အလုပ်အစီအစဉ်တွေကို အဲဒီရဟန်းတော်တွေ ချမှတ်ကြတာပါ။ ဒါကြောင့် အလုပ်တွေကို သူတို့လုပ်သင့်ပါတယ်။”
 “ပင်ပန်းတဲ့အလုပ်တွေကျတော့ ငါတို့လုပ်ရတယ်။”
         အဲဒီအခါမှာ “ဘယ်လောက်ဆင်းရဲပင်ပန်းတဲ့ငါ့ဘဝလဲ။ ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့သူတို့ဘဝတွေလဲ” လို့ တစ်ကိုယ်တည်း ရေရွတ်မိပါတယ်။

          ကျွန်တော် ကိုယ်တိုင်ဝါကြီးရဟန်းတော်တစ်ပါးဖြစ်လာတဲ့အခါ အကောင်းဆုံးသောအစားအသောက်တွေကို စားသောက်ရပါတယ်။ နူးညံ့တဲ့ကူရှင်အခင်းအပေါ်မှာ ထိုင်ပြီး၊ ကိုယ်ကာယပင်ပန်းသောအလုပ်တွေ မလုပ်ရပါဘူး။ သို့သော်လည်း ဝါငယ်ရဟန်းတော်အပေါ် မနာလို ဖြစ်မိပါတယ်။ တရားပွဲတွေကို ဝါငယ်ရဟန်းတွေ မဟောရပါဘူး။ တစ်နေကုန်တစ်နေခန်း လူတွေရဲ့ လူမူဒုက္ခတွေကို နားထောင်စရာ မလိုအပ်ပါဘူး။ စီမံခန့်ခွဲရေးကိစ္စတွေမှာ အချိန်တွေကို သုံးစရာမလိုပါဘူး။ တာဝန်ခံစရာကိစ္စတွေမရှိသလို၊ အချိန်တွေကို ကိုယ်ပိုင်အဖြစ် သုံးစွဲလို့ရနိုင်ပါတယ်။ အဲဒီအခါမှာ “ဘယ်လောက်ဆင်းရဲပင်ပန်းတဲ့ငါ့ဘဝလဲ။ ဘယ်လောက်တောင်ကံကောင်းလိုက်တဲ့သူတို့ဘဝတွေလဲ” လို့ တစ်ကိုယ်တည်း ရေရွတ်မိပါတယ်။

          အခြေအနေတွေအာလုံးအပေါ်ကို ကျွန်တော်တွေးဆလို့ရပါပြီ။ ဝါနုရဟန်းတော်တွေအတွက် သူ့တို့ကိုယ်ပိုင်ဒုက္ခတွေရှိသလို ဝါကြီးရဟန်းတော်တွေအတွက်လည်း သူတို့ဒုက္ခတွေနဲ့သူတို့ပါ။ ရဟန်းဘဝဝါတော်ရလာသည်နှင့်အမျှ ဒုက္ခတွေလဲ အမျိုးမျိုးပြောင်းလဲလာတာပါ။ 

          တစ်ကိုယ်ရည်တစ်ကာယသမားတွေက အိမ်ယာထူထောင်သူတွေကို သုခချမ်းသားတွေခံစားနေရတယ်ထင်ပြီး မနာလိုဖြစ်ကြသလို၊ အိမ်ထောင်သည်တွေကလဲ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် တစ်ကိုယ်ရည်တစ်ကာယသမားတွေရဲ့လွတ်လပ်မှုကို မနာလိုဖြစ်နေကြသလိုပါပဲ။ တကယ်တော့ လူတိုင်းလူတိုင်း ကိုယ်ဒုက္ခနှင့်ကိုယ်ဖြစ်နေတာပါ။ အိမ်ယာထူထောင်ခြင်းသည် အိမ်ထောင်ရေးဒုက္ခနှင့် တစ်ကိုယ်ရည်ဒုက္ခကို လဲလှယ်လိုက်ခြင်းပါ။ အိမ်ထောင်ကို ကွာရှင်းပြတ်စဲခြင်းသည် တစ်ကိုယ်ရည်ဒုက္ခနှင့် အိမ်ထောင်ရေးဒုက္ခကို ပြန်လဲလှယ်ခြင်းပါ။ 

          ကျွန်တော်တို့ ငွေကြေးဥစ္စာချို့တဲ့ချိန်မှာ ငွေကြေးချမ်းသာသူတွေကို မလိုဖြစ်တတ်ကြပါတယ်။ သို့သော် ငွေကြေးချမ်းသာသူတွေကလည်း ချို့တဲ့သူတွေပိုင်ဆိုင်တဲ့ရိုးသားသောရင်းနှီးချစ်ခင်ခြင်းနှင့် အနှောင်အဖွဲ့ကင်းမှုကို မနာလိုဖြစ်နေတတ်ကြပါတယ်။ ငွေကြေးဥစ္စာချမ်းသာခြင်းသည် ဒုက္ခကင်းဝေးခြင်းလို့ ပြောလို့မရပါဘူး။ ဆင်းရဲတဲ့ဒုက္ခတွေကို ချမ်းသာတဲ့ဒုက္ခနဲ့ လဲလှယ်လိုက်ရတာပါ။ 

          တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုက်ရင် ပျော်ရွှင်ရမယ်လို့ ထင်မြင်ခြင်းသည် ထင်ယောင်ထင်မှားဖြစ်မှုပါ။ နေရာတစ်နေရာကို ပိုင်ဆိုင်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့ခြင်း မဟုတ်ပါ။ တစ်နေရာမှ ဒုက္ခနှင့် အခြားတစ်နေရမှဒုက္ခကို လဲလှယ်ခြင်းမျှသာဖြစ်ပါတယ်။ ဝါငယ်ရဟန်းဖြစ်ဖြစ်၊ ဝါကြီးရဟန်းဖြစ်ဖြစ် အရေးမကြီးပါ။ တစ်ကိုယ်ရည်တစ်ကာယသမားဖြစ်ဖြစ်၊ အိမ်ထောင်သည်ဖြစ်ဖြစ် အရေးမကြီးပါ။ ဆင်းရဲချမ်းသာအရေးမကြီးပါ။ ရောက်ရှိသောနေရာနှင့် ပိုင်ဆိုင်သောဘဝလေးကို ကိုယ်တိုင်ကျေနပ်နေဖို့သာလိုအပ်ပါတယ်။ ထိုကျေနပ်မှု၏ နောက်ဆက်တွဲအဖြစ် ဆင်းရဲဒုက္ခကင်းဝေးခြင်းကို ပိုင်ဆိုင်ရပေလိမ့်မည်။
          ထိုအချိန်တွင် “ကံကောင်းလိုက်တဲ့ငါ၊ ကံဆိုးလိုက်တဲ့သူများတွေ” လို့ သင်ကြွေးကြော်နိုင်ပါလိမ့်မည်။

( poor me, lucky them ကို ပြန်ဆိုရေးသားပါသည်။ )