Showing posts with label ကူးယူဖေါ်ပြ. Show all posts
Showing posts with label ကူးယူဖေါ်ပြ. Show all posts

Sunday, April 27, 2014

ဘေးအန္တရာယ်ကြုံလာလျှင် ပညာရှိတို့ဖြေရှင်းနည်း



         ပညာရှိဆိုတာ ဘေးရန်ကြုံလာရင် ကြောက်ရွံ့ တုန်လှုပ်လေ့မရှိကြပါ။ ထိုပညာရှိရဲ့ ဣန္ဒြေ မပျက် ကြည်လင်လျက်နေတဲ့ မျက်နှာကို မြင်ရရင် ရန်သူတွေ စိတ်ပျက်ကြပါလိမ့်မယ်။

          အရှင်မင်းကြီး….ပညာရှိတို့ သဘောမှာ ဒီလိုဘေးရန်မျိုးတွေနဲ့ ကြုံလာတဲ့အခါ…


၁) မန္တန်၊ မန္တရား မန်းမှုတ်သောနည်းနဲ့ဖြစ်စေ။

၂) ပညာရှိတွေနဲ့ တိုင်ပင်ဆွေးနွေးတဲ့နည်းနဲ့ဖြစ်စေ။

၃) ချစ်ခင်နှစ်သက်ဖွယ်၊ နာခံလိုဖွယ်ဖြစ်တဲ့ စကားကောင်းကို ဆိုတဲ့နည်းနဲ့ဖြစ်စေ။

၄) ဥစ္စာပစ္စည်း တံစိုးလက်ဆောင် ထိုးတဲ့နည်းနဲ့ဖြစ်စေ။

၅) ဆွေမျိုး (ဝါ) အမျိုးအနွယ် စပ်တဲ့နည်းနဲ့ဖြစ်စေ။


          တစ်နည်းနည်းနဲ့ မိမိကိုယ်ကို လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားအားထုတ်ကြရမယ်။ အကယ်၍ ဤငါးပါးသော ဥပါယ်တံမျဉ်တို့ဖြင့် လွတ်အောင် ကြိုးစား၍ မရသည့် အဆုံးမှာတော့ “ငါတို့ သံသရာက ပြုခဲ့သော ကံသည် မြဲမြံလှ၏။ အားကြီးလှ၏။ ဘယ်သူမပြု မိမိမှုသာဖြစ်၏။” ဟု နှလုံးကောင်းသွင်းကာ စိုးရိမ်ငိုကြွေးခြင်း မပြုဘဲ သည်းခံကြရမည် ဟု ရဲဝံ့စွာ ပြန်လည်လျှောက်တင်သည်။

( တစသာရဇာတ် - သတိကောင်းသဖြင့် ကြီးပွါးချမ်းသာသည့် ဘုရားလောင်းသူငယ် - ဓမ္မာစရိယဦးအေးနိုင်(ဘီအေ) ရေးသားပြုစုသော မြတ်ဗုဒ္ဓ၏ကြီးပွါးချမ်းသာရေး လမ်းညွှန်ချက်များ စာအုပ်မှ ကောက်နုတ်ပါသည်။ )

*** ( မှတ်ချက် - ယခင်တင်ထားသော ဒေါက်တာခင်မောင်ဝင်း(ဒဿနိ)က စာအုပ်မှ ကောက်နုတ်ချက်နှင့် နှိုင်းယှဉ်ကြည့်ပါရန်။ သဘောထားအားဖြင့် အတူတူလို ဖြစ်ပါသည်။ မိမိတို့၏ အတိတ်ကံအား နောက်ဆုံးမှ စိတ်၏ဖြေဆည်ရာအနေဖြင့်သာ အသုံးပြုရန်ဖြစ်ပါသည်။ )

Tuesday, April 22, 2014

မောင်သာမည- ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ ( ၃ )



( ဆရာမောင်သာမည ပြန်ဆိုပြုစုသော “ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ” စာအုပ်လေးကို ကောက်နုတ်ကူးယူတင်ပြလိုပါတယ်။ စာအုပ်ကို “Plastic Rainbow Publishing” စာအုပ်တိုက်မှ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အဓိကပြဿနာများမှာ ဦးဆောင်သူများ အပြင် နောက်လိုက်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှုကြောင့် ဖြစ်ပွါးနေသည်ဟု ထင်မြင်ယူဆပါသည်။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်းကို အောက်တွင် ရေးသားထားသည့် ကောက်နုတ်ချက်များကို ဖတ်ရှူပြီး စာဖတ်သူတို့ ဆက်လက်တွေးတောကြည့်ပါတော….။   )


၎) လိင်မှုကွင်းဆက်

လူ့လောကရဲ့အေးချမ်းမှုကို နှောက်ယှက်ဖျက်ဆီးနေတဲ့ ရာဇဝတ်ပြစ်မှုများရဲ့ အဓိကအရင်းခံဟာ လိင်စိတ် ဖေါက်ပြန်မှုပဲ ဖြစ်တယ်လို့ လူမှုရေးပညာရှင် တချို့က ပြောကြပါတယ်။ လိင်မှုကိစ္စဆိုင်ရာ ရင့်ကျက်မှု မရှိတဲ့အတွက် လူ့လောကနဲ့ချီတဲ့ ဆိုးကျိုးကြီးကြီးမားမားတွေ ဖြစ်ပေါ်လာရတယ်လို့ သည်ပညာရှင်များက ထောက်ပြနေပါတယ်။
          လူသားသည် မသဲကွဲသော လိင်စိတ်နှင့် မွေးဖွါးလာသောသတ္တဝါဖြစ်၏။ ထို့ကြောင့် သီးသီးသန့်သန့် ပြတ်ပြတ်သားသားရှိပြီး ဖန်တီးမှုပါသော လိင်မှုဆက်ဆံရေးဆီသို့ ရောက်သည်အထိ ရင့်ကျက်ရန်လိုအပ်သည်။
          ကျွန်ုပ်တို့ လူသားများ၏ လိင်သဘာဝသည် ရင့်ကျက်မှုသို့ မရောက်မှီ ပုံမှန်ဖွံ့ဖြိုးမှု အဆင့်များကို ဖြတ်သန်းသွားရသည်ဟူသော အချက်ဖြစ်၏။ တချို့သော စိတ်ခံစားမှု အတွေ့အကြုံများကြောင့် ယင်းလိင်သဘာဝသည် ဤအဆင့်တစ်ခုခုတွင် ရပ်တန့်သွားတတ်သည်။ ထိုအခါ ရင့်ကျက်မှုဆီသို့ ဆက်လက် မတိုးတက်နိုင်ဘဲ ဖြစ်ရသည်။
          ပြင်းထန်သော လိင်စိတ်နှင့် အချုပ်အချယ်ကင်းမဲ့သော လူကြီးစိတ်တို့ ပူးတွဲလာလေရာ၊ ပတ်ဝန်းကျင်ကို မိမိလူကြီးဖြစ်ကြောင်း ပြသရာတွင် လိင်မှုစွမ်းဆောင်ချက်တို့ဖြင့် ပြသတတ်သည်။ ချစ်သူ အဖေါ်ထားခြင်းပင် ဖြစ်ပါ၏။
          လူတစ်ယောက်သည် မိမိ၏ လိင်သဘာဝကို နောင်တစိတ်ကင်းမဲ့စွာ လက်ခံခြင်း မရှိသေးလျှင်လည်းကောင်း၊ မိမိ၏လိင်သဘာဝကို ဆင်ခြင်တုံဥာဏ်နှင့် ယှဉ်သည့် ဘဝစီမံကိန်းတစ်ခုအတွင်းသို့ သွတ်သွင်းပေါင်းထည့်ခြင်း မရှိသရွေ့လည်းကောင်း၊ လိင်မှုကိစ္စကို အပြန်အလှန်အကျိုးပြုသော ဖိုမကြား ဆက်ဆံရေး၏ အခြေခံအဖြစ် မဖန်တီးနိုင်သရွေ့လည်းကောင်း ထိုသူကို လိင်စိတ် ရင့်ကျက်သူဟု ဆိုနိုင်မည် မဟုတ်ပါ။
          လူတစ်ယောက်၏ လိင်အပြုအမူသည် သူတစ်ပါးကို လွမ်းမိုးချုပ်ကိုင်ပြီး အမြတ်ထုတ် အသုံးချလိုသည့် ဆန္ဒနှင့် ပြည့်နေမည်ဆိုလျှင်၊ ထိုသူသည် ကျန်သည့်လူမူကိစ္စမှန်သမျှ၌လည်း အပေါ်စီးမှ ချုပ်ကိုင်ပြီး အမြတ်ထုတ်နေမည်သာ ဖြစ်ပါသည်။ လူလူချင်း တန်းတူညီမျှဆက်ဆံရမည်ဆိုသည့် ရင့်ကျက်သောစိတ်ဓါတ်မျိုးရှိမည် မဟုတ်ပါ။ လိင်ကိစ္စကို စက်ဆုပ်ရွံ့ရှာစရာအဖြစ် သဘောထားသူသည်လည်း၊ အခြားကိစ္စရပ်တို့၌ တန်ဖိုးမှန်ကို တွက်ချက်တတ်မည် မဟုတ်ပါ။ မှန်ကန်စွာ ဝေဖန်တတ်သည့် ဆင်ခြင်တုံစွမ်းအားသည် ထိုသူ၌ ချို့တဲ့နေမည်သာ ဖြစ်ပါ၏။

၅) ကိုယ်ချင်းစာမှုကွင်းဆက်

စင်စစ် မိမိကိုယ်ကိုသာ ဗဟိုပြု အာရုံစိုက်ရာမှ၊ သူတစ်ပါးတို့ကိုလည်း မိမိနှင့် အလားတူ လူသားများဟု သိမှတ်ကာ၊ ယင်းသူတစ်ပါးနှင့် မိမိကြား ဆက်စပ်မှုကို သိမြင်သဘောပေါက် သွားခြင်းသည် ရင့်ကျက်မှု၏ အရေးပါဆုံး အဆင့်တစ်ရပ်ဖြစ်ပါ၏။

တိတိကျကျပြောရရင် ကိုယ့်အသက်ရှင်သန်မှုအတွက်၊ ပတ်ဝန်းကျင်ကို ရွေးချယ်တုံ့ပြန်ရင်း အတ္တဆိုတာ ဖြစ်တည်လာရပါတယ်။
          သည်လို ပတ်ဝန်းကျင်နဲ့ ဟန်ချက်ညီတဲ့ အတ္တကို တည်ဆောက်ခြင်းသည်ပင် ရင့်ကျက်မှုကွင်းဆက်တစ်ခု ဖြစ်တယ်လို့ ဆရာကြီးအိုဗါစထရိက ပြောပါတယ်။

          လူတစ်ယောက်သည် မိမိကိုယ်ကို အခြားသော ဘဝတူလူသားတို့အကြား၌ တည်ရှိနေသူအဖြစ် မြင်နိုင်စွမ်းနှင့် မြင်လိုစိတ် မရှိသရွေ့လည်းကောင်း၊ မိမိကို သူတစ်ပါးက ပြုစေချင်သည့်အတိုင်း ကိုယ်က သူတစ်ပါးအပေါ် ပြုနိုင်စွမ်းနှင့် ပြုလိုစိတ် မရှိသရွေ့လည်းကောင်း၊ ရင့်ကျက်ခြင်း မရှိသေးသူသာ ဖြစ်ပေ၏။ 

          တကယ့်လက်တွေ့မှာ ဇာတ်လိုက်( ဟီးရိုး ) မဖြစ်ပေမယ့် စိတ်ကူးနဲ့တော့ ဖြစ်နေနိုင်တယ် မဟုတ်ပါလား။ သည့်ထက်ပိုပြီး အကျိုးရှိတာကတော့ သည်လိုဇာတ်လိုက်နဲ့ ဝင်ပူးခံစားရင်း၊ တကယ့်လက်တွေ့ဘဝမှာလည်း ကိုယ့်ကိုယ်ကို ဇာတ်လိုက်ဖြစ်လာအောင် ကြိုးပမ်းလိုစိတ် ဝင်လာခြင်းပါ။ အနုပညာနဲ့ အားကစားရဲ့ ရည်ရွယ်ချက်တစ်ခုဟာ ဒါပါပဲ။

          မရင့်ကျက်သော ယင်းမိဘတို့က ကလေးငယ်ကို အတ္တဗဟိုပြုစိတ်မှ ထွက်မြောက်နိုင်အောင် အားမပေးဘဲ၊ ယင်းအတ္တဗဟိုပြုစိတ်ကို ခိုင်မာသည်ထက် ခိုင်မာအောင်သာ ပံ့ပိုးပေးပါသည်။

၆) ဒဿနအမြင်ကွင်းဆက်

ကလေးသူငယ်၏ အသိဥာဏ်ကား အစိတ်စိတ် အပိုင်းပိုင်းကိုသာမြင်၍ ၊ အနာဂါတ်ကို မျှော်မြင်ရာတွင်လည်း အစိတ်စိတ်အပိုင်းပိုင်း တစ်စတစ်နမျှသာ ဖြစ်နေ၏။ သူသည် အစိတ်အပိုင်းတို့ကို ဆက်စပ်ပြီး စုစည်းနိုင်သော အသိဥာဏ်မရှိ။ ထိုမှတဆင့်တက်၍ အစိတ်အပိုင်းတို့ကို အစုအစည်းအတွင်း သွတ်သင်းကြည့်နိုင်ခြင်းကား သူ့ကိုယ်သူ ဒဿနကွင်းဆက်ဖြင့် ဘဝဆက်စပ်လိုက်ခြင်း ဖြစ်၏။ ထိုအခါ အစိတ်အပိုင်း၏ အနက်အဓိပ္ပါယ်မှာလည်း ပြီးပြည့်စုံသွားပါတော့သည်။ 

          လူသားသည် သီးခြားတည်ရှိနေသော အရာများနှင့် ပြီးသည့် လောကတစ်ခုအတွင်းသို့ ဖွါးမြင်ဝင်ရောက်ရှိခြင်းဖြစ်၏။ ထို့ကြောင့် ကလေးသူငယ်တို့၏ အစကနဦးအမြင်မှာ ဆက်စပ် စုစည်းမှုမပါဝင်သော သီးခြားကန့်သတ် အမြင်များသာ ဖြစ်ပါ၏။ အရွယ်ရလာသည်နှင့်အမျှ သီးခြားအရာတို့ကြား၌ရှိသည့် ဆက်စပ်မှုကို မြင်လာသည်။ ယင်းဆက်စပ်မှုဖြင့် သီးခြားအရာတို့ကို စုစည်းကြည့်လာသည့်အခါ သူ့အမြင်သည် ကျယ်ပြန့်လာသည်။ 

          သိပ္ပံပညာကျော် အိုင်းစတိုင်းက သူဟာ သူလုပ်ခဲ့တဲ့အလုပ်ရဲ့ ပမာဏနဲ့ လူ့လောကက သူ့အပေါ် ကူညီပံ့ပိုးပေးမှုရဲ့ ပမာဏကို နှိုင်းယှဉ်ကြည့်သည့်အခါတိုင်း ကိုယ့်ကိုယ်ကို ရှက်မိပါရဲ့လို့ ပြောဖူးပါတယ်။

          ပတ်ဝန်းကျင်အတွက် နည်းနည်းပါးပါးလုပ်ပြပြီးတာနဲ့ ကိုယ့်ကိုယ်ကို မဟာကယ်တင်ရှင်ကြီးသဖွယ် ဂုဏ်ယူဝံ့ကြွားပြီး ဆယ်သက်စားမကုန်တဲ့ စည်းစိမ်ချမ်းသာတွေကို တနင့်တပိုး ဆယ်ယူတတ်ကြပါတယ်။ သူတို့ဟာ လူ့လောကရဲ့ကျေးဇူးကို မသိတတ်ရုံမျှမက၊ လူ့လောကအပေါ် ကျေးဇူးကန်း သစ္စာဖေါက်တာအထိ၊ ကျူးလွန်တတ်ကြပါတယ်။ သူဟာ လူတစ်ဦးနဲ့တစ်ဦး ဆက်စပ်တည်ရှိနေရတဲ့ လူ့ဘောင်လောကအစုအဝေးကြီးကို ခြုံငုံမြင်နိုင်စွမ်း ချို့တဲ့ တဲ့အတွက်၊ လူမှုဆက်ဆံရေး ဖေါက်ပြန်တဲ့ ရောဂါရှင်တွေ ဖြစ်လာကြကာ စင်ကြယ်ခြင်းနဲ့ ကင်းဝေးနေကြရပါတယ်။ သည်လို လူတွေကို ဒဿန အမြင်မရှိသူတွေလို့ ဆရာကြီး အိုဗါစထရိက သတ်မှတ်ပါတယ်။

          လူတစ်ယောက်သည် လယ်သမားပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ်၊ စီးပွါးရေးသမားပဲ လုပ်လုပ်၊ စက်ပြင်ဆရာပဲလုပ်လုပ်၊ သံတမာန်ပဲလုပ်လုပ်၊ မိဘပဲလုပ်လုပ်၊ အမတ်ပဲလုပ်လုပ် မိမိကိုယ်ကို အဖွဲ့အစည်းအတွင်း ပါဝင်သွတ်သွင်းလိုက်ခြင်းဖြစ်သည့်အတွက် ဒဿနအမြင်ရှိသူဟု ဆိုရပါမယ်။ ထိုသို့သော အဖွဲ့အစည်းဆိုင်ရာ အလုပ်တို့ကို ပီပီပြင်ပြင်လုပ်နေသည့်အချိန်တွင် သူသည် အစုအစည်းတစ်ခုလုံးကို သိမြင်နေပြီး၊ အစုအစည်းတစ်ခုလုံး၏ အနာဂါတ်ကို တွက်ချက် မြော်မြင်နေပါသည်။ သူ၏အပြုအမူနှင့် အဖွဲ့အစည်း၏ အနာဂါတ်ကို ဆက်စပ်သိမြင်နေပါ၏။ 

          တစ်ဖန်လူတစ်ယောက်သည် စိတ်စေတနာကောင်းတို့နှင့် ပြည့်စုံသောကြောင့် ပြဿနာတစ်ရပ်၏ အချက်အလက်တို့ကို မသိပါဘဲလျက်၊ ထိပ်တန်းနိုင်ငံသားတစ်ယောက်ဖြစ်နိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်နေတတ်ကြ၏။ ဤကဲ့သို့ လွဲမှားသောယုံကြည်ချက်တို့ကို ခိုင်မာအောင် ကျားကန်ပေးနေသည့် အချက်ကား “အောင်မြင်မှု”နှင့် “ကောင်းမွန်မှု” ဆိုင်ရာ အသိအမှတ်မှားတို့ ဖြစ်ပါ၏။ 

          လူသား၏ လွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့သည် ဤကဲ့သို့ အမြင်မှား အထင်မှားတို့ကို ဖယ်ရှား ပစ်ရပါမည်။ ရင့်ကျက်မှုနှင့် ပတ်သက်၍ မှန်မှန်ကန်ကန် သိမြင်အောင် ကြိုးစားရပါမည်။ ရင့်ကျက်မှုဆိုင်ရာ ကွင်းဆက်များ ဆက်စပ်နေပုံကို သိရပါမည်။ ကျွန်ုပ်တို့တွင် ရှိသော စွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန်မှီခိုနေကြသဖြင့် နယ်ပယ်တစ်ခုတွင်ရှိသော မရင့်ကျက်မှုသည် တခြားနယ်ပယ်ရှိ မရင့်ကျက်မှုများကို တိုးပွါးစေပါသည်။ 

( ထိုထက်ပိုမို၍ အသေးစိတ်သိနိုင်ရန်အတွက် မူရင်းစာအုပ်ကို ဖတ်ရူနိုင်ပါသည်။ ယခုဖေါ်ပြချက်များသည် ကောက်နုတ်ချက်များသာဖြစ်ပါသဖြင့် တချို့နေရာများတွင် အဆက်အစပ်မရှိဖြစ်နေပါလိမ့်မည်။  )

မောင်သာမည- ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ ( ၂ )



( ဆရာမောင်သာမည ပြန်ဆိုပြုစုသော “ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ” စာအုပ်လေးကို ကောက်နုတ်ကူးယူတင်ပြလိုပါတယ်။ စာအုပ်ကို “Plastic Rainbow Publishing” စာအုပ်တိုက်မှ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အဓိကပြဿနာများမှာ ဦးဆောင်သူများ အပြင် နောက်လိုက်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှုကြောင့် ဖြစ်ပွါးနေသည်ဟု ထင်မြင်ယူဆပါသည်။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်းကို အောက်တွင် ရေးသားထားသည့် ကောက်နုတ်ချက်များကို ဖတ်ရှူပြီး စာဖတ်သူတို့ ဆက်လက်တွေးတောကြည့်ပါတော….။   )


၂) တာဝန်ကွင်းဆက်

- လူသည် မှီခိုသည့်ဘဝမှ အမှီကင်းသည့် ဘဝသို့ အလိုအလျောက် မရောက်ရှိနိုင်ပါ။

- အားကိုးရာမဲ့အဖြစ်မှ ကိုယ့်အားကိုယ်ကိုးနိုင်သည့် တာဝန်ယူတတ်သည့်အနေသို့ အလိုအလျောက် မရောက်ရှိနိုင်ပါ။

- တာဝန်မယူတတ်သည့်အနေမှ တာဝန်ယူတတ်သည့်အနေသို့ အလိုအလျောက် မရောက်ရှိနိုင်ပါ။

- တစ်ဖန် အမှီခိုကင်းခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်း စသည့် တာဝန်ယူတတ်မှု ကွင်းဆက်ကြီး၊ ချို့တဲ့နေပါကလည်း ရင့်ကျက်သူမဟုတ်ပဲ၊ အချောင်လူကြီးသာ ဖြစ်နေပါသည်။



          ပြဌာန်းခံဝါဒ ( Determinism ) ဆိုတဲ့ အယူအဆတစ်ရပ်ရှိပါတယ်။ သည်အယူအဆအရဆိုရင် လူတွေဟာ ပတ်ဝန်းကျင် အကြောင်းအရာတွေရဲ့ စီရင်ပြဌာန်းမှုကို ခံနေကြရသူများသာ ဖြစ်တယ်။ ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက်မိသားစုက ဖန်တီးလိုက်တာဖြစ်တယ်။ ရာဇဝတ်သားဆိုတာ ပတ်ဝန်းကျင် မကောင်းလို့ ပေါ်ပေါက်လာတာဖြစ်တယ် စသည်ဖြင့် ပတ်ဝန်းကျင်မှာပဲ အကြောင်းအရင်း ဆင်ခြေကိုရှာဖွေတဲ့ အယူအဆပါ။ သည်အယူအဆကို မျက်စိပိတ် လက်ခံလိုက်ရင်လူဟာ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်မှု မရှိတော့တဲ့ ယဇ်ကောင်ဘဝကို ရောက်ရတော့တာပဲ။ ကျေးပိုင်၊ ကျွန်ပိုင် ပဒေသရာဇ်စနစ်ရဲ့အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒဖြစ်ပါတယ်။


          ပြဌာန်းခံ အခြေအနေက လွတ်မြောက်ဖို့အတွက် ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို ပိုင်စိုးတယ်။ ကိုယ့်ကိုယ်ကို ပိုင်စိုးခြင်းသည်သာ လူ့ဘဝရဲ့အနှစ်သာရ ဖြစ်တယ်လို့ ပြောင်းလဲရှူမြင်ခြင်းပါပဲ။ စင်စစ်သည်အမြင်ဟာ ဗုဒ္ဓဘာသာဝင်တို့ ထားရှိအပ်တဲ့ အမြင်ပါ။ ဘာကြောင့်လဲဆိုတာ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဆုံးစွန်ပန်းတိုင်ဖြစ်တဲ့ ဝိမုတ္တိရသ (လွတ်မြောက်ခြင်း ပန်းတိုင် ) ဟာ ကိုယ့်ကိုယ်ကို ပိုင်စိုးခြင်း၊ အမှီအခိုကင်းခြင်း၊ လွတ်လပ်ခြင်း စတာတွေဟာ ဖြစ်တည်မှု တစ်ခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။


          ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို ပိုင်စိုးတဲ့သူဟာ၊ လွတ်လပ်မှုကို ရရှိတာနဲ့အတူ ကိုယ့်တာဝန် ကိုယ်ယူရတဲ့ အဖြစ်ကိုလည်း လက်ခံရတာကိုး။ ဒါကြောင့် ဂျော့ဘားနတ်ရှော ဆိုတဲ့ စာရေးဆရာကြီးက ပြောဖူးတယ်။ “လွတ်လပ်ခြင်းဆိုတာ တာဝန်ယူမှု ဆိုတာနဲ့ အတူတူပဲ။ ဒါကြောင့် လူတွေက ကြောက်ကြတယ်”တဲ့။ 


          ဖြစ်တည်မှုဝါဒီ ယန်းပေါဆာ့ထ်ကတော့ ကိုယ့်တာဝန် ကိုယ်မယူရဲတဲ့သူတွေကို “မရိုးသားသူတွေ” လို့ ထောက်ပြပါတယ်။


          မွေးခါစမှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်း ကြီးပြင်လာတာနဲ့အမျှ၊ လွတ်လပ်လာပြီး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသူတွေ ဖြစ်လာရပါမယ်။ ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူသူပဲ ဖြစ်ပါတယ်။

၃) အပြောအဆိုနူတ်မှုကွင်းဆက်


စကားပြောဆိုလျှင် ထစ်ထစ်ငေါ့ငေါ့ ပြောဆိုသော၊ တောင်ရောက်မြောက်ရောက် ပြောဆိုသော၊ လေလုံးမကွဲ ပြောဆိုသော၊ တစ်ဆိတ်ကို တစ်အိတ်လုပ်၍ ပြောဆိုသော၊ လေကြောရှည်ကြီးနှင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ပြောဆိုသော၊ အပ်ကြောင်းထပ်၍ ပြောဆိုသော၊ တစ်ဖက်သားကို ဂရုမထားဘဲ တစ်ဖက်သတ်ပြောဆိုသော၊ နှုတ်မှုရေးရာ မနူးမနပ်သည့် သူတို့သည် လက်ညိုးထိုးမလွဲအောင် ပေါများလွှမ်းမိုးနေလေရာ၊ စကားပြော ရင့်ကျက်ခြင်းမှာ လူလွန်မသားတို့၏ ဂုဏ်ရည်လိုဖြစ်နေပါတော့သည်။

          ဂျာမန်ပညာရှင်ကြီးဗွန်ဟမ်းဗို့က “ဘာသာစကားကြောင့်သာ လူသည် လူအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်၏။” 


          အတွေးအကြံကို ဖလှယ်ရင်း အသိပညာ ဘဏ်တိုက်ကို ပိုင်ဆိုင်နိုင်ဖို့အတွက်၊ ဘာသာစကားရဲ့ အခန်းဏ္ဍဟာ အလွန်အရေးပါခဲ့တာပါ။

          မိမိပြောဆိုချင်သည့်အရာကို ခိုင်ခိုင်မာမာ တိတိကျကျ လှလှပပ ပြောနိုင်သူရှားသည်။ အခြေအနေနှင့် လိုက်ဖက်ညီသည့် စကားမျိုးကို အသိတရားရှိရှိပြောဆိုနိုင်သူ နည်းသည်။ ထို့ကြောင့်ပင်လျှင် စကားပြော ကျွမ်းကျင်ပါးနပ်ရုံမျှနှင့်ပင် အောင်မြင်မှုကို ရသူတွေ ရှိနေခြင်းဖြစ်၏။

          ဘာသာစကားပြောဆိုမှုဟာ ဗီဇပါ အရည်အချင်း မဟုတ်ပါဘူး။ မွေးဖွါးလာပြီးနောက်မှ သင်ယူလေ့ကျင့်ရတဲ့ အရာပါ။ ဒါကြောင့် နှုတ်မှုရေးရာ ညံ့ဖျင်းမှုဟာ သင်ယူမှု ညံ့ဖျင်းလို့ဆိုတာ သိသာထင်ရှားပါတယ်။


          စကားလုံးကွင်းဆက်သည် စကားလုံးများမှတစ်ဆင့် စိတ်ဓါတ်စရိုက်နှင့် ဆက်စပ်သည့် ကွင်းဆက်ဖြစ်သည်။

          ရင့်ကျက်တဲ့ အပြောအဆိုဟာ လူသားတိုင်းအတွက် မရှိမဖြစ်တဲ့ အရည်အချင်းတစ်ခုပါ။