Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Monday, May 19, 2014

ကျမ မျက်လုံးတွေပွင့်လာခဲ့ပြီ….( 2 )



        

လက်ထပ်ပွဲအပြီး၊ နှစ်လလောက်အကြာ ညနက်ပိုင်းမှာ ကျမတို့အိမ်ခေါင်းလောင်းကို တီးသံကြားရပါတယ်။ ကျမတံခါးကို ဆွဲဖွင့်လိုက်ချိန်မှာ သမီးငိုပြီး ကျမလက်မောင်းထဲကို လဲကျသွားပါတယ်။ ကျမ သမီးကို အိမ်ထဲကို ဆွဲခေါ်သွားပြီး၊ ကြည့်လိုက်ချိန်မှာ သူမရဲ့မျက်နှာ၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ အညိုအမဲစွဲနေပါတယ်။ သူ့ယောက်ျား အရက်သောက်ပြီး၊ သူ့ကို ဘယ်လောက်ရိုက်တယ်ဆိုတာ ပြောပါတယ်။ ကျမအိမ်ဖေါ်မလေး ပြောတဲ့ ကြောက်စရာဇာတ်လမ်းတွေကို ကျမချက်ချင်း ပြန်ကြားမိပါပြီ။

          ကျမသမီးကို ပြန်ပို့အပြီးမှာ ကျမ ဘာအကြောင်းကြောင့် ဒီလိုဖြစ်ရသလဲ စဉ်းစားရပါပြီ။ ဒီအခြေအနေထိအောင် ကျမသမီး ဘာလို့လက်ခံနေတာလဲ။ အိမ်ဖေါ်မလေးကို မကူညီဘဲ၊ လူသားတစ်ဦးရဲ့လုပ်ဆောင်ရမယ့်ဝတ္တရားကို ပျက်ကွက်ခဲ့တဲ့ သူမအမေ ကျမကြောင့်လား။ မတရားမှုကို တားမြစ်တဲ့အနေနဲ့ ကျမတို့ တတ်နိုင်သလောက် လုပ်သင့်တယ်လို့ အချက်ပေးနေပြီလို့ ဆိုလိုတာလား။ ဘယ်သူခံရတာဖြစ်ဖြစ်၊ မတရားဘူးဆိုရင် နိုင်သလောက် မလုပ်သင့်ဘူးလား။ 

          ကျမ အသဲတွေ ကွဲနေပါပြီ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ဆင်းရဲသားတွေမှာပဲဖြစ်တတ်တယ်၊ ချမ်းသာသူတွေ၊ ခေတ်မှီသူတွေကတော့ လက်ထပ်ပြီးရင် ပျော်ပျော်ရွှင်ရွှင် နေကြတယ်လို့ ကျမယောက်ျားနဲ့ကျမ အမြဲယုံကြည်ခဲ့ပါတယ်။
          ဒီလိုနှိပ်စက်တာကို ဘာလို့အကြာကြီး မပြောဘဲနေတာလဲလို့ ကျမသမီးကို မေးကြည့်တယ်။ သူမ ဒီလိုပြန်ဖြေတယ်။

          “အမေ၊ တယ်လီဖုန်းဆက်ပြီး ပြောဖို့ကြိုးစားတိုင်း ကျမ အိမ်ဖေါ်မလေးရဲ့အဖြစ်အပျက်ကို အမြဲသတိရတယ်။ ဂီးတလဲ သမီးလို အဖြစ်မျိုးကြုံခဲ့ပါတယ်။ အမေနဲ့အဖေ ဘာမှဝင်စွက်ပြီး မပြောခဲ့ဘူး။ အမြဲနုတ်ပိတ်နေခဲ့တယ်။ တကယ်တော့ လင်၊မယားနှစ်ယောက်ကြားကိစ္စကို ဝင်မစွက်ဖက်ဖို့ အဖေ အမေ့ကို သေသေချာချာ ပြောထားခဲ့တယ်လေ။ ဒါကြောင့် ကျမ မှားယွင်းမှုမရှိအောင် ရေငုံနုတ်ပိတ်နေသင့်တယ်လို့ တွေးမိတယ်လေ။”

          ဘေးမှာထိုင်ပြီး၊ အရေးတယူ မပြုသင့်တဲ့အချိန်အခါ မဟုတ်တော့ပါဘူး။ အိမ်ဖေါ်မလေးဂီးတနဲ့ ကလေးတွေကို ကျမအိမ်ကိုခေါ်ထားလိုက်တယ်။ ကျမအိမ်ဖေါ်မလေးနဲ့ ကျမသမီးကို နှိပ်စက်မှုကင်းပြီး၊ ချစ်ခင်အေးချမ်းတဲ့ပတ်ဝန်းကျင်မှာနေရဖို့ ကျမ တတ်နိုင်တာ အားလုံးလုပ်တော့မယ်။
          ကျမ ရှေ့နေတစ်ယောက်နဲ့ ဆက်သွယ်တယ်။ ကျမသမီးယောက်ျားနဲ့ အိမ်ဖေါ်မလေးရဲ့ယောက်ျားတို့ ကျူးလွန်တဲ့ အိမ်တွင်းအကြမ်းဖက်၊ နှိပ်စက်တဲ့အမှုကို တရားရုံးမှာ တရားစွဲဖြေဖို့ပါ။ ဘုရားသခင်ရဲ့စောင်မမှု၊ ခိုင်မာတဲ့အထောက်အထားနဲ့ မျက်မြင်သက်သေတွေ ကျမတို့ဖက်မှာ ရှိခဲ့ပါပြီ။ ကျမတို့ အမှုနှစ်ခုလုံးနိုင်ခဲ့ပါပြီ။

          ကျမသမီးနဲ့ အိမ်ဖေါ်မလေးတို့ လိုအပ်တဲ့ကူညီမှုရခဲ့ပါတယ်။ ဒါပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်တွေရှိနေဦးမယ်ဆိုတာ ကျမတို့ သိခဲ့ပါပြီ။ နီးစပ်ရာရဲစခန်းကို ဆက်သွယ်ချိန်မှာ အခြားသောအကြမ်းဖက်ခံသားကောင်တွေ ရှိတယ်ဆိုတာ ပြောပြကြပါတယ်။ ထိုအမျိုးသမီးတွေကို ကျမတို့ရဲ့အတွေ့အကြုံတွေ ပြောပြတယ်။ ဥပဒေလမ်းညွှန်မှုတွေ လုပ်ပေးတယ်။ 

          နောက်ပိုင်း Ultimate လို့ခေါ်တဲ့ NGO တစ်ခုကို ကျမတို့ ထူထောင်လိုက်ပါတယ်။ ဘင်ဂလောမြို့နဲ့ အနီးအနားကျေးရွာတွေမှာ အကြမ်းဖက်မှုအတွက် ဥပဒေနဲ့အခွင့်အရေးကို အမျိုးသမီးတွေ ပိုမိုသိရှိဖို့ ဆောင်ရွက်ပါတယ်။ ဥပဒေကြောင်းဆိုင်ရာမှာ အခမဲ့ကူညီပါတယ်။ ပန်းထိုးခြင်း၊ အပ်ချုပ်ခြင်း၊ အခြေခံကွန်ပြုတာသင်တန်း၊ ပန်းချီဆွဲခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း စတဲ့ သင်တန်းတွေ NGO မှ ဖွင့်လှစ်ပေးပါတယ်။ ကျေးရွာမှ အမျိုးသမီးများ လွတ်လပ်စွာပြောဆိုဖို့ စည်းရုံးတိုက်တွန်းပါတယ်။ 

          အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားပါတယ်။ ကျမသမီး ဒီပီကား နောက်တစ်ကြိမ်အိမ်ထောင် ထပ်ပြုပြီး၊ ကလေးတစ်ယောက်ထပ်ရပါပြီ။ သူ့ယောက်ျားနဲ့အတူ ချင်နိုင်းမှာ ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ ကျမယောက်ျား ဒေလီမြို့ကို ပြောင်းရွှေ့ချိန်မှာ အိမ်ဖေါ်မလေးဂီးတ သူ့ရွာကိုပြန်သွားခဲ့ပြီး၊ Ultimate အဖွဲ့နဲ့ အလုပ်တွေဆက်လုပ်ခဲ့ပါတယ်။ အခုတော့ Ultimate အဖွဲ့ကို ဘင်ဂလောမြို့ရှိကျောင်းဆရာတွေ စီမံခန့်ခွဲပါတယ်။ 

          ပြန်တွေးကြည့်တဲ့အခါ၊ တကယ်လို့ အိမ်ဖေါ်မလေးဂီးတရဲ့ဒုက္ခတွေကို စောစီးစွာ ဝင်စွက်ပြီး ဖြေရှင်းခဲ့ရင် ကျမသမီးတွေအတွက် မှန်ကန်တဲ့နမူနာဖြစ်လာနိုင်မယ်။ ကျမတို့ခံစားရတဲ့ဒုက္ခမျိုး မကြုံအောင် ရှောင်လွဲနိုင်မှာပါ။ ကျမ အခု သိလိုက်ပါပြီ။ အိမ်တွင်းအကြမ်းဖတ်မှုတွေ ကျမတို့အိမ်တံခါးဝ ရောက်လာချိန်အထိ စောင့်မနေသင့်ပါဘူး။ ရောက်မလာခင် ဖြေရှင်းသင့်တာဖြေရှင်း၊ လုပ်သင့်တာကို  လုပ်ကိုင်ရမှာပါ။ 

( Opening my eyes by Neha Mehta- RD- Feb,2011 ကို ဘာသာပြန်ဆိုပါသည်။  )
         

ကျမ မျက်လုံးတွေပွင့်လာခဲ့ပြီ….( 1 )



ကျမရဲ့အိမ်ဖေါ်မလေး ခံစားနေရတဲ့အိမ်တွင်းအကြမ်းဖက်မှုကို မသိကျိုးနွံပြုခဲ့ပေမယ့် - နောက်ဆုံး အကြမ်းဖက်မှု ကျမအိမ်အထိ ရောက်လာခဲ့ပြီလေ…

          ကျမနဲ့ ကျမယောက်ျား ခီရှမ်း ဟာ ဒေလီဇာတိပါ။ ကျမယောကျာ်းက အထက်တန်းဘဏ်အရာရှိအဖြစ်လုပ်ကိုင်ပြီး၊ သုံးနှစ်တစ်ခါ မြို့အသစ်တစ်ခုကို ပြောင်းရပါတယ်။ ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ ကျမတို့ ဘင်ဂလော မြို့မှာ နေထိုင်ပါတယ်။ ကျမတို့ ဘင်ဂလော မြို့ရောက်ပြီး မကြာခင် ဂီးတလို့ခေါ်တဲ့ အိမ်ဖေါ်မလေးတစ်ယောက် ငှားခဲ့ပါတယ်။
          သူမဟာ ရှက်တတ်ကြောက်တတ်ပါတယ်။ သို့ပေမယ့် သိပ်မကြာမှီ သူမဘဝကို ဖွင့်ဟပြောပါတယ်။ သူမဟာ ကြောက်စရာနှိပ်စက်မှုရဲ့သားကောင်ပါ။ ညတိုင်းလိုလို သူမယောက်ျား ရက်ရက်စက်စက် ရိုက်ပါတယ်။ သူမရှာဖွေသမျှကို အရက်သောက်တယ်။ လောင်းကစားလုပ်တယ်။ သူမမှာ ကျွေးမွေးဖို့ ကလေးသုံးယောက်ရှိပါတယ်။ 

          တစ်ညမှာတော့ ကျမရဲ့ ဆယ်ကျော်သက်သမီးနှစ်ယောက်နဲ့အတူ ညစာစားရင်း၊ အိမ်ဖေါ်မလေးရဲ့ဒုက္ခဆိုးကို ကျမယောက်ျားကို ပြောပြလိုက်တယ်။ လင်နဲ့မယားကြားမှာ ဘာတွေပဲဖြစ်ဖြစ် ဒါသူတို့ရဲ့ကိုယ်ပိုင်ကိစ္စလို့ ကျမယောက်ျား ပြန်ပြောပါတယ်။ အိမ်ဖေါ်မလေးကိစ္စကို စိတ်ဝင်စားမယ့်အစား သမီးတွေရဲ့ကျောင်းကိစ္စကို ပိုစိတ်ဝင်စားသင့်တယ်လို့ ကျမယောက်ျား ပြောပါတယ်။ ဒါဟာ ကျမ အကောင်းဆုံးလုပ်ရမယ့်ကိစ္စဆိုပြီး သဘောတူလိုက်ပါတယ်။ 

          နေ့တိုင်း ကျမတို့အိမ်ကို နှစ်နှစ်လုံးလုံး လာပြီး၊ အိမ်ဖေါ်မလေး အလုပ်လုပ်ပါတယ်။ သူမခံစားနေရတာ ကျမ မျက်မြင်ပါ။ သူမရဲ့မျက်နှာဟာ ရိုက်နှက်မှုကြောင့် အညိုအမဲစွဲ၊ ရောင်ကိုင်းနေပါတယ်။ သူမရဲ့အခြေအနေ ပိုပြီး ဆိုးဆိုးလာတာကို တွေ့ပါတယ်။ သနားပါတယ်လို့ တွေးမိပေမဲ့ ဘာမှ အရေးတယူ လုပ်မပေးမိပါဘူး။

          သူမကို ဆောင်ရွက်ပေးမဲ့အစား၊ ကျမဘဝရဲ့လုပ်ဆောင်စရာကိုပဲ ဆက်လုပ်မိပါတယ်။ ကျမယောက်ျား အလုပ်အခြေအနေကောင်းပါတယ်။ ကျမတို့ကြား ချစ်ချစ်ခင်ခင်ပါပဲ။ ချောမောတဲ့ သမီးနှစ်ယောက်အတွက်လဲ ဂုဏ်ယူမိပါတယ်။
          သို့ပေမဲ့ ဒီအခြေအနေလေးဟာ သိပ်မကြာပါဘူး။ ကျမသမီးကြီး ဒီပိကား သူ့မရဲ့စာနယ်ဇင်းဘာသာရပ်မှာ အတော်ကြိုးစားရတာ ကျမ သတိထားမိတယ်။ သမီးရဲ့ပရောဖက်ဆာကို ကျမ လာတွေ့တဲ့အခါ သတင်းဆိုးကြီးကို ကြားလိုက်ရပါတော့တယ်။ ကျမသမီး ဒီပိကား အတန်းမတက်တာ လေးလရှိပြီတဲ့။

          ကျမယောက်ျားနဲ့ကျမ မျက်နှာချင်းဆိုင်မေးတဲ့အခါမှာ ကျောင်းမှာတွေ့တဲ့ကောင်လေးနဲ့ ကျောင်းမတက်တော့ဘဲ၊ လက်ထပ်ဖို့ စီစဉ်နေတယ်လို့ သမီးပြောပါတယ်။ ဒီအခြေအနေနဲ့ လက်ထပ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျမတို့နှစ်ယောက် သမီးကိုပြောကြပါတယ်။ သူမ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ရမယ်။
          ကျမသမီး ခေါင်းမာနေပါတယ်။ သူမရည်းစားကောင်လေးက ကျောင်းထုတ်ခံထားရပြီး၊ အလုပ်မရှိပါဘူး။ အရက်လဲ အရမ်းသောက်ပါတယ်။ ဒါကြောင့် ကျမတို့ စိုးရိမ်မိတာပါ။ ကျမသမီး လက်ထပ်ဖို့ အချိန်ဆွဲထားလိမ့်မယ်လို့ ကျမထင်မိပါတယ်။ အဲဒီအချိန် သူ့စိတ်ကို ကျမတို့ ပြောင်းနိုင်မယ်လို့ ထင်ပါတယ်။ တကယ်မဖြစ်လာခဲ့ပါဘူး။ 

          ကျမသမီး ညဉ့်နက်ပိုင်းပါတီတွေ တက်ပါတယ်။ သူမကို စည်းကမ်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ၊ သတ်သေမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကျမယောက်ျား သမီးကို လက်ထပ်ဖို့ မကန့်ကွက်ခဲ့ချိန်မှာ အခြေအနေ သိပ်ဆိုးသွားပါပြီ။ အသဲကွဲရပါပြီ။ ကျမမှာ ရွေးစရာမရှိတော့ပါဘူး။ အရက်သမားတစ်ယောက်နဲ့ လက်ထပ်ဖို့ သဘောတူပေးလိုက်ရပါပြီ။


     

Friday, May 9, 2014

သက်ရှိကျမ်းစာ







          ၁၉၅၃ ခုနှစ်ရဲ့ နေလည်ခင်းတစ်ခုမှာ ချီဂါဂိုမြို့ဘူတာရုံမှာ
မြို့တော်အရာရှိတွေ၊ သတင်းထောက်တွေ စုရုံးရောက်နေပါတယ်။ သူတို့တွေ့ဖို့စောင့်နေသူက
၁၉၅၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆိုကို ရခဲ့သူပါ။ ခဏကြာတော့ ရထားဆိုက်လာပြီး၊
တွဲတစ်တွဲမှ အရပ် ၆ပေ ၄ လက်မရှိတဲ့လူထွားကြီးတစ်ယောက်ဆင်းလာပါတယ်။ ထူထဲတဲဆံပင်၊ ကြီးမားတဲ့နှုတ်ခမ်းမွေးကြီးနဲ့ပါ။
ကင်မရာတွေ တဖြပ်ဖြပ်မီးပွင့်သွားတယ်။ မြို့တော်အရာရှိတွေလဲ လက်တွေဆန့်ပြီး၊ နှုတ်ဆက်ဖို့
သူ့ဆီကို ကပ်လာကြတယ်။ သူ့ကို တွေ့ရတာ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းတယ်ဆိုတာကို လူတိုင်းလိုလို
ပြောနေကြပါတယ်။ 

          ထိုလူက သူတို့ကို
ကျေးဇူးတင်ကြောင်းပြောပါတယ်။ ထို့နောက် သူတို့ခေါင်းတွေကို ကျော်ပြီး၊ တစ်ခုခုကို လိုက်ရှာနေပါတယ်။
သူတို့ကို ခဏလောက်ခွင့်ပြုပါလို့ ခွင့်တောင်းပါတယ်။ ထိုလူက လူအုပ်ကြားထဲမှ ခပ်မြန်မြန်
လမ်းလျှောက်ထွက်လိုက်တယ်။ ပြီးတော့ အိတ်ကြီးနှစ်လုံးနဲ့ မနိုင်မနင်းဖြစ်နေတဲ့ လူမဲအဖွါးအိုထံကို
ရောက်တဲ့အခါ ရပ်သွားတယ်။ ပြုံးပြီး အိတ်ကြီးနှစ်လုံးကို ကောက်ယူပြီး၊ ဘတ်စ်ကားဆီသွားတဲ့
အဖွါးကြီးဘေးမှ အဖေါ်လိုက်သွားတယ်။ သူမကို ဘတ်စ်ကားပေါ်ကို တင်ပေးပြီးနောက်၊ ကောင်းသောခရီးစဉ်ဖြစ်ပါစေလို့
ဆုတောင်းပေးလိုက်တယ်။ သူ့ကို နှုတ်ဆက်ဖို့စောင့်နေတဲ့လူတွေဆီပြန်သွားပြီး၊ သူ တောင်းပန်စကားဆိုပါတယ်။

          “ခင်ဗျားတို့
စောင့်နေရတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။”



          ထိုလူက ဒေါက်တာအဲဘတ်ရိုက်ဇာပါ။
သူ့ဘဝအချိန်အများစုကို အာဖရိကရှိ သူဆင်းရဲများကို ကူညီခဲ့တဲ့ သာသနာပြုဆရာဝန်ကြီးပါ။
ဒေါက်တာရိုက်ဇာရဲ့အပြုအမူကို တုန့်ပြန်သည့်အနေဖြင့်၊ ကြိုဆိုနုတ်ဆက်ရေးကော်မတီဝင်တစ်ဦးမှ
ဆရာကြီးနောက်တွင် ရပ်နေသောသတင်းထောက်တစ်ဦးထံ ချစ်ခင်လေးမြတ်စွာဖြင့် ထိုသို့လှမ်းပြောလိုက်ပါတယ်။



“တရားတော်အတိုင်း သက်ရှိထင်ရှားဖြစ်တာကို ကျုပ် ပထမဆုံးအကြိမ်တွေ့ဖူးပါပြီ။”

( Living Example from God’s Little Devotional Book ကိုဘာသာပြန်ဆိုပါသည်။ )