Wednesday, February 19, 2014

“တောင်တိုင်းမှာကား ပတ္တမြားမရှိ”



            နယူးယောက်မြို့လမ်းတွေပေါ် ဥပဟိုမောင်းနှင်တဲ့ တက်ဆီဒရိုင်ဘာတိုင်းလိုလို စကားသိပ်ပြောကြတာ အလေ့အကျင့်လိုဖြစ်နေပါတယ်။ ဒီဒရိုင်ဘာရဲ့ ကိုယ်ခန္ဓာက ခပ်တုတ်တုတ်ပါ။ လည်ပင်းခပ်ကြပ်ကြပ်၊ ဆွယ်တာအနွမ်းတစ်ထည်ကို ဝတ်ထားပါတယ်။

          သူပြောတဲ့အကြောင်းအရာက သူ့သားအကြောင်းပါ။ သူ့သားလေး ဂျင် မွေးလာတော့ အဖေ၊ အမေနှစ်ဦးလုံး၊ သားအတွက် ဂုဏ်သိက္ခာထွန်းပြောင်လိမ့်မယ်လို့ အိပ်မက်မက်ခဲ့ကြပါတယ်။ သူ့တို့သား သမ္မတအိမ်ဖြူတော်ရောက်မယ်လို့တောင် တွေးထားကြမယ်လို့ ကျွန်တော် ပြောရဲပါတယ်ဗျာ။

          မိဘတွေ အလုပ်ကိုကြိုးစား၊ ငွေကိုချွေတာသုံးပြီး သားကို ကျောင်းထားခဲ့ကြတယ်။ အထက်တန်းမှတဆင့် တက္ကသိုလ်သို့ ပို့ခဲ့ကြပါတယ်။ တက္ကသိုလ်လေးတစ်ခုမှ ဘွဲ့ဝတ်စုံဝတ်၊ ဘွဲ့ဦးထုပ်ဆောင်းပြီး၊ သူ့သား ဘွဲ့တစ်ခုရခဲ့ပါတယ်။ ဂျင် အပြင်းအထန်ကြိုးစားပါတယ်။ သို့သော် ဂျင်အတွက် ပညာရေးဆိုတာ အရမ်းခက်ခဲလွန်းတယ်လို့ သူ့အဖေပြောပြပါတယ်။ အခုအသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ သူ့သား စေ့စပ်ပြီးပါပြီ။ သို့သော်လည်း လက်ထပ်ဖို့အခွင့်အရေးက မှေးမှီန်ဆဲပါ။

          ဘွဲ့ရအလုပ်လက်မဲ့လူငယ်တွေ အများကြီးပါပဲ။ ဂျင်လည်း အခုအထိအလုပ်မရသေးပါဘူး။ သူ့အဖေလို ဂျင် အငှားကား မမောင်းနိုင်ပါဘူး။ သူ့ဦးလေးရဲ့ စားသောက်ဆိုင်အသေးလေးမှာလည်း မလုပ်နိုင်ပါဘူး။ အနစ်နာခံစွန့်လွတ်ရမယ့်ကိစ္စတိုင်း မလုပ်နိုင်ကြောင်း သူ ငြင်းခဲ့ပါတယ်။ မိဘတွေ ကော်လာဖြူလုပ်သားဖြစ်ဖို့ ပင်ပင်ပန်းပန်းပညာရေးကို ထောက်ပံ့ပေးခဲ့တာပါ။ လခ ဘယ်လောက်ရရ ကော်လာဖြူလုပ်သားပဲ သူ လုပ်မှာပါ။

          မီးပွိုင့်ရောက်လို့ ကားရပ်တဲ့အခါ ဒရိုင်ဘာကြီးက သူ့သားဓါတ်ပုံထုတ်ပြပါတယ်။ ကောင်လေးက ယဉ်ယဉ်ကျေးကျေးပုံစံနဲ့ လူငယ်လေးပါ။  ဦးထုပ်ဆောင်းပြီး၊ ဝတ်ရုံကို ဝတ်ထားတယ်။ မထုံတက်တေးအမူအယာနဲ့ သူ့ရဲ့အဖိုးတန်ဒစ်ပလိုမာလက်မှတ်ကို ရင်ဘတ်မှာကပ်ထားပါတယ်။ ကောင်လေးရဲ့အမူအယာက ဓါတ်ပုံထဲမှာတောင် တွေဝေပြီး၊ ပင်ပန်းနွမ်းနယ်နေပုံပေါက်နေပါတယ်။ သူ့အတွက် သိပ်မြင့်လွန်းတဲ့တန်းတွေကို ခုန်ကျော်ဖို့ အခိုင်းခံရတဲ့မြင်းထီးတစ်ကောင်လိုပုံစံပါ။ 

          “ခင်ဗျား၊ ကောလိပ်ကျောင်း တက်ဖူးလားဗျ။” လို့ ဒရိုင်ဘာက ကျွန်တော့်ကို မေးပါတယ်။

“မတက်ဘူးပါဘူးဗျာ။ တကယ်တမ်းပြောရရင် ကျွန်တော်က ပညာတတ်တစ်ယောက်မဟုတ်ပါဘူး။” လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။

“မေးခွန်းက ခင်ဗျားကို မထိခိုက်ဘူးလို့ထင်ပါတယ်ဗျာ။” လို့ ခပ်တိုးတိုး ဒရိုင်ဘာကပြောလိုက်တယ်။

“ကောလိမ်မတက်ခဲ့တာ ခင်ဗျားအတွက် ပိုတောင်ကောင်းသေးတယ်ဗျာ။”


          သူ့မှာ ပညာရေးနှင့်ပတ်သက်ပြီး၊ တခုခု မကျေမချမ်းပြောချင်နေတယ်ဆိုတာ ကျွန်တော်တွေ့လိုက်ရပါတယ်။ ပညာရေးက သူ့ကို မျှော်လင့်ချက်အတုအယောင်တွေပေးခဲ့တယ်လေ။ သူ့သားအတွက် မှားယွင်းတဲ့ပညာရေးတစ်ခုကို ရွေးချယ်ပေးခဲ့မိတယ်ဆိုတာကို သူနားမလည်ပါဘူး။
                                                                                            
          ကဗျာဆရာတစ်ယောက်က ရည်မှန်းချက်ဆိုတာ ကျွန်တော်တို့ရဲ့အမြင့်မြတ်ဆုံးအားနည်းချက်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့အတွက် ရည်မှန်းချက်လိုပါတယ်။ ရည်မှန်းချက်ဆိုတာ သဘာဝအတိုင်း ပြင်းရိထုံထိုင်းမှုထဲမှ ကျွန်တော်တို့ကို ဆွဲထုတ်မဲ့နှင်တံတစ်ချောင်းပါ။ ရည်မှန်းချက်ကြောင့် အဆုံးစွန်အထိ အားထုတ်ခြင်းဖြစ်စေတာပါ။ 


          သို့ပေမယ့်ရည်မှန်းချက်သည် ဘဝ၏ရက်စက်သောနှင်တံတစ်ချောင်းလည်း ဖြစ်နိုင်ပါတယ်။ 
သဘာဝအရမဖြစ်နိုင်သည်ကို ရည်မှန်းချက်ကြောင့် ညစ်ထုတ်လုပ်ကိုင်ခြင်းဖြင့် ကျွန်တော်တို့ အောင်မြင်မှုရရှိနိုင်စေပါသည်။ ရည်မှန်းချက်ကြောင့် ဘဝတူလူသားတို့ကို ကျေးကျွန်အဖြစ်စေခိုင်းတတ်ပါသည်။ ရည်မှန်းချက်ကြောင့် လူသားတို့အား ဘေးဆိုးကြီးများအတွင်း တွန်းပို့တတ်ပါသည်။ 

          နပိုလီယံနှင့် ဟစ်တလာတို့သည် ထိန်းချုပ်လို့မရသောရည်မှန်းချက်ရှိသည့်လူသားများပါ။  အောင်မြင်မှုဂုဏ်သိက္ခာအတွက် လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ပါသည်။ သူတို့ကိုယ်တိုင်လည်း ဂုဏ်သိက္ခာကင်းမဲ့စွာ သေဆုံးခဲ့ပါသည်။ 

          ထိုနမူနာတွေက အစွန်းရောက်အလွန်အကျွံဖြစ်ရပ်တွေပါ။ အတုအယောင်အောင်မြင်မှုစံနှုန်းများရဲ့ တိုက်တွန်းသွေးဆောင်မှုကြောင့် ရိုးသားတဲ့ဘဝခရီးလမ်းတွေကို ကြေကွဲဖွယ်ရာဖြတ်သန်းခဲ့ကြရပြီ။ ဆုံးရှူံးမှုသားကောင်အဖြစ် ဘဝခရီးလမ်း လမ်းဘေးထိုးကြခဲ့ရပြီ။ အသဲကွဲစရာစိတ်ပျက်မှု ရလဒ်တွေရခဲ့ကြပြီ။ ပျော်ရွှင်စရာဘဝတွေဟာ ကျဆုံးမှုတွေကြောင့် စိတ်ဓါတ်ကျပြီး၊ အနုံ့စိတ်တွေဖြစ်ကုန်ရပြီ။

          ကျွန်တော့်သူငယ်ချင်းက ထင်ရှားတဲ့တက္ကသိုလ်ကြီးမှ ကျောင်းသားတစ်ယောက်ပါ။ ကျောင်းစာမှာတော်ပြီး၊ ထင်ရှားတဲ့ဘောလုံးသမားတစ်ဦးပါ။ သူ့သားကို သူ့ခြေရာနင်းနိုင်မယ့်ဖြစ်ရမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ 


          သူ့သားက သူ့အတွက် ချထားတဲ့လုပ်စရာတွေကို ရဲရဲရင့်ရင့်လုပ်ပါတယ်။ သို့သော် သူမှာ ပြိုင်ပွဲတွေကို အောင်မြင်ဖို့ပါရမီ မပါလာပါဘူး။ တတ်နိုင်သလောက် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ လူတစ်ယောက်ပါ။ 

          သူချစ်တဲ့ဖခင် စိတ်ကျေနပ်အောင် အသည်းအသန်ကြိုးစားသော်လည်း၊ အောင်မြင်မှုတွေနဲ့ အလှမ်းကွာဆဲပါ။ ကောလိပ်ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ပြောင်းခဲ့ရပါတယ်။ နောက်ဆုံးတော့ အနုံ့စိတ်နဲ့ စိတ်ကျဝေဒနာဖြစ်ပေါ်ပြီး၊ နာတာရှည်ဆေးရုံကိုရောက်သွားပါတော့တယ်။ 

          သူတတ်နိုင်သလောက်လေးကိုသာ လုပ်ခွင့်ပြုခဲ့ရင် သူဟာ ဝပ်ရှောဆရာကောင်းတစ်ယောက်၊ လယ်သမားကောင်းတစ်ယောက် (သို့) ကုန်စုံဆိုင်ပိုင်ရှင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အခုတော့ သူ့စိတ်အနာကို ကုသပေးလို့မရနိုင်တော့ပါဘူး။ နှလုံးသားမှာ အရှူံးကို အမြဲရင်ဝယ်ပိုက်ထားပြီး၊ သူ့အဖေထံမှာ အပြစ်ရှိသလိုအမြဲခံစားနေရပါတော့တယ်။

          သူ့အဖေအနေနဲ့ သားကို ဘယ်လိုအပြစ်တင်ရမလဲဆိုတာကို မသိတော့ပါဘူး။ အဖေက သားအပေါ် မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေချမှတ်ခဲ့ပါတယ်။ သို့သော်လည်း တောင်းဆိုချက်တွေမပြည့်ဝသည့်အပေါ် သားကို ဘယ်တော့မှခွင့်မလွတ်ပါဘူး။  

          ယခုလို နာကျင်ကြေကွဲဖွယ်ဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ မှားယွင်းတဲ့အတွေးအခေါ်တွေရှိပါတယ်။ ဘယ်အရာတွေပြည့်စုံရင် အောင်မြင်တဲ့ဘဝကိုရမယ်ဆိုတဲ့ မှားယွင်းမှုတွေပါ။ အောင်မြင်မှုတဲ့ယောက်ျား၊ မိန်းမတွေလိုအပ်ပါတယ်။ သူတို့က ပျော်ပျော်ရွှင်ရွှင်နေပြီး၊ တည်ငြိမ်တယ်။ လူတွေနဲ့ လိုက်လျောညီထွေရှိတယ်။ ရောက်နေတဲ့ဘဝနှင့် အဆင့်အတန်းကို ယုံကြည်မှုရှိတယ်။ 

          ရောက်ရှိနေတဲ့နေရာနဲ့ အံပုံဂွင်ကျမဖြစ်သော အဇ္ဈတအတွင်းပြစ်မှုတွေကြောင့် စိတ်ကဈဉ့်ကလျားဖြစ်ပြီး၊ မပျော်ရွှင်သူတွေကို ကျွန်တော်တို့ မလိုချင်ပါဘူး။ အဲဒီသူတွေက လက်ရှိဘဝကို အမြဲတမ်းမကျေမနပ်ဖြစ်နေတာပါ။ 

          တှိုင်းပြည်မှာ ဆရာဝန်၊ ရှေ့နေ၊ ဘဏ်လုပ်ငန်းရှင်၊ ကျောင်းဆရာ စသည့် ပရော်ဖက်ရှင်တွေ လိုအပ်ပါတယ်။ သို့သော်လည်း ပိုက်ဆက်ဆရာ၊ စက်ပြင်ဆရာ၊ ပန်းပုဆရာနှင့် လမ်းသန့်ရှင်းရေးလုပ်သားတွေလည်း အရေးတကြီးလိုနေပါတယ်။ အလုပ်သမားကောင်းတွေ အပြန်ပြန်အလှန်လှန်လိုအပ်နေပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် ထူးချွန်ဖို့လိုအပ်တာပါ။ မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ အောင်မြင်မှုနှင့်လုပ်ငန်းတွင်းလေးစားမှုကို ရနိုင်သည့်အခွင့်အရေးမှာ အတူတူပင်ဖြစ်သည်။ 

          ကျွန်တော် အခုလိုကန့်ကွက်ပြောသည်မှာ အခြေအမြစ်မရှိသောရည်မှန်းချက်ကို ဆိုလိုပါသည်။ မိမိကိုယ်ကိုတန်ဖိုးတွက်မှုမှားယွင်းခြင်းမှ ပေါ်လာသည့် ရည်မှန်းချက်ကို ပြောလိုခြင်းပါ။ ထိုသူများသည် ခေါင်းမာစွာဘဝခရီးလမ်းကို ပြင်ဆင်မှုမရှိဘဲ စတင်တတ်ကြသည်။ 


          လူငယ်တွေက ကျွန်တော့်အလုပ်အကိုင်သည် ငွေကြေးနှင့်အောင်မြင်မှုရရန် လွယ်ကူသည်ဟု ထင်ကြပါသည်။ 


“ကျွန်တော်လည်း စာရေးဆရာဖြစ်ချင်လိုက်တာဗျာ” လို့ ပြောတတ်ကြပါသည်။

“မင်းက စာရေးဆရာလုပ်မလို့လား” လို့ ကျွန်တော်မေးလိုက်တဲ့အခါ သူတို့ အခံရခက်သွားပါတယ်။ တံခါးကို ထုလိုက်ပြီး၊ လူငယ်တွေကိုလန့်အောင်လုပ်တယ်လို့ ထင်ကြပါတယ်။

          သူတို့ လက်နှိပ်စက်ကို ထုရိုက်မိတဲ့အချိန်၊ နှလုံးသားတွေ တစစီဖြစ်အောင်နာကျင်ခံစားရတဲ့အချိန်မှာ ကျွန်တော့်သတိပေးချက်ကို နားလည်လာပါလိမ့်မယ်။ သူတို့ဖြစ်ချင်တဲ့အရာဟာ စိတ်ဆန္ဒရှိရုံနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။



          ကျွန်တော်တို့ပိုင်ဆိုင်တဲ့အစွမ်းအစတွေအောက်မလျှော့သည့် ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်သင့်ပါတယ်။ လူတိုင်းတွင် ရောက်ရှိနေသည့်နေရာထက်ပိုမြင့်အောင် အားထုတ်ရမည့်အခွင့်အရေးနှင့် တာဝန်ရှိပါသည်။ ရည်မှန်းထားသည့်နေရာသို့ မရောက်ခဲ့လျှင်လည်း စိတ်မပျက်ဘဲ၊ ဆက်လက်ကြိုးစားနေရမှာပါ။

          တခါတရံမှာတော့ ကျွန်တော်တို့ စိတ်ဓါတ်ကျတတ်ကြပါသည်။

          နယူးယောက်ပြည်နယ် အပေါ်ပိုင်းလယ်ကွင်းထဲတွင်နေထိုင်သည့် အဖွါးအိုသည် အသက် ၇၈နှစ်တွင် ပန်းချီစဆွဲပါသည်။ ပန်းချီပညာ၏အခြေခံအကျဆုံးနည်းလမ်းလေးကိုတောင် သင်ပေးမဲ့သူမရှိခဲ့ပါ။ အဖွါးအိုသည် ငွေကြေး၊ ဂုဏ်ဒြပ်တို့အတွက် ပန်းချီဆွဲခဲ့သည် မဟုတ်ပါ။ ကိုယ့်ပျော်ရွှင်မှုအတွက် ကင်းဗတ်စပေါ်မှာ ပန်းချီဆွဲခဲ့တာပါ။ သူမချစ်တဲ့ ကြမ်းကြမ်းတမ်းတမ်း ကျေးလက်ရှူခင်းတွေကို မြင်သည့်အတိုင်း ရေးဆွဲခဲ့တာပါ။ အဖွါးမော့စ်၏ပန်းချီကားတွေသည် ယခုအခါစုဆောင်းသူများ အမြတ်တနိုးစုဆောင်းရာဖြစ်နေပါပြီ။ သူမ၏ရှူခင်းပုံပန်းချီကားများသည် ကျော်ကြားသောပန်းချီကားများတွင် ချိတ်ဆွဲထားပါပြီ။

          သူမ၏ ပန်းချီကားထဲမှချစ်စရာအကောင်းဆုံးပန်းချီကားကို အသက်၈၀ ကျော်ကာလများမှာ ရေးဆွဲခဲ့ပါသည်။ ထိုပန်းချီကား၏ဈေးနှုန်းသည် တတ်နိုင်သည့်ဈေးနှုန်းအတွင်းရှိသောကြောင့် ကျွန်တော့်ဧည့်ခန်းထဲတွင် ချိတ်ဆွဲထားပါသည်။ နှင်းကျနေသောပုံလေးဖြစ်ပါသည်။ ငယ်ရွယ်ခြင်း၊ မျှော်လင့်ခြင်းနှင့် ဘဝကိုပျော်ရွှင်မှုများရောယှက်ပြီး၊ ရွှင်လန်းနေပါသည်။ ပန်းချီကားလေးသည် ကျွန်တော့်စိတ်ကို သက်သောင့်သက်သာဖြစ်စေပါသည်။ 
အမြဲပိုကောင်းအောင် ကြိုးစားအတွက် နောက်ကျသည်ဟူ၍မရှိဆိုသောအတွေးကို ပန်းချီကားလေးမှ ပေးပါသည်။ 

          သို့သော်လည်း အကောင်းဆုံးဆိုသည်မှာ ကျွန်ုပ်တို့၏အကောင်းဆုံးကို ဆိုလိုပါသည်။ အောင်မြင်မှု၊ လောဘတရား၊ ဂုဏ်သိက္ခာတို့အတွက် အကောင်းဆုံးကိုဆိုလိုခြင်းမဟုတ်ပါ။ မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ၊ မိမိနေထိုင်သည့်လူမှုအသိုင်းအဝိုင်းကို မျှဝေပေးနိုင်သည်ဆိုလျှင် အလုပ်ကောင်းဟု ဆိုနိုင်ပါသည်။ 


          အငှားယာဉ်မောင်း၏သား အမေရိကန်ပြည်ထောင်စု၏သမ္မတဖြစ်လာနိုင်ပါသည်။ ကျန်းမာသော၊ ဒီမိုကရေစီစိတ်ဓါတ်ပြည့်ဝသော၊ တက်ဆီဒရိုင်ဘာကောင်းဟူသောဂုဏ်ယူစိတ်ဖြင့် အမေရိကန်သမ္မတ အိမ်တော်ရှေ့မှကားမောင်းသွားခြင်းသည်လည်း ကျွန်တော့်အတွက် ထပ်တူအရေးကြီးပါသည်။

( All Horses Can’t Jump by I.A.R. Wylie- ကိုပြန်ဆိုပါသည်။    )

အာဂလူ



          အသက်ငါးနှစ်အရွယ်မှာ Glennရဲ့ခြေထောက်ကို ပြင်းပြင်းထန်ထန် မီးလောင်ခံလိုက်ရပါတယ်။ ဆရာဝန်တွေ လက်လျှော့လိုက်ပါပြီ။ သူ့ရဲ့ကျန်တဲ့ဘဝကို မျှော်လင့်ချက်မဲ့ဒုက္ခိတတစ်ယောက်အဖြစ် လက်တွန်းလှည်းပေါ်မှာ အဆုံးသတ်ရမယ်လို့ ပြောလိုက်ကြပါတယ်။

“သူ နောက်တစ်ခါ လမ်းလျှောက်လို့ရတော့မှာ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး” လို့ ဆရာဝန်တွေ ပြောပါတယ်။

ဆရာဝန်တွေ Glenn ရဲ့ခြေထောက်ကိုကြည့်ပြီး ဒီလိုမှတ်ချက်စကား ပြောလိုက်တာပါ။ သူတို့ သူ့နှလုံးသားကို မကြည့်ကြပါဘူး။

      ဆရာဝန်တွေရဲ့စကားကို Glenn နားမထောင်ပါဘူး။ လမ်းလျှောက်ဖို့ အတင်းကြိုးစားပါတယ်။ အိပ်ယာထဲမှာလဲနေတဲ့ Glenn ရဲ့ခြေထောက်ဟာ နီရဲပြီးအရေပြားတွေ လန်နေပါတယ်။ ခြေထောက်မှာလည်း အမာရွတ်တွေအပြည့်ပါပဲ။

“နောက်တစ်ပါတ် အိပ်ယာထဲကထွက်ပြီး၊ လမ်းထပ်လျှောက်ဦးမယ်” လို့ Glenn က သေသေချာချာ ပြောပါတယ်။ ပြောသည့်အတိုင်း သူလုပ်ပါတယ်။

       Glenn မတ်တပ်ရပ်ပြီး၊ ခြံထဲမှာ ထယ်အဟောင်းကိုကိုင် လမ်းလျှောက်နေတာကို သူ့အမေ ပြတင်းပေါက်မှကြည့်ပြီး၊ ရင်မှာနာကျင်လွန်းလို့ လိုက်ကာကို ဆွဲပိတ်မိပါတယ်လို့ ပြောပြပါတယ်။ ထယ်ကိုလက်နှင့်ကိုင်ထားပြီး၊ တွန့်လိမ်နေတဲ့သူ့ခြေထောက်တွေနဲ့ လမ်းလျှောက်ဖို့ ကြိုးစားပါတယ်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း နာကျင်မှုတွေအပြည့်ပါ။ တဖြည်းဖြည်းနဲ့ လမ်းလျှောက်လို့ရသလို ဖြစ်လာပါတယ်။ 


       သိပ်မကြာမှီမှာတော့ ခပ်သွက်သွက် လမ်းလျှောက်လို့ဖြစ်သွားပါပြီ။ ပြေးလွှားနိုင်တဲ့အထိတော့ အချိန်နည်းနည်းကြာပါတယ်။ Glenn စပြီးပြေးနိုင်လာပါပြီ။ သူအမြဲပြေးနေတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ 

     “ကျွန်တော် လမ်းလျှောက်နိုင်မယ်လို့ အမြဲယုံကြည်ခဲ့ပါတယ်။ ယုံကြည်တဲ့အတိုင်း လမ်းလျှောက်နိုင်ခဲ့ပါပြီ။ အခုကျွန်တော် လူတိုင်းထက်မြန်အောင်ပြေးဖို့ ကြိုးစားပါမယ်” လို့ Glenn သေသေချာချာပြောပါတယ်။ 

    သူပြောသည့်အတိုင်း လုပ်နိုင်ခဲ့ပါတယ်။ သူဟာ ထိပ်တန်းတာတို အပြေးသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်မှာ 4:06 နှင့်  ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ Madison Square Garden တွင် သူ့ကို ရာစုနှစ်အတွက် အကျော်ကြားဆုံးအားကစားသမားအဖြစ် ချီးမြှင့် ဂုဏ်ပြုခဲ့ပါတယ်။

                                                                     (Jeff Yalden )

( Chicken Soup for the Soul စာအုပ်မှ “Nothing could stop this man” ကို ပြန်ဆိုပါသည်။ )

Friday, February 14, 2014

H+အယူအဆ (၂)



( အချောသတ်ရေး၍ မပြီးသေးပါ။ ရေးပြီးသလောက်တင်ပေးလိုက်ခြင်းပါ။ )
 
Human+ ( လူသားဆန်မှု )

      H+အယူအဆဆိုတာ လူသားဆန်မှုကိုပြောချင်တာပါ။ လူသားတစ်ယောက်ရဲ့ အပြုသဘောကောင်းမွန်တဲ့ အရည်အချင်းတွေကို ဆိုလိုခြင်းပါ။ အခြားတဖက်က အရည်အသွေးဆိုးတွေကိုလည်း ရှောင်လွှဲလို့ မရပါဘူး။ အဆိုးမြင်အရည်အသွေးတွေကတော့ ကြောက်ရွှံ့ခြင်း၊ အကြမ်းဖက်ခြင်း၊ လိမ်လည်ခြင်း၊ ဒေါသထွက်ခြင်း စသည့် အရည်အသွေးတွေပါ။ အဆိုးမြင်အရည်အသွေးတွေကိုလည်း အသိအမှတ်ပြုပါတယ်။ တတ်နိုင်သမျှဖြေလျှော့ဖို့ ကြိုးစားပါတယ်။

      H+အယူအဆမှာ မုန်းတီးခြင်းဆိုတာရှိပါတယ်။ တကယ်မုန်းတီးရမှာကတော့ အမုန်းတရားပါ။ လူ၊ပုဂ္ဂိုလ်၊ အရာဝတ္ထုတွေ မဟုတ်ပါဘူး။ အကောင်းမြင်ခြင်းကို အမြဲသုံးစွဲရမယ်။
စက်ရုပ်တစ်ရုပ်လို လုံးဝပြီးပြည့်စုံဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အကောင်းဘက်ကို ရှုမြင်တတ်သောလူသားတစ်ဦး ဖြစ်ဖို့ပါ။ 

      စိတ်ရှည်သည်းခံခြင်းမှ စိတ်ဆိုးခြင်းကဲ့သို့ အရည်အသွေးဆိုးကို ပြောင်းသွားနိုင်ပါတယ်။ သို့ပေမယ့် တချိန်မှာ အရည်အသွေးဆိုးတွေ ပြီးဆုံးသွားမယ်လို့ မျှော်လင့်ထားနိုင်ရပါမယ်။

Happiness+ ( ပျော်ရွှင်မှု )

      ပျော်ရွှင်မှု ( Happiness ) ဟာ H+အယူအဆမှာ အရေးကြီးပါတယ်။ ပျော်ရွှင်မှုကို အမူအကျင့်တစ်ခုလို ဖြစ်နေဖို့လိုပါတယ်။ အစစအရာရာအဆင်ပြေလို့ ပျော်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ထက်ကျယ်ဝန်းသင့်ပါတယ်။ 

      ကြေကွဲခြင်း၊ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း၊ ကပ်ဘေးသင့်ခြင်းလို အနိစ္စတရားတွေက လူ့ဘဝရဲ့ အစစ်အမှန်တရားတွေလို့ ကျွန်တော်တို့ကို စာပေတွေက သင်ကြားလာခဲ့တာ အချိန်အတော်ကြာပါပြီ။ ဖြစ်ပျက်မှုတရားတိုင်းကို မတည်မြဲခြင်း အပေါ်ယံသဘောတွေကို မြင်ထားခဲ့ကြပါတယ်။

         မြို့တိုင်းမှာ ဆေးရုံတစ်ရုံရှိပါတယ်။ ဆေးရုံတိုင်းမှာ အရေးပေါ်ကုသခန်းရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ခန်းကို ခေါ်ဆောင်ပြီး၊ ကုသကြပါတယ်။ အရေးပေါ်ခန်းမှာ စိတ်ဆင်းရဲမှု၊ ကြေကွဲမှုနှင့် စိတ်ထိခိုက်စရာတွေ အများကြီးတွေ့နိုင်ပါတယ်။ အရေးပေါ်ကုသခန်းကို ကျွန်တော်တို့ သွားပြီး အပန်းဖြေလေ့ရှိပါသလား။ ဒါမှမဟုတ် ဘဝရဲ့အကြောင်းတရားတွေကို အဲဒီမှာ သွားလေ့လာပါသလား။

      မပျော်ရွှင်မှုဟာ ဘဝရဲ့ အရေးပါတဲ့ကိစ္စတစ်ရပ်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ပျော်ရွှင်ခြင်းဟာလည်း မပျော်ရွှင်မှုနည်းတူ အရေးပါပါတယ်။ လူထုဆက်သွယ်ရေးမီဒီယာတွေကတော့ ကပ်ဆိုးများကျရောက်ခြင်း၊ မဟုတ်တရုပ်ဖြစ်ခြင်းနှင့် အခြားကြော်မကောင်းကြားမကောင်းကိစ္စတွေကို အထူးအရေးပေးဖေါ်ပြတတ်ကြပါတယ်။ လူထုစိတ်ဝင်စားအောင်လုပ်ရာမှာ မကောင်းသတင်းတွေနဲ့ ဆွဲဆောင်ရတာပိုလွယ်ပါတယ်။ ကောင်းသတင်းတွေနဲ့ လူထုကို စိတ်ဝင်စားအောင်လုပ်မယ်ဆိုရင် ပိုပြီးပညာသားပါလို့ပါ။ လူထုဆက်သွယ်ရေးမီဒီယာတွေကလည်း သူတို့အလုပ်ဟာ မကောင်းသတင်းတွေ၊ အပျက်အစီးတွေကို လူထုကို အသိပေးဖို့လို့ ထင်နေကြပါတယ်။

        ရုပ်ရှင်တွေကို အဆင့်အတန်း သတ်မှတ်ချက်အနေနှင့် ပျော်ရွှင်မှုပါဝင်နှုန်းကို ထည့်သွင်းသတ်မှတ်သင့်ပါတယ်။ ရုပ်ရှင်ကိုကြည့်ရှုပြီး၊ အနည်းငယ်ပျော်ရွှင်နိုင်ရင် “H”၊ အလယ်အလတ်ဆိုရင် “HH”၊ ဒီထက်ပိုပျော်ရင်တော့ “HHH” စသည်ဖြင့် သတ်မှတ်ကြည့်ရင် ကောင်းမလား။ ရုပ်ရှင်ကြည့်ပိရိတ်သတ်တွေ ရုပ်ရှင်မကြည့်ခင် အရင်ဆုံးပျော်ရွှင်နိုင်ပါလိမ့်မယ်။

        ပျော်ရွှင်ခြင်းဆိုသည်မှာ နာကျင်ခြင်း၊ ဒုက္ခဝေဒနာခံစားခြင်း မရှိတာထက် ပိုပါတယ်။ ကျွန်တော်တို့ အရာရာကို တန်ဖိုးဖြတ်ဖို့လိုအပ်သလို၊ တန်ဖိုးတွေကိုလည်း သတိနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကို ပျော်ရွှင်စေသည့် အရာဝတ္ထုတွေကို အရေးတကြီးရှာဖွေသလို၊ ပျော်ရွှင်ခြင်းတရားကိုလည်း ကျွန်တော်တို့ စောင့်ရှောက်မွေးမြုသင့်ပါတယ်။

      တွေးခေါ်ခြင်းသည် ပျော်ရွှင်မှုအတွက် အလွန်အရေးကြီးပါတယ်။ ရေစီးကြောင်းမှာ ပိတ်ဆို့နေတဲ့ ဖေါ့ဆို့တစ်ခုအဖြစ်မှ ပြောင်းလဲရန်အတွက် တွေးခေါ်ခြင်းကို အသုံးပြုရမှာပါ။  တွေးခေါ်ခြင်းသည် ကျွန်တော်တို့၏ အသိအမြင်များကို ပြောင်းလဲစေပြီး၊ ကျွန်တော်တို့၏ ခံစားမှုများကို ထိန်းချုပ်နိုင်စေပါသည်။ 

        ကိစ္စရပ်များကို ဆောင်ရွက်ရန်နှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် နည်းလမ်းကို တွေးခေါ်ခြင်းမှ ရရှိနိုင်ပါသည်။ တွေးခေါ်ခြင်းကြောင့် အခြားသူများကို ပိုမိုနားလည်နိုင်စေသလို၊ ပိုမိုချုပ်ကိုင်နိုင်စွမ်းကိုလည်း ရရှိစေပါသည်။ ငယ်ရွယ်ချိန်တွင် ဖြစ်ပွါးတတ်သည့် ရာဇဝတ်မှုများကို တွေးခေါ်ခြင်းကြောင့် လျှော့နည်းစေနိုင်ပါသည်။

       “CoRT” ဆိုသည့်စကားလုံးသည် “Cognitive Research Trust” ကို အတိုကောက်ရေးထားခြင်းဖြစ်ပါသည်။ အဓိပ္ပါယ်မှာ  “သိမြင်ခြင်းဆိုင်ရာသုသေတန” ဖြစ်ပါသည်။ “CoRT” သည် ကမ္ဘာတစ်ဝှမ်းရှိကျောင်းများတွင် ကျယ်ပြန့်စွာသုံးစွဲနေသည့် “တွေးခေါ်ခြင်းသင်ခန်းစာအစီအစဉ်” ဖြစ်ပါသည်။ ထိုသင်ခန်းစာများသည် ကျွန်တော်တို့၏ အာရုံသိများကို ပိုမိုကျယ်ပြန့်စေရန်၊ ပိုမိုကြွယ်ဝစေရန် ရည်ရွယ်ထားပါသည်။ 

       အလွန်လွယ်ကူသည့်လုပ်ငန်းစဉ်လေးများကို လေ့လာရပါသည်။ လေ့လာခြင်းမှတဆင့် သုံးစွဲခြင်း၊ ထိုမှတဆင့် အလေ့အကျင့်တစ်ခု ဖြစ်လာစေရန်ဖြစ်ပါသည်။
“OPV (Other People View) ” သည် ကိစ္စရပ်တစ်ခုကို အခြားသူတစ်ဦး၏ အမြင်မှ ကြည့်ရှုတတ်စေရန်၊ အခြားသူတစ်ဦး စဉ်းစားခြင်းကို စဉ်းစားတတ်စေရန် အားပေးကူညီပါသည်။ အခြားသူတစ်ဦး၏အမြင်ကို စဉ်းစားကြည့်နိုင်လျှင် ပဋိပက္ခများကို အကြီးအကျယ် လျှော့ချနိုင်ပြီဖြစ်သည်။

     “C&S (Consequence & Sequel) ” သင်ခန်းစာသည် လုပ်ဆောင်မှုတစ်ခု၊ ရွေးချယ်မှုတစ်ခု၏ ကာလတို၊ ကာလရှည်အချိန်များတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်နှင့် နောက်ဆက်တွဲကိစ္စများကို စဉ်းစားတတ်စေရန် ရည်ရွယ်ပါသည်။

     ပျော်ရွှင်မှုသည် မျှော်လင့်ချက်နှင့် ကြီးမားစွာ ဆက်စပ်လျှက်ရှိပါသည်။ အခြားလူများမှ သင့်အပေါ် မည်ကဲ့သို့ဆက်ဆံသင့်သည်ကို သင်ကြိုတင်မျှော်လင့်မိပါလိမ့်မယ်။ မျှော်လင့်သည့်အတိုင်း ဖြစ်လာခဲ့လျှင် ပျော်ရွှင်ပြီး၊ မဖြစ်လာခဲ့ရင်တော့ မပျော်ရွှင်တော့ပါဘူး။ မျှော်လင့်သည့်အတိုင်း အောင်မြင်ခဲ့ရင် ပျော်ရွှင်ရပြီး၊ ရည်မှန်းချက်ကို လွှဲချော်ပြီး တစ်ခုခုဖြစ်ခဲ့ရင်တော့ မပျော်ရွှင်တော့ပါဘူး။

        ပျော်ရွှင်ခြင်းသည် သဘာဝအတိုင်းရှိသည့် စိတ်အခြေအနေဖြစ်ပြီး၊ မပျော်ရွှင်ခြင်းသည် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းကဲ့သို့ သဘာဝအခြေအနေကို အနှောက်အယှက်ပေးသည့် စိတ်အခြေအနေဖြစ်ပါသည်။

ထိန်းညှိခြင်းနှင့် ပြောင်းလဲခြင်း ( Adjust and Change )

ယခုပစ္စုပ္ပန်အခြေအနေကို ထိန်းညှိဖို့ လေ့လာနိုင်လျှင်၊ ထိုအခြေအနေအပေါ်တွင် ပျော်ရွှင်နိုင်ပါလိမ့်မယ်။

        ကောင်းစွာထိန်းညှိမှုတွေကို လုပ်နိုင်ခဲ့ရင်တော့ ပြောင်းလဲဖို့ မလိုအပ်ဘူးလို့ ပြောနိုင်ပါတယ်။ တကယ်တော့ ထိန်းညှိခြင်းနှင့် ပြောင်းလဲခြင်းဟာ ဆန့်ကျင်ဖက်တွေလို့ ဆန့်ကျင်ဖက်တွေ မဟုတ်ပါဘူး။ အခြေအနေတွေကို ထိန်းညှိနေရင်း ပြောင်းလဲခြင်းကို တချိန်ထဲမှာ လုပ်ကိုင်နိုင်ပါတယ်။ မပျော်ရွှင်နိုင်တဲ့အခါမှာ ပြောင်းလဲခြင်းကို လုပ်တယ်လို့ ပြောလို့ မရပါဘူး။ ပြောင်းလဲပြီး၊ ပိုကောင်းအောင် လုပ်ကိုင်ချင်စိတ်က ပြောင်းလဲခြင်းကို ဖြစ်စေတာပါ။ 

       ပျော်ရွှင်ခြင်းဟာ ကိစ္စရပ်များကို ရှူမြင်ခြင်းနှင့်လည်း သက်ဆိုင်ပါတယ်။ ဖြစ်ပေါ်လာသောကိစ္စအပေါ်မှာ အပျက်ဖက်ကို ရှုမြင်သုံးသပ်လေ့ရှိခဲ့လျှင်တော့ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ အရာရာကို အကောင်းဖက်က ရှူမြင်သုံးသပ်တတ်ခဲ့ရင်တော့ ပိုပြီး ပျော်ရွှင်ရပါလိမ့်မယ်။ မွေးရာပါဒုက္ခိတတစ်ယောက်ဖြစ်သော်လည်း အားကစားပြိုင်ပွဲများတွင် ပါဝင်ဝင်ရောက်ပြီး ပျော်ရွှင်သောလူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။

      ကျွန်တော်တို့ အနီးအနားရှိအရာတွေက ကျွန်တော်တို့ရဲ့ ရှူမြင်သုံးသပ်ပုံကို ပြောင်းလဲနိုင်ပါတယ်။ ကိစ္စတွေကို ရှူမြင်သုံးသပ်ရာမှာ ကျွန်တော်တို့အကောင်းဖက်ကို မြင်ဖို့ သတိထားလေ့ကျင့်ထားသင့်ပါတယ်။ ထိုအခါ ပိုမိုပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

H+အယူအဆ(၁)



     ( အချောသတ်၍ မပြီးသေးပါ။ ရေးပြီးသလောက်ကို ပြန်တင်ခြင်းဖြစ်ပါသည်။ )
 
   အခုနှစ်ပိုင်းမှာ မကြာခဏသတိတရတွေးမိတဲ့အကြောင်းအရာတစ်ခုကတော့ ကိုးကွယ်ရာဘာသာတရားဆိုသည့် အကြောင်းအရာလေးပါ။ တွေးဖြစ်စေသည့်အကြောင်းအချက်ကတော့ ကမ္ဘာပေါ်ရှိနေရာအတော်များများမှာ ဘာသာတရားအစွန်းရောက်မှုကြောင့် လူတွေသေကြေပျက်စီးပြီး၊ ဒုက္ခရောက်နေလို့ပါ။

          ဘာသာရေးဆိုသည့် ခေါင်းစဉ်မှာ အလွန်အထိမခံဘဲ အကဲဆတ်လွန်းသောခေါင်းစဉ်ဖြစ်သောကြောင့် ဘာသာရေးအတွက် အသက်ပေးကြသည်အထိ ပေးဆပ်လေ့ရှိပါသည်။ “ဘာသာရေး” ဆိုသည့်စကားလုံးကို “ကိုးကွယ်ယုံကြည်ရမည့်အရာ” ဟူသော အဓိပ္ပါယ်ဖြင့်ဖွင့်ဆိုမိကြပါသည်။ ထို့အပြင်အခြားသော “ဘဝနေနည်း” ဆိုသည့် အဓိပ္ပါယ်တစ်ခုကိုလည်း ဖွင့်ဆိုနိုင်ပါသည်။

          “ကိုးကွယ်ယုံကြည်ခြင်းအဓိပ္ပါယ်နှင့် ဘဝနေနည်းအဓိပ္ပါယ်” နှစ်မျိုးလုံးဖြင့် ကျွန်တော်တို့ ဘဝအတွင်းသို့ သက်ရောက်နေနိုင်ပါသည်။

          လူသားများသည် သက်ဆိုင်ရာဘာသာဝင်အလိုက် ဝတ်ပြုကိုးကွယ်မှုများပြုလုပ်ကြသည်။ ဘာသာတရားများအလိုက် ကိုးကွယ်သည့်ဘုရားများ ကွာခြားကြသည်။ ဝတ်ပြုမှုအစီအစဉ်များ ကွာခြားကြသည်။ 

          ဘဝနေထိုင်နည်း၊ စည်းမျဉ်းစည်းကမ်း၊ စောင့်ထိန်းမှု၊ ဆုပေး၊ ဒဏ်ပေးစနစ်များသည် ဘာသာတရားများအလိုက် ကွာခြားကြသည်။ သို့သော် တူညီမှုတစ်ခုမှာတော့ ကျွန်တော်တို့အားလုံးသည် လူသားများဖြစ်ကြပါသည်။ လူသားတို့၏ ဖြစ်တည်မှုနှင့်တန်ဖိုးကို ပြန်လည်မြင့်တင်ဖို့မှာ ယခုကာလတွင် အရေးတကြီးဆန်းစစ်သင့်သောကာလပင်ဖြစ်ပါသည်။

          ဘာသာဝင်ဟူသော တံဆိပ်ကပ်မှုကို ဘေးဖယ်ထားလိုက်ပါ။ မည်သည့်ဘာသာဝင်ဖြစ်စေ လူသားပင်ဖြစ်သည်။ လူသားတို့အတွက် ထပ်မံ၍ပေါင်းထည့်ရန် ဘဝနေနည်းများကို စာရေးဆရာ Edward de Bono မှ တင်ပြထားခြင်းဖြစ်သည်။

          Edward de Bono မှ ကျွန်တော်တို့အား လူပီသသောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်စေရန် လူသားတို့၏ ထူးခြားသောအရည်အသွေးကို မြှင့်တင်ရန်အတွက်ဖြစ်ပါသည်။ ဒီဘိုးနိုး၏ အယူအဆစကားလုံးများသည် အင်္ဂလိပ်စာလုံး H နှင့် အစပြုထားသောကြောင် H+အယူအဆ ဟု နာမည်ပေးထားပါသည်။
         
 Belief ( ယုံကြည်မှု )

          ဘာသာတိုင်းလိုလိုရဲ့ ယုံကြည်မှုဟာ သဘာဝလွန်တရားတွေကိုယုံကြည်ခြင်းကို အခြေခံပါတယ်။ ဥပမာအားဖြင့် God အပေါ်ယုံကြည်ခြင်း၊ သဘာဝလွန်စွမ်းအားများအပေါ်ယုံကြည်ခြင်းကဲ့သို့ အယူအဆများဖြစ်ပါတယ်။ 

          H+အယူအဆ အရဆိုရင်တော့ သင်ယုံကြည်ရမည့်အရာမှာ သင့်ကိုယ်ပိုင်အလားအလာများနှင့် သင်နှင့်ဘဝတူလူသားများ၏ အလားအလားများဖြစ်ပါတယ်။ 

          သင့်ကိုယ်ပိုင်အလားအလာတွေဖွံဖြိုးတိုးတက်လာဖို့အတွက် H+အယူအဆက အခြေခံအချက်အနေနှင့့် လုပ်ဆောင်ပေးပါမယ်။ သင့်ကိုယ်ပိုင်အနာဂါတ်တိုးတက်ဖွံဖြိုးလာမယ်လို့ ယုံကြည်လိုက်ပါတော့။

Compatible ( ဆီလျှော်မှုရှိခြင်း )

          H+အယူအဆ သည် ဘဝနေနည်းတစ်ခုဖြစ်ပြီး၊ အခြားသောဘာသာတရားများ၊ ယုံကြည်မှုများနှင့် လုံးဝဆီလျှော်ကိုက်ညီပါသည်။ 

          H+အယူအဆသည် အခြားသောယုံကြည်မှုစနစ်များကို တိုက်ခိုက်ခြင်း၊ တွန်းဖယ်ခြင်း မရှိပါ။
          ယခုလက်ရှိအချိန်တွင် ကိုးကွယ်နေသောဘာသာတရား၏ယုံကြည်မှုနှင့် တန်ဖိုးထားမှုများကို ဆက်လက်ထိန်းသိမ်းပါ။ H+အယူအဆကို ထပ်မံပေါင်းထည့်လိုက်ပါ။ 

          H+အယူအဆသည် “လက်တွေ့လုပ်ဆောင်မှု” ကို ယူဆောင်ပေးပါသည်။ များစွာသောဘာသာတရားများသည် လက်တွေ့လုပ်ဆောင်မှုကို သွယ်ဝိုက်သောနည်းဖြင့် ဖွင့်ဆိုထားသောကြောင့် လုပ်ဆောင်မှုကိုအခြေခံသော H+အယူအဆမှာ ပိုမိုရှင်းလင်းလွယ်ကူပါလိမ့်မည်။
 
          “လက်တွေ့လုပ်ဆောင်မှု”ကို သင်လက်ရှိယုံကြည်နေသောဘာသာတရားနှင့် ယုံကြည်မှုစနစ် အတွင်းပေါင်းထည့်၍ရပါသည်။ ဆန့်ကျင်တုံ့ပြန်ခြင်း မရှိပါ။

Different ( ကွဲပြားခြင်း )

          ဘာသာတရားအများစု၏ ဦးတည်ချက်မှာ ဒုစရိုက်တရားနှင့် မှားယွင်းသောလုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန်ဖြစ်ပါသည်။ H+အယူအဆသည် အပြုသဘောလုပ်ဆောင်ချက်ကို အဓိကရှေးရှုထားပါသည်။ သင် ကိုယ်တိုင်လူ့လောကကို ထည့်ဝင်ပေါင်းစည်းပေးရမည်။ ဒုစရိုက်ကို ရှောင်ကျဉ်ခြင်းဖြင့် မလုံလောက်သေးပါ။ H+အယူအဆသည် လူ့လောကကြီးနှင့်  ပူးပေါင်းဆောင်ရွက်ရမည်။ လုပ်ဆောင်ပေးရမည်။ 

       ဘာသာတရားများစွာသည် လောကီအာရုံများကို ဖြတ်တောက်ရန်နှင့် ငြိမ်းချမ်းရေးတရားကို ရှာဖွေရန် တိုက်တွန်းကြပါသည်။ H+အယူအဆ၏ အကူအညီနှင့် ထိုရည်မှန်းချက်များကို လုပ်ဆောင်ပြီး၊ အောင်မြင်မှုရရှိစေမည်။ သင့်ကိုယ်ကို တန်ဖိုးထားမှုကို သင်၏အောင်မြင်မှုများမှရရှိစေမည်။ တရားရှုမှတ်ခြင်းမှ ရယူပေးမည်မဟုတ်ပါ။  

         H+အယူအဆစနစ်တွင် အတွင်းပိုင်းယုံကြည်မှုများ မပါဝင်ပါ။ မိမိကိုယ်ကို ယုံကြည်မှုသာလျှင် ပါဝင်ပါသည်။ သင် ပိုင်ဆိုင်သည်များကို ယုံကြည်ရန်ထက်ပို၍ သင် လုပ်ကိုင်နိုင်သည်များကို ပိုမိုယုံကြည်ရန်လိုအပ်ပါသည်။ H+အယူအဆကို ကျင့်သုံးနေစဉ်တွင် အခြားသောယုံကြည်မှုများကို ယုံကြည်နိုင်ပါသည်။

     A Way of Life ( ဘ၀နေနည်းတစ်ခု )

      H+အယူအဆသည် ဘဝနေနည်းတစ်ခုပင်ဖြစ်ပါသည်။ ဘာသာတရားကဲ့သို့ အရေးကြီးသော ဘဝနေနည်းတစ်ခုကို တီထွင်ထားခြင်းဖြစ်ပါသည်။

Positive and Negative ( ဆောင်ရွက်ခြင်းနှင့် တားမြစ်ခြင်းသဘောတရား )

      ဘာသာတရားအများစုသည် ကျွန်ုပ်တို့ မလုပ်ဆောင်သင့်သည်များကို ပြဌာန်းကြပါသည်။ ဒုစရိုက်နှင့် ပြစ်မှုများကို သတ်မှတ်ထားပါသည်။ ထာဝရလောင်ကျွမ်းမည့် ငရဲမီးများလည်း ပါဝင်ပါသည်။

          H+အယူအဆမှာ အပြုသဘောဆောင်ပါသည်။ ရှောင်ကြဉ်ရမည့်ဒုစရိုက်များထက်ပို၍ လုပ်ဆောင်ရမည့်အရာများကို အလေးထားပါသည်။
ဘာသာတရားအများစုရှိ တားမြစ်ထားသောပြဌာန်းချက်များ၏မူလရည်ရွယ်ချက်မှာ လူသားများကို သင့်တော်သည့်နည်းလမ်းများအတိုင်း နေထိုင်ဆောင်ရွက်ပြီး၊ လူ့လောကအဖွဲ့အစည်းကို စနစ်တကျရှိစေရန်ဖြစ်ပါသည်။ 

            H+အယူအဆတွင် တားမြစ်ချက်များသည် ဥပဒေများ၊ ဘာသာတရားများ၊ ကျင့်ဝတ်တရားများနှင့် လူလောကစံနှုန်းများရှိ အချက်များအတိုင်းဖြစ်ပါသည်။ လူလောကကို တားမြစ်ချက်များအတိုင်း လည်ပတ်စေပါမည်။ H+အယူအဆရှိ အပြုသဘောများဖြင့် ဆောင်ရွက်မှုများကို ထပ်မံပေါင်းထည့်မည်။