Wednesday, March 26, 2014

ဓါတ်ဆီထပ်ထည့်လိုက်ဦး..သား



         ကျွန်တော့သူငယ်ချင်း ဘော့ရဲ့အဖေက စတော့တွန်မြို့မှ ကားအရောင်းသမားတစ်ဦးပါ။ သူ့ကားက ၁၉၅၈ ခုနှစ်မော်ဒယ် ကားဒီလက်ကားကြီးပါ။ သူ့ကားအပေါ် ဂုဏ်ယူတယ်၊ ပျော်ရွှင်ကျေနပ်တယ်။ ကားပုံစံကတော့ခင်ဗျားသိတဲ့အတိုင်း လှေလိုရှည်မျှောမျှော၊ ဘေးမှာကောင်းကင်ကိုတက်သွားမယ့်အတိုင်း အတောင်ပံတွေလည်းပါသေးတယ်။ သေချာချာတပ်ထားတာဗျ။ ယောက်ျားတစ်ယောက်ရဲ့ဂရုစိုက်မှုကို ခံရတဲ့ကားပေါ့ဗျာ။      
 သူ့ကားကိုမိုးထဲလေထဲမှာဘယ်တော့မှမထားဘူး။ သေသေချာချာ ရေဆေးထားတယ်။ ပေါ်လစ်တိုက်ထားတယ်ဗျာ။ အမြဲတောက်ပနေတာပါပဲ။ ယောက်ျားတစ်ယောက် တန်ဖိုးထားတဲ့ကားတစ်စင်းအဖြစ် နမူနာပေးရမယ့်ကားပါ။ ဘော့ အသက် ၁၆နှစ်ပြည့်သွားပြီး၊ ကားလိုင်စင်ရပါတယ်။ သူ့အဖေရဲ့ ပြင်းပြတဲ့ဆန္ဒကတော့ ဒီကားဒီလက် ကားကြီးကို စီးစေချင်တာပါ။ သူ့အဖေ ဘော့ကို သုံးဒေါ်လာပေးပြီး ဓါတ်ဆီထည့်ခိုင်းလိုက်ပါတယ်။ 

          ကားအတွက် ဂုဏ်ယူစိတ်၊ လူငယ်တစ်ယောက်ရဲ့တက်ကြွစိတ်တွေနဲ့ ဘော့ ကားကို ဓါတ်ဆီဆိုင်ကို မောင်းသွားပါတယ်။ ဓါတ်ဆီဆိုင်အကူကောင်လေး ဆီဖြည့်ပြီး၊ မှန်တွေသုတ်ပေးပါတယ်။ အင်ဂျင်ဝိုင်စစ်ပေးပါတယ်။ လေပေါင်တိုင်းပေးပါတယ်။ အဲဒီအချိန်မှာ ဘော့မျက်နှာက ပြုံးဖြီးနေပါတယ် ( အဲဒီအချိန်က ၁၉၆၀ ခုနှစ်တွေမှာပါ။ )

          ပြီးတော့ မမျှော်လင့်တဲ့အဖြစ်အပျက်ဖြစ်လာပါတယ်။ ဆိုင်ထဲက ကားအထွက်မှာ ဆိုင်ရဲ့အုတ်တိုင်နဲ့ တိုက်မိပါတယ်။ ကားရဲ့ဘေးထောင့်ကို တိတိရိရိဖြတ်ချလိုက်သလိုပါ။ ကားတစ်ခြမ်းလုံးစုတ်ပြတ်သွားပါတယ်။ ဘော့ စိတ်လှုပ်ရှားလွန်းလို့ ဗိုက်တောင်နာလာပါတယ်။ အဲဒီအချိန်မှာ အိမ်မှထွက်ပြေးရင်ကောင်းမလားလို့ စိတ်ကူးမိပါသေးတယ်။ သူ့အဖေကိုမျက်နှာခြင်း ဆိုင်ရမယ့်ကိစ္စကို တွေးမိပြီးတော်တော် စိတ်ညစ်နေပါတယ်။ သူ့အဖေရဲ့ဒေါသနဲ့ သူ့ရဲ့စိတ်ပျက်မှု ဘယ်ဟာပိုတယ်ဆိုတာကို မသိတော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူအိမ်ပြန်ရမယ်။ သူ့အဖေကို ရင်ဆိုင်ရမယ်ဆိုတာကို သိပါတယ်။ သူ ကားကို ပြန်မောင်းလာပါတယ်။ အိမ်မှာရပ်လိုက်တယ်။ 

          နှလုံးခုန်လွန်းလို့ နှလုံးလည်ချောင်းအထိရောက်လာသလား ထင်မိပါတယ်။ ခေါင်းငိုက်စိုက်ကြပြီး၊ စိတ်ပျက်လက်ပျက်နဲ့ ၁၆နှစ်သား ဘော့ သူ့အဖေထံ ဝင်တွေ့ပါတယ်။ ထိခိုက်မှုကိုစစ်ဆေးဖို့ သူတို့နှစ်ယောက် အပြင်ကိုထွက်လာကြပါတယ်။ စစ်ဆေးချိန် ခဏသာကြာပေမယ့်၊ ထာဝရအလား အောက်မေ့ရတယ်လို့ ဘော့ ပြန်ပြောပြပါတယ်။ နောက်ဆုံး ကိစ္စမရှိဘူးလို့ သူ့အဖေ ပြောလိုက်ပါတယ်။
          နောက်ဆုံးတော့ ဘော့ သူ့အဖေကို ကြည့်ပြီး၊ တုန်တုန်ရင်ရင်နဲ့ ပြောလိုက်ပါတယ်။
         “အဖေ၊ ကျွန်တော့ကို ဘာလုပ်စေချင်သလဲ။”
          ခါးကြားမှ ပိုက်ဆံအိတ်ကို သူ့အဖေနှိုက်လိုက်ပါတယ်။ ပြီးတော့ နှစ်ဒေါ်လာထုတ်ယူပြီး၊ ပိုက်ဆံကို လှမ်းပေးလိုက်ပါတယ်။ ဘော့ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။
“ငါ့သား၊ မင်း ဆိုင်ကိုပြန်သွားပြီး ဓါတ်ဆီနည်းနည်းထပ်ထည့်လိုက်ကွာ။”

( More Gas by Cari Morrison ကိုဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။  )
                                

အရွယ်ရောက်သွားတဲ့သားလေးသို့





နေ့ပိုင်းမှာ အမေ အရမ်းအလုပ်များတယ်သားရယ်
သားနဲ့ကစားဖို့ အမေ့မှာ အချိန်မရှိပါဘူးကွယ်။
သားနဲ့ ကစားနည်းလေးတွေ ကစားဖို့ပြောပေမယ့်         
အမေ့မှာ သားအတွက် အချိန်မရပါဘူးကွယ်။

သား အဝတ်တွေလျှော်ရတယ်။ ချက်ပြုတ်ရတယ်။ ချုပ်လုပ်ရတယ်။
သားရဲ့ဓါတ်ပုံစာအုပ်လေးယူလာပြီး ကြည်နူးစရာတွေ မျှဝေဖို့ပြောချိန်မှာ
“နောက်တော့ကြည့်တာပေါ့၊ ငါ့သားရယ်” လို့ အမေပြောမိတယ်ကွယ်။

ညဖက်မှာ သားကို အမေသိပ်ပါတယ်။
သား ဘုရားရှိခိုးသံကို အမေကြားတယ်။ မီးပိတ်ပါတယ်။
ပြီးတော့ တံခါးဆီကို ခြေဖျားထောက်ပြီးထွက်ခဲ့ပါတယ်။

သားနဲ့အတူ တစ်မိနစ်လောက်ပိုပြီး နေချင်မိတယ်။



ဘဝအချိန်တွေ တိုတောင်းလွန်းတယ်။ နှစ်ကာလတွေ လျှင်မြန်စွာကုန်ဆုံးသွားပါတယ်။
ကလေးငယ်လေး လျှင်မြန်စွာ ကြီးထွားလာပါတယ်။
သားက အမေ့ဘက်မှာ မရှိတော့ပါဘူး။

သူ့ရဲ့ရင်တွင်းစကားလေးတွေ မျှဝေပြီး မပြောတော့ပါဘူး။

ဓါတ်ပုံစာအုပ်လေးအဝေးကို ရောက်သွားပါပြီ။
ကစားနည်းတွေကိုလည်း မကစားတော့ပါဘူး။
ညအိပ်ယာဝင် အနမ်းတွေလည်း မပေးတော့ပါဘူး။
အိပ်ယာဝင်ဘုရားရှိခိုးတွေလည်း
မကြားရတော့ပါဘူး။
အားလုံးဟာ အတိတ်အချိန်ရဲ့ကိစ္စတွေ ဖြစ်သွားပါပြီ။

အလုပ်များခဲ့တဲ့
အမေ့လက်တွေ အခု အားနေပါပြီ။
အမေ့အတွက် အချိန်တွေရှည်လျှားလွန်းနေပါတယ်။
ကုန်ဖို့ ခက်ခဲလွန်းပါတယ်။
အတိတ်အချိန်ကို
ပြန်သွားပြီး သားတောင်းဆိုခဲ့တာတွေ

ပြန်ပြီး လုပ်ပေးချင်မိတယ်…သားရယ်။

( To My Groun-Up Son by Unknown author ကို ဘာသာပြန်ဆိုပါသည်။ )

Tuesday, March 25, 2014

ကျေးဇူးတင်ပါတယ်...


        သုံးတန်းတက်နေတဲ့ကျမသားလေး မတ်ခ် က သူ့မုန့်ဖိုးလေးတွေကိုစုနေတာ ၂လရှိနေပါပြီ။
သူချစ်ခင်တဲ့လူတွေ ကို ဒီဇင်ဘာ ကျောင်းပိတ်ရက်လက်ဆောင်အဖြစ် ဝယ်ပေးဖို့ပါ။ သူစုထားတာ
ဒေါ်လာ ၂၀ရပါပြီ။ ဒီဇင်ဘာလရဲ့တတိယမြောက်အပါတ်စနေနေ့မှာတော့ သားကသူလက်ဆောင်ဝယ်ပေးမယ့်လူစာရင်းကိုလုပ်ပြီးသွားပြီ။ ပိုက်ဆံလဲအိတ်ထဲမှာ အဆင်သင့်ရှိပြီလို့ ပြောပါတယ်။ 

      five-and-dime လို့ခေါ်တဲ့ ဒေသတွင်း ဆေးဆိုင်လေးကိုကျမ ကားမောင်းပြီး လိုက်
 ပို့ပေး လိုက်ပါတယ်။ ဆွဲခြင်းလေးကို ကိုယ်တိုင်ဆွဲပြီးဆိုင်ထဲမှာ မတ် လျှောက်သွားနေပါတယ်။
ကျမသူ့ကိုစောင့်ရင်း စတိုးဆိုင်ရှေ့ပိုင်းမှာ အချိန်ဖြုန်းတဲ့ အနေနဲ့ စာအုပ်တစ်အုပ် ဖတ်နေလိုက်ပါတယ်။
သူ့ရဲ့လက်ဆောင်လေးတွေ ရွေးဝယ်နေတာ ၄၅မိနစ်လောက်ကြာပါတယ်။ ပိုက်ဆံရှင်းမယ့်
ကောင်တာနားကို သူ ရောက်လာတော့ မျက်နှာတစ်ခုလုံး ဝင်းပလျှက်ရှိပါတယ်။အရောင်းစာရေးလေးက
သူ့ပစ္စည်းလေးတွေ ဆွဲယူလိုက်ချိန်မှာ ကျမ အလိုက်သတိ မျက်နှာကိုတစ်ဖက်လှည့်ပေးလိုက်ပါတယ်။
သူ့ပစ္စည်းလေးတွေအတွက် ကုန်ကျငွေက သူ ခန့်မှန်းထားတဲ့ငွေနဲ့လုံလောက်မှု ရှိပါတယ်။ သူ့ပိုက်ဆံရှင်းဖို့ အိတ်ထဲကို နှိုက်လိုက်ပါတယ်။ 

       ပိုက်ဆံတွေ မတွေ့တော့ပါဘူး။ သူ့အိတ်မှာ အပေါက်ကိုတွေ့လိုက်ပါတယ်။ စတိုးဆိုင်ရဲ့ အလယ်ခေါင်မှာ မတ် သူ့ဆွဲခြင်းလေးကို ကိုင်ပြီး မတ်တပ်ရပ်နေပါတယ်။ ပါးပြင်ပေါ်မျက်ရည်တွေ
တစက်ချင်း စီးကျနေပါတယ်။ ငိုရှိုက်မှုကြောင့် သူ့ ကိုယ်လေး တသိမ့်သိမ့်ဖြစ်နေပါတယ်။
ထိုအချိန်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာပါတယ်။ စတိုးဆိုင်ထဲက ဈေးဝယ်သူတစ်ဦးမတ်ထံကို လျှောက်လာပါတယ်။ မတ် ကိုစကားပြောဖို့ သူမ ဒူးထောက်
လိုက်ပါတယ်။မတ်ကို သူမရဲ့လက်နဲ့ ကိုင်ထားရင်း ယခုလို ပြောလိုက်ပါတယ်။ 

"သားရဲ့ပျောက်သွားတဲ့ပိုက်ဆံကိုအန်တီ အစားပေးဖို့ သား ခွင့်ပြုမလားဟင်။ ဒီလိုခွင့်ပြုခဲ့ရင်
တော့သားက အန်တီကို အကြီးအကျယ် မျက်နှာသာပေးလိုက်တာပါပဲကွယ်။ အဲဒီလို သား
ခွင့်ပြုရင်အန်တီကို အကောင်းဆုံးလက်ဆောင်ပေးလိုက်တာပါပဲ။ ဒီလိုကူညီမှုကို သားလက်ဆင့်ကမ်းပေးဖို့
တစ်ခုကိုသာ အန်တီတောင်းဆိုချင်တာပါ။ သား ကြီးလာတဲ့တစ်နေ့မှာသားကူညီပေးရမယ့်လူ
တစ်ယောက်ယောက်ကို တွေ့ရပါလိမ့်မယ်။ အခြားလူတစ်ဦးကို သားကူညီပေးလိုက်ချိန်မှာ
အန်တီ အခုသားကို ကူညီပေးလို့ခံစားရတဲ့ ဝမ်းသာမှုမျိုးကို သား ခံစားရပါလိမ့်မယ်ဆိုတာကို
အန်တီ သိနေပါတယ်ကွယ်။"

        မတ် ပိုက်ဆံကို ယူလိုက်ပါတယ်။ မျက်ရည်တွေကိုခြောက်အောင်လုပ်ပြီး ငွေရှင်းကောင်တာဆီကို
ခပ်သွက်သွက်ပြေးသွားပါတယ်။ မတ် ကျမတို့ကို လက်ဆောင်တွေပေးရလို့ပျော်ရသလို
ကျမတို့အားလုံးလဲ မတ်ရဲ့ လက်ဆောင်လေးတွေအတွက် ပျော်ကြရမယ်လို့ ထင်ပါတယ်။
အံ့သြစရာကောင်းတဲ့ ထိုအမျိုးသမီးကို ကျမ ကျေးဇူးတင်မိပါတယ်။ နောက်လေးနှစ်အကြာမှာ
အုတ်ကလန်မြို့မှ မီးဘေးသင့်သူတွေအတွက် စောင်တွေ ကုတ်အကျီတွေကို မတ်တစ်အိမ်တက်ဆင်း
လိုက်ပြီး စုဆောင်းပါတယ်။ ထိုအကြောင်းလေးတွေကို ကျမ ထိုအမျိုးသမီးကို
ပြောပြချင်ပါတယ်။ ထိုအမျိုးသမီးကို မတ်လဲ တွေးနေမိခဲ့ပါတယ်။ အိုးမဲ့အိမ်မဲ့မိသားစုတစ်စုကို
အစားအသောက်တွေ ကျမ ပေးပြီးတိုင်း ထိုအမျိုးသမီးကို တွေးမိပါတယ်။ ကျမ ထိုအမျိုးသမီးကို
ကတိစကားတစ်ခု ပေးချင်မိပါတယ်။ မတ် တစ်ယောက်ကတော့ကျေးဇူးတင်စရာအလုပ်တွေကို
ဆင့်ကဲဆင့်ကဲ လက်ဆင့်ကမ်းဖို့ မမေ့ဖူးဆိုတာသည့် ကတိစကားလေးပါ။ 

( A very belated Thank you by Laurie Pines ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )

Monday, March 24, 2014

အဝေးကြီးက လာခဲ့ရတာပါ


         “တစ်ဆယ့်ခြောက်ပါ။”လို့ ကျမ ဖြေလိုက်ပါတယ်။


          ကျမ နှစ်တန်းတက်နေတုန်းက ဆရာမဂျိုက်စ်ကူးပါး မေးခဲ့တဲ့မေးခွန်းကို
အခုအချိန်မှာ မမှတ်မိတော့ပါဘူး။ ကျမရဲ့အဖြေကိုတော့ မှတ်မိနေပါတယ်။ ဗါဂျီးနီးယားပြည်နယ်၊
နော်ဖို့မြို့မှ စမောလ်ဝှတ်ထ်မူလတန်းကျောင်းလေးမှာ ကျမ တက်ပါတယ်။ ကျမအဖြေကို တခန်းလုံး
ဝိုင်းရယ်ကြပါတယ်။ ကမ္ဘာပေါ်မှာ အတုံးဆုံးကျောင်းသားတစ်ယောက်လို ကျမ ခံစားရပါတယ်။

          မစ္စစ်ကူးပါးရဲ့ခပ်တင်းတင်းအကြည့်မှာ ရယ်သံတွေ ရပ်သွားပါတယ်။


          “ငါတို့ အားလုံးလေ့လာဖို့ ဒီကိုလာကြတာကွယ့်” လို့ ဆရာမက ပြောလိုက်ပါတယ်။


          စာသင်ချိန်နောက်တစ်ချိန်မှာ စာတစ်ပိုဒ်ရေးခိုင်းပါတယ်။ ဘဝမှာ ဘာဖြစ်ချင်သလဲဆိုသည့် အကြောင်းအရာပါ။

“မစ္စစ်ကူးပါး လို ကျောင်းဆရာမဖြစ်ချင်ပါသည်” လို့ ကျမ ရေးလိုက်ပါတယ်။



“မင်းဟာ ထင်ရှားတဲ့ကျောင်းဆရာမတစ်ယောက်ဖြစ်လာမှာပဲ။ ဘာကြောင့်လဲဆိုတော့
မင်း ဆုံးဖြတ်ချက်ချပြီးပြီ။ ပြီးတော့ အလုပ်ကိုလဲ ကြိုးစားတယ်လေ။”

          ဒီစကားလုံးလေးတွေကို ကျမရဲ့နှလုံးသားမှာ နှစ်ပေါင်း နှစ်ဆယ့်ခုနှစ်နှစ်လုံးလုံး သိမ်းထားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ အထက်တန်းစာမေးပွဲကို ကျမ အောင်မြင်ပါတယ်။ ထိုနှစ်မှာ စက်ပြင်ဆရာဘင် နဲ့ လက်ထပ်ခဲ့ပါတယ်။ သိပ်မကြာမှီ သမီးလေး လတိုညာ ကို မွေးဖွါးခဲ့ပါတယ်။


       တစ်နေ့တစ်နေ့ အလျှင်မှီဖို့ မနည်းကြိုးအစားရပါတယ်။ ကောလိပ်တက်ဖို့၊ စာသင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ။ 

          သို့သော်လည်းကျောင်းတစ်ကျောင်းမှာ သန့်ရှင်းရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လယ်ရီမိုးမူလတန်းကျောင်းမှ စာသင်ခန်း ၁၇ ခန်းကို နေ့တိုင်း သန့်ရှင်းရေးလုပ်ရပါတယ်။ မစ္စစ်ကူးပါးရဲ့ စာသင်ခန်းလည်း ပါဝင်ပါတယ်။ စမောဝှတ်ထ် မူလတန်းကျောင်း ပိတ်လိုက်ပြီးနောက် လယ်ရီမိုးကျောင်းကို ဆရာမပြောင်းလာခဲ့တာပါ။

          ကျမစာသင်ပြချင်ကြောင်း ဆရာမကို ပြောရင်တော့ ကျမကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျမစာအုပ်ထဲမှာ ရေးခဲ့တဲ့အတိုင်း ပြန်ပြောဦးမယ်ထင်ပါတယ်။ သို့သော်လည်း ငွေရှင်းပြေစာတွေ ကျမကို အမြဲစောင့်မျှော်လျှက်ရှိပါတယ်။
          ၁၉၈၆ ခုနှစ်အတွင်း တစ်ရက်မှာတော့ စဉ်းစားဖြစ်ပါတယ်။ ကလေးတွေကို ကျမ ဘယ်လောက်ပြင်းပြင်းပြပြ ကူညီချင်နေမိတယ်ဆိုတာကိုတွေးနေမိပါတယ်။ ကျမရဲ့အိပ်မက်တွေအတွက် မနက်ပိုင်းမှာ ဆရာမအဖြစ် ကျောင်းကို ရောက်နေရမှာပါ။နေ့လည်ပိုင်း သန့်ရှင်းရေးလုပ်သူဖြစ်နေလို့ မရပါဘူး။ 



          ကျမယောကျ်ားဘင် နဲ့ သမီးလေး လတိုညာ ကို ကျမလုပ်ချင်တာတွေကို ဖွင့်ပြောပါတယ်။ အဖြေရှာပါတယ်။ အိုးဒိုမီနီယံ တက္ကသိုလ်မှာ ကျမ စာရင်းသွင်းလိုက်ပါတယ်။
ခုနှစ်နှစ်လုံးလုံး မနက်ပိုင်း အလုပ်မသွားမှီ ကျောင်းတက်ပါတယ်။ အလုပ်မှ အိမ်ပြန်ရောက်ချိန်မှာ
စာကြည့်ပါတယ်။ နေ့ပိုင်း အတန်းတက်စရာ မရှိသည့်ရက်တွေမှာ ဆရာမ မစ္စစ်ကူးပါး ထံမှာ စာသင်လက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ 

          ကျမလုပ်ချင်တာတွေကိုပြီးမြောက်အောင်လုပ်ကိုင်ဖို့ ကျမမှာခွန်အားတွေရှိပါ့မလားလို့ တခါတရံမှာ တွေးမိပါတယ်။ ပထမဆုံးအကြိမ်အဖြစ် စာမေးပွဲကျတဲ့အခါ ကျောင်းထွက်လိုက်ဖို့ ကျမ ပြောပြီးတိုင်ပင်ဖြစ်ပါတယ်။ ကျမညီမ ဟယ်လင် က ကျောင်းထွက်ဖို့ကို ခါးခါးသီးသီးငြင်းဆန်ပါတယ်။



“အစ်မ ဆရာမဖြစ်ချင်တာလေ။ အခုရပ်ဖို့လုပ်လိုက်ရင် အစ်မရဲ့အိပ်မက်ကို ဘယ်တော့မှ အကောင်အထည်ဖေါ်နိုင်တော့မှာ မဟုတ်ဘူး။”

           နောက်ဆုတ်အရှူံးမပေးဖို့ဆိုတဲ့ အကြောင်းအရာကိုဟယ်လင် ကောင်းကောင်းသိပါတယ်။ သူမ ဆီးချိုရောဂါကို အမြဲတိုက်ခိုက်နေရလို့ပါ။ ကျမတို့တစ်ဦးဦး ဆုံးရှူံးမှုတွေ တွေ့ကြုံခဲ့ချိန်မှာ “အစ်မ အဲဒါကို ဆက်လုပ်ရမယ်။ ငါတို့ အဲဒါကိုဆက်လုပ်ရမယ်” လို့ ဟယ်လင် အမြဲပြောဆိုခဲ့တာပါ။ 

          ၁၉၈၇ ခုနှစ်မှာ ကျမညီမ ဟယ်လင် ကျောက်ကပ်ပျက်စီးပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးချိန်မှာ အသက် ၂၄နှစ်ပဲ ရှိသေးပါတယ်။ ဆီးချိုကြောင့် ကျောက်ကပ်တွေပျက်စီးခဲ့တာပါ။
ကျမတို့နှစ်ယောက်အတွက် အောင်မြင်မှုကိုဖန်တီးဖို့အတွက် ကျမတာဝန်ဖြစ်လာပါပြီ။

          ၁၉၉၃ ခုနှစ် မေလ ၈ ရက်နေ့ဟာ ကျမရဲ့အိပ်မက်တွေထဲကနေ့ရက်အမှန်ဖြစ်လာပါတယ်။ ထိုနေ့မှာ ကျမ ဘွဲ့ယူပါတယ်။ ကောလိပ်ကျောင်းမှ ဘွဲရခဲ့ပါပြီ။စာသင်ကြားဖို့တရားဝင်လိုင်စင်လည်း ရရှိပါပြီ။ ကျမ ဆရာမတစ်ယောက်ဖြစ်ဖို့အတွက် အရည်အသွေးပြည့်မှီသွားပါပြီ။ 

         ကျမကျောင်း ၃ ကျောင်းကို အင်တာဗျူးဝင်ခဲ့ပါတယ်။ 
“မင်းရဲ့မျက်မှာကို တော်တော်ရင်းရင်းနှီးနှီးတွေ့ဖူးတယ်” လို့ ကိုးလမင်းပလေ့ မူလတန်းကျောင်းမှ
ကျောင်းအုပ်ကြီးက ကျမပြောပါတယ်။ လယ်ရီမိုးမူလတန်းကျောင်းမှာ လွန်ခဲ့တဲ့ ၁၀နှစ်က ကျောင်းအုပ်ကြီး
အလုပ်လုပ်ခဲ့ဖူးပါတယ်။ ကျမ သူမရဲ့အခန်းကို သန့်ရှင်းရေးလုပ်ခဲ့ရပါတယ်။ သူမ ကျမကို မှတ်မိသွားပါတယ်။ 

        အခုအချိန်အထိ ကျမကို သေချာတဲ့ကမ်းလှမ်းမှုတွေမလုပ်သေးပါဘူး။ သန့်ရှင်းရေးအကူအဖြစ် ၁၈နှစ်မြောက် အလုပ်ကန်ထရိုက်ကို ရေးထိုးပြီးချိန်မှာဆရာမအလုပ်အတွက် ဖုန်းခေါ်ဆိုမှုကို လက်ခံရပါတယ်။ ကိုးမင်းပလေ့မူလတန်းကျောင်းမှာ ပဉ္စမတန်းကိုစာသင်ကြားဖို့ ကျမအလုပ်ရရှိပါတယ်။ 

         ကျမ စာသင်ကြားချိန် သိပ်မကြာမှီ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွါးပါတယ်။ ထိုဖြစ်ရပ်လေးကြောင့် အတိတ်ကာလဆီကို ကျမပြန်ရောက်သွားပါတယ်။ ကျောက်သင်ပုန်းမှာ သဒ္ဒါအမှားတွေအများကြီး
ပါဝင်တဲ့စာကြောင်းတစ်ကြောင်းကို ကျမ ရေးလိုက်ပါတယ်။ ထိုနောက် ကျောင်းသားတွေကို အခန်းရှေ့ထွက်ပြီး၊ စာကြောင်းအမှားကို ပြင်ပေးဖို့ခေါ်လိုက်ပါတယ်။ 

          မိန်းကလေးတစ်ဦး ထွက်လာပါတယ်။ အတန်းရှေ့ကိုမရောက်မှီ လမ်းတစ်ဝက်မှာ ကြောင်တောင်တောင်ဖြစ်ပြီး၊ ရပ်နေပါတယ်။ အခြားကလေးတွေ အားလုံး
သူမကို ဝိုင်းရယ်ကြပါတယ်။ သူမ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာပါတယ်။ သူမကို ကျမ ဖက်လိုက်ပြီး၊ ရေတစ်ခွက်သောက်ဖို့ ပြောလိုက်ပါတယ်။ ဆရာမ မစ္စစ်ကူးပါးကို ကျမ သတိရလိုက်ပါတယ်။ ကျမ ခပ်တင်းတင်းကြည့်ပြီး၊ကျောင်းသားတွေကို တိတ်အောင်လုပ်လိုက်ပါတယ်။

“ငါတို့ အားလုံးလေ့လာဖို့ ဒီကိုလာကြတာကွယ့်” လို့ ကျမ ပြောလိုက်ပါတယ်။

( “We have come a Long Way by Pat Bonney Shepherd” ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။  ) 

Sunday, March 23, 2014

သုံးရက်သာမြင်ခွင့်ရခဲ့လျှင် ( ၂ )



        သွားချင်သည့် နောက်ထပ်တစ်နေရာကတော့ အနုပညာပြတိုက်ဖြစ်ပါတယ်။ ရှေးခေတ်နိုင်းမြစ်ဝှမ်းမှ နတ်ဘုရား၊ နတ်ဘုရားမတို့ကို ကျွန်မရဲ့ လက်ချောင်းလေးတွေမှတဆင့် ရင်းရင်းနှီးနှီးထိတွေ့ဖူးခဲ့ပါပြီ။ ပါသီနွန်နတ်ဘုရားကျောင်းရဲ့ တိုင်ချောင်းတွေကို ပုံတူအရုပ်လေးတွေမှ တဆင့် ခံစားခဲ့ဖူးပါတယ်။ အေသင်စစ်သည်တော်ရဲ့ အချိုးအစားကျနသော အလှအပကိုလည်း ခံစားဖူးပါပြီ။ ပါးသိုင်းမွှေးထူထူ၊ အဆစ်အမြစ်ကြီးကြီး ဂရိစာဆိုတော်ကြီးဟိုးမားနဲ့လည်း ကျွန်မ ခင်မင်ရင်းနှီးပါတယ်။ စာဆိုတော်ကြီးဟာလည်း ကျွန်မလို မျက်စိမမြင်ခြင်းကို သိနားလည်ပါတယ်။ 

          အဲဒီလိုနဲ့ ဒုတိယနေ့တစ်နေ့လုံးကို အနုပညာမှတဆင့် လူသားရဲ့စိတ်ဝိဥာဉ်ထဲကို ကြည့်ရှူဖို့ ကျွန်မ ကြိုးစားချင်ပါတယ်။ ထိတွေ့မှုမှတဆင့် ကျွန်မနဲ့ ရင်းနှီးထားသောအနုပညာများကို ကြည့်မြင်ချင်ပါတယ်။  ကျွန်မအတွက် ပိုမိုကြီးကျယ်စွာခံစားစေမယ့်အရာကတော့ ခမ်းနားလှတဲ့ပန်းချီလောကကြီးကို မြင်တွေ့မိခြင်း ဖြစ်ပါတယ်။ စုတ်ချက်ခပ်သွက်သွက်နဲ့ ဆွဲထားတဲ့ အင်ပရက်ရှင်းပန်းချီကားတွေကို ကြည့်မြင်နိုင်ပါပြီ။ အနုပညာကို စစ်မှန်ပြီး၊ လေးနက်စွာခံစားနိုင်ဖို့အတွက် မျက်စိကို ပညာပေးလေ့ကျင့်ဖို့ လိုအပ်တယ်လို့ အနုပညာရှင်တွေက ပြောကြတယ်။ လိုင်း၊ ပုံသဏ္ဍန်နှင့် အရောင်တွေရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ အတွေ့အကြုံမှတဆင့် လေ့လာသင်ကြားရပါမယ်။ ကျွန်မသာ အမြင်အာရုံကို ရခဲ့မယ်ဆိုရင် ထိုသဘောတရားတွေကို ပျော်ရွှင်စွာလေ့လာသင်ကြားမိပါလိမ့်မယ်။ 

          ဒုတိယမြောက်နေ့ရဲ့ ညနေပိုင်းအချိန်ကိုတော့ ရုပ်ရှင်ရုံ (သို့မဟုတ်) ပြဇာတ်ရုံမှာ ကုန်ဆုံးရပါလိမ့်မယ်။ ဟမ်းမလက်ပြဇာတ်ထဲက စွဲမက်စရာရုပ်ပုံတွေ၊ အသံကျယ်ကျယ်ပြောတတ်တဲ့ သရုပ်ဆောင်တွေ၊ အရောင်အသွေးစုံတဲ့ အဲလိဇဘက်ပုံစံအဝတ်အစားတွေ၊ ရှူခင်းပုံတွေကို ကျွန်မ အရမ်းကြည့်ချင်ပါတယ်။ 

          စည်းချက်ကျကျလှုပ်ရှားမှုရဲ့ ဝံ့ကြွားတင့်တယ်ခြင်းကို ကျွန်မ မခံစားနိုင်ပါဘူး။ လက်တွေနဲ့ မထိတွေ့နိုင်ခဲ့ရင် ကျွန်မ မသိနိုင်ပါဘူး။ စည်းချက်ညီညာမှုကို ကျွန်မ အနည်းငယ်ခံစားနိုင်သော်လည်း ပါလိုဗါအလှရဲ့ခမ်းနားမှုကို ခပ်ရေးရေးသာ သိနိုင်ပါတယ်။ ကြမ်းပြင်ရဲ့တုန်ခါမှုမှတဆင့် ဂီတ၏စည်းချက်ကို ကျွန်မ ခံစားကြည့်မိပါတယ်။ စည်းချက်ကျကျလှုပ်ရှား ကခုန်ခြင်းဆိုတာ ကမ္ဘာပေါ်မှ ကျေနပ်စရာအကောင်းဆုံးမြင်ကွင်းတစ်ခုလို့ ကျွန်မ တွေးကြည့်မိပါတယ်။ စီတန်းထားတဲ့ မာဘယ်ကျောက်တုံးတွေကို ကျွန်မရဲ့လက်တွေနဲ့ ထိတွေ့ခံစားပြီး နားလည်ဖို့ ကြိုးစားပါတယ်။ ရွေ့လျားမှုမရှိတဲ့မာဘယ်ကျောက်တုံးတွေဟာ ဒီလောက်ချစ်စရာကောင်းခဲ့ရင် ရွေ့လျားနေတဲ့အလှတရားကို ကြည့်ရတာ ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းမလဲ စဉ်းစားကြည့်ပါတော့။ 

          နောက်တစ်နေ့မနက်ခင်းမှာ အာရုဏ်ဦးကို ကျွန်မ နုတ်ခွန်းဆက်ပါမယ်။ စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်မှုအသစ်ကို ရှာဖွေကြည့်ပါမယ်။ တတိယမြောက်နေ့မှာတော့ အလုပ်ကို လှုပ်ရှားသွားလာနေကြတဲ့ လူ့လောကကမ္ဘာကြီးနဲ့ အချိန်တွေ ကုန်ဆုံးချင်ပါတယ်။ ကျွန်မရဲ့ ဦးတည်ရာကတော့ မြို့ကြီးပြကြီးပါ။ 

          ပထမဆုံး ပျားပန်းခပ်လှုပ်ရှားနေတဲ့လမ်းထောင့်လေးမှာ ထိုင်ပြီး၊ လူတွေကို ကြည့်နေချင်ပါတယ်။ လမ်းထောင့်မှာ ထိုင်ကြည့်ပြီး၊ လူတွေရဲ့နေ့စဉ်ဘဝကို နားလည်ဖို့ ကြိုးစားကြည့်ပါမယ်။ အပြုံးတွေကို တွေ့ရင် ကျွန်မ ပျော်မိပါမယ်။ ရဲ့ဝံ့တဲ့ဆုံးဖြတ်ချက်တွေကို တွေ့ရင် ကျွန်မ ဂုဏ်ယူမိပါမယ်။ နာကျင်ခံစားမှုတွေကို တွေ့ရင် ကျွန်မ သနားမိပါလိမ့်မယ်။

          ပဉ္စမရိပ်မြိုင်လမ်းမကြီးတစ်လျှောက် ကျွန်မ ဖြေးဖြေးချင်းလမ်းလျှောက်သွားနေပါတယ်။ ကျွန်မ မျက်လုံးတွေနဲ့ ဘယ်အရာကိုမှ စူးစိုက်ပြီး မကြည့်တော့ပါဘူး။ အမြဲရွေ့နေတဲ့အရောင်တွေ၊ ပုံရိပ်တွေကိုပဲ ကြည့်နေမိပါတယ်။ လူအုပ်ကြီးထဲမှ မိန်းမတွေရဲ့ဝတ်စုံအရောင်အသွေးတွေဟာ ကျွန်မ မမောတမ်း ကြည့်နေချင်တဲ့အရာတွေဖြစ်လိမ့်မယ်လို့ အသေအချာပြောနိုင်ပါတယ်။ ကျွန်မမှာ အမြင်အာရုံပိုင်ဆိုင်ခဲ့ရင် အခြားအမျိုးသမီးတွေလိုပဲ ဖြစ်ပါလိမ့်မယ်။ လူထုကြီးထဲမှ စတိုင်တွေ၊ အရောင်တွေရဲ့ ခမ်းနားတောက်ပခြင်းတွေကို ကျွန်မ အထူးသတိထားစောင့်ကြည့်မိမှာတော့ အသေအချာပါဘဲ။ 

          ပဉ္စမရိပ်မြိုင်လမ်းမကြီးမှတဆင့် မြို့တော်ကြီးထဲကို ကျွန်မ လျှောက်ကြည့်ပါမယ်။ ဆင်းရဲသားရပ်ကွက်တွေကို သွားပါမယ်။ စက်ရုံတွေကို သွားပါမယ်။ ကလေးတွေကစားနေတဲ့ ကစားကွင်းတွေအထိ သွားကြည့်ပါမယ်။ နိုင်ငံခြားသားတွေရဲ့ ရပ်ကွက်ထဲမှ အိမ်တစ်အိမ်မှာ သွားရောက်ပြီး နေထိုင်ချင်ပါသေးတယ်။ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို တွေ့မြင်နိုင်ဖို့ ကျွန်မ မျက်လုံးတွေကို အမြဲခပ်ကျယ်ကျယ် ဖွင့်ထားပါမယ်။ လူတွေရဲ့ အလုပ်လုပ်ပုံ၊ နေထိုင်ပုံတွေကို ကျွန်မ ပိုပြီး နက်နက်ရှိုင်းရှိုင်း မြင်တွေ့ချင်ပါတယ်။ ကျွန်မရဲ့ သိရှိနားလည်းခြင်းထဲကို ထပ်မံပေါင်းထည့်လိုပါတယ်။ 

          ကျွန်မ မျက်စိမြင်ခွင့်ရတဲ့ သုံးရက်အချိန်မှာ ပြည့်လုနီးပါပြီ။ ကျန်ရှိတဲ့နာရီအနည်းငယ် အချိန်လေးမှာ အခြားအရေးတကြီးလုပ်ကိုင်စရာတွေ အများကြီးရှိနိုင်ပါသေးတယ်။ နောက်ဆုံးနေ့ရဲ့ ညနေခင်းလေးမှာ ကျွန်မ ပြဇာတ်ရုံကို တစ်ခေါက်ပြေးသွားချင်ပါသေးတယ်။ ပြဇာတ်ရုံမှာ ဟာသပြဇာတ်တစ်ပုဒ်ကို ကျွန်မ ကြည်ချင်ပါသေးတယ်။ လူသားရဲ့စိတ်ဝိဥာဏ်ရှိ ဟာသဥာဏ်လေးကို ကျွန်မဂုဏ်ပြုချင်လို့ပါ။ 

          ည သန်းခေါင်အချိန်မှာတော့ ကျွန်မအတွက် ထာဝရ အမှောင်ထုကြီးပြန်ရောက်လာပါပြီ။ သုံးရက်ဆိုသည့်ထိုအချိန်ပိုင်းလေးအတွင်းမှာ ကျွန်မ ကြည့်ချင်တာအားလုံးကို ကြည့်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ထာဝရအမှောင်ထုကြီး ကျွန်မ အပေါ်ပြန်ဖုံးလွှမ်းချိန်မှာ ကျွန်မ မကြည့်လိုက်ရတာ ဘယ်လောက်များပြားသလဲဆိုတာကို သိလိုက်ရပါပြီ။ 

          သင်လည်း နောက်သုံးရက်အကြာတွင် မျက်စိအမြင်မရနိုင်တော့ကြောင်း သိရှိရခဲ့လျှင် ကျွန်မကဲ့သို့ အစီအစဉ်ဆွဲနိုင်ပါသည်။ ထိုအစီအစဉ်သည် ကျွန်မ၏အစီအစဉ်နှင့် ကွဲပြားနိုင်ပါသည်။ ထိုကဲ့သို့ သင် တွေ့ကြုံရတော့မည်ဆိုလျှင် သင်၏မျက်လုံးကို ယခင်အချိန်များနှင့် လုံးဝမတူအောင် အသုံးချတော့မည်ဟု ကျွန်မ သေချာပေါက်ပြောလိုပါသည်။ သင် တွေ့မြင်သမျှအရာရာကို ချစ်ခင်မိပါလိမ့်မည်။ သင်၏မြင်ကွင်း အတွင်းရောက်လာသည့် အရာရာတိုင်းကို တွေ့ထိမြင်သိပါလိမ့်မည်။ နောက်ဆုံးတွင် အလှတရားဖြင့်ပြည့်နေသည့် ကမ္ဘာသစ်တစ်ခု သင့်အမြင်တွင် ပေါ်ပေါက်လာပါလိမ့်မည်။ 

          မျက်စိအမြင်အာရုဏ်မရှိသည့် ကျွန်မ အနေဖြင့် အမြင်အာရုဏ်ပိုင်ဆိုင်ထားသောလူများကို အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါသည်။ မနက်ဖြန်တွင် မျက်စိကွယ်တော့မည်ဟု သဘောထားပြီး မျက်လုံးများကို သုံးစွဲပါ။ အခြားသောအာရုဏ်ခံစားမှုများအတွက်လည်း ထိုကဲ့သို့နည်းလမ်းဖြင့် အသုံးပြုနိုင်ပါသည်။ စကားသံတို့၏ဂီတကို နားဆင်ပါ။ ငှက်ကလေးတစ်ကောင်၏ တေးဆိုသံကို နားဆင်ပါ။ တီးဝိုင်းကြီး၏အားအင်ကြီးမားသည့်ဂီတကို နားဆင်ပါ။ ထိုအသံတို့ကို မနက်ဖြန်တွင် အကြားအာရုဏ်ချို့တဲ့တော့မည်ဟု စိတ်ထဲတွင် ထားပြီး နားဆင်ခံစားပါ။ 

          မနက်ဖြန်တွင် ထိတွေ့ခံစားမှုအာရုဏ်ဆုံးရှူံးတော့မည်ဟု သဘောထားပြီး၊ အရာရာကို ထိတွေ့ ခံစားပါ။ ပန်းပွင့်တို့၏ မွှေးရနံ့ကို ခံစားပါ။ အစားအစာတိုင်း၏ အရသာကို မက်မောစွာ ခံစားစားသုံးပါ။ မနက်ဖြန်တွင် ထိုအာရုဏ်တို့ မခံစားနိုင်တော့ဘူးဟု စိတ်ထဲတွင်ထားပြီး သေချာစွာ ခံစားပေးပါ။

          အာရုဏ်ခံစားမှုတိုင်းကို အစွမ်းကုန်ထက်မြက်အောင် ကြိုးစားပါ။ သဘာဝတရားအရကမ္ဘာကြီးမှ သင့်အတွက်ရရှိသော ပျော်ရွှင်မှုသုခတရား၊ အလှတရားတို့အတွက် ဂုဏ်ယူလိုက်စမ်းပါ။ ကျွန်မ သေချာပေါက် ပြောနိုင်သည့်အချက်တစ်ခုကတော့ အာရုဏ်ခံစားမှုများအနက် အမြင်အာရုဏ်ကို ခံစားရခြင်းသည် ဝမ်းမြောက်စရာ အကောင်းဆုံးဖြစ်ပါသည်။ 

( Three Days to See by Helen Keller ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  တင်ဝင်းထွန်း 

သုံးရက်သာမြင်ခွင့်ရခဲ့လျှင် ( ၁ )




          လူငယ်တိုင်း ရက်အနည်းငယ် မျက်စိမမြင်၊ နားမကြားဖြစ်ခဲ့လျှင် ကောင်းမယ်ဟု တခါတရံ ကျွန်မတွေးမိပါသည်။ အမှောင်ထုကြီးကြောင့် မျက်စိအမြင်အာရုံကို ပိုမိုကျေးဇူးတင်မိပါလိမ့်မည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းမှ အသံများ၏ပျော်ရွှင်ဖွယ်ရာကို သင်ကြားပေးပါလိမ့်မည်။ 

          မကြာခဏဆိုသလို ကျွန်မ၏ မျက်စိအမြင်အာရုံရမိတ်ဆွေများကို မည်သည့်အရာများမြင်သနည်းဟု စမ်းသပ်ကြည့်မိပါသည်။ သိပ်မကြာသေးမှီက သစ်တောအတွင်း အချိန်ကြာမြင့်စွာလမ်းလျှောက်ခဲ့သော မိတ်ဆွေကို ဘာတွေ တွေ့မြင်ခဲ့ရလဲဟု မေးမိပါသည်။ 

          “ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး” ဟု သူမ ပြန်ပြောပါတယ်။
          သစ်တောထဲမှာ တစ်နာရီလမ်းလျှောက်ပြီး၊ ဘာမှမတွေ့ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ တစ်ယောက်ထဲ ကျွန်မတွေးလိုက်မိပါသည်။ မျက်စိ မမြင်တဲ့ကျွန်မဆိုရင်တောင် သစ်တောထဲမှာ လမ်းလျှောက်ခဲ့ရင် အတွေ့အထိအာရုံနှင့် စိတ်ဝင်စားစရာတွေ အများကြီးတွေ့နိုင်ပါသေးတယ်။ သစ်ရွက်တစ်ရွက်ရဲ့နူးညံ့တဲ့ပုံသဏ္ဍန်ကို ကျွန်မ ခံစားနိုင်ပါတယ်။ ငွေရောင်သစ်ပင်ရဲ့နူးညံ့တဲ့ သစ်ခေါက်အပေါ် ကျွန်မလက်နဲ့ ဖြေးညှင်းစွာစမ်းမိလိမ့်မယ်။ ထင်းရှူးပင်ရဲ့ကြမ်းတမ်းပြီး၊ အထွတ်တွေ ဖြစ်နေတဲ့သစ်ခေါက်ကို လက်တွေနဲ့စမ်းကြည့်မိမယ်။ နွေဦးပေါက်မှာ သဘာဝရဲ့ပထမဆုံး ပြန်လည်နိုးထမှု သင်္ကေတဖြစ်တဲ့ သစ်ကိုင်းကြားမှ အဖူးလေးတွေ ထွက်လာပြီလားဆိုတာ စမ်းမိလိမ့်မယ်။ တခါတရံ သစ်ပင်ငယ်လေးကို ကိုင်ထားပြီး၊ သစ်ပင်ပေါ်မှ ငှက်ကလေးပျော်ရွှင်စွာတေးဆိုပြီး၊ လှုပ်ရမ်းနေတာလေးကို ခံစားကြည့်မိမယ်။ 

          ဒီလိုအရာလေးတွေကိုမြင်ချင်လွန်းလို့ ကျွန်မ နှလုံးသားအကြိမ်ကြိမ်ငိုညဉ်းမိပါတယ်။ ကျွန်မရဲ့ အထိအတွေ့အာရုံလေးနဲ့ ဒီလောက်ပျော်ရွှင်ရင်၊ မျက်စိအမြင်အာရုံနဲ့ အလှတရားတွေကို မြင်တွေ့ရခဲ့ရင် ဘယ်လောက်တောင် ပျော်ရွှင်ရမလဲဆိုတာကို မတွေးတတ်တော့ပါဘူး။ တကယ်လို့ ကျွန်မရဲ့ မျက်စိတွေကို သုံးရက်တာမြင်တွေ့ခွင့်ပေးခဲ့မယ်ဆိုရင် ကျွန်မ ဘယ်အရာတွေကို ကြည့်ချင်မိမှလဲလို့ တွေးနေမိပါတယ်။

          သုံးရက်ကြာအချိန်လေးကို ကျွန်မ သုံးပိုင်းပိုင်းပါမယ်။ ပထမဆုံးနေ့မှာတော့ ကျွန်မရဲ့ဘဝကို နေပျော်အောင် အကြင်နာမေတ္တာပေးပြီး၊ အဖေါ်အဖြစ်နေထိုင်ပေးခဲ့သူ မိတ်ဆွေတွေကို တွေ့ချင်မိပါတယ်။ စိတ်ဝိဥာဉ်ရဲ့ပြတင်းပေါက်ဖြစ်တဲ့မျက်လုံးမှတဆင့် မိတ်ဆွေရဲ့နှလုံးသားထဲကို ဘယ်လိုကြည့်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ နှလုံးသားကိုတွေ့မြင်ဖို့အတွက် မျက်နှာပုံစံလေးကို လက်ထိပ်လေးနဲ့စမ်းပြီး ကျွန်မ သိမြင်ရတာပါ။ လက်ထိပ်လေးမှ မိတ်ဆွေရဲ့ ရယ်မောခြင်း၊ ဝမ်းနည်းခြင်း နှင့် အခြားစိတ်ခံစားမှုတွေကို သိရတာပါ။ မျက်နှာကို လက်ထိပ်လေးနဲ့စမ်းပြီး၊ သူတို့ကို ကျွန်မ မိတ်ဆွေဖြစ်ခဲ့ရတာပါ။

          မျက်စိမြင်သူတွေအတွက် မိတ်ဆွေဖြစ်ဖို့၊ မိတ်ဆွေတွေရဲ့ခံစားမှုတွေ သိမြင်ဖို့ အရမ်းကို လွယ်ကူပါတယ်။ အရမ်းကိုကျေနပ်စရာကောင်းပါတယ်။ လူတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားကို အရမ်းညင်သာတဲ့ ခြေဟန်လက်ဟန်လှုပ်ရှားပုံလေးကို ကြည့်ပြီးသိနိုင်ပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေရဲ့ပုံပန်းသဏ္ဍန်ကို မြင်တွေ့ရုံမဟုတ်ပဲ မှတ်မှတ်သားသားရှိပါရဲ့လား။ တွေ့ပြီးနောက် မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီလား။ 

          ဥပမာအားဖြင့် မင်းရဲ့အကောင်းဆုံးမိတ်ဆွေငါးဦးရဲ့ပုံပန်းကို သေသေချာချာပြောပြနိုင်ပါလား။ ကျွန်မ မေးခွန်းတွေမေးမိပါတယ်။ ယောက်ျားတွေကို သူတို့မိန်းမတွေရဲ့မျက်လုံးအရောင်ကို ပြောနိုင်ပါသလားလို့ မေးမိပါတယ်။ ယောက်ျားအများစုက စိတ်ရှူပ်ထွေးပြီး၊ နောက်ဆုံးမှာ မသိပါဘူးလို့ ဖြေကြပါတယ်။

          တကယ်လို့ ကျွန်မသုံးရက်သာမြင်ဖို့ စွမ်းရည်ရှိခဲ့ရင် ထိုအရာတွေကို ကြည့်ရှူမှတ်သားပါမယ်။
          ပထမဆုံးနေ့မှာ ကျွန်မ အလုပ်အရှူပ်ဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့အခင်မင်ဆုံးသူငယ်ချင်းတွေကို အနားကိုလာဖို့ ခေါ်ထားပြီး၊ သူတို့မျက်နှာတွေကို အကြာကြီးကြည့်မိပါလိမ့်မယ်။ သူတို့ရဲ့အပြင်ပိုင်းဆိုင်ရာ အလှတရားကို စိတ်ထဲမှာစွဲမှတ်နေအောင်ကြည့်ရှူထားပါမယ်။ ကလေးငယ်တစ်ဦးရဲ့မျက်နှာကို ကျွန်မ အကြာကြီးကြည့်နေချင်ပါတယ်။ ဘဝရဲ့ရှူပ်ထွေးမှုပြဿနာတွေကြောင့် မပျက်စီးမှီ၊ နူးညံ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကို မြင်ချင်မိပါတယ်။ ကျွန်မ ဖတ်ပြီးသား ကြီးကျယ်ထင်ရှားသည့် စာအုပ်ကြီးများကိုလည်း မျက်စိဖြင့်တွေ့လိုပါတယ်။ သစ္စာရှိပြီးယုံကြည်စိတ်ချရတဲ့ ကျွန်မ ခွေးနှစ်ကောင်ရဲ့ မျက်လုံးများကိုလည်း ကြည့်ချင်မိပါတယ်။ သေးငယ်တဲ့စကော့ခွေးလေးနှင့် သန်မာတဲ့ဂရိတ်ဒိန်းခွေးကြီးရဲ့ မျက်လုံးတွေပါ။ 

          နေ့လည်ပိုင်းမှာတော့ သစ်တောထဲမှာ အကြာကြီးလမ်းလျှောက်ပြီး၊ သဘာဝရဲ့အလှအပတွေကို မျက်လုံးနဲ့ တွေ့မြင်ခံစားလိုပါတယ်။ အရောင်အသွေးစုံလင်လှတဲ့နေဝင်ချိန်ရဲ့ ခန့်ညားလှပပုံကို တွေ့မြင်ချင်လို့ ဆုတောင်းမိပါတော့တယ်။ ဒီတစ်ညမှာတော့ ကျွန်မ အိပ်နိုင်မယ် မဟုတ်တော့ပါဘူး။

          နောက်တစ်နေ့ အာရုံဦးအချိန်လေးမှာ ကျွန်မ အိပ်ယာထပြီး၊ အလင်းရောင်မထွက်သေးချိန်မှာ  ညတာမှနေ့တာသို့ ကူးပြောင်းသွားတဲ့ စိတ်လှုပ်ရှားဖွယ်အံ့ဖွယ်ဘနန်းဖြစ်ရပ်လေးကို ကြည့်မြင်ချင်ပါတယ်။ အလင်းရောင် ရောင်ခြည်လေးတွေ တဖြည်းဖြည်းသန်းလာပြီး၊ နေမင်းကြီးမှ သတ္တလောကကြီးကို လှုပ်နိုးလိုက်သည့် အလင်းရောင်လေးကို ကျွန်မ အံ့သြရင်ခုန်စွာ စောင့်ကြည့်ချင်ပါတယ်။ 

          ထိုနေ့မှာ ကမ္ဘာလောကကြီးရဲ့ အတိတ်မှ ပစ္စုပ္ပန်ကို ပြိုးပြိုးပြက်ပြက် မြန်မြန်ဆန်ဆန် ပြောင်းလဲပုံကို ကြည့်ချင်ပါသေးတယ်။ ထို့ပြင် ပြတိုက်ကိုသွားပြီး လူသားတို့၏ တိုးတက်လာမှုဖြစ်စဉ်ကိုကြည့်ချင်ပါတယ်။ ကျွန်မရဲ့မျက်လုံးတွေမှတဆင့် ကမ္ဘာမြေကြီးရဲ့ သမိုင်းမှတ်တမ်းအကျဉ်းချုပ်ကို ကြည့်ချင်ပါတယ်။  

          သတ္တဝါတွေ၊ လူသားမျိုးနွယ်တွေကို သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်မှာ မှတ်တမ်းပြုလုပ်ထားပါတယ်။ လူသားတို့ မပေါ်ထွန်းမှီ ကမ္ဘာကြီးကို စိုးမိုးခဲ့သော ကြီးမားလှသည့် ဒိုင်နို့ဆောကြီးများအကြောင်းကို သိချင်မိသလို၊ သေးငယ်သောကိုယ်ခန္ဓာနှင့် အစွမ်းထက်သည့် ဦးနှောက်ကို သုံး၍ သတ္တဝါလောကကို စိုးမိုးထားသည့် လူသားတို့အကြောင်းကိုလည်း ပိုမိုသိချင်ပါသည်။