Tuesday, February 25, 2014

ကျဆုံးမှာ မကြောက်ပါနဲ့



ဆုံးရှုံးမှုတိုင်းကို သတိမရမိသော်လည်း၊
မင်း ဆုံးရှူံးမှုပေါင်းများစွာ ကြုံခဲ့ဖူးပါပြီ။
ပထမဆုံးအကြိမ် လမ်းစလျှောက်ဖို့ကြိုးစားချိန်မှာ
တဖိုင်းဖိုင်း ချော်လဲခဲ့ဖူးပါပြီ။
ရေကူးတတ်ဖို့ ကြိုးစားခဲ့ချိန်မှာ ရေနစ်လုနီးနီဖြစ်ခဲ့ပါပြီ။
မဟုတ်ဘူးလားကွာ။
ဘတ်တံရိုက်ဖို့ကြိုးစားချိန်မှာ မင်းကို ဘောလုံးလာမှန်ခဲ့တယ် မဟုတ်လား။
မင်းပစ်လိုက်တဲ့ ဘောလုံးကို သူများတွေ ထိထိမိမိရိုက်နိုင်ခဲ့တယ် မဟုတ်လား။
နယူးယောက်မြို့မှာ အာအိတ်ခ်ျမာစီ စတိုးဆိုင်မဖွင့်နိုင်မှီ၊ သူ ၇ ကြိမ်ရှူံးနိမ့်ခဲ့ပါသေးတယ်။
အင်္ဂလိမ်ဝတ္ထုရေးဆရာဂျွန်ကာဆေး သူ့စာအုပ် ၅၆၄ အုပ်ကို မထုတ်ဝေမှီ၊ ၇၅၃ကြိမ် အငြင်းပယ်ခံခဲ့ရပါတယ်။
ဘေဘီရုဒ် ရိုက်ချက် ၁၃၃၀ကြိမ်ထိခဲ့သော်လည်း၊ ၇၁၄ ကြိမ် လွဲချော်ခဲ့ဖူးပါတယ်။
ရှူံးနိမ့်မှုအတွက် မကြောက်ပါနဲ့။
မကြိုးစားလိုက်လို့ အခွင့်အရေးတွေလွတ်သွားမှာကိုသာ စိုးရိမ်ပါ။

( Don’t be Afraid to Fail – Wall Street Journal  ကို ဘာသာပြန်ဆိုပါသည်။  )

Sunday, February 23, 2014

ကိုယ်တိုင် စပြီးပြောင်းလဲပါတော့



       အောက်ပါစာသားတွေကို ဝက်မင်စတာခရစ်ယန်ဘုန်းတော်ကြီးကျောင်းရှိ သင်္ချုင်းဝင်းအတွင်း အင်္ဂလိကန်ဘုန်းတော်ကြီးအုတ်ဂူပေါ်တွင်ရေးထိုးထားပါသည်။

     “လွတ်လပ်တဲ့ငယ်စဉ်ဘဝမှာ ကျွန်ုပ်ရဲ့စိတ်ကူးတွေက အကန့်အသတ်မဲ့ပါ။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမြဲအိပ်မက်မက်ခဲ့ပါတယ်။ အသက်အရွယ်လေးရလာတော့ ဥာဏ်ပညာပိုရှိလာပြီး၊ ကမ္ဘာကြီးကို ပြောင်းလဲဖို့မလွယ်ဘူးဆိုတာ သဘောပေါက်လာပါတယ်။ ဒါကြောင့် ကျွန်ုပ်ရဲ့မြင်ကွင်းကို နည်းနည်းကျဉ်းပြီး ကျွန်ုပ်ရဲ့နိုင်ငံကိုပြောင်းလဲတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

       သို့သော်လည်း ထိုအမြင်ကို ထပ်ပြီးပြောင်းလဲရဦးမယ့်ပုံပေါ်ပါတယ်။
        နှစ်ပေါင်းများစွာကြာညောင်းလာပြန်တော့၊ နောက်ဆုံးအနေနဲ့ ကျွန်ုပ်ရဲ့မိသားစုကို ပြောင်းလဲမယ်လို့ ဆုံးဖြတ်ခဲ့ပြန်တယ်။ သို့သော်လည်း သူတို့ကို မပြောင်းလဲနိုင်ပြန်ဘူး။
        အခုအချိန်မှာ သေရာညောင်စောင်းမှာ ကျွန်ုပ် လဲလျောင်းနေရပါပြီ။ အဲဒီအချိန်မှာ ကျွန်ုပ် ရုတ်တရက် သိလိုက်ပါတယ်။ 

      ကျွန်ုပ် ကိုယ်ကို ပထမဆုံးပြောင်းလဲခဲ့သင့်တာပါ။ ပြီးတော့ ကျွန်ုပ်ရဲ့မိသားစုကို ပြောင်းလဲရပါမယ်။
      သူတို့ရဲ့စိတ်ဝင်စားမှုတွေ၊ အားပေးမှုတွေကို ရယူပြီး၊ ကျွန်ုပ်ရဲ့နိုင်ငံကို ပြောင်းလဲနိုင်မှာပါ။ ထိုမှတဆင့် ကျွန်ုပ် ကမ္ဘာကြီးတစ်ခုလုံးပြောင်းလဲနိုင်ပါလိမ့်မယ်။
                                                                                      Anonymous
( Start With Yourself- Anonymous ကို ဘာသာပြန်ဆိုပါသည်။  )

အခုချက်ချင်း စလုပ်ပါတော့



       အရွယ်ရောက်ပြီး လူငယ်တွေကို ကျွန်တော် စာသင်ပေးရပါတယ်။ ကျွန်တော် သူတို့ကို အိမ်စာတစ်ခု ပေးလိုက်တယ်။
“ ချစ်တဲ့ တစ်ယောက်ယောက်ဆီသွားပြီး၊ သူ့ကို ချစ်ကြောင်းပြောပေးပါ။” ဆိုသည့် အိမ်စာဖြစ်သည်။
          စာသင်ချိန်နောက်တစ်ချိန် စတင်ချိန်မှာ ကျောင်းသားတစ်ယောက် ကျွန်တော့်ကို ဒီလို ပြောပြပါတယ်။

“ယခင်အပတ်က ကျွန်တော့်ကို ဒီအိမ်စာကို ပေးလိုက်တော့ ဆရာ့ကို ကျွန်တော် စိတ်ဆိုးတယ်။ ဒီစကားပြောဖို့ ကျွန်တော့်အတွက် တစ်ဦးမှမရှိဘူးလို့ ထင်တယ်လေ။ သို့သော် ကျွန်တော် အိမ်ကို ကားမောင်းပြန်လာတဲ့အခါ၊ ကျွန်တော့်အသိစိတ်ထဲမှာ တစ်ခုခုပေါ်လာတယ်။ အဲဒီနောက် “ချစ်ပါတယ်” ဆိုတဲ့စကားကို ဘယ်သူ့ကို ပြောရမယ်ဆိုတာကို ကျွန်တော် သေသေချာချာ သိသွားပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက အဖေနဲ့ကျွန်တော် အကြီးအကျယ် သဘောကွဲလွဲကြတယ်။ 

    တကယ့်ကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ မိသားစုတွေ့ဆုံပွဲတွေကလွဲလို့၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်း မဆိုင်ကြပါဘူး။ စကားမပြောကြပါဘူး။ ဒါကြောင့် အခုအိမ်ပြန်ရောက်တဲ့အခါ ကျွန်တော်ချစ်တယ်ဆိုပြီး ပြောသင့်တာ ကျွန်တော့အဖေဆိုတာကို ကျွန်တော်သိသွားပါတော့တယ်။”

          “အဲဒီဆုံးဖြတ်ချက်ကိုချလိုက်ချိန်မှာ ကျွန်တော့် ရင်ထဲမှာ အလုံးကြီးကျသွားသလို ခံစားလိုက်ရပါတယ်။”
“ညနေငါးနာရီခွဲမှာ ကျွန်တော့်မိဘအိမ်ကို သွားပြီး၊ တံခါးခေါင်းလောင်းကို တီးလိုက်ပါတယ်။ ကျွန်တော် ခေါ်တာကို အဖေပြန်ထူးပါစေလို့ ဆုတောင်းမိပါတယ်။ အမေလာပြီး ထူးလိုက်မှာကို ကျွန်တော် ကြောက်တယ်။ အမေပြန်ထူးခဲ့ရင် အဖေ့အစား အမေကို ကျွန်တော် အဲဒီစကားကို ပြောရမယ်လေ။ ကံကောင်းထောက်မစွာနဲ့ အဖေပြန်ထူးပါတယ်။”

“ကျွန်တော် အချိန်မဆွဲတော့ပါဘူး။ ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်တယ်။”
“အဖေ၊ ကျွန်တော် အဖေ့ကို ချစ်တယ်လို့ လာပြောတာ။”
“ချက်ချင်း အဖေ အကြီးအကျယ် ပြောင်းလဲသွားတယ်လို့ ထင်တယ်။ ကျွန်တော့်မျက်စိရှေ့မှာတင် အဖေ့မျက်နှာ ပျော့ပြောင်းသွားတယ်။ မျက်မှောင်ကုတ်ထားတာတွေ ပြေလျှော့သွားတယ်။ ပြီးတော့ အဖေ ငိုချလိုက်ပါတယ်။”

     အဖေလက်ကို ဆန့်ပြီး၊ ကျွန်တော့်ကို ဖက်ထားလိုက်ပါတယ်။ ပြီးတော့ အခုလို ပြောပါတယ်။
“အဖေလည်း သားကို ချစ်ပါတယ်ကွာ။ ဒါပေမယ့်ကွာ ငါ မင်းကို မပြောဖြစ်ခဲ့ပါဘူး။”
“အခု ဒီအချက်ကို ကျွန်တော်ပြောချင်တာ မဟုတ်ပါဘူး။ ကျွန်တော် အဖေ့အိမ်ကို သွားလည်ပြီး၊ နှစ်ရက်အကြာမှာ အဖေရုတ်တရက်နှလုံးရပ်ပြီး၊ ဆေးရုံတက်ရပါတယ်။ အဖေ နေလို့ပြန်ကောင်း၊ မကောင်းကို ကျွန်တော် မသိပါဘူး။”

“ကျွန်တော် အားလုံးကို ပြောချင်တဲ့သတင်းစကားကတော့ -- ကိစ္စတွေကို လုပ်ဖို့လိုပြီဆိုတဲ့အချိန်အထိ မစောင့်ကြပါနဲ့။ ကျွန်တော် အဖေ့ကို ပြောဖို့သင့်တဲ့အချိန်အထိ စောင့်နေခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ။ တကယ်လုပ်ဖို့ လိုအပ်လာတဲ့အခါမှာ၊ အဲဒီအတွက် အချိန်ယူပြီး ချက်ချင်းလုပ်ဆောင်လိုက်ပါတော့။”

( Do It Now by Dennis E.Mannering ကို ဘာသာပြန်ဆိုပါသည်။    )

ခွေးကလေးများ ရောင်းရန်ရှိသည်



            စတိုးဆိုင်တစ်ဆိုင်ရှိ “ခွေးကလေးများ ရောင်းရန်ရှိသည်”ဆိုသည့် ဆိုင်းဘုတ်နားသို့ ကလေးငယ်တစ်ဦးရောက်လာပါတယ်။
“ခွေးလေးတစ်ကောင်ကို ဘယ်လောက်နဲ့ ဦး ရောင်းတာလဲဟင်” လို့ ကလေးက မေးပါတယ်။
“ဒေါ်လာ ၃၀ နဲ့ ၅၀ကြား အစားစားပဲလေ။”
“ကျွန်တော့်မှာ ၂ဒေါ်လာ၊ ၃၇ဆင့်ရှိပါတယ်။ ခွေးလေးတွေကို ကြည့်လို့ရမလားဟင်။”လို့ ကောင်လေးက မေးပါတယ်။

        ဆိုင်ရှင် ပြုံးပြီး၊ လေချွန်လိုက်တယ်။
       ခွေးအိမ်လေးထဲက အမွှေးပွဘောလုံးလေးတွေလို ခွေးကလေးတွေ တအိအိထွက်လာပါတယ်။ ထွက်လာတဲ့ခွေးလေးတွေထဲမှာ ခွေးလေးတစ်ကောင် သိသိသာသာနောက်မှာကျန်ခဲ့ပါတယ်။ ကောင်လေးက ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်ပြီး ထွက်လာသောခွေးလေးကို လက်ညိုးထိုးပြီး ဆိုင်ရှင်ကို မေးလိုက်ပါတယ်။
“အဲဒီခွေးလေး ဘာဖြစ်နေတာလဲဟင်။”

        ခွေးလေးရဲ့တင်ပါးဆုံရိုးမကောင်းလို့ တစ်သက်လုံး ဒီလိုဒုက္ခိတလေးဖြစ်နေလိမ့်မယ်လို့ ဆိုင်ရှင် ကောင်လေးကို ရှင်းပြပါတယ်။ ကောင်လေး စိတ်လှုပ်ရှားသွားပါတယ်။
“သားဝယ်ချင်တာ ဒီလိုခွေးလေးမျိုးဗျ” လို့ ကောင်လေးက ပြန်ပြောလိုက်ပါတယ်။
“မဝယ်ပါနဲ့။ ဒီခွေးလေးကို သား မလိုချင်ပါနဲ့ကွာ။ သား တကယ်လိုချင်ရင် သားကို ဦးပေးမှာပါ။” လို့ ဆိုင်ရှင် ကောင်လေးကို ပြောလိုက်တယ်။

        ကောင်လေးကြည့်ရတာ စိတ်ရှုပ်သွားပုံပေါ်ပါတယ်။
        ကောင်လေး ဆိုင်ရှင် မျက်လုံးကို စိုက်ကြည့်ပြီး၊ လက်ညိုးထိုးပြီး ဒီလိုပြောလိုက်ပါတယ်။
“ဦး သားကို အလကားပေးမှာကို သားမလိုချင်ပါဘူး။ ဒီခွေးလေးရဲ့တန်ဖိုးက အခြားခွေးလေးတွေရဲ့တန်ဖိုးအတိုင်း တပြားသားမှ မလျှော့ပါဘူး။ အခု သား ဦးကို ၂ဒေါ်လာ ၃၇ဆင့် ပေးမယ်။ နောက်တစ်လကို ဆင့်၅၀နဲ့ ပိုက်ဆံကျေတဲ့အထိ အရစ်ကျပေးသွားမယ်။”
“သား ခွေးလေးကို တကယ်လိုချင်မှာ မဟုတ်ပါဘူးကွာ။ ဘာလို့လဲဆိုတော့ ဒီခွေးလေးက တစ်သက်လုံး အခြားခွေးတွေလို ပြေးနိုင်၊ ခုန်နိုင်မှာ မဟုတ်ဘူးကွ။ သားနဲ့လည်း ကစားနိုင်မှာ မဟုတ်ဘူး။” လို့ ဆိုင်ရှင် ကောင်လေးကို ပြန်ပြောပါတယ်။

       အဲဒီမှာ ကောင်လေးက ထိုင်ချလိုက်ပြီး၊ သူ့ရဲ့ဘောင်းဘီကို လိပ်တင်လိုက်ပါတယ်။ ဘောင်းဘီအောက်မှာတော့ ဆိုးဆိုးရွားရွား ရှုံ့တွပြီး၊ ကောက်ကွေးနေတဲ့ ဘယ်ခြေထောက်ကို သတ္တုချောင်းတွေဆိုင်းထားတာကို တွေ့လိုက်ရပါတယ်။
     ကောင်လေး ဆိုင်ရှင်ကို မော်ကြည့်ပြီး၊ တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။
“အင်း၊ သားလည်း သူများတွေလို ပြေးနိုင်၊ လွှားနိုင်တာမဟုတ်ပါဘူး။ အဲဒီတော့ ဒီခွေးလေးကို နားလည်မယ့် တစ်ယောက်ယောက် လိုအပ်တယ်လေ။”

( Puppies for Sale by Dan Clark -- ဘာသာပြန်ဆိုပါသည်။    )

Saturday, February 22, 2014

“အတ္ထုပ္ပတိစာပေ ဖတ်ကြပါစို့” -(2)



        နာမကျန်းဘူးလား။ ဒါဝင်၊ ကာလိုင်း၊ ဒစ်ဆင် နှင့် အီမာဆင် တို့လည်း နာမကျန်းတဲ့သူတွေပါ။ ပထမဆုံးအဲလိစဘက်ဘုရင်မကြီး ကို ဘုရင်မတွေအကြား ရောဂါဝေဒနာတွေနဲ့ တိုက်ခိုက်နေရသူလို့ မှတ်တမ်းပြုခဲ့ပါတယ်။ သူ့ဆေးမှတ်တမ်းမှာ မျက်ကြောသေရောဂါ၊ အကြောဆွဲရောဂါ၊ သွားကိုက်ဝေဒနာ၊ ကျောက်ပေါက်ခြင်း၊ ဗိုက်အောင့်ဝေဒနာ၊ အနာပေါက်ခြင်း၊ ဗေလုံးရှိခြင်း၊ အဆစ်အမြစ်ရောင်ခြင်းနှင့် ဂေါက်ရောဂါ စသည့်ရောဂါဝေဒနာတွေ ခံစားရတယ်လို့ ရေးထားပါတယ်။ ဒီမှတ်တမ်းထဲမှာ တခါတရံသတိလုံးဝလစ်တတ်ကြောင်း ထည့်မရေးထားသေးပါဘူး။ 

         အီတာလျှံ ပန်းချီ၊ပန်းပုဆရာကြီး မိုက်ကယ်အင်ဂျလိုမှာ ပြင်းထန်တဲ့ဗိုက်အောင့် ဝေဒနာရှိပါတယ်။ ပြင်သစ်ပြဇာတ်ဆရာကြီး မိုးလ်ရဲလ် က အဆုတ်တွေ မကောင်းပါဘူး။ နော်ဝေလူမျိုးဇာတ်ညွှန်းဆရာကြီး အီစ်ဘင် ဆီးချိုရောဂါရှိပါတယ်။ ဂျာမာန်လူမျိုးတေးဖွဲ့ဆရာကြီး ဟန်ဒယ် ရဲ့လက်တစ်ဖက် အကြောဆွဲနေပါတယ်။ ဖလန်ဒါလူမျိုးပန်းချီဆရာကြီး ရှူဘင် မှာ ဂေါက်ရောဂါနှင့် ဇာက်ကျောတတ်ရောဂါ ရှိပါတယ်။ အကောင်းဆုံးသောအနုပညာရှင်တွေကို လေ့လာပြီး၊ ဂျော့ဂျင်းနသန် မှတ်ချက်ပြုခဲ့ပါတယ်။

“အနုပညာဆိုတာ ကျန်းမာရေးမကောင်းမှုမှမွေးလာတဲ့ကလေးပေါ့ဗျာ။”

ဂျော့ဂျင်းနသန် ဒီလိုမှတ်ချက်ချခဲ့တာ အံ့သြစရာမဟုတ်ပါဘူး။

        ဆင်းရဲချို့တဲ့ပါသလား။….  ထင်ရှားကျော်ကြားသူတွေထဲမှာ ငွေကြေးချို့တဲ့ပြီး၊ ဒုက္ခိတဖြစ်နေသူ စာရင်းရှည်ကြီးရှိပါတယ်။ ပုဂ္ဂိုလ်တစ်ဦး အောင်မြင်မှုသို့ ပထမဆုံးခြေလှမ်းချပြီးချိန်မှာ ဥစ္စာပစ္စည်းလုံလောက်စွာ ပိုင်ဆိုင်လာခဲ့ပြီလားဆိုတဲ့မေးခွန်းတော့ ကျန်နေဆဲပါ။

      စားဝတ်နေရေးအတွက် ချားလ်လင့် စာရေးလုပ်ရပါတယ်။ နေ့စဉ်စားဝတ်နေရေးအတွက် မက်သယူးအာနိုး အထက်တန်းကျောင်းစစ်ဆေးရေး လုပ်ပါတယ်။ သူ့ရဲ့ဖန်တီးမှုစွမ်းအားကို နုံ့နဲ့သွားစေမယ့်အလုပ်ကြမ်းတွေပါ။ 

       သင် ခံစားနေရတဲ့ဒုက္ခဝေဒနာတွေ ဘယ်လောက်များသလဲ။ အမှတ်စဉ်ထိုးပြီး ချရေးထားလိုက်ပါ။ သင့်လို ခံစားနေရသူဘဝတူတွေအကြောင်းကို အတ္ထုပ္ပတိစာအုပ်ထဲမှာ ဖွင့်ပြီးရှာကြည့်လိုက်ပါ။ 

       သင့်ပတ်ဝန်းကျင်ကလူတွေနဲ့ အတိုက်အခံဖြစ်နေပါသလား။ အစီစီပြည်နယ်မှဖရန်စစ် စာအုပ်ကို ဖတ်ကြည့်လိုက်ပါ။ သူ့ဖခင်ရင်းမှ တရားရုံးတော်မှ တရားစွဲတာခံခဲ့ရပါတယ်။ အမွေပြတ်စွန့်လွှတ်ခဲ့ပါတယ်။ အီတာလျှံလူမျိုးဘာသာရေးပြုပြင်ရေးဆရာ ဆဗိုနရိုဒါ အကြောင်းဖတ်ကြည့်ပါဦး။ သြဇာအာဏာကြီးမားတဲ့ အုပ်ချုပ်သူ လိုရင်ဇိုမက်ဒီစီ နှင့်သူ့မဟာမိတ်တွေကို တစ်ဦးတည်း တိုက်ခိုက်ခဲ့တာပါ။

        ခေတ်သစ်မှာ သိပ္ပံပညာရှင်တွေရဲ့တိုက်ခိုက်မှုခံရတဲ့ ချားလ်ဒါဝင်၊ စာပေဝေဖန်ရေးဆရာတွေရဲ့ ဝေဖန်ခြင်းခံရတဲ့ ဘရောင်းနင်း နှင့် နိုင်ငံရေးသမားရဲ့တိုက်ခိုက်မှုခံရတဲ့ လင်းကွန်း နှင့် ဝဒ်ရိုလ်ဝီလ်ဆင် တို့ရဲ့ဘဝတွေကို လေ့လာကြည့်ကြပါတော့။

       အတ္ထုပ္ပတိစာပေဖတ်ရှူခြင်းမှ ရရှိသောအကြီးဆုံးပျော်ရွှင်ဖွယ်ရာသည် သူရသတ္တိကိုတွေ့ရှိရခြင်းပါ။ လုပ်ကိုင်ဆောင်ရွက်ရဲတဲ့သတ္တိပါ။ ဒုက္ခဝေဒနာကို ရင်ဆိုင်ရဲတဲ့သတ္တိပါ။ ဆန့်ကျင်မှုတွေကို တွန်းလှန်ရဲတဲ့သတ္တိပါ။ ဘာမှသေချာမသိသောပင်လယ်ကြီးကိုဖြတ် ခရီးထွက်ရဲတဲ့ ကိုလံဘတ် ရဲ့သတ္တိပါ။ ရေခဲစွန်းဒေသကိုဖြတ်သန်းရဲတဲ့ ပါစီ ရဲ့သတ္တိပါ။ တောတောင်တွေကို ဖြတ်သန်းရဲတဲ့ လစ်ဗင်းစတုံး ရဲ့သတ္တိပါ။ လူမှုရေးအဟန့်အတားတွေ ဖြတ်သန်းရဲတဲ့ ဂျိမ်းအာဒံ ရဲ့သတ္တိပါ။

        ဒီစာပိုဒ်လေးကတော့ အန္တာတိတ်ဒေသကိုဖြတ်သန်းခဲ့သူ ကပ္ပတိန်စကော့ ရဲ့ဒိုင်ယာရီထဲမှ စာပိုဒ်လေးပါ။ ခြေထောက်တွေထုံကျင်ပြီး ခဲနေပါပြီ။ အစာရေစာပြတ်ပြီး၊ သေဖို့စောင့်ရင်း တဲလေးထဲမှာ လဲနေပါတယ်။ တုန်ရီနေတဲ့လက်နဲ့ဒိုင်ယာရီလေးကို သူ နောက်ဆုံးအပြီးသတ်ရေးနေပါတယ်။ လူတွေထံအသနားခံတင်ပြခဲ့တဲ့ နောက်ဆုံးအသဲကွဲစရာ အဆုံးသတ်စာပိုဒ်လေးပါ။

“အိုအဖဘုရားသခင်၊ ကျွန်ုပ်တို့လူသားများကို စောင့်ရှောက်ပါလော့။”

သတ္တိ -- အတ္တကိုမေ့ဖျောက်ထားပြီး၊ ပရအကျိုးကို စဉ်းစားပေးသောသတ္တိ!!!!!

( Let Read Biographies by Fred Eastman- ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။  )