Showing posts with label ကူးယူဖော်ပြ. Show all posts
Showing posts with label ကူးယူဖော်ပြ. Show all posts

Saturday, May 17, 2014

မှတ်မိသမျှ- ကိုအောင်ဆန်း၏ ကျောင်းသားဘဝ - သခင်ကျော်စိန် - ( ၁ )

  ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်း (ဝါ) ကိုအောင်ဆန်းနှင့် ကျောင်းနေဘက် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက်တဦးဖြစ်၍ ကျောင်း၌နေစဉ်က မှတ်မိသမျှကို မှတ်တမ်းတင်လိုက်ပါသည်။
          ကိုအောင်ဆန်းသည် ကျွန်တော်တို့ထက် ၂နှစ်စော၍ တက္ကသိုလ်သို့ ရောက်ရှိနေပါသည်။ ကိုအောင်ဆန်းကို ကျွန်တော်တို့အတန်းဆင်းချိန်နှင့် သူအတန်းတက်ရန် သုတ်သီးသုတ်ပျာလာချိန်တို့တွင် “အင်းဝ” ဆောင်ရှေ့တွင် မကြာခဏ ဆုံစည်းမိတတ်ကြပါသည်။ နောက် ကိုအောင်ဆန်းနှင့် ကျွန်တော်တို့ ခင်မင်ရင်းနှီးလာခဲ့ကြပါသည်။ 

          ကိုအောင်ဆန်း၏ ကျောင်းသားဘဝ ဝတ်ပုံစားပုံမှာ ကျွန်တော်တို့အဖို့ အတော်ကြီး ထူးဆန်းနေသလို ဖြစ်ခဲ့ပါသည်။ ရှတ်အကျီကို ကြယ်သီးအပြည့်မတပ်ဘဲ ပင်နီအပေါ်အကျီကို ကပိုကရိုဝတ်၍ မန္တလေးလုံချည် အနွမ်းကိုပင် ဆင်မြန်းကာ ဆံပင်စုတ်ဖွါးနှင့် သင်ကြားပို့ချချက်များ လိုက်ရန် မှတ်စုစာအုပ်လက်တွင်ကိုင်ပြီး၊ စိုက်စိုက်စိုက်စိုက် သွားတတ်သည်ကို ယခုတိုင်ပင် မှတ်မိလျှက်ရှိပါသည်။

          ကျွန်တော်တို့ အသိမိတ်ဆွေသူငယ်ချင်းများနှင့်တွေ့လျှင် ကိုအောင်ဆန်းသည် ပြုံး၍သာ နှုတ်ဆက်ပြီး ရှေ့ဆက်စိုက်စိုက် စိုက်စိုက်သွားလေ့ရှိပါသည်။ တခုခုကို အစဉ် အာရုံစိုက်ပြီး နေသောအသွင်မှာ အမြဲထင်ရှား၍ နေပါသည်။ 

          ကိုအောင်ဆန်းသည် ကျောင်းတွင် သူငယ်ချင်းများနှင့် “ဟေးလား--ဝါးလား” စကားဖွဲ့လေ့ မရှိပါ။ သင်ကြားပို့ချသမျှကို အမြဲအာရုံစိုက်ပြီး နားထောင်မှတ်သားလေ့ရှိပါသည်။ ထို့ကြောင့် စာမေးပွဲတိုင်း ကောင်းစွာ အောင်မြင်သည်ချည်း ဖြစ်ပါသည်။
          ကိုအောင်ဆန်းနှင့် ခင်မင်ရင်းနှီးလာပြီး၊ သူ၏အခန်းသို့ သွားရောက်လည်ပတ်သောအခါ သူ၏အခန်းမှာ မသေသပ်ဆုံး အခန်းတခု အမြဲဖြစ်နေသည်ကို ကောင်းစွာ သတိပြုမိသည်။

          တခါတရံ ကိုအောင်ဆန်းသည် ညလုံးပေါက်စာဖါတ်လေ့ရှိပါသည်။ စာသင်ခန်းတွင် နှုတ်ဆိတ်သလောက် သူ၏အခန်းရောက်၍ စကားစမိလျှင် ကိုအောင်ဆန်းသည် အာဘောင်အာရင်း သန်သန်နှင့် စိတ်ပါလက်ပါ ပြောလေ့ရှိပါသည်။ 
မည်သည်ကို လေ့လာလေ့လာ နှိုက်နှိုက်ချွတ်ချွတ် အပင်ပန်းခံပြီး လေ့လာတတ်ပါသည်။ ထို့ကြောင့် ကိုအောင်ဆန်း စကားပြောလျှင် ပိုင်ပိုင်နိုင်နိုင် ပြောလည်း ပြောနိုင်ပါသည်။ သူ၏ပြောဟန်ထဲမှ “ဒီမယ်- ဒီမယ်” ဟု ပြောပုံများ “ကိုယ့်လူ- ကိုယ့်လူ”ဟု ပြောပုံများမှာ နားထဲတွင်စွဲ၍ ယနေ့တိုင် ရှိနေပါသေးသည်။

          တညနေတွင် သထုံဆောင်၌နေသော ကိုကျော်ငြိမ်း(ယခု ဒုဝန်ကြီးချုပ်) ၊ ကိုအောင်ဆန်းနှင့် ကျွန်တော်တို့သုံးဦးသား တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့် (ယခုကုလားလဘက်ရည်ဆိုင်နား) တွင် ရောင်းချသော အကြောင်ဆိုင်၌ တဝစားကြပြီး အင်းလျားကန်ဘက်သို့ လျှောက်ကြပါသည်။ ဘင်္ဂါလီလူငယ်များ၏ ခြောက်လှန့်သတ်ဖြတ်ရေးဝါဒ ( Terrorism ) ကို သူရွံ့ရှာ မုန်းတီးပုံ အားရပါးရ ပြောပြီးလျှင် သူသည် တဦးချင်း လူစွမ်းကောင်းဝါဒကို မုန်းတီးကြောင်း၊ စုပေါင်း စည်းရုံးလုပ်ကိုင်ခြင်း ( organized action ) ကိုသာ ယုံကြည်ကြောင်း တနာရီကျော်ကျော်ခန့် ပြောနိုင်ခဲ့ပါသည်။

          ကိုအောင်ဆန်းစာဖါတ်ပုံမှာ အတော်ကြီးစနစ်ကျလှပါသည်။ ပထမစာအုပ်၏ မာတိကာကို ကောင်းစွာ မှတ်သားပါသည်။ နောက် တခန်းစီဖတ်လျက် ဖတ်ပြီးသားအခန်းများ၏ အချုပ်သဘောကို မှတ်စုစာအုပ်ဖြစ်စေ၊ စာရွက်လွတ်၌ ဖြစ်စေ မာတိကာခေါင်းစဉ်ချ၍ အတိုချုပ် ( Summary ) မိမိဘာသာမိမိ ရေးသားလေ့ရှိပါသည်။ ကိုအောင်ဆန်းသည် ကျောင်းစာနှင့် အပြင်စာ နှစ်ခုလုံးကို ကျေလည်အောင်ဖတ်နိုင်သော သတ္တိရှိသူဖြစ်လေသည်။

          ထိုခေတ်အခါက ပေါ်ပေါက်နေသော ပြဿနာများ၊ အခြေအနေများကို မကြာခဏဆိုသလို ကိုအောင်ဆန်းနှင့် ဆွေးနွေးကြပါသည်။ ကိုအောင်ဆန်းသည် အဖြီးအဖြန်းမပါဘဲ လိုရင်းချက်များကို ပြတ်ပြတ်သားသားတစ်တစ်ခွခွ ဖေါ်ထုတ်လေ့ရှိပါသည်။ စာရေးရာတွင်လည်း အင်္ဂလိပ်ဘာသာနှင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်ဖြစ်စေ၊ ထိထိမိမိ ထင်ရှားပေါ်လွင်အောင် ရေးသားနိုင်ပါသည်။ ၂ ဘာသာစလုံးကို ကောင်းကောင်းကြီး ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်သူများ နည်းပါးသော်လည်း ကိုအောင်ဆန်းမှာ ထိုသို့ရေးနိုင်သူတဦး ဖြစ်ပါသည်။ 

( Zawgyi )








        

Thursday, May 15, 2014

KMD ဦးသောင်းတင် အင်တာဗျူး



KMD ဦးသောင်းတင်        
မေး။  ။ ဆရာ့အနေနဲ့ လူငယ်တွေကို ဘာတွေများ ပြောချင်ပါသေးသလဲ။
ဖြေ။   ။ တိုးတက်ချင်စိတ်ရှိဖို့လိုတယ်၊ တော်နေဖို့ထက် တော်ချင်စိတ်ရှိဖို့၊ လုပ်နေဖို့လိုတယ်။ အဲဒါနည်းနည်း ပိုအရေးကြီးတယ်လို့ ထင်တယ်။ ဥပမာ..ကျွန်တော်တို့ KMD ဆိုရင် နှစ်စဉ် အနည်းဆုံး တိုးတက်မှု တစ်ခုရှိရမယ်။ သင်တန်းနေရာ အသစ်တစ်ခုချဲ့နိုင်ရမယ်။ သင်ရိုးတိုးလာရမယ်။ တစ်နှစ်မှာ တစ်ခု။ အချို့နှစ်တွေမှာ သုံးလေးခု။ ဒါပေမဲ့ မရှိတဲ့နှစ်ကတော့ မဖြစ်ရဘူး။ မရှိဘူးဆိုရင် ဆုံးရှုံးတယ်။ အဲဒါ ကိုယ့်ဘာသာကိုယ် မဖြစ် ဖြစ်အောင် လုပ်ဖို့ချထားတဲ့အချက်၊ နောက်တစ်ချက် လူငယ်တွေ ကိုယ့်ဘာသာကိုယ် သင်ယူမှုအလေ့အကျင့် ရှိစေချင်တယ်။ ကျွန်တော်တို့ အာရှသင်ကြားရေးမှာက ကျက်ခိုင်းနေတယ်။
             
            ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်ဘာသာကိုယ် Learn လုပ်ချင်တဲ့ အကျင့်တွေရှိနေပြီး။ Learn လုပ်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့လိုမယ်လို့ ကျွန်တော် ထင်တယ်။ ပြီးတော့ အခက်အခဲတွေ့ရင် ပျော့မဆင်းသွားဖို့လိုတယ်။ ဒါဟာ Challenge ပဲဆိုပြီး ရင်ဆိုင်ရဲရမယ်။

          ကျွန်တော့်အတွေ့အကြုံအရဆိုရင် ဘဝဆိုတာ တစ်သမတ်တည်း မရှိဘူး။ Challenge တွေကြုံမယ်။ ဒီအတွက် အခု မတော်ရင်လည်း ဘာမှ စိတ်ပျက်ဖို့ မလိုဘူး။ အမှန်အတိုင်းပြောရရင် ငယ်ငယ်တုန်းက ကျွန်တော်တို့ကျောင်းမှာ အတော်ဆုံးဆိုတဲ့လူတွေဟာ ဘဝမှာ အားလုံးအောင်မြင်ကြတာတော့ မဟုတ်ဘူး။ အညံဆုံးဆိုတဲ့လူကလည်း ဘဝမှာ အအောင်မြင်ဆုံးဖြစ်ချင်လည်း ဖြစ်တတ်တယ်။ Formula မရှိဘူး။
  
           ငယ်ရွယ်စဉ် ၁၅ နှစ်၊ ၁၆ နှစ် ကျောင်းသားဘဝမှာ ငါက အတော်ဆုံး၊ အကုန်နိုင်တယ်ဆိုတာမျိုး မဟုတ်ဘူး။ ဒါတစ်ခုတည်းနဲ့ မပြီးဘူး။ မတော်တဲ့လူကလည်း သိမ်ငယ်နေဖို့ မလိုဘူး။ အရေးအကြီးဆုံးက Keep improving ဖြစ်ဖို့ ကြိုးစားစေချင်တယ်။
           အခုတော်နေတာကို မကျေနပ်ပါနဲ့၊ ယုန်နဲ့လိပ် ပြေးသလို ရွေ့နေဖို့ အရေးကြီးပါတယ်။ လူငယ်တွေကြားမှာ လောလောဆယ်ပြိုင်နေကြတာ စာမှာပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ဒီအတွက်တော့ ဘဝင်မြင့်စရာ၊ စိတ်ဓါတ်ကျစရာ ဘာမှဖြစ်ဖို့ မလိုဘူး။ တကယ်တော့ ဘဝမှာ နောက်ထပ်ကြုံရမှာတွေက အများကြီး၊ အဲဒီတော့ တော်အောင်တော့အမြဲကြိုးစားနေဖို့ လိုပါတယ်။
( KMD မှ ဆရာဦးသောင်းတင်၏ အင်တာဗျူးကို ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။ )


Monday, May 12, 2014

အာရုံများ ငြိနေခြင်းမှ ကင်းခြင်းနှင့် တည်ကြည်ခြင်း



          “ဇင်” ကို အလုပ်လုပ်ကိုင်ရာ၌ အသုံးချရန် နည်းတစ်နည်းရှိ၏။ ယင်းမှာ အချိန်တစ်ချိန်၌ အလုပ်တစ်ခုတည်း၌သာ “တည်”ရန်တည်း။ ယနေ့ကာလများ၌ ကိစ္စများကို တစ်ပြိုင်နက် ပြုလုပ်နိုင်ရမည် ( multi-tasking ) ဟူသော “တွန်းမှု” ဝန်ထမ်းတို့အပေါ်ရှိနေသည်။ တစ်ချိန်တည်း တစ်ပြိုင်နက် ကိစ္စမြားမြောင် သင်လုပ်ကိုင်ရအံ့၊ သင့်စွမ်းအင်များ ပြန့်ကြဲမည်တည်း။ တစ်ချိန်၌ ကိစ္စတစ်ခုထက် ပိုလုပ်ခြင်းကို ရပ်တန့်ပစ်လော့။ စိတ်ပြန့်လွင့်က၊ ကိစ္စဝိစ္စကို လျောက်ပတ်အောင် ဆောင်ရွက်ရန် ခက်ခဲလှကြောင်း ကျုပ်တို့ သိသည်။ တစ်ခုမစမှီ တစ်ခုကိုပြီးရမည်ဟု ဆိုလိုသည်မဟုတ်။ ကိစ္စတစ်ခု ဆောင်ရွက်စဉ် အာရုံမများနှင့် ယင်း၌သာ တည်ကြည်ဟုသာ ဆိုလိုသည်။ ဖိုင်တွဲစဉ် ဖိုင်တွဲ၊ တယ်လီဖုန်းခေါ်သံကို ပြန်ထူးစဉ် ခေါ်သံကိုပဲထူး။

          အပျော်တမ်း “ဇင်”ကျင့်စဉ်ကျင့်သူတစ်ယောက်က အောက်ပါသင်ခန်းစာတချို့ကို ဝက်ဘ်ဆိုက်တစ်ခုမှာ မျှသည်။ ရှုကြပါ။

-       “အား” ထက် ပြောင်းနွဲ့ညွှတ်ကွေး၊
ရေနဲ့တူစေ၊ အဟန့်အတားကို ပတ်၍စီး ( အဟန့်အတားဟူရာ၌ လူလည်းပါဝင်၊ “မင်း”သွားမယ့်လမ်းကလူတွေ)၊ အားကို ပြောင်ပြောင်တင်းတင်း သုံးက တင်းလို့ပြတ်မည်။

-       ခံစားမှုများကို ထိန်း၊ ခံစားမှုက မင်းကို မလွှမ်းစေနဲ့။
ဒေါသကြီးသူ အကြင်နာသူသည် သူ့ကိုယ်သူပင် အရှုံးတွေ့စေမည်။

-       တစ်နေ့တာ၏ ဘာသာဘာဝ၊ သပ္ပါယမျှတနေမှုကို သိလော့။
အလုပ်နှင့်အိမ်၊ အလုပ်နှင့် မိသားစု၊ အလုပ်နှင့် မိမိမျှအောင်ထိန်း။

-       ပစ္စုပ္ပန်တစ်ခဏ၏ အဖိုးမဖြတ်နိုင်သော အစားထိုးမရမှုကို သတိပြုလော့။ ပစ္စုပ္ပန်ဆတ်ဆတ်၌ နေမှုကြောင့်၊ အတိတ်မှ သင်ခန်းစာကိုလည်း မယူ၊ အနာဂါတ်အတွက် ပြင်ဆင်ရန်မလိုဟုလည်း မယူလိုက်နှင့်။

-       မင်းရဲ့ခွက်ကို ဗလာဖြစ်စေလော့။ ထို့နောက်မှ ယနေ့သင်ခန်းစာများနှင့် ဖြည့်လော့။ နေ့စဉ်နေ့တိုင်း ခဏတိုင်း သိစရာများကို မင်းသိနေတယ်။ ယင်းတို့အား အသုံးချလော့။

-       အလုပ်၌သာ အာရုံထား၊ အာရုံကို ရလဒ်ပေါ် မတင်နှင့်။ စိတ်၌ ပန်းတိုင်ထူထောင်ခြင်းကား အရေးကြီး၊ သို့သော် ပန်းတိုင်အပေါ်ချည်းသာ စူးစိုက်နေလျှင်ကား လက်ငင်းကိစ္စကို ထိထိရောက်ရောက် လုပ်နိုင်မည်မဟုတ်၊ လက်ငင်းလုပ်စရာ ကိုယ့်ဆောင်တာကို လျှော်အောင်သာဆောင်၊ ရည်ရွယ်သမျှပြီးသည်။

-       ဘာသာဘာဝ ( စိတ်မှတ်မဲ့စွာ )
လုပ်ဆောင်ဖို့ လေ့ကျင့်ပါ။ ရိုးရှင်းသော  လူတို့နှင့် လုပ်တတ်၊ ကိုင်တတ်ခြင်း( People skills ) ကား အလိုလျှောက်စီးဆင်းကာ၊ ပင်ကိုယ်သဘာဝက ထွက်လာသော် အထိရောက်ဆုံး။ တကယ့်ရင်းချာ ကူညီတတ်သော လူတစ်ယောက်ရှိသည်။ နောက်တစ်ယောက်ကား အဲဒါ သူ့အလုပ်မို့ သူလုပ်နေ၊ ထိုနှစ်ယောက်အနက် မည်သူက ပို၍ စွမ်းမလဲ စဉ်းစားကြည့်။

-       ကြောက်ခြင်းကား အရိပ်။ အကောင်အထည် မဟုတ်။
ကျုပ်တို့၏ ကြောက်ခြင်းအများစုမှာ အနာဂါတ်အတွက် ကြောက်ရွံ့နေခြင်း မဟုတ်လော။ ထိုအရာကား ယခုထိ မဖြစ်သေး၊ တကယ်လည်း မဟုတ်။ ကြောက်ခြင်းကား စွမ်းအားကို ပစ္စုပ္ပန်မှ ယိုထွက်စေသည်။ တကယ်တော့ ထိုစွမ်းအားကား၊ လက်ငင်းဘေးကျပ်နံကျပ် အခြေအနေမှ မင်းကို မလွတ်ကျွတ်စေမည့်စွမ်းအား။ ကစားပွဲ၌ ပြိုင်ဘက်ကို အနိုင်ယူလိုသော် မိမိကိုယ်ကိုယ်သာ တိုးတက်အောင်လုပ်၊ ပြိုင်ဘက်အားလဲကျအောင်လုပ်ခြင်းမှာ အကောင်းဆုံးနည်း မဟုတ်။ ကိုယ့်ကို ကိုယ်ဆွဲထူ၊ ထိုနည်းသာ အကောင်းဆုံးနည်း။ ပြိုင်ဘက်အချို့မှာ သူတို့ကိုယ်တိုင်၏ လိုအပ်ချက်များကြောင့်သာ လဲကျသွားလိမ့်မည်။ လဲကျမည် မုချ။ ကိုယ်လုပ်စရာရှိတာကိုသာလုပ်။

-       ကိုယ့်ကိုကိုယ်အား ခဏတော့ ရပ်နားခွင့်ပေး။ နားခြင်းဖြင့် ရွှင်လန်းစေလော့။ မရပ်နားက မင်းရသမျှ အဆံမပါ၊ သင်္ကြန်အမြောက်၊ မင်းစိတ်အား သန့်ရှင်းကြည်လင်ဖို့ အချိန်ပေး၊ သန့်ရှင်းသောစိတ်ကသာ ဆောင်ရွက်နိုင်၊ တုန့်ပြန်နိုင်၊ ထိထိရောက်ရောက် ရောက်ရှိနိုင်သည် မဟုတ်လော။
( “Zen in 101 Simple Lessons” မှ ကောက်နုတ်ပြန်ဆိုသည်။  )
( “စင်ကြယ်သောစိတ်” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။  တင်ဝင်းထွန်း )

မှန်သောအလုပ် ( အရှင်သေဌိလ )



( အရေးကြီးသော လက်ရှိပစ္စုပ္ပန်ကာလတိုင်း မှန်ကန်မှုရှိစေဖို့ပဲ လိုအပ်ပါသည်။ )
   
အဆင့်တိုင်း အဆင့်တိုင်း၌ပင် လှုပ်ရှားမှု သို့မဟုတ် လုပ်ရပ်တစ်ခုတွင် ယင်းကို ပေါ်ပေါက်စေခဲ့သော အတိတ်အကြောင်းရှိသကဲ့သို့ ယင်းလှုပ်ရှားမှုမှ ပေါ်ပေါက်လာမည့် အနာဂါတ် အကျိုးတရားလည်း ရှိပေသည်။ လှုပ်ရှားမှုတစ်ခု သို့မဟုတ် လုပ်ရပ်တစ်ခုသည် စိတ်၏စေ့ဆော်မှုကြောင့် ထင်ရှားဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ အရာတစ်ခုခုကို လိုချင်မှုဆန္ဒသည် စိတ်ကို လှုံဆော်သည်ဖြစ်၍ ကျွန်ုပ်တို့သည် ထိုပြင်ပ လှုံဆော်မှုကြောင့် ပေါ်ပေါက်လာသော တုံ့ပြန်မှုများကို ထိန်းချုပ်ဖို့ရာ လိုအပ်ပေသည်။

          ကျွန်ုပ်တို့၏ မကောင်းမှုများအတွက် ကျွန်ုပ်တို့၌သာ တာဝန်ရှိသည်။ မြတ်စွာဘုရားဟောကြားခဲ့သည်မှာ “မကောင်းမှုများကို ကိုယ်တိုင်ပြုလုပ်ခဲ့သည်။ မိမိ၏ မိဘများ၊ မိတ်ဆွေများ၊ ဆွေမျိုးများ၊ အကြံပေးသူများက ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ ယင်းမကောင်းမှုတို့၏ ဆိုးကျိုးများကို မိမိတို့ကိုယ်တိုင်သာလျှင် ခံယူရမည်သာတည်း။” မိမိတို့ပြုလုပ်ခဲ့သော မကောင်းမှုများအတွက် မိမိတို့၌သာ တာဝန်ရှိသည်ဖြစ်သောကြောင့် ထိုမကောင်းမှုတို့၏ ဆိုးကျိုးများကိုလည်း မိမိတို့ကသာ ခံယူရပေမည်။ မည်သူတစ်ဦး၊ တစ်ယောက်ကမှ မိမိတို့အား ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

          အကျင့်စာရိတ္တဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နေ့တိုင်း၊ နာရီတိုင်း ပြုလုပ်ခဲ့သောအလုပ်တို့၏ ရလဒ်ဖြစ်သည်။ တရားမျှတသောအလုပ်ကို ပြုလုပ်ခြင်း၊ သနားကြင်နာသောအလုပ်များကို နေ့စဉ်ဆောင်ရွက်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ စသည်တို့ကြောင့် ကျွန်ုပ်တို့သည်လည်း တရားမျှတသူများဖြစ်လာကြသည်။ 

          …ကျွန်ုပ်တို့၏ အလုပ်အရည်အသွေးကသာ ကျွန်ုပ်တို့၏ အကျင့်စာရိတ္တကို ဆုံးဖြတ်ပေးပေလိမ့်မည်။ 

          လူတို့၏သက်တမ်းတစ်လျှောက်တွင် အရေးပါသည်မှာ ရော်ရမ်းမှန်းဆခြင်း မဟုတ်ဘဲ အမှန်တကယ်ပြုလုပ်မှုသာဖြစ်သည်။ စာဆိုသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ကိုင်မှုသာ ဖြစ်၏။ ပြုလုပ်လိုသော စေတနာရှိပြီး၊ ၎င်း၏နောက်မှ လက်တွေ့အလုပ်လိုက်ပါလာခြင်းသည် အမှန်တကယ် ကောင်းမွန်သောအရည်အချင်းဖြစ်၏။ စေတနာသက်သက်မျှသာရှိပြီး၊ လက်တွေ့အလုပ်မဖြစ်ပါက ထိုစေတနာသည် တန်ဖိုးမများလှပေ။

          …ပစ္စုပ္ပန်သည်သာ တည်ဆဲဖြစ်၍ ၎င်းကိုသာ စီမံခန့်ခွဲနိုင်သော အခြေအနေရှိသည်။ ဤပစ္စုပ္ပန်ခဏကို ကောင်းကျိုးအတွက်ဖြစ်စေ၊ မကောင်းကျိုးအတွက်ဖြစ်စေ၊ အသုံးချခြင်းသည် လူတစ်ဦးတစ်ယောက်အပေါ်၌သာတည်၏။
(ဗုဒ္ဓဘာသာလက်စွဲမှ…. )                                         
      အရှင်သေဌိလ