Tuesday, April 8, 2014

ပြဿနာ သစ်ပင်



        လက်သမားတစ်ယောက်သည် တစ်နေ့တာ အလုပ်ပြီးဆုံး၍ အလုပ်သိမ်းလိုက်ပါသည်။ နောက်ရက်သည် ပိတ်ရက်ဖြစ်သဖြင့် သူ့မိတ်ဆွေကို အိမ်အပြန်တွင် အတူလိုက်ပြီး၊ အရက်သောက်ရန်ဖိတ်ခေါ်ပါတယ်။
          အိမ်ရောက်သောအခါ အိမ်ထဲသို့ မဝင်မှီ၊ ခြံဝင်းရှိသစ်ပင်တစ်ပင်ရှေ့တွင် လက်သမား တိတ်ဆိတ်စွာ ခဏရပ်နေပါတယ်။ ထို့နောက် သစ်ကိုင်းများကို လက်နှစ်ဖက်ဖြင့် ထိလိုက်ပါတယ်။
          လက်သမားရဲ့မျက်နှာပေါ်မှာ အမူအယာတွေ လုံးဝပြောင်းလဲသွားပါတယ်။ ပြုံးရွှင်စွာနဲ့ အိမ်ထဲကို ဝင်သွားတယ်။ မိန်းမတွေ၊ ကလေးတွေကို နူတ်ဆက်တယ်။ ရယ်စရာပုံတိုပတ်စတွေ ပြောပြတယ်။ နောက်ဆုံးမှ အိမ်ရဲ့ဝန်ရံတာကို မိတ်တွေနဲ့အတူ သောက်ဖို့ ထွက်လာခဲ့ပါတယ်။
          အဲဒီဝန်ရံတာမှ ကြည့်ရင် ဟိုသစ်ပင်ကို လှမ်းမြင်ရပါတယ်။ သူ့မိတ်ဆွေရဲ့စိတ်ထဲမှာ လက်သမားရဲ့ အပြုအမူနဲ့ပတ်သက်ပြီး၊ အရမ်းကို သိချင်နေပါတယ်။ ဒါကြောင့် လက်သမားကို ဘယ်လိုဖြစ်တာလဲလို့ ရှင်းပြဖို့ တောင်းဆိုလိုက်ပါတယ်။
          “အိုး…အဲဒီသစ်ပင်က ငါ့ရဲ့ပြဿနာသစ်ပင်လေကွာ။” လို့ လက်သမားက ပြောပါတယ်။            
          “ငါ့အလုပ်ထဲမှာ ပြဿနာတွေ ရှိတယ်ကွာ။ အဲဒီပြဿနာတွေဟာ ငါ့ပြဿနာတွေ။ ငါ့မိန်းမရဲ့ ပြဿနာ မဟုတ်ဘူး။ ငါ့ကလေးတွေရဲ့ပြဿနာ မဟုတ်ဘူး။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါမှာ ငါ့ပြဿနာတွေအာလုံးကို အဲဒီသစ်ပင်ပေါ်ကို တင်ထားခဲ့တယ်လေကွာ။ နောက်တစ်နေ့ အလုပ်မသွားခင်မှာ အဲဒီပြဿနာတွေကို ပြန်သယ်သွားတယ်ကွ။ ထူးဆန်းတာတစ်ခုကတော့၊ မနက်ခင်း ပြဿနာတွေကို ငါ သွားပြန်သယ်တဲ့အခါ၊ အချို့ပြဿနာတွေ ပျောက်ကုန်ကြတယ်။ အချို့ပြဿနာတွေကတော့ အရင်နေ့ကထက်တောင် ပိုလေးလံနေတယ်ကွာ။”

( Problem tree by Paulo Coelho ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

Monday, April 7, 2014

ချစ်ခြင်းစွမ်းအား




Spread love everywhere you go: First of all in your
own house. Give love to your children, to your wife or husband, to a next-door
neighbor….Let no one ever come to you without leaving better and happier. Be
the living expression of God’s kindness; kindness in your face, kindness in
your eyes, kindness in your smile, kindness in your warm greeting.



                                                                                Mother Teresa


သင် ရောက်ရှိသောနေရာတိုင်းကို ချစ်ခြင်းတရားဖြန့်ဝေပေးပါ။
ပထမဆုံးသင့်အိမ်မှာ ဖြန့်ဝေပေးပါ။ သင့်ကလေးများကို ချစ်ခင်ပါ။ သင့်ဘဝလက်တွဲဖေါ်ကို ချစ်ခင်ပါ။
ထို့နောက် သင့် အိမ်နားနီးချင်းကို ချစ်ခင်ပါ။ …သင့်ဆီ ရောက်လာသူတိုင်းအား ပျော်ရွှင်ပါစေ။
စိတ်ချမ်းသာပါစေ။ မျက်နှာအမူအယာဖြင့် ကြင်နာပေးပါ။ မျက်လုံးများဖြင့် ကြင်နာပေးပါ။
အပြုံးများဖြင့် ကြင်နာပေးပါ။ နွေးထွေးစွာနှုတ်ခွန်းဆက်ခြင်းဖြင့် ကြင်နာပေးပါ။ ဘုရားသခင်
သက်ရှိဖြစ်တည်ပြီး ကြင်နာသလို ကြင်နာပေးလိုက်ပါ။



                                                                                မာသာထရီစာ

          ကောလိပ်မှပါမောက္ခတစ်ယောက်သည် သူ၏လူမှုရေးပညာသင်တန်းအတွက် ဘယ်လ်တီမိုးမြို့ ဆင်းရဲသားရပ်ကွက်သို့ခရီးထွက်ပါသည်။ လူငယ် အယောက် ၂၀၀၏ မှတ်တမ်းကို ရယူပြီး၊ လူငယ်တစ်ဦးစီ၏ အနာဂါတ်ကိုစစ်တမ်းထုတ်ရန် ဖြစ်ပါသည်။ လူငယ်များ၏ မှတ်တမ်းတိုင်းကို ထိုသို့ မှတ်တမ်းတင်ခဲ့ပါသည်။


“သူ့မှာ အခွင့်အရေးမရခဲ့ဘူး။”
          နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ကြာပြီးသောအခါ၊အခြားပါမောက္ခတစ်ဦးသည် ထိုမှတ်တမ်းကို တွေ့ရှိသွားပါသည်။ ထိုပါမောက္ခသည် ထိုလူငယ်များ၏
ယခုလက်ရှိအခြေအနေကို လိုက်လံစုံစမ်းရန် သူ့ကျောင်းသားများကို ခိုင်းပါသည်။ သေဆုံးသွားသူ၊
အခြားနေရာပြောင်းရွှေ့သွားသူ လူငယ် အယောက် ၂၀ မှလွဲပြီး၊ ကျန်သောလူငယ် ၁၈၀ ကို စုံစမ်းနိုင်ခဲ့ပါသည်။
ထိုလူငယ် ၁၈၀ အနက် ၁၇၂ဦးသည် ပျမ်းမျှအဆင့်ထက်ပိုသည့် ရှေ့နေ၊ ဆရာဝန်၊ စီးပွါးရေးသမား
စသည့် အောင်မြင်မှုကို ရထားပါသည်။



          ပါမောက္ခသည်တွေ့ရှိချက်ကို အံ့သြပြီး၊ နောက်ထပ်စုံစမ်းလေ့လာရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။ ကံကောင်းစွာဖြင့်ထိုလူငယ်အားလုံးသည် ထိုအနီးတဝိုက်တွင် နေထိုင်ကြပြီး၊ တစ်ဦးချင်းကို စကားပြောနိုင်ခဲ့ပါသည်။


“ဒီအောင်မြင်မှုကို ဘယ်လိုရခဲ့တာလဲ။”


ထိုလူငယ်တိုင်းလိုလို စိတ်ပါလက်ပါ ပြန်ပြောကြပါတယ်။
“ဆရာမတစ်ယောက်ရှိတယ်ဗျာ။”
          ထိုဆရာမသည်အခုအချိန်အထိ သက်ရှိထင်ရှားရှိနေပါသေးသည်။ ထို့ကြောင့်ဆင်းရဲသားရပ်ကွက်မှ လူငယ်လေးများ
ဆွဲထုတ်ပြီး၊ အောင်မြင်စေမည့် ထူးထူးဆန်းဆန်းပုံသေနည်းတစ်ခု ဆရာမတွင် ရှိနေမလားကို
သိချင်သဖြင့် ဆရာမကို ရှာဖွေမေးမြန်းရန်အတွက် ဆုံးဖြတ်လိုက်ပါသည်။



          ဆရာမ မျက်လုံးတွေ
အရောင်တလက်လက်နဲ့ ပြုံးပြီး ယခုလိုပြန်ဖြေပါတယ်။



“အရမ်းကို ရိုးရှင်းပါတယ်ကွယ်။”



“ဆရာမ ဒီကလေးတွေကို ချစ်ပါတယ်။”

( Love:The One Creative Force by Eric Butterworth ကို ဘာသာပြန်ဆိုပါသည်။ 
)

Sunday, April 6, 2014

ကိုယ်စိတ်နုပျိုစေမည့် ဆေးနည်းကောင်းများ



၁။ အသက်ကြီးသည်၊ ငယ်သည် ဆိုသည်မှာ သင့်ကိုယ်သင် ဆုံးဖြတ်ချက်သာဖြစ်၏။
ထို့ကြောင့် ကိုယ့် ကိုယ်ကို ဘယ်သောအခါမှ အသက်ကြီးပြီဟု မဆုံးဖြတ်ပါနှင့်။



၂။ သင့် အသက်ကိုသင် ရှည်အောင်မွေးပါ။ ဥာဏ်ပညာပြည့်ပြည့်ဖြင့်
ပြုကျင့်နေထိုင်ပါ။ ခန္ဓာကိုယ် ကျန်းမာရေး၏ လိုက်နာသင့် လိုက်နာအပ်သော စည်းကမ်းများကို
လိုက်နာကျင့်သုံးပါ။


၃။ ကျွန်ုပ်တို့သည် မွေးဖွါးသည်မှ အစပြု၍ သေခြင်းတရားဆီသို့
ဦးတည်ချီတက်နေသည်ဆိုသည့် သဘောတရားကို လက်ခံပြီး၊ အဘယ်ကြောင့် သေမည့်ခရီးကို ခတ်လောလောလျှောက်ချင်နေရသနည်း။
ဖြေးဖြေးသာလျှောက်ပါ။ သေတစ်နေ့ မွေးတစ်နေ့ဘဲ မထူးပါဘူးဆိုသည့် ဆင်ကန်းတောတိုး လုပ်ရပ်မျိုး
ဘယ်သောအခါမှ မလုပ်ပါနှင့်၊ အသက်ကို ဥာဏ်စောင့်သဖြင့် သွားသင့်မှ သွားပါ။ စားသင့်မှ
စားပါ။ ကျန်းမာရေးကို လျစ်လျူမရှူပါနှင့်။

၎။ ခုနှစ်၊ သက္ကရာဇ်များကို သင် မပိုင်စိုးသော်လည်း သင့်စိတ်နှင့်
နှလုံးသားကို အမြဲတစေ ပျော်ရွှင်အောင် နုပျိုအောင်ထားပါ။ ဘဝ၏ချမ်းမြေ့မှုများကို ခံစားပါ။
စိတ်ပျော်ရွှင်အောင် နေပါ။


၅။ အတိတ်ဘဝက အမှားအယွင်းများ ဖြစ်ရပ်များ၊ စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ
မှန်သမျှကို မေ့ပျောက်ပစ်ပါ။


၆။ စိတ်ရောကိုယ်ပါ ချမ်းမြေ့စေမည့် အနားယူမှုမှန်သမျှကို ပြုလုပ်ပါ။


၇။ ကျန်းမာရေးနှင့် ပတ်သက်၍ ဆရာဝန်က အဆုံးအဖြတ် မပြုမခြင်း
ဘယ်သောအခါမှ မိမိက ကြိုပြီး တွေးမပူပါနှင့်။

( မောင်မောင်ကျော်ပြုစုသော “သိကောင်းစရာ အိမ်ထောင်မှုသုခ”
စာအုပ်မှ ကောက်နုတ်ဖေါ်ပြပါသည်။ )

Saturday, April 5, 2014

အပြုံးနှင့် ဝန်ဆောင်ပါ



လူတစ်ဦးသည် အားလပ်ရက်အတွင်းသွားရောက်လည်ပတ်မည်ဟု စိတ်ကူးထားသော မစ်ဝက်စ်မြို့လေးမှ ဟော်တယ်ငယ်လေးတစ်ခုသို့ စာရေးပါသည်။
“ကျွန်တော့်ခွေးကို ကျွန်တော်နှင့်အတူ ခေါ်လာချင်ပါတယ်။ သူ့ကို ကောင်းစွာ သန့်ရှင်းရေး လုပ်ထားပါတယ်။ သူဟာ အကျင့်စရိုက်လဲကောင်းပါတယ်။ ညပိုင်းမှာ ကျွန်တော့်ခွေးကို ကျွန်တော်နှင့်အတူ အခန်းထဲတွင် အိပ်ခွင့်ပြုမည်လား သိချင်ပါသည်။”
ဟော်တယ်ပိုင်ရှင်ထံမှ ချက်ချင်းစာပြန်လာပါသည်။

“ကျွန်တော် ဒီဟော်တယ်ကို ဖွင့်ထားတာ နှစ်ပေါင်းများစွာကြာမြင့်ပါပြီ။ ထိုနှစ်များအတွင်း ခွေးတစ်ကောင်သည် ပုဝါများ၊ အိပ်ယာခင်းများ၊ ငွေထည်ပစ္စည်းများ၊ နံရံမှပန်းချီကားများကို ခိုးယူခဲ့ခြင်း မဖြစ်ပွါးခဲ့ပါ။
အရက်သောက်ခြင်း၊ မူးယစ်ရမ်းကားခြင်းတို့ကြောင့် ညသန်းခေါင်တွင် ခွေးတစ်ကောင်ကို နှင်မထုတ်ခဲ့ရဘူးပါ။ ခွေးတစ်ကောင်သည် တည်းခိုခ ငွေရှင်းခြင်း မပြုဘဲ ထွက်ပြေးခြင်း မပြုခဲ့ဘူးပါ။
လက်ခံပါတယ်။ ခင်ဗျားခွေးကို ကျွန်တော်တို့ ဟော်တယ်မှ လက်ခံကြိုဆိုပါတယ်။ သင့်ခွေး၏ အပြုအမူနှင့် ပတ်သက်၍ တာဝန်ယူသည်ဆိုပါလျှင် သင့်ကိုလည်း ကျွန်တော်တို့ ဟော်တယ်မှ ကြိုဆိုပါသည်၊ ခင်ဗျား။”

( Service with a Smile by Karl Albrecht and Ron Zenke ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )

ရိုးရိုးလေးပါပဲ…



တစ်နေ့မှာ မတ်ခ်သည် ကျောင်းမှအိမ်သို့ လမ်းလျှောက်ပြန်လာပါသည်။ သူ့ရှေ့မှ ကောင်လေးသည် ခလုတ်တိုက်ပြီး၊ သယ်လာသောစာအုပ်အားလုံး အောက်ပြုတ်ကျသွားပါတယ်။ စာအုပ်တွေအပြင်၊ စွယ်တာနှစ်ထည်၊ ဘေ့စ်ဘောရိုက်တံ၊ လက်အိတ်နှင့် အသံဖတ်းစက်အသေးတစ်ခုလည်း အောက်ကိုကျသွားပါတယ်။ မတ်ခ်သည် ဒူးထောက်လိုက်ပြီး၊ ပြန့်ကျဲသွားသည့်ပစ္စည်းများကို ကူပြီးကောက်ပေးပါတယ်။ သူတို့နှစ်ယောက်သွားမည့်လမ်းကြောင်း တူသောကြောင့် မတ်ခ် ပစ္စည်းများကို ဝိုင်းသယ်ပေးလိုက်ပါသည်။ အတူလမ်းလျှောက်လာစဉ် ကောင်လေးနာမည်က ဘေးလ်ဖြစ်ပြီး၊ ဗီဒီယိုဂိမ်း၊ ဘော့စ်ဘောနှင့် သမိုင်းကို ကြိုက်ကြောင်း သိသွားပါသည်။ ကောင်လေး ဘေးလ်ကို ဒုက္ခပေးနေတာကတော့ သူ့ရည်စားနဲ့ကွဲလာတာဖြစ်ပါတယ်။
          ဘေးလ်ကို အိမ်လိုက်ပို့ပြီးနောက် မတ်ခ် သူ့အိမ်ကို ပြန်ပါတယ်။ ကျောင်းမှာ သူတို့နှစ်ဦးတွေ့ဖြစ်ကြတယ်။ နေ့လည်စာ တစ်ခါ၊နှစ်ခါ စားဖြစ်တယ်။ ထို့နောက် အထက်တန်းကျောင်းကို နှစ်ယောက်စလုံးအောင်မြင်လာခဲ့ပါတယ်။ သူတို့ ကျောင်းအတူတူမှာ တက်ခဲ့ကြပါတယ်။ သို့သော်လည်း နှစ်ပေါင်းများစွာအတွင်း သိပ်မတွေ့ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ကာလကြာစွာ စောင့်မျှော်ခဲ့တဲ့ ကျောင်းပြီးဆုံးဖို့ အချိန်ရောက်လာပါတယ်။ ဘွဲ့မယူမှီ ၃ပါတ်အလိုမှာ မတ်ခ်နဲ့ စကားပြောလိုကြောင်း ဘေးလ်က ပြောပါတယ်။

          လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက သူတို့နှစ်ယောက်တွေ့ဆုံခဲ့တဲ့နေ့ကို ဘေးလ် ပြန်ပြောပါတယ်။ “ငါ ဘာဖြစ်လို့ အဲဒီနေ့က ပစ္စည်းတွေအများကြီး အိမ်ကို သယ်လာတာလဲ မင်း သိလား” လို့ ဘေးလ်က မေးပါတယ်။
“ကျောင်းက ငါ့ဗီဒိုကို ရှင်းလာတာ၊ သိလား။ အခြားတစ်ယောက်ယောက်အတွက် အမှိုက်တွေကို မချန်ထားချင်ဘူးလေ။ ငါ့အမေရဲ့အိပ်ဆေးတွေကို ငါ ခိုးထားတယ်။ အိမ်ပြန်ရောက်ရင် သတ်သေမလို့။ ဒါပေမယ့် ငါတို့နှစ်ယောက် အတူထိုင်ပြီး၊ စကားပြောတယ်။ ရယ်မောကြတယ်။ အဲဒီနောက် ငါ သတ်သေခဲ့ရင် ဒီလိုပျော်ရွှင်စရာတွေ၊ အခြားနောက်ဆက်တွဲတွေကို မကြုံရတော့ဘူးဆိုတာကို ငါသိခဲ့တယ်။ ဒါကြောင့် မတ်ခ်၊ အဲဒီနေ့က ငါ့စာအုပ်တွေ ကောက်ပေးတာဟာ အများကြီးကူညီခဲ့တာပါ။ မင်း ငါ့ဘဝကို ကယ်တင်ခဲ့တယ်လေ။”

( A Simple Gesture by John W.Schlatter ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )

ဒီကိစ္စတွေ စဉ်းစားလိုက်ပါ



-      ဗိုလ်ချုပ်ကြီးဒေါက်ဂလပ်မက်အာသာ ဝက်ပိုင့်စစ်တက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ခံရပါတယ်။ တစ်ကြိမ် မဟုတ်ပါဘူး။ နှစ်ကြိမ်ငြင်းပယ်ခံရတာပါ။ တတိယအကြိမ်မှာတော့ ဝင်ခွင့်အောင်ပြီး၊ သူ သမိုင်းစာအုပ်ထဲကို လမ်းလျှောက်ဝင်သွားတော့တယ်။
-      နာမည်ကြီးဘတ်စကက်ဘောသမား မိုက်ကယ်ဂျော်ဒန်ကို သူ့အထက်တန်းကျောင်း ဘတ်စကက်ဘောအသင်းက ထုတ်ပစ်ခဲ့ဖူးပါတယ်။
-      ၁၈၈၉ ခုနှစ်မှာ စာရေးဆရာ ရု့ဒ်ရပ်ကစ်ပလင်း စံဖရံစစ်စအိတ်ဇမိုင်နာ သတင်းစာမှ ငြင်းပယ်စာပို့ပါတယ်။
“ကျွန်တော်တို့ စိတ်မကောင်းပါဘူး၊ မစ္စတာကစ်ပလင်း။ ခင်ဗျား အင်္ဂလိပ်စာကို ဘယ်လိုရေးသားရမယ်ဆိုတာကို နားမလည်ပါဘူး။”
-      ဝင်စတန်ချာချီ ခြောက်တန်းကျခဲ့ပါတယ်။ အသက် ၆၂ မတိုင်မှီ အင်္ဂလန်နိုင်ငံဝန်ကြီးချုပ်မဖြစ်ပါဘူး။ ဘဝတစ်လျှောက်လုံး ကျဆုံးမှု၊ ဆုံးရှုံးမှုပေါင်းများစွာ တွေ့ကြုံရပါတယ်။ အသက်ကြီးပိုင်းရောက်ချိန်မှ အစွမ်းအစပြချိန်ရောက်တာပါ။
-      ကျော်ကြားတဲ့အော်ပရာအဆိုတော် အန်ရီကိုကာရုဆိုရဲ့ မိဘတွေက သူ့ကို အင်ဂျင်နီယာဖြစ်စေချင်တာပါ။ သူ့ကို သူ့ဆရာက အသံလုံးဝမကောင်းဘူး။ သီချင်းဆိုလို့ ဖြစ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
-      အသက်လေးနှစ်အရွယ်အထိ အိုင်းစတိုင်း စကားမပြောတတ်ပါဘူး။ အသက် ၇နှစ်အရွယ်အထိ စာမဖတ်တတ်ပါဘူး။ သူ့ဆရာ သူ့ကို ဒီလိုပြောခဲ့ပါတယ်။
“စိတ်ပိုင်းဆိုင်ရာ နုံ့နှေးခြင်း၊ ဆက်ဆံရေးမကောင်းခြင်းနှင့် ရှူးနမ်းနမ်းစိတ်ကူးအိပ်မက်များကြားတွင် ထာဝရလွင့်မျှောနေသူ။”
သူ ဇူးရစ်ပိုလီတက္ကနစ်ကျောင်းဝင်ခွင့် ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။
-      လူဝီးပါစချာသည် ဘွဲ့ကြိုသင်တန်းတွင် အလတ်စားအဆင့်ရှိသောကျောင်းသားတစ်ဦးသာ ဖြစ်သည်။ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသား ၂၂ ယောက်အနက် အဆင့် ၁၅ ရခဲ့ပါသည်။
-      ၁၉၄၄ ခုနှစ်တွင် ဘလူးဘွတ်မော်ဒယ်အေဂျင်စီ၏ဒါရိုက်တာ အင်ကီလင်းစတီးဗ်လေမှ မာလင်မွန်ရိုးအား အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။
“မင်း အတွင်းရေးမှူးသင်တန်းလေးတက်ပြီး၊ အိမ်ထောင်သားမွေးလုပ်ရင် ပိုကောင်းလိမ့်မယ် ထင်တယ်ကွယ်။”
-      ဗြိတိသျှရော့ဂီတအဖွဲ့ ဘီတယ်လ်ကို ဒက်ကာအသံသွင်းကုမ္ပဏီလူကြီးတစ်ဦးမှ ငြင်းပယ်ခြင်း ပြုခဲ့ပါသည်။
“သူတို့အသံတွေကို ငါ မကြိုက်ဘူး။ ဂစ်တာသံတွေ ဆူညံ့နေတာပဲ။”
-      ၁၉၅၄ ခုနှစ်တွင် ဂရင်းအိုလေးအိုပရေအဖွဲ့မှ မန်နေဂျာ ဂျင်မီဒင်းနီ မှ အဲဗစ်ပရက်စလေကို ဖျော်ဖြေပွဲတစ်ခုအပြီး အလုပ်ထုတ်ပစ်ခဲ့ပါသည်။
“ဘယ်မှ မင်းလျှောက်သွားမနေနဲ့တော့..သားရယ်။ အိမ်ပြန်ပြီး ထရပ်ကားမောင်းသမားလုပ်ပါတော့။”
-      ၁၈၇၆ ခုနှစ်တွင် အလက်ဇင်ဒါးဂရေဟမ်ဘဲလ်မှ တယ်လီဖုန်းတီထွင်ခဲ့ပါသည်။ သူသည် ရင်းနှံမြုပ်နှံသူများ၏ ကမ်းလှမ်းခြင်းကို မခံခဲ့ရပါ။
“သိပ်ကောင်းတဲ့ တီထွင်မှုပါပဲ။ ဒါပေမယ့် ဘယ်သူများ ဒါကို သုံးချင်ပါ့မလဲ။”ဟု သမ္မတရုဒ်ဖို့ဒ်ဟေး ပြောဆိုခဲ့ပါသည်။
-      အားကစား ၁၀ မျိုးပွဲ၏ ချန်ပီယံဖြစ်သူ ရာဖါဂျွန်ဆင်သည် မွေးရာပါခြေထောက်ခွင်နေသူဖြစ်သည်။
-      သောမတ်အက်ဒီဆင်သည် မီးလုံးကို တီထွင်သောအခါ စမ်းသပ်မှုအကြိမ်ပေါင်း ၂၀၀၀ ကျော် စမ်းသပ်ခဲ့ရသည်။ အကြိမ်ပေါင်းများစွာ မအောင်မြင်သည့်အတွက် ဘယ်လိုခံစားရသလဲဟု သတင်းထောက်ငယ်တစ်ဦး သူ့ကို မေးခဲ့ပါသည်။
“ငါ တစ်ခါမှ မကျဆုံးခဲ့ဘူး။ မီးလုံးကို တီထွင်တယ်။ အဲဒါ အဆင့် ၂၀၀၀ ကျော်ပါတဲ့ ဖြစ်စဉ်တစ်ခုလေ။”
-      ဂျာမန်ဂီတပညာရှင်ကြီး ဘေသိုဗင်သည် နှစ်ပေါင်းများစွာ တဖြည်းဖြည်း အကြားအာရုံကျဆင်းလာပြီး၊ အသက် ၄၆နှစ်တွင် လုံးဝနားထိုင်းသွားပါသည်။ သို့သော် နောက်ပိုင်းကာလများတွင် ဆင်ဖိုနီငါးပုဒ်အပါအဝင် ကြီးကျယ်ခမ်းနားသော ဂီတများကို ရေးစပ်သီကုံးခဲ့ပါသည်။ 

( Consider this by Jack Canfield and Mark Victor Hansen ကို ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။ )

ဒီလိုမျိုး…အစ်ကို…



ကျွန်တော့်သူငယ်ချင်း ပေါလ် ခရစ်စမတ်လက်ဆောင်အဖြစ် သူ့အစ်ကိုထံမှ
ကားတစ်စီး ရပါတယ်။ ခရစ်စမတ်အကြိုနေ့မှာ ပေါလ် ရုံးခန်းထဲမှ ထွက်လာပါတယ်။ ပေစုတ်စုတ်ကောင်လေးတစ်ယောက်
လမ်းပေါ်မှ သစ်လွင်တောက်ပနေသောကားသစ်ကြီးကို သဘောကျပြီး၊ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါတယ်။
“ဒီကား ဆရာ့ကားလား။” လို့ ကောင်လေး မေးပါတယ်။
ပေါလ် ခေါင်းညိတ်လိုက်ပါတယ်။
“ငါ့အစ်ကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးထားတာကွ။”
ကောင်လေး အံသြသွားပါတယ်။


“ငါ ဖြစ်ချင်လိုက်တာ…” လို့ ကောင်လေးပြောပြီး ရပ်သွားတယ်။
          ကောင်လေးဘာလိုဖြစ်ချင်တယ်ဆိုတာကို ပေါလ် သိပါတယ်။ သူ့မှာလည်း ဒီလိုအစ်ကို ရှိချင်တယ်လေ။ သို့သော်ကောင်လေးပြန်ပြောလိုက်တဲ့စကားကြားရတဲ့အခါ ပေါလ် ပက်လက်လန်သလို ဖြစ်သွားပါတယ်။

“ကျွန်တော့်ဆန္ဒက ဒီလိုအစ်ကိုဖြစ်ချင်တာပါ။”လို့ ကောင်လေးပြောပါတယ်။
ပေါလ် အံ့သြသွားပါတယ်။
“မင်း၊ ကားလိုက်စီးမလားကွ”လို့ ပေါလ် ကောင်လေးကို မေးပါတယ်။
ခဏတာ ကားမောင်းအပြီး ပေါလ်ကို ကောင်လေး လှည့်ပြောပါတယ်။ အဲဒီအချိန်မှာ
ကောင်လေးရဲ့မျက်လုံးတွေ အရောင်တောက်နေပါတယ်။
“ဟိုလှေကားနှစ်ထစ်နားမှာ ခဏရပ်ပေးလို့ရမလားဟင်။”
         ကောင်လေး
လှေကားထစ်တွေအပေါ် ပြေးတက်ပါတယ်။ ခဏအကြာ ကောင်လေး ပြန်လျှောက်လာသံကို ကြားရပါတယ်။ သိပ်မြန်မြန်
မလျှောက်လာပါဘူး။ သူ့ရဲ့ဒုက္ခိတညီလေးကို သူ သယ်လာပါတယ်။ အောက်ဖက်လှေကားထစ်မှာ သူ ထိုင်ပါတယ်။သူ့ညီကို တွန်းထားပြီး၊ ကားကို လက်ညိုးထိုးပြနေပါတယ်။


“ညီလေး၊ မင်းကို အစ်ကို အပေါ်မှာတုန်းကပြောပြခဲ့တာ ဒီကားပေါ့ကွ။
သူ့အစ်ကို ဒီကားကို ခရစ်စမတ်လက်ဆောင်ပေးတာကွ။ သူ့ တစ်ပြားမှ မကုန်ဘဲ အလကားရတာကွ။ တစ်နေ့မှာ
အစ်ကိုလဲ မင်းကို ဒီလိုကားမျိုး လက်ဆောင်ဝယ်ပေးမယ်ကွာ။ အစ်ကို မင်းကို ပြောဖို့ကြိုးစားနေတဲ့
ခရစ်စမတ်နေ့မှာ ပြင်ဆင်ထားတဲ့ပြတင်းပေါက်တွေက အလှအပတွေကို ကြည့်နိုင်တာပေါ့ကွာ။”
          ပေါလ် ကားပြင်ထွက်ပြီး
ကောင်လေးကို မယူလိုက်ပါတယ်။ ပြီးတော့ ရှေ့ထိုင်ခုံမှာ တင်ထားလိုက်ပါတယ်။ ကောင်လေးရဲ့ဘေးမှသူ့အစ်ကို
တောက်ပတဲ့မျက်လုံးတွေနဲ့ ကားပေါ်တက်လိုက်ပါတယ်။ သူတို့ သုံးယောက်ထိုင်ပြီး၊ ကားကို မောင်းထွက်ခဲ့ပါတယ်။
မမေ့နိုင်တဲ့ရုံးပိတ်ရက်ကားလျှောက်မောင်းခြင်းပါ။



          ထိုခရစ်စမတ်အကြိုနေ့မှာ
ပေါလ် သင်ခန်းစာတစ်ခုကို ရလိုက်ပါတယ်။ ယေရှူခရစ်တော်ရဲ့ဆိုလိုချက်ကို သိရှိနားလည်သွားပါတော့တယ်။



“ပေးကမ်းခြင်းဖြင့် ချီးမြှင့်ကြလော့…”

( A Brother Like that by Dan Clark ကို ဘာသာပြန်ဆိုပါသည်။  )