Monday, April 14, 2014

မျိုးချစ်စိတ်နှင့် ဆင်ခြင်တုံတရား



         မျိုးချစ်စိတ်သည် လူတိုင်း လူတိုင်း၌ ရှိအပ်သော ပစ္စည်းတစ်ရပ်ဖြစ်သည်။ မျိုးချစ်စိတ်ဓါတ် မရှိသောသူသည် ကိုယ်လက်အင်္ဂါ မစုံသောသူကဲ့သို့ အသက်ရှင်နေထိုင်ခြင်းငှာပင် မလျှောက်ပတ်ပေ။
          သို့ရာတွင် ဆေးကျမ်းများကိုသာဖတ်၍ ကိုယ်ပိုင်ဥာဏ်ကို မသုံးသောဆေးသမားသည် သမားကောင်း မဖြစ်နိုင်သကဲ့သို့ မျိုးချစ်စိတ်ဓါတ်သာရှိ၍ အသိဥာဏ်ကင်းမဲ့သော တိုင်းသူပြည်သားသည် တိုင်းသူပြည်သားကောင်း မဖြစ်နိုင်ပေ။ (ဝါ) လွန်မင်းစွာ မျိုးချစ်စိတ်ထက်သန်၍ ဆင်ခြင်တုံတရား မရှိသောသူသည် အရာမရောက်ကိစ္စမပြီးနိုင်ပေ။ ထို့ကြောင့် မျိုးချစ်စိတ်ဓါတ်နှင့် ယှဉ်တွဲ၍ အသိဥာဏ် ဆင်ခြင်တုံတရား ရှိရပေမည်။
          မျိုးချစ်စိတ်ဓါတ်သည် လှေသမားနှင့်တူ၏။ ဆင်ခြင်တုံတရားသည် တက်မနှင့် တူပေသည်။ တက်မ မကိုင်ဘဲ မျိုးချစ်စိတ်ဓါတ် ထက်သန်သလောက် လှေကို လှော်ခတ်သွားပါမူ မြန်မာနိုင်ငံလှေကြီးသည် ရည်ရွယ်သောပန်းတိုင်ကို ရောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အမျိုးကောင်းသားသမီးတို့သည် မျိုးချစ်စိတ်တစ်ခုတည်းဖြင့် မတင်းတိမ်ကြဘဲ အသိဥာဏ်နှင့် ဆင်ခြင်တုံတရားတို့ကိုလည်း တစ်နေ့ထက် တစ်နေ့ပွါးများ နိုင်ကြပါစေကုန်သတည်း။
                                                                             ဦးသန့်စာစု

Sunday, April 13, 2014

ခွန်အားကိုချွေတာခြင်း



     ဂျူးဘုန်းတော်ကြီးနှစ်ပါးသည် ဂျာမဏီပြည်ကို နာဇီများစိုးမိုးထားချိန်အတွင်း ဂျူးလူမျိုးများ၏ ဘာသာရေးဆုတောင်းပွဲများ လုပ်ကိုင်ပေးကြပါသည်။ သေဘေးကို ကြောက်ရွံ့သောကြောင့် ဟစ်တလာ၏ လက်မရွံ့ဂတ်စတာပို ပုလိမ်များကို အမျိုးမျိုးလှည့်စားပြီး၊ ဆုတောင်းပွဲများကို အမျိုးမျိုးသော အသိုင်းအဝိုင်းများအကြားတွင် တိတ်တဆိတ်လုပ်ကိုင်ပေးလျှက်ရှိကြပါတယ်။
          နောက်ဆုံးမှာတော့ ဘုန်းတော်ကြီးနှစ်ပါးကို ဖမ်းမိသွားပါတယ်။ ဘုန်းတော်ကြီးတစ်ပါးဟာ နောက်ဖြစ်လာမယ့်အကြောင်းကို တွေးပြီးကြောက်လန့်နေပါတယ်။ သူ့ရဲ့အချိန်တိုင်းမှာ ဆုတောင်းစာရွတ်နေပါတယ်။ အခြားတစ်ပါးကတော့ တစ်နေ့လုံးအိပ်နေပါတယ်။
          “ခင်ဗျား၊ ဘယ်လိုလုပ်နေတာလဲ” လို့ ပထမဘုန်းတော်ကြီးက သတိပေးတဲ့အနေနှင့် ပြောပါတယ်။
          “ကျုပ်ရဲ့ခွန်အားတွေကို စုထားတာဗျ။ ခွန်အားတွေ လိုတော့မယ်ဆိုတာကို ကျုပ်သိတယ်ဗျာ။”
          “ဒါပေမယ့်၊ ခင်ဗျား မကြောက်ဘူးလား။ ကျုပ်တို့ ဘာဖြစ်မယ်ဆိုတာကို မသိဘူးလား။”
          “အဖမ်းမခံရခင်အထိ ကျုပ် ကြောက်လိုက်တာ သေမတတ်ပါဗျာ။ အခုတော့ အချုပ်ခန်းထဲကို ရောက်နေပြီလေ။ အရင်တုန်းက ကြောက်နေတဲ့အရာဟာ အခုလက်ရှိမှာ ဖြစ်ပျက်နေပြီဗျ။ အခုကြောက်နေချိန် မဟုတ်တော့ဘူး။ မျှော်လင့်ခြင်းတွေ စတင်ဖို့အချိန်ရောက်နေပြီဗျာ။” လို့ ဒုတိယဘုန်းကြီး ပြန်ပြောပါတယ်။

(  Saving One’s energy by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )      

နောင်မျိုးဆက်များအထိ စဉ်းစားခြင်း



အဘင်အယ်ဆာ လူငယ်ဘဝမှာ သူ့အဖေနဲ့ တရားဟောဆရာရဲ့စကားတစ်ခွန်းကို နားစွန်နာဖျားကြားလိုက်ရပါတယ်။
“ခင်ဗျားရဲ့လုပ်ကိုင်မှုတွေကို သတိနဲ့လုပ်ကိုင်ပါ” လို့ တရားဟောဆရာ ပြောပါတယ်။
“လုပ်ကိုင်မှုတွေကို စဉ်းစားခြင်းသည် နောင်မျိုးဆက်များအထိ အကျိုးသက်နိုင်ပါတယ်။”
“နောင်မျိုးဆက်အထိ ဘာလုပ်ဖို့လဲဗျာ။ ကျုပ်ရဲ့မျိုးဆက်ဆိုတာ အခုတွေ့ရသေးတာမှ မဟုတ်တာ။ ကျုပ်သေမှ သူတို့ရောက်မှာပေါ့။ အဲဒီတော့ သူတို့ ကျုပ်ကို ပြောတာကို ကျုပ် ဂရုမစိုက်ဘူး။” လို့ အဖေက ပြန်ပြောပါတယ်။

          အဘင်အယ်ဆာ ထိုစကားလုံးတွေကို မမေ့ပါဘူး။ သူ့ရဲ့ဘဝတလျှောက်လုံး ကောင်းဖို့ ကြိုးစားတယ်။ လူတွေကို ကူညီတယ်။ အလုပ်တွေကို စိတ်ပါလက်ပါလုပ်တယ်။
          အခြားလူတွေကို ဂရုစိုက်စောင့်ရှောက်သူလို့ လူတွေ သူ့ကို သိလာကြပါတယ်။ သူ သေဆုံးသောအခါ သူ့မြို့လူနေမှုအဆင့်အတန်းကို တိုးတက်စေမယ့် အလှူအတန်းလုပ်ငန်းပေါင်းများစွာ ကို ချန်ရစ်ထားခဲ့ပါတယ်။
          သူ့ရဲ့အုတ်ဂူပေါ်မှာ အောက်ပါအတိုင်း ထွင်းထုခိုင်းခဲ့ပါတယ်။
          “သေဆုံးသောအခါ ပြီးဆုံးသွားသောဘဝသည် မထိုက်တန်သောအသက်ရှင်ခြင်းပင် ဖြစ်သည်။”

( Thinking about future generation by Paulo Coelho ကို ဘာသာပြန်ဖေါ်ပြပါသည်။ )

သူတော်စင်နှင့် မိန်းမပျက်



သျှိဝဘုရားကျောင်းအနီး သူတော်စင်တစ်ဦး နေထိုင်ပါတယ်။ သူတော်စင်ရဲ့အိမ်နှင့် မျက်နှာချင်းဆိုင်မှာ မိန်းမပျက်တစ်ယောက်နေထိုင်ပါတယ်။ မြောက်မြားစွာသော ယောက်ျားတွေ သူမထံကို ဝင်ထွက်နေခြင်းကို သူတော်စင် တွေ့မြင်ပါတယ်။ ထိုအခါ သူမကို စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“မင်းဟာ ဒုစရိုက်ကောင်ကြီးပဲ” လို့ မျက်နှာထားတည်တည်နဲ့ သူတော်စင် ပြောလိုက်ပါတယ်။
“မင်းရဲ့အပြုအမှုက ဘုရားသခင်ကို နေ့နေ့ညည ရိုသေလေးစားမှုမရှိဘူးဆိုတာကို ပြနေတယ်။ မင်းရဲ့လုပ်ရပ်တွေကို ခဏရပ်ပြီး၊ သေပြီး နောက်ဘဝ ဘာဖြစ်မယ်ဆိုတာကို စဉ်းစားမိရဲ့လား။”

          သနားစရာမိန်းမဟာ သူတော်စင်ရဲ့စကားကို နာကြားအပြီး တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဘုရားသခင်ကို တကယ်ရိုကျိုးမှုနဲ့ စိတ်ပါလက်ပါ ဆုတောင်းပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ သူမဘဝရှင်သန်ဖို့ အခြားအသက်မွေးဝမ်းကျောင်းမှုတစ်ခုရရှိရန် ကူညီပေးဖို့လည်း ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
          သို့သော်လည်း အခြားအလုပ်ကို ရှာဖွေလို့ မတွေ့ပါဘူး။ တစ်ပါတ်ကြာ ငတ်ပြတ်ပြီးနောက် ပြည့်တန်ဆာအလုပ်ကိုပဲ သူမ ပြန်လုပ်ပါတော့တယ်။
          သူမကိုယ်ခန္ဓာကို လူစိမ်းတစ်ယောက်ထံ အပ်နှံပျော်ပါးလိုက်တိုင်း၊ သူမကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ ဆုတောင်းပါတယ်။
          သူတောင်စင်ဟာ သူ့ရဲ့အကြံပေးချက် မထိရောက်ကြောင်း သိရှိတဲ့အခါ စိတ်ရှုပ်သွားပါတယ်။ ပြီးတော့ ဒီလိုတွေးပါတော့တယ်။
“ဒီအချိန်မှစလို့ ဒီမိန်းမအိမ်ကို ယောက်ျား ဘယ်နှစ်ယောက်ဝင်ထွက်သလဲဆိုတာကို ရေတွက်တော့မယ်။ နောက်ဆုံး ဒီအပြစ်သားသေတဲ့အချိန်အထိပေါ့။”
          အဲဒီအချိန်မှစလို့ သူတော်စင်ဟာ အခြားအလုပ်ကို မလုပ်တော့ပါဘူး။ မိန်းမပျက်ရဲ့အိမ်ကို ဝင်ထွက်မှုတွေကို စောင့်ကြည့်နေပါတယ်။ ယောက်ျားတစ်ယောက် အိမ်ထဲကို ဝင်သွားတိုင်း ကျောက်တုံးတစ်တုံး သူ့ဘေးမှာ ချထားလိုက်ပါတော့တယ်။
          အချိန်ကြာတဲ့အခါ သူတော်စင်သည် မိန်းမပျက်ကို နောက်ထပ်တစ်ခါ စကားပြောပါတယ်။
“ကျောက်တုံးပုံကို မင်းမြင်ရဲ့လား။ ကျောက်တုံးတစ်တုံးဟာ မင်းလုပ်ထားတဲ့ စာရိတ္တအပြစ်တစ်ခု။ ငါ့ရဲ့သတိပေးချက်တွေကို ဆန့်ကျင်ပြီးလုပ်တဲ့အပြစ်တွေ။ နောက်ထပ်တစ်ခါ မင်းကို ငါ သတိပေးလိုက်မယ်။ အပြစ်တွေ ထပ်မလုပ်ပါနဲ့တော့။”
          သူမရဲ့အပြစ်အစုအပုံကြီးကို တွေ့မြင်တဲ့အခါ အရမ်းတုန်လှုပ်ခြောက်ခြားသွားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ နောင်တတရားကြောင့် မျက်ရည်တွေကျနေပါတယ်။ ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
“အို၊ အဖဘုရားသခင် အဖရဲ့ဂရုဏာတော်နဲ့ ဒီလိုစိတ်ပျက်စရာဘဝမှ လွတ်မြောက်ခွင့်ကို ဘယ်အချိန်မှာ အကျွန်ုပ်ရနိုင်မှာလဲ။”
          သူမရဲ့ဆုတောင်းချက်ကို ဘုရားသခင်ကြားသွားပါတယ်။ ထိုနေ့မှာပဲ သေမင်းဟာ သူမထံကို ရောက်လာပြီး၊ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဘုရားသခင်ရဲ့အမိန့်တော်အရ သူတော်စင်ကိုလည်း မိန်းမပျက်နှင့်အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။
          မိန်းမပျက်ရဲ့ဝိဥာဉ်ဟာ ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားပါတယ်။ သူတော်စင်ကိုတော့ ငရဲပြည်ကို ဆွဲခေါ်သွားပါတယ်။ သူတို့ကို ခေါ်ဆောင်သွားရာလမ်းခရီးမှာ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြပါတော့တယ်။ သူတော်စင်ဟာ ဒီအဖြစ်အပျက်ကို မြင်တွေ့တဲ့အခါမှာ အော်ဟစ်ပါတော့တယ်။
“ဒီဟာ တရားမျှတပါရဲ့လား၊ အဖဘုရားသခင်။ အကျွန်ုပ်ရဲ့ဘဝတစ်လုံးလုံး အရှင့်ကို ရိုသေကိုးကွယ်ပြီး ဆင်းဆင်းရဲရဲနေထိုင်ခဲ့ပါတယ်။ အခုတော့ အကျွန်ုပ်ကို ငရဲသို့ ပို့ပြီး၊ တစ်ဘဝလုံး အပြစ်တွေပြည့်နေတဲ့ ဒီမိန်းမပျက်ကို ကောင်းကင်ဘုံကို ပို့ဆောင်လိုက်ပါပြီ။”
          သူတော်စင်ရဲ့စကားကို ကြားရတဲ့အခါ နတ်သမီးတစ်ဦးက ပြန်လည် ဖြေကြားပါတယ်။
“ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ဟာ အမြဲမျှတပါတယ်။ ဘုရားသခင်ရဲ့မေတ္တာတော်ဟာ သင့်အိမ်နီးနားချင်းရဲ့ အပြုအမူအတိုင်း အဆုံးအဖြတ်ပြုမယ်လို့ သင် ထင်မြင်ယူဆပါသလား။ သင့်နှလုံးအိမ်ကို အခြားသူတစ်ဦးရဲ့အပြစ်တွေနဲ့ ဖြည့်နေချိန်မှာ၊ ထိုအမျိုးသမီးက နေ့နေ့ညည စိတ်ပါလက်ပါ ဆုတောင်းသမှုပြုနေပါတယ်။ သူမကျခဲ့တဲ့မျက်ရည်တွေကြောင့် နှလုံးသားဟာ အရမ်းကို ပေါ့ပါးနေပါတယ်။ ဒါကြောင့် ငါတို့ သူ့ကို ကောင်းကင်ဘုံကို သယ်ဆောင်သွားလို့ရတာပါ။ သင့်ဝိဥာဉ်ကတော့ ကျောက်တုံးတွေနဲ့ အင်မတန်လေးလံလို့ မ မတင်နိုင်အောင်ဖြစ်ရပါတယ်။”

( The monk and the prostitute by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )

Saturday, April 12, 2014

ဘဝစည်းနရီ


        ဂရိစာရေးဆရာ နီကိုနီးစ် ခဇန်ဇကီစ်က သူ့ရဲ့ကလေးဘဝအတွေ့အကြုံကို
ပြောပြပါတယ်။ သစ်ပင်မှာကပ်နေတဲ့ ပိုးတုံးလုံးကောင်လေးတစ်ကောင်ကို တွေ့ပါတယ်။ ပိုးအိမ်လေးရဲ့အတွင်းမှ
လိပ်ပြာလေးဟာ အပြင်ကို ထွက်ဖို့ကြိုးစားနေပါတယ်။ အဲဒါကို သူ စောင့်ကြည့်ပါတယ်။ သူ တိုးထွက်မှုဖြစ်စဉ်ကို
စောင့်ကြည့်ရတာ သိပ်ကိုကြာလွန်းနေတာကြောင့် အမြန်ထွက်အောင် လုပ်ပေးဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။
ပိုးတုံးလုံးကောင်လေးကို သူရဲ့အာငွေ့ပေးပြီး၊ အနွေးဓါတ်ပေးလိုက်ပါတယ်။ နောက်ဆုံးမှာ
လိပ်ပြာလေးအပြင်ကို ထွက်လာပါတော့တယ်။ သို့သော် အတောင်ပံတွေ ကပ်နေပြီး၊ သိပ်မကြာခင်
သေသွားပါတယ်။



“လိုအပ်ချက်က စိတ်ရှည်ဖို့ပါ။ နေရောင်ခြည်ကြောင့် ဝင့်မှည့်ခြင်း
ဖြစ်လာဖို့ စိတ်ရှည်ရန်လိုအပ်ပါတယ်။ ကျွန်တော် အဲဒါကို မစောင့်နိုင်လိုက်ဘူး။” လို့
ခဇန်ဇကီစ် က ပြောပါတယ်။



“အခုအချိန်အထိ ဒီလိပ်ပြာသေလေးကို စိတ်ထဲမှာ စွဲပြီးထင်နေပါတယ်။
စကြာဝဠာရဲ့နိယာမကြီးကို ဆန့်ကျင်ပြီး သေဒဏ်အပြစ်ပေးလိုက်တာပါ။ ကျွန်တော် အမှန်တကယ်နားလည်ခဲ့ပါပြီ။” 

          ကျွန်တော်တို့စိတ်ရှည်စွာစောင့်ဆိုင်းသင့်ပါတယ်။ မှန်ကန်တဲ့အချိန်အခါရောက်ဖို့ စောင့်ဆိုင်းရပါမယ်။
ဘဝကို ထာဝရဘုရားရဲ့စည်းနရီအတိုင်း ရွေးချယ်ချိန်ကို ပျော်ရွှင်စွာ စောင့်ဆိုင်းသင့်ပါတယ်။

( Life’s rhythms by Paulo Coelho  ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။ )

Friday, April 11, 2014

ကြီးပွါးကြောင်း (၆)ပါး



ချစ်သား….ကြီးပွါးချမ်းသာလိုသောသူသည်….
(၁) အနာရောဂါကင်းရှင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျမ်းသာချမ်းသာ ရခြင်း  ( အာရောဂျံ )
(၂) ကိုယ်ကျင့်တရား ကောင်းမွန်ရခြင်း ( သီလ )
(၃) ပညာရှိတို့၏ အဆုံးအမကို မှတ်သားနာယူရခြင်း ( ဝုဒ္ဓါနုမတ )
(၄) များသောအကြားအမြင်ရှိရခြင်း ( သုတ )
(၅) သုစရိုက်တရားတို့ကို ကျင့်ရခြင်း ( ဓမ္မာနုဝတ္တိ )
(၆) မဆုတ်မနစ်အားသစ် တက်ကြွသောဝီရိယရှိရခြင်း ( အလီနတာ )
တို့ကို နေရာတကာ၌ လိုအပ်သည်။ ထိုတရား(၆)မျိုးတို့သည် လောကီ လောကုတ္တရာ အကျိုးစီးပွါးရကြောင်းနည်းလမ်းကောင်းတို့ ဖြစ်ပေသည်။ 

( အတ္တဿဒွါရဇတ်လာ ကြီးပွါးကြောင်းတရား (၆) ပါး ဖြစ်ပါသည်။ )

နေရာမှားသော သူတော်စင်



“တချို့လူတွေက တကယ့်ကို ခက်ခဲနက်နဲတဲ့ပြဿနာကြီးတွေကို အလွယ်လေး
ဖြေရှင်းသွားကြတယ်။ တချို့ကတော့ အသေးအမွှားလေးပြဿနာလေးမှာ ဒေါသတွေထွက် ယောက်ယက်ခတ်ပြီး၊
ရေတိမ်မှာနစ်ကြရတယ်။”
အဲဒါ ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော် မေးကြည့်လိုက်ပါတယ်။
အောက်ပါပုံပြင်လေးကို ပြောပြပြီး၊ ကျွန်တော့်ရဲ့မေးခွန်းကို
ရာမတ်ခ်ျ ပြန်ဖြေပါတယ်။


“တခါတုန်းက လူတစ်ယောက်ရှိတယ်။ သူ့ရဲ့ဘဝတစ်ခုလုံးကို ကြင်နာတဲ့နှလုံးသားနဲ့
ဖြတ်သန်းအသက်ရှင်ခဲ့တယ်။ သူ သေဆုံးတဲ့အခါ ဒီလူ ကောင်းကင်ဘုံရောက်လိမ့်မယ်လို့ လူတွေ
အားလုံးတွေးကြပါတယ်။ ဒီလိုလူကောင်းတစ်ယောက် သွားရမယ့်နေရာက ကောင်းကင်ဘုံကလွဲလို့ မဖြစ်နိုင်ဘူးလို့
ဆိုကြပါတယ်။ ထိုလူဟာ ကောင်းကင်ဘုံကို အခက်အခဲမရှိရောက်သွားခဲ့ပါတယ်။”
          အဲဒီအချိန်က
ကောင်းကင်ဘုံဆိုတာ အခုလို မဟုတ်ပါဘူး။ လက်ခံတဲ့ကြိုဆိုရေးကောင်တာ ထိထိရောက်ရောက်အလုပ်မလုပ်ပါဘူး။
ကောင်တာက ကောင်မလေးက ထိုလူကို ကြည့်လိုက်၊ သူ့လက်ထဲမှစာရင်းကို ကြည့်လိုက်လုပ်ပါတယ်။
သူ့လက်ထဲမှစာရင်းမှ ထိုလူ့နာမည်ကို မတွေ့တဲ့အခါ ငရဲပြည်ကို သွားဖို့ပြောလိုက်ပါတော့တယ်။
          ငရဲပြည်ရောက်တဲ့အခါ
ဂိတ်မှာ ဖိတ်စာတွေ၊ အဆင့်အတန်းတွေကို စစ်ဆေးမနေပါဘူး။ အလှည့်ရောက်လာတဲ့လူကို ဝင်ခွင့်ပြုလိုက်တာပါပဲ။
ထိုလူ့ အလှည့်ရောက်တဲ့အခါ သူ အထဲကို ဝင်ပြီး၊ နေလိုက်ပါတော့တယ်။
          ရက်ပေါင်းအတော်ကြာတဲ့အခါ၊
ငရဲမင်းလူစီဖါ ကောင်းကင်ဘုံတံခါးရှေ့ကို ဒေါသတကြီး ရောက်လာပြီး၊ စိန့်ပီတာဆီမှာ ဖြေရှင်းချက်ပေးဖို့
တောင်းဆိုပါတယ်။
“ခင်ဗျားရဲ့လုပ်ရပ်ကတော့ တကယ့်ကို အကြမ်းဖက်လုပ်ရပ်ပဲဗျ။”
လို့ ငရဲမင်း ပြောလိုက်တယ်။


          စိန့်ပီတာ
ငရဲမင်းကို ဘာလို့ ဒီလောက်ဒေါသတကြီးဖြစ်နေတာလဲလို့ မေးပါတယ်။
          ငရဲမင်းလူစီဖါ
က ဒီလိုပြန်ဖြေပါတယ်။
          “ခင်ဗျား
ထိုလူကို ကျုပ်ရဲ့ ငရဲပြည်ကို ပို့လိုက်တယ်လေဗျာ။ ထိုလူ ကျုပ်ကို ပျက်စီးအောင် လုပ်နေတယ်ဗျ။
သူရောက်လာတဲ့အချိန်ကစပြီး၊ သူများပြောတာကို နားထောင်ပေးတယ်။ လူတွေရဲ့ မျက်လုံးကို ကြည့်ပြီး
စကားပြောတယ်။ နောက်တော့ လူတွေရဲ့ခံစားချက်တွေကို နားလည်ခံစားပေးတယ်။ ချစ်ခင်မှုကို ပြတယ်။
လူတွေကို ဖက်တယ်။ နမ်းတယ်ဗျာ။ ကျုပ် ငရဲမှာ ဒီလိုအပြုအမူတွေကို မလိုချင်ဘူးဗျ။ ကျေးဇူးပြုပြီး
သူ့ကို ကောင်းကင်ဘုံကို ခေါ်ပါတော့ဗျာ။”
          ရာမတ်ခ်ျ
သူ့ပုံပြင်လေးကို အဆုံးသတ်လိုက်ပါတယ်။ ကျွန်တော်ကို ချစ်ခင်စွာနဲ့ကြည်ပြီး ဒီလို ပြောလိုက်ပါတယ်။



“မင်းရဲ့နှလုံးသားမှာချစ်ခြင်းတရားကို ထည့်သွင်းပြီး၊ ဘဝကို
ရှင်သန်ပါ။ မှားယွင်းပြီး၊ ငရဲပြည်ကို
ရောက်ခဲ့လျှင်တောင် ငရဲမင်းကိုယ်တိုင် မင်းကို ကောင်းကင်ဘုံကို
လိုက်ပို့ပေးပါလိမ့်မယ်။”

( A Saint in the wrong place by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )