Thursday, January 17, 2013

ငြိမ်းချမ်းခြင်း


        ဘ၀မှာ ဒုက္ခတွေပြည့်နေပါတယ်။ ဒါပေမဲ့ ဒုက္ခတွေပဲ ခံစားနေရတာ မဟုတ်ပါဘူး။  ကောင်းကင်ပြာပြာ၊ နေခြည်နွေးနွေး နှင့် ကလေးငယ်ရဲ့ မျက်လုံးတစ်စုံလို အံ့သြစရာတွေ အများကြီးရှိပါတယ်။ အံ့သြစရာတွေလည်း ကြုံနိုင်ပါသေးတယ်။ ဘ၀ရဲ့အံ့သြစရာတွေက အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေသလို၊ ကျွန်တော်တို့ရဲ့ ကိုယ်တွင်းမှာလည်းရှိပါတယ်။
    ပျော်ရွှင်ခြင်း ၊ ငြိမ်းချမ်းခြင်းတရားတွေ ကိုယ်ခန္ဓာထဲမှာ မရှိရင်၊ ဘဝမှာ ချစ်တဲ့သူတွေနဲ့ တစ်မိုးအောက်ထဲမှာ အတူနေသော်လည်း ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေကို မျှဝေပေးနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းတွေကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ ပန်းလေးတစ်ပွင့်လို ပြုံးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မိသားစုအပါအ၀င် လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေး အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။
ကောင်းကင်ပြာရဲ့လှပမှုကို ခံစားဖို့အထူးကြိုးစားနေဖို့ လိုအပ်ပါသလား။ ပျော်ရွှင်ဖို့အတွက် အထူးလေ့ကျင့်နေစရာလိုပါသလား။ မလိုအပ်ပါဘူး။ ပျော်ရွှင်လိုက်ဖို့ပဲ လိုအပ်တာပါ။ ဘ၀ရဲ့မိနစ်တိုင်း၊ စက္ကန့်တိုင်းဟာဒီလို အခြေအနေပါပဲ။ ကျွန်တော်တို့ ဘယ်လိုအချိန်ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေ ရောက်ရောက် နေရောင်ခြည်ကို ခံစားနိုင်ပါတယ်။
        တစ်ဦးရဲ့တည်ရှိမှုကို အခြားတစ်ယောက်က အသက်ရှုမှု ကတဆင့် ခံစားနိုင်ပါတယ်။ သိရှိနိုင်ပါတယ်။ ကောင်းကင်ပြာကြီးကို ခံစားဖို့ တရုတ်ပြည်ကို ခရီးထွက်ဖို့ မလိုအပ်ပါဘူး။ အသက်ရှုခြင်းကိုခံစားဖို့ အနာဂါတ်ကို ခရီးသွားလာဖို့ မလိုအပ်ပါဘူး။
        အဲဒီခံစားမှုတွေကို ချက်ချင်းခံစားနိုင်ပါတယ်။ တကယ်လို့ဘ၀မှာ ဒုက္ခတွေပဲ ခံစားနေရတယ်ဆိုရင်တော့ အလွန်သနားစရာကောင်းနေပါပြီ။
        အလုပ်တွေရှုပ်လွန်းလို့ အတူတကွနေထိုင်တဲ့ကျွန်တော်တို့ ချစ်တဲ့လူတွေကို သေသေချာချာ မကြည့်မိကြပါဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ ကိုယ်ကိုလည်း သေသေချာချာ မကြည့်မိတော့ပါဘူး။ ကျွန်တော်တို့မှာ အချိန်ပိုလေးရှိရင်တောင် ကိုယ်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့၊ ထိတွေ့ခံစားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံက အဲဒီလိုဖြစ်နေတာပါ။ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးဖို့ နည်းလမ်းပေါင်း သန်းနဲ့ချီပြီးရှိပါတယ်။ တီဗွီဖွင့်၊ ဖုန်းပြော၊ ကားမောင်းပြီး တစ်နေရာကိုသွား စတဲ့ နည်းလမ်းတွေပါ။ အဲဒီလိုနဲ့ တစ်ယောက်ထဲ နေထိုင်လေ့ မရှိတော့ပါဘူး။ မိမိကိုယ်ကို မကြိုက်သလို ဖြစ်လာပြီး၊ ကိုယ်ကိုကိုယ် ထွက်ပြေးနေမိပါတော့တယ်။
ကျွန်တော်တို့ကိုယ်ခန္ဓာထဲမှာဘာတွေ ဖြစ်နေသလဲ၊ ကျွန်တော်တို့ရဲ့ ခံစားမှုတွေ ဘယ်လိုရှိသလဲ၊ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားက ဘယ်လိုရှိနေသလဲ၊ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာကို သတိထားကြည့်ပါ။ ဒါဟာ တရားရှုမှတ်နေပါ။ နေ့စဉ်ကလေးပေါင်း ၄၀၀၀၀ အစာငတ်မွတ်ပြီး သေကျေနေကြတယ်။ မဟာအင်အားကြီးနိုင်ငံတွေမှာ အနုမြူထိပ်ဖူးပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီအရေအတွက်ဟာ ကမ္ဘာမြေကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးလို့ ရပါတယ်။ လှပတဲ့နေထွက်ချိန် နဲ့ အဲဒီမနက်ခင်းမှာ နံရံကပ်ပြီးပွင့်နေတဲ့ နှင်းဆီပန်းက အံဖွယ်သရဲဖြစ်ရပ်တွေပါ။ ဘ၀ဆိုတာ အံ့သြစရာကောင်းသလို၊ ကြောက်စရာလည်းကောင်းပါတယ်။ တရားရှုမှတ်တာဟာ ဖြစ်ရပ်နှစ်ခုလုံးကို ထိတွေ့လိုက်တာပါ။ တရားရှုမှတ်ဖို့ တည်ကြည်လေးနက်နေရမယ်လို့ မတွေးပါနဲ့ဦး။ တကယ်တော့ ကောင်းစွာ တရားရှုမှတ်တယ်ဆိုတာ၊ ကျွန်တော်တို့ ပြုံးရယ်နေလိုက်ဖို့ပါ။
မကြာခင်က ကျွန်တော် ကလေးတစ်ဖွဲ့နဲ့ထိုင်နေမိတယ်။ “တမ်” က အရမ်းကို နှစ်လိုဖွယ်ကောင်းတယ်။ “တမ်၊ မင်းရဲ့အပြုံးဟာ အရမ်းကို နှစ်လိုဖွယ်ကောင်းတယ်” လို့ ကျွန်တော်ပြောမိတယ်။ “ကျေးဇူးတင်ပါတယ်” လို့ တမ်က ပြန်ပြောတယ်။ “မင်းက ကျေးဇူးတင်ရမှာ မဟုတ်ပါဘူး။ ငါက မင်းကို ကျေးဇူးတင်ရမှာပါ။ မင်းရဲ့ အပြုံးကြောင့် ဘ၀ဟာ ပိုပြီး လှပသွားတယ်။ ဒါကြောင့် ငါက မင်းကို ကျေးဇူးတင်ရမှာပါ။”  “မင်းက ကျေးဇူးတင်ပါတယ်လို့ ပြောမယ်အစား ကြိုဆိုပါတယ် လို့ ပြောရမှာပါ။”  လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
ကလေးတွေ၊ လူကြီးတွေအတွက် ပြုံးရယ်နေဖို့ ဆိုတာက အလွန် အရေးကြီးတာပါ။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀မှာ ပျော်ရွှင်မှုတွေနဲ့ ရွှင်ရွှင်ပြုံးပြုံး ဖြစ်နေခဲ့ရင် ကျွန်တော်တို့ကိုယ်တိုင်အပြင် အခြားလူတွေအတွက် အကျိုးရှိပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးအတွက် အခြေခံအကျဆုံးလုပ်ဆောင်မှုပါ။ တမ် ပြုံးတာ မြင်ရတော့ ကျွန်တော်ပျော်ရွှင်ရတယ်။ သူကြောင့် အခြားသူတွေ ပျော်ရွှင်စေခဲ့ပါတယ်။ အဲဒါကြောင့် သူက အားလုံးကို ကြိုဆိုပါတယ်လို့ ပြောနိုင်ပါတယ်။
        စိတ်တွေကို ဖြေလျှော့ဖို့ မကြာခဏ ကျွန်တော်တို့ ကိုယ်ကိုကိုယ် သတိပေးနေဖို့ လိုပါတယ်။ စိတ်သစ်လူသစ်ဖြစ်အောင် ပြန်လုပ်ဖို့ ၊တစ်နေ့လုံး သမာဓိရှိနေဖို့ အချိန် အချို့ကို ဖယ်ထားသင့်ပါတယ်။ ဒါဟာ ထွက်ပြေးနေဖို့အတွက် ပါ။ ခပ်နှေးနှေးလမ်းလျှောက်၊ ပြုံးရယ်ကာနေထိုင်၊ မိတ်ဆွေနဲ့ လက်ဖက်ရည် အတူသောက်ပြီး ကမ္ဘာကြီးပေါ်မှာ အပျော်ဆုံးလူသားအဖြစ် ခံစားနေလိုက်ဖို့ပါ။ ဒါဟာ ထွက်ပြေးတာမဟုတ်ပါဘူး။ ကောင်းမွန်စွာ သတ်မှတ်တာပါ။ လမ်းလျှောက်နေချိန်၊ ဥယျာဉ်ထဲမှာ တူးဆွနေချိန်၊ မီးဖိုချောင်ထဲ မှာချက်ပြုတ်နေချိန် ၊ ကုလားထိုင်ပေါ်တွင် ထိုင်နေချိန်၊ တရားမှတ်နေချိန်စတဲ့ အချိန်တွေမှာ တစ်နေ့လုံးပြုံးရယ်နေလို့ ရပါတယ်။ ပထမတော့  ပြုံးရယ်နေဖို့ ခဲယဉ်းပေလိမ့်မယ်။ ဘာကြောင့် လုပ်ရတယ်ဆိုတာလည်း စဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ်။  ပြုံးရယ်လိုက်ခြင်းကြောင့် ကိုယ်နှင့် စိတ် တထပ်ထဲကျသွားပါတယ်။ ကိုယ့်ကို ကိုယ် အောင်နိုင်သွားသလိုပါ။ မေ့လျှော့နေခြင်းရဲ့ ဝဲဂယက်ထဲမှာ နစ်မြုပ်ခြင်း မှ လွှတ်မြောက်ခြင်းပါ။ ဒီလို ပြုံးရယ်မှုမျိုးကို ဗုဒ္ဓနှင့် ဘောဓိသတ္တ ဘုရားအလောင်းတွေမှာ တွေ့ရတတ်ပါတယ်။
      ကျွန်တော် ကဗျာအတိုလေးတစ်ပိုဒ်ကို ပေးချင်ပါတယ်။ ခင်ဗျား ဒီကဗျာလေးကို မကြာခဏရွတ်ဆိုနိုင်ပါတယ်။ အသက်ရှုနေတုန်းခဏမှာ၊ ပြုံးရယ်နေတုန်း ခဏမှာ ပေါ့။
    “ ရှုသွင်းလိုက်ခဏ၊ ခန္ဓာငြိမ်းအေးရ
     ရှုထုတ်လိုက်ခဏ၊ ပြုံးရယ်ရ
     ပစ္စုပ္ပန်မှာ ခဏနေရင်း
     အံ့သြဖွယ် ထိုခဏကို ငါသိလိုက်ရ။ “
  “ ရှုသွင်းလိုက်ခဏ၊ ခန္ဓာ ငြိမ်းအေးရ “ ဆိုတဲ့ စာကြောင်းက အေးစိမ့်တဲ့ ရေတစ်ခွက်ကို သောက်လိုက်ရသလို ကိုယ်ခန္ဓာတစ်ခုလုံးကို အေးစိမ့်မှုပေးလိုက်ပါတယ်။ လန်းဆန်းမှုကို ခံစားလိုက်ရပါတယ်။ အသက်ရှုသွင်းတုန်း ဒီစာကြောင်းလေးကို ရွတ်လိုက်ပါ။ အသက်ရှုမှုကတဆင့် ကိုယ်ခန္ဓာ ငြိမ်းအေးစေမှု၊ စိတ်ငြိမ်းချမ်းမှုကို ခံစားလိုက်ရပါလိမ့်မယ်။
  “ရှုထုတ်လိုက် ခဏ၊ ပြုံးရယ်ရ “ ဆိုတဲ့စာကြောင်းရဲ့ အဓိပ္ပါယ်က ပြုံးရယ်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို ကိုယ်တိုင်သိစေပါတယ်။ ပြုံးရယ်ခြင်းကြောင့် မျက်နှာရှိ ထောင်ပေါင်းများစွာသော ကြွက်သားတွေနှင့် အာရုံကြောတွေကို ပြေလျှော့စေပါတယ်။ ပြုံးရယ်ခြင်းကြောင့် ကိုယ်ကိုကိုယ် အောင်နိုင်ပြီး၊ အရှင်သခင် ဖြစ်လာစေတယ်။ ဒါကြောင့် ဗုဒ္ဓနဲ့ ဗောဓိသတ္တတွေ အမြဲပြုံးပါတယ်။ ပြုံးလိုက်တဲ့အခါမှာ ပြုံးရယ်ခြင်းရဲ့ အံ့သြဖွယ်ရာတွေကို ကိုယ်တိုင် သိမြင်တွေ့ကြုံ ရပါလိမ့်မယ်။
    “ ပစ္စုပ္ပန် မှာ ခဏနေရင်း”  ဆိုတဲ့အဓိပ္ပါယ်ကတော့ ကျွန်တော် ဒီမှာ ထိုင်နေတယ်ဆိုရင် အခြားအတိတ်တွေ၊ အနာဂတ်တွေ၊ အခြားနေရာတွေကို မစဉ်းစားပါဘူး။ ဒီနေရာမှာ ထိုင်နေရင် ဒီနေရာကို ကျွန်တော်သိတယ်။ အဲဒါ အလွန် အရေးကြီးပါတယ်။ ကျွန်တော်တို့က အမြဲတမ်းအနာဂါတ်ကို သွားနေလေ့ ရှိကြတယ်။ “ ကျွန်တော် ကျောင်းမပြီးသေးလို့၊ ကျွန်တော် Ph.D မပြီးသေးလို့ စသည်ဖြင့်…။ ဒါပြီးရင်တော့ ကျွန်တော် တကယ်တရားမှတ်ပါမယ် စသည်ဖြင့်…။ ကဲ လိုအပ်တာတွေ အားလုံးရသွားပါပြီးဆိုပါဆို့။ အဲဒီတော့လည်း ဒါတွေကို အလွယ်တကူရခဲ့တာ မဟုတ်ဘူးလို့ ကိုယ်ကို ကိုယ်ပြောမိပြန်တယ်။ တရားကို ရှုမှတ်ဖို့ အလုပ်အကိုင်လေးတစ်ခုရတဲ့ အထိ စောင့်ပါဦးမယ်ပေါ့။ အလုပ်အကိုင်ရပြန်တော့ ကားလေးတစ်စီးလောက် ရဖို့။ ကားတစ်စီးလောက် ရပြန်တော့ အိမ်တစ်လုံးလောက် ရဖို့ စသည်ဖြင့် …ပေါ့။ ကျွန်တော်တို့ဟာ ပစ္စုပ္ပန် မှာ မနေနိုင်ကြပါဘူး။ ဘယ်အချိန်မှန်းမသိတဲ့ အလွန်ဝေးတဲ့ အနာဂါတ်အထိ အသက်ရှင်ဖို့ အချိန်တွေ ဆွဲခဲ့ကြတယ်။
        ယခုအချိန်ဟာ အသက်ရှင်နေထိုင်ဖို့ အချိန်မဟုတ်ရင် ကျွန်တော်တို့ ဘ၀တစ်ခုလုံး ဘယ်အချိန်ရှင်သန်မှာလဲ… မဟုတ်ဘူး။ ဒါကြောင့် နည်းလမ်းတစ်ခုအနေနဲ့ ပစ္စုပ္ပန်ကိုတည့်တည့်နေဖို့၊ ကျွန်တော်တို့ ဒီမှာရှိနေရင်၊ ရှိနေတာကို သိနေဖို့လိုအပ်ပါတယ်။ ရှင်သန်နေချိန်ကို သိနေဖို့ ပစ္စုပ္ပန်မှာ နေထိုင်ရပါမယ်။
   “အံ့ဖွယ်ထိုခဏကို ငါသိလိုက်ရ” ဆိုတဲ့စာကြောင်းရဲ့အဓိပ္ပါယ်က “ထိုခဏဟာ အစစ်အမှန်ပါ။ အခု ဒီနေရာမှာ ရှိနေဖို့ ပစ္စုပ္ပန်ခဏကို ပျော်ရွှင်စေဖို့ ကျွန်တော်တို့ရဲ့အရေးအကြီးဆုံး အလုပ်ပါ။” “ ငြိမ်သက်စွာနေထိုင်ခြင်း၊ ပြုံးရယ်ခြင်း၊ ပစ္စုပ္ပန် ခဏ, အံ့သြဖွယ် ထိုခဏ” ကို သင် စမ်းသပ်ကြည့်လိမ့်မယ်လို့ ငါထင်ပါတယ်။
 
        ဘ၀ဆိုတာ ကြမ်းတမ်းလွန်းပါတယ်။ တခါတရံပြုံးရယ်ဖို့ ခဲယဉ်းပေမဲ့ ၊ ကျွန်တော်တို့ ကြိုးစားကြည့်သင့်တယ်။ ကျွန်တော်တို့ တစ်ယောက်နှင့် တစ်ယောက် မင်္ဂလာနံနက်ခင်းပါ လို့ နုတ်ဆက်ကြပါတယ်။ အဲဒီလို အမှန်တကယ် မင်္ဂလာနံနက်ခင်း ဖြစ်သင့်တယ်။ မကြာခင်က မိတ်ဆွေတစ်ယောက်က ကျွန်တော်ကို  “ စိတ်ထဲမှာ ၀မ်းနည်းမှုတွေနဲ့ပြည့်နေရင် ဘယ်လိုလုပ်ပြီး ကိုယ်ကို ကိုယ် ပြုံးရယ်ခိုင်းရမှာလဲ”  လို့မေးတယ်။ ဒါဟာ သဘာဝမကျပါဘူး။ သူမရဲ့ ၀မ်းနည်းမှုသောကကို သူမက ပြုံးပြနိုင်ရမယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သောကထက် ကျွန်တော်တို့က ပိုပြီး ကြီးကျယ်တယ်လေ။
       လူသားဆိုတာ လိုင်းပေါင်းမြောက်များစွာ ဖမ်းယူနိုင်တဲ့ တယ်လီဗေးရှင်းစက် တစ်လုံးလိုပါ။ ကျွန်တော်တို့က ဗုဒ္ဓဖြစ်ခြင်း ဆိုတဲ့ လိုင်းကိုဖမ်းလိုက်ရင်၊ ကျွန်တော်တို့ ဗုဒ္ဓ ဖြစ်သွားပြီ။ ကျွန်တော်တို့ ပူပင်သောကဆိုတာကို ဖမ်းလိုက်ရင် ၊ကျွန်တော်တို့မှာ ပူပင်သောကတွေ ပြည့်သွားပါပြီ။ ကျွန်တော်တို့ ပြုံးရယ်ခြင်းကို ဖမ်းလိုက်ရင်တော့ ကျွန်တော်တို့ ကိုယ်တိုင် ပြုံးရယ်မိနေပါလိမ့်မယ်။
      ကျွန်တော်တို့ ကိုယ်ကို လိုင်းတစ်လိုင်းထဲ ဖမ်းမိသလို၊ လွှမ်းမိုးမှု ခံရသလို ရှိမနေသင့်ပါဘူး။ ကျွန်တော်တို့ထဲမှာ အရာရာအားလုံးရဲ့ မူလမျိုးစေ့လေးတွေ ပါတယ်။ အခြေအနေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့၊ ထိန်းချုပ်နိုင်စွမ်းကို ကိုယ်တိုင် ပိုင်ဆိုင်ရဖို့ လိုအပ်ပါတယ်။
          ငြိမ်းချမ်းစွာ ထိုင်လိုက်ပါ။ သတိနဲ့ အသက်ရှုသွင်း၊ ရှုထုတ်လုပ်ပြီး ပြုံး နေကြည့်လိုက်ပါ။ ကျွန်တော်တို့ ကိုယ်နှင့်စိတ် တထပ်ထဲ ကျသွားပါလိမ့်မယ်။ ဒီလို လုပ်လိုက်တာဟာ ကျွန်တော်တို့ ကိုယ်ပိုင်ထိန်းချုပ်နိုင်စွမ်းပါ။ ရုပ်မြင်သံကြား အစီအစဉ်တစ်ခု ဖွင့်လိုက်ခြင်းဟာ အဲဒီအစီအစဉ်ရဲ့ လွှမ်းမိုးခြင်းကို ခံလိုက်ရတာပါ။ တခါတလေတော့ အစီအစဉ်ကောင်းလေးတွေဖြစ်ပေမဲ့ မကြာခဏတော့ နားညီးတဲ့ အစီအစဉ်တွေ ဖြစ်တတ်ပါတယ်။ ဆူညံတဲ့တီဗွီအစီအစဉ်တွေကို ဖွင့်ပြီး ထိုင်လိုက်ရင် ဆူညံသံတွေကို လက်ခံခွင့်ပြုလိုက်တာပါပဲ။ မကောင်းတဲ့ အစီအစဉ်တွေက ကျွန်တော်တို့ကို ဖျက်ဆီးပါတယ်။ ဒီလိုဖြစ်ခြင်းဟာ ကျွန်တော်တို့ ကိုယ်တိုင်သိရှိ နေထိုင်ခြင်းမရှိလို့ဖြစ်တာပါ။ ကိုယ့်ကိုကိုယ် သိရှိနေထိုင်ရမည့် အစား ၊ အခြားသောအရာတွေကို ကျွန်တော်တို့ ကိုယ်တွင်းကို လက်ခံလိုက်လို့ပါ။ အာရုံကြောတွေ တောင့်တင်းလာပေမဲ့ တီဗွီကိုမပိတ်မိပါဘူး။ ဆက်ပြီး ရပ်ကြည့်နေမိပါတယ်။ တီဗွီကို ပိတ်လိုက်ရင် ကိုယ်ကိုကိုယ် သိရှိခြင်းဆီ ရောက်သွားမှာ မို့လို့ပါ။
       တရားထိုင်းခြင်းက ဒီလိုကိစ္စရဲ့ ဆန့်ကျင်ဘက်ပါ။ ကိုယ်ကိုကိုယ် သိရှိနေဖို့ ကို တရားထိုင်ခြင်းက ကူညီပါတယ်။ ဒီလိုလောကီ လူ့ဘောင်ထဲမှာ တရားထိုင်နေဖို့ ဆိုတာ သိပ်ခက်ခဲပါတယ်။ အရာအားလုံးပူးပေါင်းပြီး မိမိကိုယ်ကို သိရှိခြင်းမှ ဆွဲထုတ်နေကြသလိုပါပဲ။ ဗွီဒီယိုတွေ၊ သီချင်းခွေတွေလို ထောင်နဲ့ချီတဲ့ အရာဝတ္ထု၊ အကြောင်းအရာတွေက မိမိကိုယ်ကို သိနေခြင်းကို အဝေးသို့ ဆွဲထုတ်လိုက်ပါတယ်။ တရားကျင့်တယ်ဆိုတာ စူးစိုက်သိရှိနေဖို့၊ အသက်ရှုသွင်းရှုထုတ်လုပ်ပြီး ပြုံးလိုက်နေဖို့ပါ။ အခြားသောဆန့်ကျင်ဘက်အစွန်း ရှိပါသေးတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် အတ္တတွေဆီကို ပြန်သွားတာဟာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို သိရှိနေဖို့ပါ။ တရားထိုင်ခြင်းဆိုတာ ဖြစ်ပျက်တာတွေကို သိရှိနေဖို့ပါ။ ဘာတွေဖြစ်နေလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။
          သင်ဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက်ဆိုပါဆို့။ အသက်ရှုသွင်း၊ ရှုထုတ်လုပ်နေဖို့၊ ကလေးအတွက် ပြုံးနေပေးဖို့ လိုအပ်ပါတယ်။ သင့်ကလေးငယ်ကို မွေးဖွါးပြီး မှ ပြုစု၊ ဂရုစိုက်မယ်ဆိုပြီး စောင့်မနေပါနဲ့တော့ ။ အခုပဲ သူ့ကို ဂရုစိုက်နေလို့ရပါပြီ။ သင်က ပြုံးရယ်မနေနိုင်ဘူး ဆိုရင်တော့ သိပ်အရေးကြီး ပါတယ်။ ငါဟာ စိတ်ညစ်နေရတယ်။ ပြုံးရယ်နေခြင်းဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ သင် စဉ်းစားနေကောင်းနေပါလိမ့်မယ်။ ငိုကြွေးခြင်း၊ ဆူညံအော်ဟစ်နေခြင်းတွေကလည်း မှန်ကန်နိုင်ပါတယ်။  ဒီလို လုပ်ရင်တော့ သင့်ကလေးက သင့် အပြုအမှုတွေက ရရှိတော့မှာပါ။ သင်ဘာတွေပဲ လုပ်လုပ် ဒါတွေဟာ သင့်ကလေးအတွက်ပါ။
       ကိုယ်ဝန်မဆောင်ထားဖူး ဆိုရင်တောင် သင့်မှာ မူလမျိုးစေ့တွေရှိပါတယ်။ သင့်ဟာ လူလွတ်တစ်ယောက်၊ သင်ဟာ ယောင်္ကျားတစ်ယောက် ဖြစ်ရင်တောင်မှ သင့်မှာ ကလေးတွေ ရှိတယ်လို့ သတိရထားသင့်တယ်။ သင့်မှာ နောင်မျိုးဆက်သစ်တွေရဲ့ မျိုးစေ့လေးတွေ ရှိနေပါတယ်။ ဆရာဝန်က ကလေးရှိနေပြီ၊ ဂရုစိုက်နေတော့လို့ ပြောတဲ့အထိ စောင့်မနေပါနဲ့တော့။ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲ နေနေ သင့်ကလေးက ဒါကို ရလိမ့်မယ်။ သင် ဘာတွေစားသုံးလိုက်သမျှ၊ သင့်စိတ်ထဲမှာ ပူပင်သောကရောက်သမျှ သင့်ကလေး အတွက် ဖြစ်တယ်။ ရယ်ပြုံးခြင်းကို သင်မလုပ်နိုင်တော့ဘူးလား။ ကလေးလေးကို စဉ်းစားကြည့်လိုက်စမ်းပါ။ သူ့အတွက် ပြုံးရယ်လိုက်ပါ။ နောက်မျိုးဆက်တွေ အတွက် ပြုံးရယ်လိုက်ပါ။ တခါလောက် ပြုံးရယ်လိုက်ရုံနဲ့ သောကအားလုံး ပျောက်သွားမှာလားလို့တော့ ငါ့ကို မပြောပါနဲ့။ ဒါတွေက မင်းရဲ့ စိုးရိမ်သောကတွေလား။ ကလေးရဲ့သောကတွေလား။ ဒါက ကလေး ရဲ့ သောကတွေ မဟုတ်ပါဘူး။
        ကလေးတွေက သိပ်ကိုနားလည်နိုင်စွမ်းရှိပါတယ်။ ယောင်္ကျားတွေ၊ မိန်းမတွေမှာ ချစ်ခင်ခြင်း၊ နားလည်ခြင်း၊ နိုးကြားခြင်းတွေအတွက် အစွမ်းသတ္တိတွေ ရှိပါတယ်။ ကလေးတွေက ဒီလို ချစ်ခင်ခြင်း၊ နားလည်ခြင်း၊ နိုးကြားခြင်းတွေကို နားလည်နိုင်စွမ်းရှိပါတယ်။ ဒီလိုနိုးကြားနေမှု၊ ဒီလိုမိမိစိတ်ထဲ၊ ကိုယ်ခန္ဓာထဲက ဖြစ်တည်ခြင်းတွေကို သိရှိမှုဟာ ဗုဒ္ဓ ဖြစ်မှုသဘာဝ ပါ။ နားလည်နိုင်စွမ်းအား၊ချစ်ခင်နိုင်စွမ်းအားတွေဟာ ဗုဒ္ဓ ဖြစ်မှု သဘာဝပါ။ ပြုံးရယ်ခြင်း က သိပ်ကိုအရေးကြီးပါတယ်။ ငါတို့မှာ ပြုံးရယ်ခြင်းတွေ မရှိရင် ကမ္ဘာမှာ ငြိမ်းချမ်းခြင်းရှိမှာ မဟုတ်ပါဘူး။ အနူမြူလက်နက်ဆန့်ကျင်ရေးအတွက် ဆန္ဒပြမှုတွေလို ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့ စွမ်းအားမှတဆင့် ငါတို့အတွက် ငြိမ်းချမ်းရေးကို လုပ်ဆောင်တာပါ။ ပြုံးရယ်လိုက်ခြင်း၊ ရှုသွင်းရှုထုတ်လုပ်ခြင်းတွေက ကျွန်တော်တို့ ကိုယ်တိုင် ငြိမ်းချမ်းရေးရရှိဖို့အတွက်ပါ။

No comments:

Post a Comment