Monday, April 28, 2014

ဗုဒ္ဓ၏သမ္ပဒါတရား (၄)ပါး -- ၂



ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၄

          ဤအရာ၌ ဝိနည်းမဟာဝါပါဌိတော်၊ စီဝရက္ခန္ဓကလာ သာကေတသူဌေးကတော်ကြီး ဝတ္ထုကို သာဓကအဖြစ် တင်ပြပါမည်။
သူဌေးကတော်ကြီးဝတ္ထု
          ဘုရားရှင်လက်ထက်တော်က ဆေးဆရာလောကတွင် အလွန်ထင်ရှားကျော်ကြားသည့် သမားတော်ကြီးဇီဝကဆိုလျှင် လူတိုင်းသိပြီးဖြစ်ပါသည်။
          ဆရာကြီးဇီဝကသည် ဆေးဆရာဖြစ်စ တက္ကသိုလ်ပြည်မှ ရာဇဂြိုဟ်နေပြည်တော်သို့အပြန် သာကေတမြို့အရောက်တွင် ပါလာသောရိက္ခာပြတ်သွားသဖြင့် သာကေတသူဌေးကတော်ကြီးတစ်ဦးကို ပထမဆုံးအနေဖြင့် ဆေးကုသလေသည်။ သူဌေးကတော်ကြီးကား ခုနှစ်နှစ်တိုင်တိုင် ခေါင်းကိုက်၊ ခေါင်းခဲဝေဒနာကို ခံစားနေရသည့် ရောဂါသည်ကြီးတည်း။

          ဆရာကြီးသည် လူနာ၏ဝေဒနာကို အကဲခတ်လေ့လားပြီး တစ်လက်ခုပ်လောက်သော ထောပါတ်ကို တောင်း၏။ ထို့နောက် ထောပါတ်တစ်လုက်ခုပ်ကို အမျိုးမျိုးသောဆေးတို့ဖြင့် ချက်၍ သူဌေးကတော်ကြီးကို နှာပေး၏။ နှာခေါင်းမှ သွင်းပေးလိုက်သော ထောပါတ်နှာဆေးသည် ခံတွင်းမှ အန်ထွက်လာ၏။ သူဌေးကတော်ကြီးသည် အန်ထွက်လာသည့် ထောပါတ်နှာဆေးကို ထွေးခံဖြင့် ခံယူထားစေပြီး ထောပါတ်တို့ကို ဝါဂွမ်းဖြင့် တို့ယူထားရန် ကျွန်မတို့ကို ခိုင်း၏။

          ဤအခြင်းအရာကို ဆရာကြီးဇီဝက တွေ့မြင်သောအခါ “အင်း အံ့သြစရာပဲ။ ဒီသူဌေးကတော်ကြီးဟာ ကော်တရာ ကပ်စေးနဲမကြီးနဲ့တူတယ်။ သူဌေးမကြီးတစ်ယောက်ဖြစ်ပါလျက် စွန့်ပစ်ရတော့မယ့် ထောပါတ်လေးကိုပင် ဂွမ်းစလေးနဲ့ တို့ယူနေသေးရင် ဆေးအဖိုးတန်ကြီးနဲ့ ကုသထားရတဲ့ ငါ့ဆေးကုခကိုတော့ ထိုက်ထိုက်တန်တန် ပေးမယ့်ပုံမပေါ်ဘူး” ဟု စဉ်းစားမိပြီး မျက်စိမျက်နှာပျက်သွား၏။

          ဆေးဆရာကြီးဇီဝက၏ မျက်နှာပျက်သွားဟန်ကို သူဌေးကတော်ကြီး သိရှိရိပ်မိသွားပြီး “ဆရာကြီး… ကျွန်မတို့အိမ်ရှင်မတွေက ဆေးကုသပေးတဲ့ ကျေးဇူးကို သိတတ်ကြပါတယ်။ အခု ဒီထောပါတ်ဟာ ကျွန်၊ အမှုလုပ်တွေအတွက် ခြေနယ်ဆီအဖြစ်၊ ဆီမီးထွန်းညှိစရာအဖြစ် အသုံးဝင်ပါသေးတယ်။ ဆရာကြီး မျက်နှာမကောင်းမဖြစ်ပါနဲ့၊ ဆရာကြီးအတွက် ပေးသင့်တဲ့ ဆေးကုသခကို ဆရာကြီးကျေနပ်အောင် ကျေးဇူးဆပ်ပါမယ်”ဟု ကတိပေးပြောဆို၏။

          ဆရာဇီဝက၏ ထိုတစ်ကြိမ် ဆေးပေးခြင်းဖြင့်ပင် သူဌေးကတော်ကြီး၏ နာတာရှည် ခေါင်းကိုက်၊ ခေါင်းခဲ ရောဂါမှာ လုံးဝပျောက်ကင်းသွားတော့၏။ ထို့ကြောင့် သူဌေးကတော်ကြီးက သူ ကတိပေး ပြောကြားခဲ့သည့်အတိုင်း အသပြာလေးထောင် ပူဇောသည့်အပြင် သား၊ ချွေးမနှင့် သူဌေးကြီးသုံးယောက်တို့ကလည်း အသပြာလေးထောင်စီ ဆုချပြီး ကျွန်မိန်းမ၊ ကျွန်ယောကျ်ား၊ မြင်းရထားတို့ကိုပါ ကောင်းစွာ ပူဇော်လိုက်ကြကုန်၏။
ကုန်ကျသင့်သောအရာဖြစ်က မည်မျှလောက်ကိုပင် ကုန်ကျသည်ဖြစ်စေ နှမြောစစ်စီခြင်း မရှိ၊ ထိုက်ထိုက်တန်တန် စွန့်လွှတ်ပေးကမ်းရမည်ကို ဖေါ်ပြသောဝတ္ထုဖြစ်ပေသည်။ ဤနည်းကိုမှီ၍ မိမိတို့သည် မကုန်သင့်သောအရာဖြစ်က အနည်းငယ်မျှ မကုန်ကျရအောင် ကြိုးစားကြ၍ ကုန်သင့်သောအရာ၌ နှမြောတွန့်တိုခြင်း မရှိမိအောင် အထူးသတိပြုသင့်ကြပေသည်။

ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ- ၅

          ဤဥပဒေသမှာ ဥပမာအနေဖြင့် နှမြောစီစစ်လွန်းသော အာဂန္တုက သူဌေးကြီးပုံဝတ္ထုကို ဖေါ်ပြထားပါတယ်။ ဆိုလိုရင်း အနှစ်ချုပ်မှာ သူဌေးကြီးသည် နှမြောစီစစ်လွန်းသောကြောင့် အနေ ဆင်းရဲ၊ အစားဆင်းရဲ၊ အဝတ်ဆင်းရဲဖြင့် နေထိုင်ပြီး၊ မိမိ၏ ကြွယ်ဝသောစည်းစိမ်ဥစ္စာတို့ကို မိမိအတွက်လည်း မသုံးစွဲ၊ ကျေးဇူးရှင်မိဘနှစ်ပါးကိုလဲ လုပ်ကျွေးခြင်း မပြု၊ သားမယားတို့အားလည်း မလုပ်ကျွေး၊ အခိုင်းအစေ အလုပ်သမားတို့ကိုလည်း ဆုချပေးကမ်းခြင်း မရှိ။ မိတ်ဆွေ အပေါင်းအသင်းတို့အားလည်း ချီးမြှင့်ထောက်ပံ့ရန် မကြံရွယ်ခဲ့။
          ထိုသေဌေးကြီး သေဆုံးသောအခါ အမွေစားအမွေခံလည်း ကျန်ရစ်ခဲ့ခြင်း မရှိသောကြောင့်၊ မင်းဘဏ္ဍာအဖြစ် ဥစ္စာပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။

ပစ္စည်းဥစ္စာ သုံးစွဲနည်း ဥပဒေသ - ၆ 

          ဤနေရာတွင် ပစ္စည်းသုံးစွဲနည် (၅)မျိုးကို ဖေါ်ပြထားပြီး၊ ထိုသုံးစွဲနည်းအတိုင်း သုံးစွဲသောသူအား ပစ္စည်းဥစ္စာတို့ ကုန်ခန်းသွားသည်ဖြစ်စေ၊ တိုးတက်ပွါးများလာသည်ဖြစ်စေ၊ မိမိ၏တရားသဖြင့် သုံးစွဲခဲ့သည်ကို အောက်မေ့ဆင်ခြင်သည့်အခါ နှလုံးမသာယာခြင်း၊ နောင်တ တဖန် ပူပန်ခြင်းတို့ မဖြစ်နိုင်ကြကုန်ဟု မြတ်စွာဘုရားဟောကြားထား၏။
ဃ) မိတ်ကောင်းဆွေကောင်းရှိရခြင်း ( ကလျာဏမိတ္တသမ္ပဒါ )
          ထိုအခန်းတွင် မိတ်ဆွေစစ်(၄) ယောက်၊ မိတ်ဆွေတု(၄)ယောက်၊ မိတ်ဆွေစစ် လက္ခဏာ(၁၆)ပါး၊ မိတ်ဆွေတုလက္ခဏာ(၁၆)ပါးနှင့် မိတ်မြဲစေသောနည်းလမ်းများကို ဖေါ်ပြထားပါသည်။
[ မိတ်ဆွေစစ်နှင့် မိတ်ဆွေတုတို့ကို သုတ်ပါထေယျ ပါဌိတော်၊ သိင်္ဂါလသုတ်၌ ဘုရားရှင် ဟောတော်မူထားပါသည်။ ]

(၁) မိတ်ဆွေစစ်လေးယောက်
က) အကြင်မိတ်ဆွေသည် ကျေးဇူးပြုတတ်၏။ ( ဥပကာရမိတ္တ)
ခ) အကြင်မိတ်ဆွေသည် ဆင်းရဲအတူ ချမ်းသာအမျှဖြစ်၏။ ( သမာနသုခ ဒုက္ခမိတ္တ )
ဂ) အကြင်မိတ်ဆွေသည် အကျိုးစီးပွါးကို ညွှန်ကြားပြောဆိုတတ်၏။ ( အတ္တက္ခာယီမိတ္တ )
ဃ) အကြင်မိတ်ဆွေသည် အစဉ် သနားတတ်၏။ ( အနုကမ္ပကမိတ္တ )

(၂) မိတ်ဆွေတုလေးယောက်
က) အကြင်မိတ်ဆွေသည် မိမိအကျိုးအတွက် ယူသာယူတတ်၏။ ( အညဒတ္တု ဟရမိတ္တ)
ခ) အကြင်မိတ်ဆွေသည် နှုတ်ဖြင့်သာ ပေးတတ်၏။ ( ဝစီပရမမိတ္တ )
ဂ) အကြင်မိတ်ဆွေသည် အကြိုက်ကိုသာလိုက်၍ ပြောကြားတတ်၏။ ( အနုပိယဘဏိမိတ္တ )
ဃ) အကြင်မိတ်ဆွေသည် ပျက်စီးရာ ပျက်စီးကြောင်းတို့၌ သွေးဆောင် တိုက်တွန်းတတ်၏။ ( အပါယသဟာယမိတ္တ )

(၃) မိတ်ဆွေစစ် လက္ခဏာ ၁၆ ပါး ကိုဖေါ်ပြထားပြီး၊
(၄) မိတ်ဆွေတု လက္ခဏာ ၁၆ ပါးကို လည်း ဖေါ်ပြထားပါသည်။
နောက်ဆုံးအချက်အနေဖြင့် မိတ်မြဲစေသည့်နည်းလမ်းများကို ပုံဆောင်ဝတ္ထုဖြင့် ရှင်းလင်းဖေါ်ပြထားပါသည်။

[ဤစာပိုဒ်များကို ကူးယူဖေါ်ပြရခြင်း၏ ရည်ရွယ်ချက်များ ဗုဒ္ဓသည် လောကုတ္တရာတွင်သာမက လောကီအကျိုးစီးပွါးကို ပြစ်ပယ်ခြင်း မရှိဘဲ၊ ပစ္စုပ္ပန်ဘဝတွင် လက်ငှင်းအကျိုးရှိစေမည့် တရားများကို ဟောကြားထားခဲ့ကြောင်း တင်ပြလိုရင်းဖြစ်ပါသည်။ မိရိုးဖလာဗုဒ္ဓဘာသာများအနေဖြင့် အရာရာကို ကံ ပုံချပြီး၊ မနေသင့်ကြောင်း ပစ္စုပ္ပန်ဘဝတွင် ဗုဒ္ဓ၏လမ်းညွှန်မှုများနှင့်အညီ ကြိုးစားသင့်ကြောင်း တင်ပြလိုပါသည်။ ယနေ့ခေတ်သံဃာတော်များ ဟောကြားမှုအားနည်းသောကြောင့် လူများမသိရှိသေးသည့် တရားတော်များကို ပိဋကတ်တော်များကို မွှေနှောက်ပြီး ပြုစုထားသည့် လူပုဂ္ဂိုလ်များကို ချီးကျုးဂုဏ်ပြုသင့်ပါသည်။ မိမိကူးယူဖေါ်ပြခြင်းထက် အရေးစိတ်ရေးသားချက်များကို ထပ်မံဖတ်ရှူရန် တိုက်တွန်းလိုက်ရပါသည်ခင်ဗျား… ]

No comments:

Post a Comment