Tuesday, April 15, 2014

ရွှေဥဒေါင်း- တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ ( စဉ်းစားနည်းများ )- ( 2 )



“မထိုက်တန်သောနည်းဖြင့် အထင်ကြီး မခံလိုခြင်းမှာ ကျွန်ုပ်၏ ဝါသနာဖြစ်ပါသည်။”


“ကာမဂုဏ် ယစ်ပြီး အကြီးအကျယ်ဇိမ်ခံမှုကြောင့် သိသင့်သိထိုက်သောအခြင်းအရာကို သိအောင် မကြိုးစားပဲ ကြွယ်ဝသည်ထက် ကြွယ်ဝအောင်လုပ်ရသည်နှင့်ပင် ဖတ်ဖတ်မောပြီး တစ်ဘဝကုန်ဆုံးသွားသူများလည်း ဒုနှင့်ဒေးရှိကြပါသည်။”


“သိသင့်သိထိုက်သောအခြင်းအရာဟူသည်မှာ (၁) လူ့အကြောင်း (သို့မဟုတ်) လောကီဗဟုသုတ နှင့် (၂) စိတ်အကြောင်း (သို့မဟုတ်) လောကုတ္တရာရေးရာ တို့ဖြစ်ပါသည်။”


“အစစ အရာရာ အကြောင်းညီညွတ်ပါစေ ဟူသော စကားမှာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ငြိမ်းချမ်းခြင်းတည်းဟူသော အခြင်းအရာများပါရှိသည်ဖြစ်သောကြောင့် စကားလုံးမရှည်ဘဲနှင့် အဓိပ္ပါယ်စုံလင်သည့်အတွက် ကျွန်ုပ်ရွေးချယ်ထားခြင်း ဖြစ်လေသည်။”


“မုန်းတီးခြင်း ဆိုတဲ့ အာဃာတစိတ် နဲ့ ဗိုလ်လုချင်တဲ့စိတ် ဆိုတာမှာ ဗိုလ်လုချင်တဲ့စိတ် ကအကြောင်းတရား၊ အာဃာတစိတ်က အကျိုးတရားဖြစ်ပါတယ်။ သို့သော် လောကလူသားများ အနေနဲ့ကတော့ ဗိုလ်လုချင်တဲ့စိတ်ကို မပယ်ပျောက်နိုင်မှီ အာဃာတ ထိအောင် မရောက်ဖို့၊ အာဃာတ ထားတိုင်း မလုပ်ဖို့၊ အာဃာတစိတ်ရှိခြင်းကို ထုတ်ဖေါ်ပြီး မပြဖို့ ဆင်ခြင်ကြပါမှ တဖြည်းဖြည်း ငြိမ်းချမ်းရေး ရနိုင်ဖို့ ရှိလိမ့်မယ်။”

“ဗိုလ်ကျတယ် ဆိုတဲ့လူဟာ မိမိက ခွန်အားသာတဲ့အခိုက်လောက်သာ လုပ်ဝံ့တာဗျ။ သူသေ ကိုယ်သေ ဆိုလျှင် ဆုတ်ခွါတတ်တာဘဲ။”

“အမေရိကန်မှာတော့ ပစ္စည်းဥစ္စာဘက်က ဌေးလွန်းတယ်ဗျ။ ဆိုရှယ်လစ်နိုင်ငံမှာတော့ သြဇာအာဏာဘက်က ဌေးလွန်းတယ်ထင်တယ်။”


“နိုင်ငံရေးသမားတစ်ယောက်ဖြစ်စေ၊ ပါတီတစ်ခုဖြစ်စေ သူ့အစွမ်းအစနဲ့ အထွတ်အထိပ် အာဏာပိုင်အဖြစ်ရောက်လာတဲ့အခါကျပြီဆိုမှဖြင့် သူတို့တိုင်းပြည်ကိုသူ သို့မဟုတ် သူ့ပါတီမှတစ်ပါး ကြီးပွါးကောင်းစားအောင် လုပ်နိုင်တဲ့လူ သို့မဟုတ် ပါတီရယ်လို့ မရှိနိုင်တော့ဘူးလို့ ယူဆလာတတ်တယ်။”


“ဒီအခါမှာ သူတို့က အထွတ်အထိပ်ရောက်နေခိုက်ဖြစ်လေတော့ သူတို့ မဆင်းရအောင် တောင်ပြော၊ မြောက်ပြော တောင်လုပ် မြောက်လုပ် ဥပဒေတွေ လုပ်ကုန်ကြရောဗျ။ အလုပ်တကယ် တော်တဲ့လူကလဲ ဒါမျိုးလုပ်တာဘဲ။ သူ့ဟာသူ ထင်ရုံ ထင်နေတဲ့လူကလဲ လုပ်တတ်တာပဲ။ တကယ်တော်တဲ့လူက လုပ်မိလျှင်တော့ မထောင်းတာဘူးထားပါတော့၊ သူ့ထက်တော်တဲ့လူတွေ ရှိပါလျှက်နဲ့ သူက အထွတ်အထိပ် အာဏာရထားခိုက်ဖြစ်နေလို့မို့ အခြားလူ သို့မဟုတ် အခြားလူစုကို မတက်နိုင်အောင် လမ်းပိတ်တာမျိုးဖြစ်နေလျှင်တော့ အဲဒီတိုင်းပြည်အဖို့ မနစ်နာပေဘူးလားဗျာ။ အကောင်းဆုံးလူရှိလျှက်နဲ့ မတက်ရဘဲ ဖြစ်နေတော့တာပေါ့၊ ဒါကြောင့် အစိုးရတစ်စုရဲ့ လက်ဝယ်မှာ တန်ခိုးအာဏာများလွန်းခြင်းကိုလဲ ကျွန်တော် မကြိုက်ဘူးဗျာ။ အလယ်အလတ်လောက်ပဲ ကြိုက်တယ်။


ကျွန်တော်တို့တိုင်းပြည်မှာ အာဏာသိမ်းတယ်လို့ ကြားရတယ်။ ဘယ်လောက်တော်တဲ့လူတွေက သိမ်းသည်ဖြစ်စေ၊ သူတို့လက်ဝယ်မှာ အာဏာတွေများလွန်းလျှင်တော့ ကျွန်တော် မကြိုက်ဘူးဗျာ။ ”

“လုပ်ချင်တာလုပ်၊ ပြုတ်မကျနိုင်ဘူး၊ လူများစုက သဘောမတူတဲ့အလုပ်တစ်ခုဖြစ်ပေမယ့် သူတို့ လုပ်ချင်လုပ်နိုင်တယ်။ ဖြုတ်ချနိုင်တဲ့ဥပဒေရှိစေကာမူ ဟိုလိုသည်လို ဖန်တီးနိုင်တယ်၊ ဖလှယ်နိုင်တယ်ဆိုတဲ့ အခွင့်အရေးမျိုးရရှိထားလျှင် အာဏာများလွန်းတယ်လို့ ကျွန်တော် နားလည်တာဘဲ။”


No comments:

Post a Comment