၇။ အကြောင်းမျိုးစုံကို ရောနှော၍ ပြဆိုသော အပိုင်း
၁၃၈။ (က) မိန်းမနှင့် ရောနှောသော ရဟန်း သီလမရှိ။
(ခ) အသားစားကြူးသောသူ
သနားခြင်းမရှိ။
(ဂ) အရက်သေစာ
သောက်သောသူ စကားမမှန်။
(ဃ) လောဘကြီးသောသူ
အရှက်မရှိ။
(င) အပျင်းကြီးသောသူ
အတတ်ပညာမရ။
(စ) အမျက်ကြီးသောသူ
ဥစ္စာမရ။
၁၃၉။ (က) သေသောက်ကြူးခြင်း (ကြူးသူ)၊
(ခ) အချိန်အခါမဟုတ်
သွားလာခြင်း(သွားလာသူ)၊
(ဂ) ပွဲလမ်းသဘင်
အသွားများခြင်း (အသွားများသူ)၊
(ဃ) အလောင်းအစား
ကျူးလွန်ခြင်း(ကျူးလွန်သူ)၊
(င) မကောင်းသောမိတ်ဆွေနှင့်
ပေါင်းခြင်း(ပေါင်းသူ)၊
(စ) ပျင်းရိဖင့်နွဲခြင်း(ဖင့်နွဲသူ)။
ဤသည်တို့ကား
စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းတည်း။
၁၄၀။ နေ့အခါ၌ ပတ်ဝန်းကျင်ကို
မရှုဘဲ မပြောဆိုအပ်၊ ညဉ့်အခါ၌ မမေးဦးဘဲ မပြောဆိုအံ့၊ ဘေးအန္တရာယ် ကြောက်သော တောမုဆိုးသည် တော၌ ရှေ့နောက်ဝဲယာ
ကြည့်ရှုပြီးမှ သွားလာသကဲ့သို့ ကောင်းစွာ
သတိထား၍ ပြောဆိုရာ၏။
၁၄၁။ (က) ပစ္စည်းဥစ္စာ ဆင်းရဲသူ၊
(ခ) အနာရောဂါ
နှိပ်စက်သူ၊
(ဂ) မိုက်သောသူ၊
(ဃ) ကြွေးမြီ
များသောသူ၊
(င) မင်းဝယ်
ကိုယ်ကြပ် ခစားသောသူ။
ဤငါးယောက်သော
သူတို့ကို အသက်ရှင်လျက် သေသူများဟူ၍ ဗျာသဆရာက မိန့်ဆိုထား၏။
၁၄၂။ ပညာရှိသောသူသည်
မရောက်သေးသော ဘေးအန္တရာယ်ကို မြင်သည်ရှိသော် အဝေးကပင်
ကြိုတင်၍
ရှောင်တိမ်းရာ၏၊ ရောက်ပြီး ရောက်ဆဲ ဘေးအန္တရာယ် ကြုံတွေ့ခဲ့သော် မကြောက်မရွံ့
ပြေလည်အောင်
ဖြေရှင်းတတ်၏။
၁၄၃။ (က) အအိပ်ကြူးသောသူ၊
(ခ) မေ့လျော့သောသူ၊
(ဂ) ချမ်းသာကိုသာ
ကြိုက်သောသူ၊
(ဃ) အနာရောဂါ
ရှိသောသူ၊
(င) ပျင်းရိသောသူ၊
(စ) အလိုကြီးသောသူ၊
(ဆ) အမှုသစ်၌သာ
မွေ့လျော်သောသူ။
ဤ ခုနှစ်ယောက်သော
သူတို့သည် ကျမ်းဂန်မှ ကင်းကုန်၏။
၁၄၄။ အို…လာဘ်….ဆင်းရဲသောသူ၏ အထံသို့ သွားပါလော့၊ လာဘ်ပေါများသောသူသည်
လာဘ်ဖြင့်
ပြည့်နေပါ၏၊
အို…မိုးနတ်….ကြည်းကုန်း၌ မိုးရွာပေးပါလော့၊ သမုဒ္ဒရာသည် ရေဖြင့် ပြည့်နေပါ၏။
ဤသဘောတရားသည်
လောက၌ ဖြစ်ရိုးမရှိ၊ သတ္တဝါ၏ကံသာလျှင် ပဓါနဖြစ်၏။
၁၄၅။ ပြုဖွယ်ကိစ္စ ပြုပြီးသွားလျှင် ပြုလုပ်ပေးသူကို တစ်စုံတစ်ယောက်သောသူကမှ
ပြန်၍ မကြည့်၊
သတိမရ၊ လစ်လျူပြု၍
နေတတ်၏၊ ထို့ကြောင့်ပြုဖွယ်ကိစ္စ အားလုံးတို့ကို အကုန်အစင် ပြုမပေးဘဲ
အကြွင်းထား၍
ပြုလုပ်ပေးရာ၏။
၁၄၆။ (က) လောက၌ လဲဝါသည် အပေါ့ဆုံးဖြစ်၏။
(ခ) ထို့ထက်
လျှပ်ပေါ်သော သူသည် ပို၍ ပေါ့၏။
(ဂ) ထို့ထက်
လူကြီးမိဘ ဆရာသမား၏ အဆုံးအမကို မနာခံသောသူက ပို၍ပေါ၏။
(ဃ) ထို့ထက်
မြတ်စွာဘုရား သာသနာတော်၌ မေ့လျော့သောသူက ပို၍ ပေါ့၏။
၁၄၇။ (က) လောက၌ ကျောက်ထီးသည် အလေးဆုံးဖြစ်၏။
(ခ) ထို့ထက်
နတ်တို့ပြောသော စကားက ပို၍ လေး၏။
(ဂ) ထို့ထက်
လူကြီးမိဘ ဆရာသမား၏ အဆုံးအမက ပို၍ လေး၏။
(ဃ) ထို့ထက်
မြတ်စွာဘုရား၏ ဆုံးမသော စကားတော်က ပို၍ လေး၏။
၁၄၈။ (က) လက်ယာလက်သည် ကိုယ်ခန္ဓာ၏ ကျွန်မည်၏။
(ခ) ဤလက်ယာလက်၌
လက်သန်းသည် နားနှာခေါင်းနှင့် မျက်စိတို့၏ ကျွန်မည်၏။
(ဂ) လက်ဝဲလက်သည်
ခြေထောက်၏ ကျွန်မည်၏။
၁၄၉။ (က) ကွမ်းရွက်၏ အလယ်ပိုင်း၌ ကုဝေရနတ် အမြဲစောင့်၏။
(ခ) ကွမ်းရွက်၏
အရင်းပိုင်း၌ ဘီလူး စောင့်၏။
(ဂ) ကွမ်းရွက်၏
အဖျားပိုင်း၌ ဒေဝမိစ္ဆာ နတ်ယုတ်မာ စောင့်၏။
ထို့ကြောင့်
အရင်းနှင့် အဖျားကို ဖြတ်၍ စားရာ၏။ ဤသို့ စားသော် ဘုန်းကျက်စသရေ တိုးပွါး၏။
၁၅၀။ (က) ဗြဟ္မာသည် စာသင်ပုန်းကို စောင့်၏။
(ခ) ဗိဿနိုးနတ်သည်
ကမ္ဗလွေ(စာပလွေ)ကို စောင့်၏။
ထို့ကြောင့် အတတ်ပညာ
သင်ကြားသော သူတို့သည် ဗြဟ္မာနှင့် ဗိဿနိုးကို ပူဇော်ကြကုန်လော့၊
ထိုသို့ ပူဇော်သူကို ဗြဟ္မာနှင့် ဗိဿနိုးနတ်တို့က အခါခပ်သိမ်း မြတ်နိုးတတ်ကုန်၏။
ထိုသို့ ပူဇော်သူကို ဗြဟ္မာနှင့် ဗိဿနိုးနတ်တို့က အခါခပ်သိမ်း မြတ်နိုးတတ်ကုန်၏။
၁၅၁။ (က) နွားတို့သည် လူသားအားလုံးတို့ကို ကုန်းရုံးကျွေးမွေး
တတ်ကုန်၏။
(ခ) စည်းစိမ်ကို
ပေးတတ်ကုန်၏။
ထိုကျေးဇူးကြောင့် နွားမများကို မိဘကဲ့သို့ မှတ်ထင်မြတ်နိုးရာ၏၊
လေးလေးစားစား
သဘောထားရာ၏။
၁၅၂။ နွား၏ အသားကို စားကုန်သော သူတို့သည် ကျေးဇူးရှင်မိခင်၏
အသားကို စားသည်မည်၏။
နွားများသေသောအခါ
လင်းတစာ ကျွေးရာ၏။ ရေအလျဉ်၌သော်လည်း မျှောရာ၏။
၁၅၃။ (က) ကြာသပတေးနေ့၌ အတတ်ပညာစ၍ သင်ကြားသော် အောင်မြင်ပြီးစီး၏။
(ခ) တနင်္ဂနွေနှင့်
သောကြာနေ့တို့၌ အတတ်ပညာစ၍ သင်ကြားသော် လစ်လျူရှုတတ်၏။
(ဂ) ဗုဒ္ဓဟူးနှင့်
တနင်္လာနေ့တို့၌ အတတ်ပညာ စ၍ သင်ကြားသော် ဆုံးခန်းတိုင် မတတ်မြောက်ရာ။
(ဃ) စနေနှင့်
အင်္ဂါနေ့တို့၌ အတတ်ပညာ စ၍ သင်ကြားသော် သေရာ၏။
၁၅၄။ (က) လဆန်း ၈ ရက်၊ လဆုတ် ၈-ရက်နေ့၌ အတတ်ပညာသင်မူ ဆရာကို
သတ်သည်မည်၏။
(ခ) လဆန်း
၁၄-ရက်၊ လဆုတ် ၁၄-ရက်နေ့၌ အတတ်ပညာသင်မူ တပည့်ကို သတ်သည်မည်၏။
(ဂ) လဆန်း
၁၀-ရက်၊ လဆုတ် ၁၀-ရက်နေ့၌ အတတ်ပညာသင်မူ အတတ်ပညာကို သတ်သည်
မည်၏။
(ဃ) လပြည့်နေ့၌
အတတ်ပညာကိုသင်မူ အမိ၊ အဘကို သတ်သည် မည်၏။
၁၅၅။ (က) လဆန်း ၇-ရက်၊ လဆုတ် ၇-ရက်နေ့၌ အုန်းသီးကို မစားရာ၊
(ခ) ၉-ရက်မြောက်၌
အိမ်ဗူးကို မစားရာ။
(ဂ) ၁၂-ရက်မြောက်၌
ကင်ပိမ့်(ကင်းပုံ)ကို မစားရာ။
(ဃ) ၃-ရက်မြောက်၌
ဟင်းမျိုး(ငါးသား)ကို မစားရာ။
၁၅၆။ (က) အမျိုး၏ အကျိုးငှာ တစ်ယောက်သောသူကို စွန့်ရာ၏။
(ခ) ရွာ၏
အကျိုးငှာ အမျိုးကို စွန့်ရာ၏။
(ဂ) ဇနပုဒ်
အကျိုးငှာ ရွာကို စွန့်ရာ၏။
(ဃ) မိမိအကျိုးငှာ မြေအလုံးကို စွန့်ရာ၏။
၁၅၇။ ခြင်္သေ့၊ သူတော်ကောင်း၊
ဆင်၊ ဤသတ္တဝါသုံးဦးတို့သည် အကျိုးမရှိသော အရပ်ကို စွန့်၍
သွားကုန်၏။
ကျီးကန်း၊ ယုတ်မာသော ယောက်ျား၊ သမင်၊ ဤသတ္တဝါသုံးဦးတို့သည် မိမိကျင်လည်
ရာ အရပ်၌
သာလျှင် ပျက်စီးခြင်းသို့ ရောက်ကုန်၏။
၁၅၈။ (က) မြတ်နိုးသူ မရှိသောအရပ်၊
(ခ) ချစ်ခင်သူ
မရှိသောအရပ်၊
(ဂ) အဆွေခင်ပွန်း
မရှိသောအရပ်၊
(ဃ) အတတ်ပညာ
သင်ပေးသူ တစ်စုံတစ်ယောက်မျှ မရှိသောအရပ်။
ထိုလေးမျိုးမရှိသော
အရပ်၌ တစ်နေ့တစ်ရက်မျှ မနေထိုက်။
၁၅၉။ ပညာရှိတို့၏
သဘောသည် လှမ်းသွားသော ခြေတစ်ဖက်နှင့်တူသော အရပ်သစ်ကို မျှော်ကြည့်
လျက်သော စိတ်ဖြင့်
သွား၏။ ရပ်ထားသော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို မခွါသော
စိတ်ဖြင့်
ရပ်၏။ (ထို့ကြောင့်) အရပ်သစ်ကို မစူးစမ်း မလေ့လာဘဲ အရပ်ဟောင်းကို မစွန့်ရာ။
၁၆၀။ (က) ဥစ္စာ စပါး ရောင်းဝယ်သောအခါ၊
(ခ) အတတ်ပညာ
သင်ယူသောအခါ၊
(ဂ) တမန်စေလွှတ်ခြင်း
ခံရေသောအခါ၊
(ဃ) မေထုန်မှီဝဲသောအခါ၊
တို့၌ အရှက်အကြောက်ကို
စွန့်အပ်၏။
၁၆၁။ (က) မိန်းမတို့၏ အစာစားခြင်းသည် ယောက်ျားတို့ထက် နှစ်ဆ
လွန်ကဲ၏။
(ခ) ပညာသည်
လေးဆ လွန်ကဲ၏။
(ဂ) လုံ့လသည်
ခြောက်ဆ လွန်ကဲ၏။
(ဃ) ကာမဂုဏ်ရမက်သည်
ရှစ်ဆလွန်ကဲ၏။
၁၆၂။ ကြံသည် အဆစ်တိုင်း၊ အဆစ်တိုင်း အစဉ်သဖြင့် အဖျားမှ အရင်း
အထိ တဖြည်းဖြည်း ပို၍ ချိုသော
အရသာထူးရှိ၏။
ထို့အတူ မိတ်ဆွေကောင်းဖြစ်သော သူတော်သူမြတ်သည် အဖျားမှ အရင်း
တိုင်အောင်
ချိုသောကြံ၏ အရသာနှင့် တူ၏။
သူယုတ်မာတို့၏
သဘောသည် အရင်းပိုင်းသာ ချို၍ အဖျားပိုင်း ရောက်သော် အချိုပေါ့သော
ကြံ၏ အရသာနှင့်
တူ၏။
၁၆၃။ (က) တောင်သူလယ်သမား၊
(ခ) ကုန်သည်ပွဲစား၊
(ဂ) မင်းအမတ်(ပြည့်သူ့ဝန်ထမ်း)၊
(ဃ) အကြားအမြင်
သီတင်းသီလနှင့် ပြည့်စုံသောရဟန်း။
ထိုလေးမျိုး
ပြန့်ပြောထွန်းကားသော် တိုင်းပြည်၊ မြို့ရွာ ပြန့်ပြော သာယာ၏။
၁၆၄။ (က) အတတ်ပညာ စာပေကျမ်းဂန်တို့သည် ရွတ်အံသရဇ္ဈာယ်ခြင်း
မရှိသော် ပျောက်ပျက်
ကုန်၏။
(ခ) အိမ်ထောင်စီးပွါးတို့သည်
ထကြွ၊ လုံ့လ မရှိ ပျင်းရိသော ပျက်စီးကုန်၏။
(ဂ) ပျင်းရိခြင်းသည်
အဆင်းလှသူ၏ အညစ်အကြေးမည်၏။
(ဃ) မေ့လျော့ခြင်းသည်
စောင့်စည်းသောရဟန်း၏ အညစ်အကြေးမည်၏။
၁၆၅။ လုံ့လဝီရိယ ချို့တဲ့ ညံ့ဖျင်းကုန်သော သူတို့၏ ဥစ္စာသည်
လုံ့လဝီရိယ ကြီးမားသောသူတို့၏ ဥစ္စာ
အဖြစ်သို့
ရောက်ကုန်၏။ လုံ့လ ဝီရိယ ညံ့ဖျင်းကုန်သော သူတို့က ရှေးကံသာ ပဓါနဟု ဆိုလေ့
ရှိကြကုန်၏။
၁၆၆။ ပညာရှိတို့က
ဤသို့ “ရှေးကံသာ ပဓါန” ဟု မဆိုကြကုန်၊ ခပ်သိမ်းသော အမှုကိစ္စများကို
ကြိုးစား၍
ပြုလုပ်ကြကုန်၏၊ အကယ်၍ ထိုပြုလုပ်သော အမှုကိစ္စမပြီးခဲ့သော် ရည်မှန်းချက် မပြီး
ရုံသာရှိမည်။
ကြိုးစားအားထုတ်ခြင်းအတွက် အပြစ်မရှိပါ။
၁၆၇။ အမျိုးလည်းညံ့၊ ပညာလည်း မတတ်၊ အဆင်းလည်း မလှ၊ ခွန်အားလည်း
မရှိပါဘဲလျက် သူတစ်ပါး
တို့နှင့်
တန်းတူရည်တူကဲ့သို့ ဖြစ်နေသည်မှာ ဤခေတ်ကာလသည် ဆုတ်ခေတ်ကာလတည်း။ ဥစ္စာ
သည်သာလျှင်
လူကို ထူးအောင် ပြုသော ကာလတည်း။
အကြောင်းမျိုးစုံကို
ရောနှော၍ ပြဆိုသော အပိုင်း ပြီး၏။
နိဂုံးစကား
၁။ ပညာရှိကို ဆိုရာအပိုင်း၊
၂။ သူတော်ကောင်းကို ဆိုရာအပိုင်း၊
၃။ သူယုတ်မာကို ဆိုရာအပိုင်း၊
၎။ မိတ်ဆွေကို ဆိုရာအပိုင်း၊
၅။ မိန်းမကို ဆိုရာအပိုင်း၊
၆။ မင်းကို ဆိုရာအပိုင်း၊
၇။ အကြောင်းအရာမျိုးစုံ ရောနှောသည်ကို ဆိုရာအပိုင်း။
ဤသို့ အပိုင်းကဏ္ဍ
ခုနှစ်မျိုးတို့ဖြင့် တန်ဆာဆင်ထားအပ်သော လောကနီတိ နိဿယ ပြီး၏။
No comments:
Post a Comment