ဓမ္မပဒမှာ “ကတဒ္ဓိနော၊ ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိလာဟော၊
နဗိဇ္ဇတိ ” လို့ ဟောထားတယ်။ အဓိပ္ပါယ်က “လမ်းဆုံးအောင် လျှောက်သွားပြီးပြီ ဖြစ်တဲ့၊ သောက
ကင်းဝေးပြီး လွတ်မြောက်ငြိမ်းချမ်းသွားတဲ့အတွက် အားလုံးရှင်းလင်းသွားတဲ့လူ ဟာ ဒုက္ခအေးငြိမ်းသွားတယ်
” လို့ ဆိုလိုတာ ဖြစ်တယ်။
ဘာကို လမ်းလို့ခေါ်သလဲ။
ဘဝကို လမ်းလို့ခေါ်တယ်။ ဘဝမှတစ်ပါး လမ်းတခြားမရှိဘူး။ ဘဝအတွေ့အကြုံ ရင့်ကျက်နေတဲ့လူဟာ
လမ်းကို ခရီးအဆုံးအထိ လျှောက်သွားပြီးတဲ့ လူဖြစ်တယ်။ ဘဝမှ တစ်ပါး တခြားလမ်းကို ရှာမယ်ဆိုရင်
မျက်စိလည်လမ်းမှားပြီးတော့သာနေလိမ့်မယ်။ တခြားလမ်း မရှိဘူး။ ခဏမပြတ် စီးဆင်းနေတဲ့ မျက်မှောက်ဘဝဟာ၊
နာရီတိုင်း မိနစ်တိုင်း စီးဆင်းနေတဲ့ ယခုဘဝဟာ လမ်းဖြစ်တယ်။ ကျွန်ုပ်တို့ လမ်းပေါ်မှာ
ရောက်နေတယ်။
လူတွေ မျက်စိလည်
လမ်းမှားနေတာ ဘာကြောင့်လဲ၊ ဘဝကို လမ်းလို့ မမြင်ဘဲ၊ ဘဝမှတစ်ပါး အခြားလမ်းရှိတယ်လို့
ထင်နေကြတဲ့ အတွက် ဖြစ်တယ်။ သူတို့ရှာနေတဲ့လမ်းကို သူတို့ နာမည် အမျိုးမျိုး တပ်ထားတယ်။
သူတို့ရှာမှီးနေတဲ့ လမ်းနဲ့ပတ်သက်ပြီးတော့လဲ ဝိဝါဒ ကွဲပြားနေကြတယ်။ စကားများနေကြတယ်။
စကားလုံး ပိုက်ကွန်ထဲမှာ ရုန်းမထွက်နိုင်အောင် ဖမ်းမိနေကြတယ်။
အမှန်က တခြားမှာ
လမ်းမရှိဘူး။ မျက်စိ ရှေ့မှောက်မှာ လမ်းရှိနေတယ်။ ခြေထောက်အောက်မှာ လမ်းရှိနေတယ်။ ကျွန်ုပ်တို့
ရပ်နေတာ လမ်းပေါ်မှာ။ ဘာကြောင့်လဲဆိုရင် ကျွန်ုပ်တို့ ရပ်နေတဲ့နေရာဟာ “လွတ်မြောက်ငြိမ်းချမ်းရေးသို့
” လို့ မြားပြထားတဲ့တွက် ဖြစ်တယ်။ ကျောခိုင်းပြီး ရပ်နေပေမယ့် လမ်းပေါ်မှာ ရပ်နေတာ ဖြစ်တယ်။
မျက်စိမှိတ်ပြီး ရပ်နေပေမဲ့ လမ်းပေါ်မှာ ရပ်နေတာ ဖြစ်တယ်။
ကျွန်ုပ်တို့
နားလည်သည် ဖြစ်စေ၊ နားမလည်သည် ဖြစ်စေ လမ်းပေါ်က အပြင်ထွင်သွားနိုင်ဖို့ အတွက် ဘယ်လိုနည်းလမ်းမျိုးမှ
မရှိဘူး။ ကျွန်ုပ်တို့ ရပ်နေတဲ့ လမ်းဟာ အာကာသကောင်းကင်ပြင်လို အလွန်တရာကျယ်ပြန့်တယ်။
လမ်းကျဉ်း၊ လမ်းသွယ်လည်း မဟုတ်ဘူး။ မင်းလမ်း လည်း မဟုတ်ဘူး။ ပေတရာ လမ်းမကြီးလည်း မဟုတ်ဘူး။
လူတိုင်း လူတိုင်း မိမိတို့ သွားရမယ့် လူသွားလမ်းကို ရှာရလိမ့်မယ်။ လူသွားလမ်းမှန်ကို
သိမယ်ဆိုရင်တော့ ရှာစရာ မလိုပါဘူး။
ဘဝဆိုတာ
လမ်းဖြစ်တယ်။ ဘဝ တလျှောက်မှာ ရှိတဲ့ အောင်မြင်မှု၊ မအောင်မြင်မှုတွေဟာ လမ်းဖြစ်တယ်။
မျက်စိလည် လမ်းမှားပြီးမှသာ ၊ ပြန်ထကြတယ်။ တလွဲတချော်ဖြစ်ပြီးမှသာ ပစ်မှတ်ကိုသွား ထိမှန်တဲ့အခါ
မြားမှတ်လွဲချော်သွားတဲ့ အခါတုန်းက အမှားတွေကို ကျေးဇူးတင်ဖို့ သတိရကြရဲ့လား။ အဲဒီ
အမှားတွေကြောင့် ယခု ပစ်လိုက်တဲ့မြား၊ ပစ်မှတ်သွားထိမှန်တာ ဖြစ်တယ်။ မိမိတို့ ရပ်လို့ရနေတဲ့အခါ
ခလုတ်တိုက်ပြီး လဲလဲကျသွားတာတွေကို ကျေးဇူးတင်ဖို့ သတိရဖူးကြရဲ့လား။ တကယ်လို့ လဲလဲကျမသွား
ဘူးဆိုရင် ဘယ်တော့မှ မတ်တတ်ရပ်လို့ ရမှာ မဟုတ်ဘူး။
ကောင်းမှုဆိုတာ
မကောင်းမှုကို အခြေခံတယ်ဆိုတဲ့ အတွေးမျိုး ဖြစ်ပေါ်လာဖူးရဲ့လား။ လွတ်မြောက်ငြိမ်းချမ်းမှု
ဖြစ်ပေါ်လာတဲ့အခါ လောကီလူ့ဘောင်ကို ပြန်စောင်းငဲ့ကြည့်ဖူးရဲ့လား။ အကဲ့ရဲ့ခံရတယ်ဆိုရင်၊
အဝေဖန်ခံရတယ်ဆိုရင် တစ်နေရာရာမှာ တလွဲတချော် ဖြစ်သွားတဲ့ အတွက်ကြောင့်ဆိုတာ တွေးမိရဲ့လား။
တစ်နေရာရာမှာ မှားသွားတဲ့အတွက်ကြောင့်ဆိုတာ စဉ်းစားမိရဲ့လား။ အကဲ့ရဲ့ခံရတယ်ဆိုရင် ၊
အဝေဖန်ခံရတယ် ဆိုရင် ခလုတ်တိုက်လဲကျဖို့ အလားအလာတွေ မကုန်သေးဘဲ လမ်းခရီးအဆုံး မရောက်သေးဘူးလို့
မှတ်ယူရလိမ့်မယ်။
ခရီးလမ်းရောက်သွားပြီး
နောက်ကြောင်းပြန်လှည့် ကြည့်လိုက်တဲ့အခါ ခရီးလမ်းဆုံးရောက်အောင် ပို့ပေးတဲ့ အကြောင်းတရားတစ်ခုမက
တွေ့ရလိမ့်မယ်။ အဲဒီအကြောင်းတွေထဲမှာ တလွဲတချော် ဖြစ်သွားတာ တွေလည်း ပါတယ်။ မှားသွားတာတွေလည်း
ပါတယ်။ နေပူနဲ့ နေရိပ်များလည်း ပါတယ်။ မိတ်ဆွေ နဲ့ ရန်သူ များလည်း ပါတယ်။ ခရီးလမ်းဆုံး
ရောက်ရှိလာအောင် အကူအညီပေးတဲ့အထဲမှာ ပန်းများသာမကဘဲ၊ ဆူးများလည်း ပါတယ်။ လမ်းခရီးမှာ
အကူအညီပေးသူများလည်း ရှိတယ်။ အနှောက်အယှက် အဖျက်သမားများလည်း ရှိတယ်။
ခရီးလမ်းအဆုံးအထိ
ရှောက်သွားနိုင်တဲ့ လူတွေဟာ ဘယ်လိုလူမျိုးတွေလဲ။ ဘဝနေပူထဲမှာ မိမိကိုယ်ကို မှည့်လာအောင်
ဘဝနေပူခံတဲ့လူတွေ၊ ဘဝချောက်ကမ်းပါးများ နဲ့ ဘဝတောင်ထွတ် တောင်ထိပ်များကို ထိတွေ့ဖူးတဲ့လူတွေ၊
အကောင်း နဲ့ အဆိုး နှစ်မျိုးလုံး၊ အတွေ့အကြုံရှိဖူးထားတဲ့လူတွေ၊ ကောင်းမှုနဲ့ မကောင်းမှု
နှစ်မျိုးလုံး မြည်းစမ်းကြည့်ဖူးသူတွေ၊ ခလုတ်တိုက်လဲပြီး အနာဒဏ်ရာ ရရှိထားသူတွေ၊ ကုန်းရုန်းထဖူးတဲ့လူတွေ၊
ညည့်အမှောင်နဲ့ နေ့လည်အလင်းရောင် နှစ်မျိုးလုံး နဲ့ ကျင့်သားရပြီးသူတွေ၊ အဲဒီလူတွေဟာ
လမ်းခရီး အဆုံးကို ရှေ့ရှုနေကြသူတွေ ဖြစ်တယ်။
ခရီးလမ်းအဆုံးကို
ဦးတည်နေတဲ့ ပုဂ္ဂိုလ်ဟာ အားလုံးကို မြင်တွေ့ရပေမယ့်၊ အားလုံးကို မိမိအပေါ်က ဖြတ်သန်းသွားလာခွင့်ပြုပေမယ့်၊
ဘယ်ပုဂ္ဂိုလ်၊ ဘယ်အရာဝထ္တုနဲ့မှ သံယောဇဉ် ငြိတွယ်မနေဘူး၊ အသက်အရွယ် နုနည်ပျိုပျစ်ပေမယ့်၊
မိမိကိုယ်ကို ပျိုရွယ်သူလို့ မသတ်မှတ်ဘူး။ ချမ်းသာသုခ ရှိလာပေမယ့် ချမ်းသာသုခနဲ့ ပြည့်စုံတဲ့လူလို့
မအောက်မေ့ဘူး။ ဆင်းရဲဒုက္ခရောက်လာပေမယ့် ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေရသူလို့ မသတ်မှတ်ဘူး။
သတိအမြဲရှိတယ်။ နိုးကြားမှု အမြဲရှိနေတယ်။ သတိမီးရောင် ထွန်းလင်းတောက်ပနေတယ်။ ဘဝမှာ
ဘယ်အရာမျိုးမှ အကြောင်းမဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ရှောင်တခင် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။
ဘဝမှာ ဖြစ်ပေါ်လာတာတွေ ဟာ အကြောင်းနဲ့ မကင်းဘူး။ အကြောင်းတစ်ခုခုတော့ ရှိနေကြတာချည်းပဲ။
လူပုံဖေါ်တဲ့
နေရာမှာ ထပ်ကာထပ်ကာ ဖျက်ပစ်နေရတယ် ဆိုရင် အကြောင်းတစ်ခုခု ရှိနေလို့သာ ဖြစ်လိမ့်မယ်။
လူပုံ မပေါ်လာမချင်း ထပ်ခါထပ်ခါ ဖျက်ဖျက်နေရလိမ့်မယ်။ ရုပ်တု ထုလုပ်တဲ့ ရုပ်ထုဆရာ ဟာ
သူထု လုပ်နေတဲ့ ရုပ်တုကို အပြီးမသတ်မချင်း၊ စူးနဲ့ဆောက်ကို လက်က မချဘူး။ ကျောက်တုံးကလည်း
နာကျင်ခံခက် ဖြစ်နေလိမ့်မယ်။ စူးနဲ့ဆောက်ကလည်း ထွက်ပြေးချင်စိတ် ဖြစ်ပေါ်လာလိမ့်မယ်။
ရုပ်ထု ဆရာကလည်း စူးနဲ့ ဆောက်ကို လွှင့်ပစ်ချင်စိတ်မျိုးပေါ်လာကောင်း ပေါ်လာလိမ့်မယ်။
ဒါပေမဲ့ ရုပ်တုက အကောင်အထည် မပေါ်သေးဘူး။ ဘုရားကျောင်းမှာ စံပယ်ပြီး ဦးခေါင်းအရာအထောင်
အသိန်းအသန်းကို ညွှတ်အောင် ပြုလုပ်နိုင်စွမ်းရှိတဲ့ ရုတ်တု ဖြစ်ပေါ်မလာသေးဘူး။
ဘဝနေပူထဲမှာ
နေပူခံပြီး မှည့်တဲ့အဆင့် ရောက်ရှိလာတာဟာ ခရီးလမ်းဆုံး ရောက်လာတာ ဖြစ်တယ်။ အသီးမှည့်မှ
ကြွေကျတာ မဟုတ်လား။ အဲဒီနည်းအတိုင်းပဲ ဘဝလမ်းဆုံး အထိ ရောက်ရှိသွားတဲ့လူဟာ ဘဝက လွတ်မြောက်သွားတဲ့သူ
ဖြစ်တယ်။ အသီးမှည့်လာတဲ့ အခါ အပင်နဲ့ တခြားစီ ဖြစ်သွားလိမ့်မယ်။ မှည့်လာတာနဲ့ မှည့်တဲ့အသီးဟာ
အပင်က လွတ်မြောက်သွားလိမ့်မယ်။
အစိမ်းမှာသာ
အနှောင်အဖွဲ့ ရှိတယ်။ အစိမ်းအတွက် အနှောင်အဖွဲ့ ရှိဖို့ လိုတယ်။ အစိမ်းဟာ အနှောင်အဖွဲ့ကို
မှီခိုနေရတယ်။ အနှောင်အဖွဲ့မရှိဘဲနဲ့ အစိမ်းတည်တံ့ မနေနိုင်ဘူး။ အနှောင်အဖွဲ့ဟာ အစိမ်းအတွက်
ရန်သူ မဟုတ်ဘူး။ အကူအညီ အထောက်အပံ့ ဖြစ်တယ်။
တကယ်လို့ မှည့်လာတဲ့ အဆင့်ရောက်လာတယ်ဆိုရင်၊ တကယ်လို့ ပြည့်ဝမှုရှိလာတယ်ဆိုရင် မှီခိုစရာ
ဘယ်မှာလိုတော့မလဲ။ သစ်သီးမှည့်ရင် ကြွေကျဖို့ပဲ ရှိတော့တယ်။ အဲဒီနည်းအတိုင်းပဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့လည်း
မှည့်လာတဲ့အခါ၊ ရင့်ကျက်မှုရှိလာတဲ့အခါ၊ ပြည့်ဝမှုရှိလာတဲ့အခါ အနှောင်အဖွဲ့က လွတ်မြောက်ငြိမ်းချမ်းမှု
ရရှိသွားလိမ့်မယ်။
အသီးသူ့ဘာသာသူ
ကြွေကျကာ မှည့်သွားပြီဆိုတဲ့ အမှတ်လက္ခဏာ ဖြစ်တယ်။ ဒါပေမဲ့ အသီးကို အစိမ်းခူးလို့လည်း
ရတယ်။ ခူးယူရတဲ့၊ ဆွတ်ယူရတဲ့အသီးဟာ မှည့်နေတဲ့ အသီးမဟုတ်ဘူး။ ခူးယူတဲ့၊ ဆွတ်ယူတဲ့အတွက်
အသီးမှာ ဒဏ်ရာ၊ ဒဏ်ချက် ရှိနေလိမ့်မယ်။ အသီးကို မမှည့်ခင်ခူးလိုက်ရင် အသီးမှာ သာနာကျင်မှု
ဖြစ်ပေါ်လာတာ မဟုတ်ဘဲ အပင်မှာလည်း နာကျင်တာမျိုး ဖြစ်ပေါ်မလာဘဲ မနေဘူး။ ကြွေကျချိန် မရောက်သေးခင်၊
အလောတကြီး ခူးလိုက်တာမျိုး၊ ဆွတ်လိုက်တာမျိုး ဖြစ်နေတယ်။
ဓမ္မအမြင်ရှိလာဖို့
အချိန်မကျသေးခင် ဓမ္မအမြင် အတင်းရိုက်သွင်းနေလို့ မရဘူး။ မသီး မမှည့်ခင် ခူးတာမျိုးနဲ့
တူနေတယ်။
အကြောင်းမခိုင်လုံဘဲနှင့်
ဘဝက ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတာ ထိတ်လန့် ကြောက်ရွံ့တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးတရားတစ်ခု
ဖြစ်တယ်။ မမှည့်ခင် သစ်သီးစိမ်းကို ခူးထားတာဟာ အလောတကြီး ဖြစ်နေခြင်းရဲ့ သက်သေသာဓက
တစ်ခု ဖြစ်တယ်။
ပတ်ဝန်းကျင်ကို
ထိတ်လန့် ကြောက်ရွံ့ မနေပါနဲ့။ မုန်တိုင်းတိုက်ခတ်လာတဲ့ အတွက် အိမ်ထဲမှာ ပုန်းကွယ်မနေပါနဲ့။
လေမုန်တိုင်းကလည်း အကြောင်းမဲ့သက်သက် တိုက်ခတ်လာတာ မဟုတ်ဘူး။ လေမုန်တိုင်း တိုက်ခတ်လာတဲ့အတွက်
အမှိုက်သရိုက်တွေ၊ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ လွင့်စင်သွားလိမ့်မယ်။ အတွင်းသန္တန်မှာ
အိပ်ပျော်နေတဲ့ စောင်းကြိုးတွေကို လေမုန်တိုင်းက တီးခတ်သွား လိမ့်မယ်။
ကမ္ဘာလောကမှာ
မိမိသိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ ဘယ်အရာဝတ္ထုမျိုးမှ အကြောင်းမဲ့ ဖြစ်ပေါ်လာကြတာ မဟုတ်ဘူး။
မျက်စိဖွင့်၊ နားဖွင့်ဖို့သာ လိုတယ်။ နှိုးကြားမှုရှိနေဖို့သာ လိုတယ်။ နှိုးကြားမှုရှိနေရင်
ကမ္ဘာလောကရဲ့သဘာဝကို သိမြင်၊ သဘောပေါက်လာလိမ့်မယ်။ ရန်သူလို့ ထင်နေရတဲ့ လက်ချောင်းတွေဟာ
တစ်နေ့ကျတော့ မိမိစိတ်နှလုံးစောင်းကို မတီးခတ်ဘဲ နေကြမှာ မဟုတ်ဘူး။ ထိတ်လန့်ကြောက်ရွံ့တဲ့အတွက်
ပုန်းကွယ်နေတဲ့စောင်းက လက်ချောင်းများကို စောင်းကြိုးတီးခတ်ခွင့် မပေးဘူးဆိုရင်၊ စောင်းအသံမထွက်လာဘဲ
အသေဘဝ ရောက်နေလိမ့်မယ်။ ဂီတလည်း အိပ်မောကျနေလိမ့်မယ်။ လေမုန်တိုင်း လက်ချောင်းများ
ရောက်လာတဲ့အခါ မိမိစောင်းကို တီးခတ်ခွင့်မပေးဘဲ မနေပါနဲ့။
ဘဝက ထွက်ပြေးတိမ်းရှောင်သွားတဲ့
လူတချို့ဟာ ဘယ်သောအခါမှ လမ်းဆုံးရောက်သွားမှာ မဟုတ်ဘူး။ ထွက်ပြေးတိမ်းရှောင်သွားတဲ့လူဟာ
ဖြတ်လမ်းလိုက်တဲ့လူ ဖြစ်တယ်။ ထွက်ပြေးတိမ်းရှောင်သွားတဲ့လူဟာ ရှည်လျားတဲ့လမ်းကို ထိတ်လန့်ကြောက်ရွံ့နေတဲ့လူ
ဖြစ်တယ်။ အရင်းမစိုက်ဘဲ ပန်းတိုင်ရောက်လိုတဲ့လူ ဖြစ်တယ်။ မှည့်တဲ့အဆင့် ရောက်လိုတဲ့
ဆန္ဒရှိပေမဲ့ မှည့်အောင်လုပ်ရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နာကျင်မှုမျိုးကို ခံလိုတဲ့စိတ်မရှိဘူး။
မိခင်တစ်ယောက် ဖြစ်လိုတဲ့ဆန္ဒရှိပေမဲ့ ကိုယ်ဝန်ဆောင်ပြီး သားဖွါးရတဲ့ဒုက္ခကို မခံလိုတဲ့
မိန်းမမျိုးနဲ့ တူနေတယ်။
မိခင်တစ်ယောက်
ဖြစ်မလာသေးသရွေ့ မိန်းမဟာ မိန်းမပဲ။ မိခင်ဘဝ ရောက်မလာသေးသရွေ့ မိန်းမဟာ သာမာန်မိန်းမမျှသာ
ဖြစ်နေလိမ့်မယ်။ မိခင်ဖြစ်လာတာနဲ့ တပြိုင်နက် စောင်းကြိုးကို တီးခတ်ပြီးသား ဖြစ်သွားလိမ့်မယ်။
မိခင်တစ်ယောက် ဖြစ်မလာသေးဘဲနှင့် ဘယ်မိန်းမမှ အဓိပ္ပါယ်ရှိရှိ မိန်းမလှ အဖြစ်မျိုး ရောက်လာမှာ
မဟုတ်ဘူး။
တည်ဆောက်တဲ့အလုပ်ကို
မလုပ်ဘဲနဲ့ အလှတရားကို ဘယ်မှာ ပိုင်ဆိုင်ပါ့မလဲ။ တစ်စုံ တစ်ယောက်ကို မွေးထုတ်ခြင်းမပြုဘဲနှင့်
ကံထူးသူလို့ ဘယ်မှာပြောလို့ရပါ့မလဲ။ ရုပ်တုတစ်ခုကို ထုလုပ်ပြီးစီးသွားပြီ ဆိုပါစို့။
ပန်းချီကားတစ်ချပ် ဆွဲပြီးပြီ ဆိုပါစို့။ သီချင်းတစ်ပုဒ် ရေးစပ်ပြီးပြီ ဆိုပါစို့။
ကဗျာတစ်ပုဒ် ဖွဲ့ပြီးပြီဆိုပါစို့။ ဝတ္ထုတစ်ပုဒ် ရေးပြီးပြီ ဆိုပါစို့။ အတွင်းမနောထဲမှာ
ဘယ်လောက်ပီတိတွေ ဖြာဝေနေမလဲ။ ငါဟာ အလေနတော လူတစ်ယောက်မဟုတ်ပါဘူး။ ငါဟာ အသုံးဝင်တဲ့
လူတစ်ယောက်ပါလားလို့ အတိုင်းမရှိ ပီတိသောမနဿ ဖြစ်နေရမယ် မဟုတ်ပါလား။
အဲဒီလို
ပီတိသောမနဿ ဖြစ်စရာ ဖန်တီးမှုများကို မပြုနိုင်သေးသရွေ့ ဘဝဟာ အနှစ်မရှိ၊ အကာသက်သက်ဘဝသာ
ဖြစ်နေလိမ့်မယ်။ ထွက်ပြေးတိမ်းရှောင်သွားသူရဲ့ ဘဝဟာ အနှစ်မရှိ၊ အကာအတိ ဘဝမျိုးသာ ဖြစ်ဖို့ရှိတယ်။
ဘဝလမ်းဆုံးရောက်ရှိသွားတဲ့
လူတစ်ယောက်ဟာ ဘဝကို အိပ်မက်တစ်ခုလို့ပဲ ထင်မှတ် နေလိမ့်မယ်။ ညကောင်းကောင်း အိပ်ပျော်ပြီး၊
နံနက်စောစော လန်းလန်းဆန်းဆန်း အိပ်ရာကထတဲ့အခါ ညကအိပ်မက်တွေ ဘယ်လောက်မက်ခဲ့သလဲဆိုတာ
ပြန်မြင်လိမ့်မယ်။
ဘဝကို အိပ်မက်နှင့်
ဘာမှမထူးဘူးလို့ မြင်ရတဲ့အခါ လမ်းခရီးအဆုံးရောက်ရှိလာပြီလို့ မှတ်ယူရလိမ့်မယ်။ အဲဒီလိုမမြင်ရဘဲ
ထွက်ပြေးတိမ်းရှောင်သွားပြီး နတ်ပြည်၊ နတ်ဘဝစတဲ့ အခြားဘဝတစ်ခုခု အိပ်မက်နေမယ်ဆိုရင်တော့
အဲဒီအိပ်မက်ဟာ ဆုံးခန်းမရောက်တော့ဘဲ မကြာခဏ နိုး, နိုးနေရတဲ့အတွက် အိပ်ရေးလည်း ဝတော့မှာ
မဟုတ်ဘူး။ ထပ်ပြီး အိပ်ချင်တဲ့ စိတ်မျိုးသာ ပေါ်လာလိမ့်မယ်။
ပါရဂူ
(မှည့်လို့ကြွေတဲ့အသီး--စတိုင်သစ်မဂ္ဂဇင်းမှကူးယူပါသည်)
No comments:
Post a Comment