Tuesday, October 23, 2012

သစ်နက်ဟန် အင်တာဗျူး(၂)

ဂျွန်မယ်ကင်။  ။ ကမ္ဘာကုန်သွယ်ရေးဌာနကြီးတွေ အတိုက်ခံရတုန်းက၊ အကြမ်းဖက်မှုဆန့်ကျင်ရေးကို ယုံကြည်ကြသူတွေတောင် “ဒီအခါသမယ မှာတော့ ခပ်ကြမ်းကြမ်းလေး ကိုင်တွယ်ဆောင်ရွက်ဖို့ လိုလာပြီ လို့ ပြောကြပါတယ်။”

သစ်နက်ဟန်။   ။ အကြမ်းဖက်မှုကနေ အကြမ်းဖက်မှုကိုပဲ ထပ်မွေးထုတ်မှာလေဗျာ။ ဒါကြောင့် သနားကရုဏာ ကသာ အကြမ်းဖက်မှုကို လျော့ကြစေမှာပါ။ သနားကရုဏာ ဆိုတာက နူးညံ့ပျော့ပျောင်းတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒီအတွက် သတ္တိအများကြီး ရှိဖို့ လိုပါတယ်။

ဂျွန်မယ်ကင်။   ။ ကျွန်တော်တို့ ဒေါသထွက်ရင် ဒေါသကို ဖြေလွှတ်ဖို့အတွက် အော်ဟစ်လိုက်ဖို့၊ ဒါမှမဟုတ် ခေါင်းအုံးကို ရိုက်နှက်ဖို့ အနောက်တိုင်းဒဿန က သင်ပေးပါတယ် ဆရာတော်။ ဒီနည်းလမ်းကို “မီးတောက်များကို ငြိမ်းသတ်ဖို့ ဥာဏ်ပညာ” စာအုပ်ထဲမှာ ဒီနည်းလမ်းကို ဆရာတော်က ဝေဖန်ထားပါတယ်။ အဲဒီနည်းလမ်းက ဒေါသကို သက်သာစေမဲ့နည်းလမ်းမဟုတ်ဘူးလို့ ဘာကြောင့် ဆရာတော် ထင်ခဲ့တာပါသလဲ။

သစ်နက်ဟန်။   ။ ဗုဒ္ဓဘာသာ စိတ်ပညာရှုဒေါင့်က ဆိုရင်တော့ သတိရှိနေခြင်းကို မျိုးစေ့ အနေနဲ့ တင်စားပြီး ပြောပါတယ်။ ကျုပ်တို့ ကိုယ်တွင်းမှာ ဒေါသတရားအတွက် မျိုးစေ့၊ စာနာသနားခြင်း အတွက် မျိုးစေ့တွေ ရှိတယ်။ တရားကျင့်တာက ဒေါသတရားမျိုးစေ့ကို ရှုံ့တွအောင်၊ စာနာသနားခြင်းမျိုးစေ့ကို ရှင်သန်ကြီးထွားလာအောင် လုပ်ရတာပါ။ ခင်ဗျား ဒေါသထွက်လာရင်၊ ကိုယ်ထဲက ဒေါသထွက်လာတယ် လို့ ထင်ရပါတယ်။ အဲဒါမမှန်ပါဘူး။ နုတ်အားဖြင့်သော်လည်းကောင်း၊ ရုပ်အားဖြင့်သော် လည်းကောင်း ဒေါသထွက်လာတာဟာ၊ ခင်ဗျားက ဒေါသမျိုးစေ့လေးကို ကြီးထွါးလာအောင် လုပ်လိုက်တာပါ။ ခင်ဗျား ကိုယ်ထဲမှာ ဒေါသမျိုးစေ့က ပိုပြီး၊ ကြီးထွားသန်မာလာပါတယ်။ အန္တရာယ်ရှိတဲ့ အလေ့အကျင့်ပါ။
ဒေါသမျိုးစေ့လေး ရှိနေတာကို ခင်ဗျားက အသိအမှတ်ပြုမယ်။ ပြီးတော့ နားလည်ခြင်း၊ သနားကရုဏာဖြစ်ခြင်းတွေနဲ့ ဒေါသမျိုးစေ့လေးကို ဖြေလျော့ဖို့ ကြိုးစားမယ်။ ခင်ဗျား ဒေါသထွက်တဲ့ အကြောင်းရင်းကို နားမလည်ရင်တော့ ဘယ်တော့မှ ဒေါသတရားကို ဖြေလျော့ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ 

ဂျွန်မယ်ကင်။   ။ ပျော်ရွှင်ခြင်း နဲ့ တရားထူးသိမြင်ခြင်းကို လူအများစုက အနာဂါတ်မှာ ဖြစ်တဲ့အရာတွေလို့ မြင်နေကြပါတယ်။ လူအနည်းငယ်ကပဲ အဲဒီတရားတွေကို ကြုံတွေ့နိုင်တာပါ။ တရားထူးသိမြင်ခြင်းကိုလည်း မရနိုင်တဲ့အလွန်ခက်ခဲတဲ့ အရာလို့ ထင်ကြပါတယ်။

သစ်နက်ဟန်။   ။ ပျော်ရွှင်ခြင်း နဲ့ တရားထူးသိမြင်ခြင်းဟာ ရှင်သန်နေတဲ့ အရာတွေပါ။ ဒီတရားတွေက ကြီးထွားရင့်သန်နိုင်ပါတယ်။ အဲဒီတရားတွေကို နေ့တိုင်းဖြည့်သွင်းနေရပါမယ်။ ခင်ဗျားရဲ့ တရားထူးသိမြင်ခြင်းကို နေ့တိုင်း ဖြည့်ဆည်းခြင်းမရှိရင်၊ တရားထူးသိမြင်ခြင်းက ပျောက်ပျက်သွားပါလိမ့်မယ်။ ပျောရွှင်ခြင်းကို နေ့တိုင်း ဖြည့်ဆည်းနေခြင်း မရှိရင် ၊ ပျော်ရွှင်ခြင်းက သေဆုံးသွားပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာတရားကလည်း ဒီအတိုင်းပါပဲ။ ဒေါသတရား၊ အမုန်းတရား နဲ့ ကြောက်ရွံ့ခြင်းကို ဆက်လက် ဖြည့်ဆည်းနေခဲ့ရင်တော့ အဲဒီတရားတွေက ကြီးထွားလာမှာပေါ့ဗျာ။ ဘယ်အရာမှ ဖြည့်သွင်းနေရတဲ့လောင်စာမရှိဘဲ ရှင်သန်မနေနိုင်ပါဘူး လို့ ဗုဒ္ဓဟောကြားခဲ့ပါတယ်။

တရားထူးသိမြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း နဲ့ ဒုက္ခဝေဒနာခံစားရခြင်း ဆိုတဲ့တရားတွေ ဟာလည်း ဆက်လက် ဖြည့်ဆည်းမနေရင် ရှင်သန်ခြင်းမရှိနိုင်ပါဘူး။
တရားထူးသိမြင်ခြင်း ဆိုတာဟာ တစုံတရာနှင့်ပတ်သက်ပြီး သိမြင်ခြင်းပါ။ ခင်ဗျား လက်ဖက်ရည်သောက် နေတယ်၊ လက်ဖက်ရည်သောက်နေတယ်ဆိုတာကိုလဲ သိနေတယ် လို့ ဆိုပါဆို့ဗျာ။ သောက်သုံးနေခြင်းအတွက် သတိရှိနေခြင်း ဆိုတာက တရားထူးသိမြင်ခြင်းရဲ့ ပုံစံတစ်ခု ပေါ့ဗျာ။ ခင်ဗျား လက်ဖက်ရည်သောက်နေပေမဲ့၊ သောက်နေမှန်း မသိခဲ့တဲ့ အချိန်တွေ အများကြီး ရှိပါတယ်။ စိတ်ထဲမှာ သောကတွေနဲ့ ပြည်နေလို့ မသိလိုက်တာပါ။ အဲဒါကြောင့် သောက်သုံးနေတဲ့အပေါ် သတိရှိနေခြင်းဟာ တရားကို သိမြင်ခြင်းတစ်မျိုးပါ။

လက်ဖက်ရည်သောက်ခြင်း အပေါ်မှာ ခင်ဗျားစိတ်ကို စူးစိုက်ထားရင်၊ သောက်သုံးနေချိန်မှာပဲ ပျော်ရွှင်မှုက ပေါ်လာပါလိမ့်မယ်။ မကြာခဏ လက်ဖက်ရည်သောက်ချိန်တွေမှာ ခင်ဗျား ပျော်ရွှင်နိုင်ပါပြီ။ ခင်ဗျား သတိတရားနဲ့ စူးစိုက်ပြီး လက်ဖက်ရည်ကို ဘယ်လိုသောက်ရမယ် မသိခဲ့ရင်တော့ လက်ဖက်ရည် ကို အမှန်တကယ် သောက်တယ်လို့ မဆိုနိုင်ပါဘူး။

ခင်ဗျားက ဒေါသတရား၊ ဝမ်းနည်းခြင်း နဲ့ ကြောက်ရွံ့ခြင်းတွေ ကို သောက်သုံးနေခဲ့သလို ဖြစ်ပြီး၊ ပျော်ရွှင်ဝမ်းမြောက်ခြင်းကို မရနိုင်တော့ပါဘူး။
ထိုးထွင်းသိမြင်ခြင်း ဆိုတာကလဲ တရားထူးသိမြင်ခြင်းပါပဲ။ ခင်ဗျားက ရှင်သန်နေခြင်းကို သိရှိနေတာဟာ တရားထူးသိမြင်တာပါပဲ။ လှပတဲ့ကမ္ဘာကြီးမှာ လမ်းလျှောက်သွားခြင်းကို သိရှိနေခြင်းကလည်း တရားထူးကိုသိမြင်ခြင်းပါပဲ။ ဒါတွေက သူ့အလိုလို သိမြင်လာတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ခြေလှမ်းတိုင်းကို ပေါ့ပါးပျော်ရွှင်နေဖို့ကတော့ ခင်ဗျား သတိသမာဓိရှိနေရမယ်ဗျာ။ ခင်ဗျားက ပြေးနေတဲ့လူလို လမ်းလျှောက်နေရင်တော့ ပျော်ရွှင်ရတော့မှာ မဟုတ်ပါဘူး။
တရားကို သေးငယ်တဲ့အပိုင်းလေးကနေပြီး သိအောင်လုပ်ရမှာပါ။ ဖြစ်နိုင်သလောက် တရားထူးသိမြင်တဲ့ အချိန်တွေများလာအောင် ကြိုးစားလုပ်ကိုင်ရမှာပါ။ သမာဓိတည်နေတဲ့အချိန်ခဏလေးဟာ တရားထူးကို သိမြင်တဲ့အချိန်အပိုင်းလေးပါပဲ။ ခင်ဗျားက ဒီနည်းအတိုင်း လေ့ကျင့်ခဲ့ရင်၊ ပျော်ရွှင်ခြင်း နဲ့ တရားထူးသိမြင်ခြင်းက ဆက်လက်ပြီး ကြီးထွါးလာပါလိမ့်မယ်။

ခင်ဗျားက တရားထူးသိမြင်မှု နဲ့ ပျော်ရွှင်မှု ကို ဘယ်လိုမျိုး ဆက်လက်ထိန်းသိမ်းရမလဲဆိုတာ သိခဲ့ရင်တော့ ၊ ကြောက်ရွံ့ခြင်း၊ ဝမ်းနည်းခြင်း နဲ့ ဝေဒနာခံစားရခြင်းတွေ ပေါ်ပေါက်လာဖို့အတွက် အချိန်မရှိတော့ပါဘူး။ အချိန်အကြာကြီး ပေါ်မလာဘူးဆိုရင်တော့ တရားတွေက တဖြည်းဖြည်း နဲ့ အားနည်းချိနဲ့လာပါလိမ့်မယ်။ အဲဒီနောက် တစ်ယောက်ယောက်က ဝမ်းနည်းခြင်း၊ သောကဝေဒနာနဲ့ ဒေါသတရားကို နိုးထအောင်လုပ်လိုက်ရင်၊ ဒီတရားတွေက ပြန်လည်ဝင်ရောက်နေရာယူလာပါလိမ့်မယ်။ အဲဒီအခါ ခင်ဗျားက သမာဓိတည်ပြီး ရှုသွင်းရှုထုတ်လုပ်လိုက်ပါ။ ပြုံးရယ်နေလိုက်ပါ။ ခင်ဗျား ဝေဒနာခံစားနေရတာတွေကို လက်ခံလိုက်စမ်းပါ။

ဂျွန်မယ်ကင်။  ။ တရားကျင့်တဲ့အခါ ကျွန်တော်တို့စိတ်တွေက အရမ်းကို လှုပ်ရှားနေပြီး၊ တရားကောင်းကောင်းထိုင်လို့ မရပါဘူး။ အဲဒါက အလွန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး ဆရာတော်။

သစ်နက်ဟန်။  ။ တရားကျင့်မှုဟာ စိတ်ရွှင်လန်းခြင်းရဲ့ တစ်ခုသောပုံစံပါ။ ခင်ဗျားကို လက်ဖက်ရည်တစ်ခွက် လှုဒါန်းလိုက်ရင် ခင်ဗျား ပျော်ရွှင်ဝမ်းမြောက်ရပါလိမ့်မယ်။ လက်ဖက်ရည်ကို လက်ခံရတဲ့အချိန်မှာပဲ သောက်လိုက်ပါ။ အဲလိုမဟုတ်ရင် ခင်ဗျားက လက်ဖက်ရည်အပေါ်မှာ ဝမ်းမြောက်ရွှင်လန်းနိုင်ပါသလား။ ခင်ဗျားကို လိမ္မော်သီးတစ်လုံး လှုဒါန်းလိုက်ရင် လိမ္မော်သီးကို စားသုံးဖို့ နည်းလမ်းရှိရပါမယ်။ အဲဒီနည်းလမ်းကနေ ခင်ဗျားရဲ့ ပျော်ရွှင်ခြင်း နဲ့ ဝမ်းမြောက်ခြင်းကို ယူဆောင်လာရမှာပါ။
လိမ္မော်သီးကို ခင်ဗျား မှန်ကန်စွာ စားသောက်ဖို့အတွက် ခင်ဗျားကိုယ်တိုင် လေ့ကျင့်ယူရပါမယ်။ အဲဒါမှ ပျော်ရွှင်ခြင်း နဲ့ လွတ်လပ်ခြင်းက ဖြစ်ပေါ်နိုင်မှာပါ။ သမာဓိတည်နေတဲ့ စိတ်အခြေအနေကို ခင်ဗျား ရရှိလာရင်တော့ လိမ္မော်သီးကို စားနေစဉ်မှာ၊ လက်ဖက်ရည်ကို သောက်နေစဉ်မှာတောင် လွတ်လပ်ပြီး၊ ပျော်ရွှင်နေပါလိမ့်မယ်။

လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ ခင်ဗျားအတွက် ပျော်ရွှင်နိုင်ပါတယ်။ ဒီခြေလှမ်းတိုင်းဟာ မှန်ကန်တည့်မတ်ပြီး၊ လန်းဆန်းနေပါတယ်။ ပိုပြီး လွတ်လပ်မှုကို ခံစားရစေပါလိမ့်မယ်။ ခင်ဗျားမှာ တရားကောင်းကောင်း ကျင့်ထားတဲ့မိတ်ဆွေ ရှိတယ်ဆိုရင်၊ သူ့တရားကျင့်မှုက ခင်ဗျားကို အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ တရားကျင့်မှုကို အချိန်တိုင်းမှာ လုပ်နိုင်ပါတယ်။ အနာဂါတ်မှာ တရားကျင့်ရမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပန်မျက်မှောက်ကာလမှာ ကျင့်ကြံရမှာပါ။ ပစ္စုပ္ပန်မှာ ကောင်းမွန်စွာ နေနိုင်ရင် အနာဂါတ်မှာလည်း ကောင်းမွန်မှာပါ။ အနာဂါတ်ကာလဆိုတာက ပစ္စုပ္ပန်ကာလတွေနဲ့ တည်ဆောက်ထားလို့ပါ။ ခြေလှမ်းတိုင်းမှာ ခင်ဗျားက လွတ်လပ်စွာ နဲ့ ပျော်ရွှင်စွာ လျှောက်လှမ်းတယ်လို့ ဆိုကြပါစို့။ အဲဒီနောက် ခင်ဗျား လျှောက်လှမ်းလိုက်တိုင်း ဗုဒ္ဓရဲ့ သန့်စင်တဲ့နယ်ပယ် ဖြစ်နေပါလိမ့်မယ်။ ဗုဒ္ဓရဲ့ သန့်စင်တဲ့နယ်ပယ်ဆိုတာက အနာဂါတ်ရဲ့ကိစ္စ မဟုတ်ပါဘူး။

ဂျွန်မယ်ကင်။  ။ နောက်ပွင့်မဲ့အရိမေတ္တာဗုဒ္ဓက လူတစ်ဦးချင်းစီပုံစံ နှင့် ပွင့်လာမှာလား။ အစုအဖွဲ့ပုံစံနဲ့ ပွင့်မှာလား။ အဲဒါကို ဆရာတော်အနေနဲ့…..

သစ်နက်ဟန်။  ။ ဗုဒ္ဓက ပွင့်နေပြီးပြီလို့ ကျုပ် ထင်ပါတယ်။ ခင်ဗျား သမာဓိတည်တဲ့စိတ်အခြေအနေမှာ ရှိနေရင် ဘယ်အရာမှာမဆို ဗုဒ္ဓကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် သံဃာအဖွဲ့အစည်းထဲမှာ တွေ့နိုင်ပါတယ်။ နှစ်ဆယ်ရာစုဆိုတာက တစ်သီးပုဂ္ဂလခေတ် ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျုပ်တို့က အဲဒီခေတ်ကို မလိုချင်ကြတော့ပါဘူး။ ယခုအခါ ကျုပ်တို့ အစုအဖွဲ့အဖြစ် နေထိုင်ဖို့ ကြိုးစားနေပါတယ်။ ကျုပ်တို့က မြစ်တစ်စင်းလို စီးဆင်းရမှာပါ။ ရေတစ်စက်ချင်း မဟုတ်ပါဘူး။ သေချာတာကတော့ မြစ်တစ်စင်းက သမုဒ္ဒရာစီကို စီးဆင်းသွားနိုင်ပေမဲ့ ရေတစ်စက်ကတော့  တစ်စက်တပျက်မှာ အငွေ့ပျံသွားပါလိမ့်မယ်။  

ကျုပ်တို့အားလုံးအတွက် ယခုနေရာမှာနဲ့ ဒီအချိန်မှာ ဗုဒ္ဓတည်ရှိနေမှုကို အသိအမှတ်ပြုနိုင်ပါတယ်။ သမာဓိရှိနေတဲ့စိတ်နဲ့ ဆောက်ရွက်တဲ့ ခြေလှမ်းတိုင်း၊ စကားလုံးတိုင်း၊ အသက်ရှုမှုတိုင်း ဟာ ဗုဒ္ဓ ဖြစ်မှုတွေပါပဲ။ အခြားနေရာတွေမှာ ဗုဒ္ဓကို လိုက်လံရှာဖွေ မနေပါနဲ့တော့။ ဘဝရဲ့အချိန်တိုင်းမှာရှိတဲ့ သတိသမာဓိပြည့်ဝနေတဲ့ အသက်ရှင်မှု အနုပညာကတော့ သမာဓိတည်တဲ့စိတ်နဲ့ ဆောင်ရွက်မှုတိုင်းပဲ ဖြစ်ပါတယ်။
အပတ်စဉ်ကြေညာတဲ့ အခမဲ့ရေဒီယို စန်တာခရု အစီအစဉ်မှာ ဂျွန်မယ်ကင်က ပါဝင်ခဲ့ပါတယ်။ အစီအစဉ်က လူမှုပြုပြင်ရေးတွေ နဲ့ နာမ်ပိုင်းဆိုင်ရာ တိုးတက်စေရေး ဖြစ်ပါတယ်။
(“interview with Thich Nhat Hanh” အားဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment