Thursday, October 25, 2012

လူထုစိန်ဝင်း နှင့် တွေ့ဆုံခြင်း(၂)


Idiom နဲ့ ပတ်သက်လို့ စာအုပ်များစွာ ထွက်ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာ လေ့လာနေတဲ့ သူတွေဟာ Idiom ကို ဘယ်လို အသုံးပြုရမှန်း မသိလို့ အခက်ကြုံနေကြရပါတယ်။ အင်္ဂလိပ်စာ လေ့လာတဲ့ အခါ Idiom ရဲ့ အရေးပါမှု၊ အသုံးဝင်မှု ကို ရှင်းပြပေးပါဆရာ။

        အဘိဓါန်လှန်ပြီး စကားလုံးကျက်တာတို့၊ အီဒီယမ်စာအုပ်တွေ အလွတ်ကျက်တာတို့ ကျွန်တော်ကတော့ သဘောမကျပါဘူး။ စာအုပ်တွေများများ ဖတ်ရင်းက စကားလုံးအသုံးအနှုန်းတွေ မျက်စိထဲ စွဲသွားအောင် လုပ်တာကမှ အမှန်တကယ် အကျိုးရှိစေနိုင်တယ်လို့ ယူဆပါတယ်။ စာရေးကောင်းအောင် ဆိုပြီး မြန်မာ စကားပုံတွေ အလွတ်ကျက်တဲ့ လူမျိုးတွေ့ဖူးပါတယ်။ စာပိုဒ်တိုင်းမှာ စကားပုံတစ်ခု မပါပါအောင် ထည့်ထားမှန်း သိသာနေပါတယ်။ စကားပြောတာဖြစ်ဖြစ်၊ စာရေးတာဖြစ်ဖြစ် သူ့အလိုလို သဘာဝအတိုင်း ထွက်လာတာမျိုးကမှ နားထောင်ကောင်းတာ၊ ဖတ်ကောင်းတာဖြစ်ပါတယ်။ လှတောသားတွေ စကားပြောသလိုပေါ့။ သူတို့က အလိုလို ကို နုတ်ကထွက်ကျလာတာ။ တမင်ဖန်တီးပြောရတာမျိုး မဟုတ်ဘူး။ အဲဒါကြောင့် အီဒီယမ်တွေ ကျက်နေမဲ့အစား How to မဟုတ်တဲ့ သတင်းစာတွေ၊ ဂျာနယ် မဂ္ဂဇင်း တွေ၊ ဝထ္တု၊ကဗျာတွေ များနိုင်သမျှ များအောင် ဖတ်ခြင်းက ပိုအကျိုး ရှိစေတယ် လို့ ယူဆပါတယ်။

အင်္ဂလိပ်စကားပြောရာမှာ သူများနားလည်နိုင်စွမ်းရှိတဲ့ ထူးခြားတဲ့အသွင်အပြင် (Features) နှစ်ခု ဖြစ်တဲ့ သံစဉ် (Rhythm) နဲ့ အသံအနိမ့်အမြင့် (Intonation) ကို အာရုံစိုက်ရမယ်လို့ ကျွန်တော် နားလည်ထား ပါတယ်။ ဒါကြောင့် ဒေသခံ နိုင်ငံခြား အသံထွက် (Regional Foreign Accent) ပပျောက်အောက် လုပ်ဖို့ လိုအပ်ပါ သလား ဆရာ။

အင်္ဂလိပ်စာနဲ့ လုပ်စားတဲ့သူတွေ မဟုတ်ရင် အင်္ဂလိပ်သံ ပီပီသသ မပြောတတ်လည်း ဘာမှ ကိစ္စမရှိပါဘူး။ အလုပ်ဖြစ်ဖို့သာ အဓိကမဟုတ်လား။ သူလိုချင်တာ လုပ်ပေးနိုင်ရင်၊ ကိုယ်ပြောတာ သူနားလည်ပြီး ကိုယ်လိုချင်တာ လုပ်ပေးနိုင်ရင်၊ သူပြောတာကိုယ်နားလည်ပြီး သူလိုချင်တာရရင် ပြီးတာပါပဲ။ ကျွန်တော်တို့ထက် အင်္ဂလိပ်ဘာသာစကားမှာ သာတဲ့ အိန္ဒိယသားတွေလည်း သူတို့လေသံတော့ မပျောက်ပါဘူး။ ဝဲရီးဂွတ် တို့ ယိုင်နိုးယဲဗရီးသင်း တို့ ဖြစ်နေကြတာပါပဲ။
       ဒါပေမဲ့ အင်္ဂလိပ်စာနဲ့ လုပ်စားတဲ့သူတွေ အဖို့တော့ တတ်နိုင်သမျှ သူတို့နဲ့တူအောင် ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်ဖို့ လိုပါတယ်။ သာမာန်ဂျပန်လူမျိုးတွေကတော့ “စိုင်းကျူး၊စိုင်းကျူး “ နဲ့ ပြောပေမဲ့ NHK က အသံလွင့်တဲ့ ဂျပန်တွေကျတော့ ရုပ်သာမမြင်ရရင် အမေရိကန်တွေလား လို့တောင် ယူဆရပါတယ်။ အဲဒါမျိုးကို ကျွန်တော်တို့ဆီက ပရဲ ဖက်ရှင်နယ် ဆိုတာ( Professional) တွေ အတုယူ ကြရပါတယ်။ ပရဲဖက်ရှင်နယ် ဆိုတာ အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ကိုင်သူကို ခေါ်တာပါ။ သူ့ အလုပ်ကို သူ အမှန်တကယ် ကျွမ်းကျင်ရမှာပေါ့။ ဝါသနာ အလျောက် အပျော်တမ်းသဘော လုပ်တဲ့ အဲမေတာ (Amateur) ကတော့ မကျွမ်းကျင်လို့လည်း ဘာမှ ကိစ္စ မရှိပါဘူး။ ဂျပန်ကို ထားပါတော့။ တရုတ်စီစီတီဗွီက တရုတ်မလေးတွေ၊ တရုတ်ကလေးတွေ ကိုပဲ ကြည့်လိုက်ကြပါဦး။ ပရဲဖက်ရှင်နယ် ပီသ လိုက်ကြတာ။ အမေရိကန်စီအင်အင် က လူတွေ နဲ့ ဘာမှကို မခြားပါဘူး။ ပရဲ ဖက်ရှင်နယ် ဆိုရင် အဲဒီလိုမျိုးကို ဖြစ်နေရပါမယ်။
အင်္ဂလိပ်စကားပြေဆိုရာမှာ အသံထွက်မှန်ကန်အောင် Phonetics ကို ဘယ်လိုလေ့လာလေ့ကျင့်သင့်တယ် ဆိုတာ ရှင်းပြပေးပါ ဆရာ။ အသံထွက်အရေးမကြီးပါလို့ ဆိုသူတွေ အတွက် Phonetics ကို မသင်ဘဲ စကားပြောနေရင် ဘာအခက်အခဲများရှိနိုင်ပါသလဲ ဆရာ။
     အသံထွက်မှန်အောင် သီချင်းနားထောင်ပြီး လိုက်ဆိုတာ အကောင်းဆုံးပါပဲ။ ပရဲ ဖက်ရှင်နယ်တွေ မဟုတ်ရင် ဖိုနက်တစ်တို့ ဘာတို့ တမင်တကာ လေ့လာနေဖို့ မလိုအပ်ပါဘူး။ များများဖတ်၊ များများနားထောင်၊ များများပြောလုပ်ဖို့သာ အရေးကြီးပါတယ်။

British English speaking နဲ့ American English speaking ရဲ့ ကွာခြားချက်ကို ဥပမာ နဲ့တကွ ရှင်းပြပေးပါ ဆရာ။

British English  နဲ့ American English အခြေခံချင်းကတော့ တူပါတယ်။ အပေါ်ယံအခေါ်အဝေါ်၊ အပြောအဆို၊ လေယူလေသိမ်း နဲ့ အသံထွက်တွေသာ တချို့နေရာမှာ ကွဲပြားကြတာပါ။ British အင်္ဂလိပ်မှာတောင်  မြို့စကား နဲ့ တောစကား (Standard English နဲ့  cockney English ) ရယ်လို့ ကွဲပြားနေသေးတာပဲ။ အမေရိကန်မှာလဲ အတူတူပါပဲ။ မြောက်ပိုင်းသားတွေ လေသံ နဲ့ တောင်ပိုင်းသား၊ အနောက်ပိုင်းသားတွေ အသံချင်း မတူကြပါဘူး။ ဒါတွေက Exposure များရင် အလိုလို သိလာမယ့် အရာတွေပါ။ တမင်တကာကြီး လေ့လာနေဖို့ မလိုပါဘူး။

 အဘိဓါန်(Dictionary) လေ့လာတဲ့အခါ အချို့ကျောင်းသားတွေက English-Myanmar အဘိဓါန်ကိုပဲ အားသန်နေတာ တွေ့ရပါတယ်။ English-English အဘိဓါန်လေ့လာနိုင်ဖို့ အခြေခံနည်းလမ်းများ ရှိရင် ရှင်းပြပေးပါ ဆရာ။ ပြီးတော့ အဘိဓါန် ရဲ့ အရေးပါမှု၊ အသုံးဝင်မှု ကို ဆရာ့အနေနဲ့ လူငယ်တွေ နားလည်လာအောင် ရှင်းပြလမ်းညွှန်ပေးပါ ဆရာ။

     အဘိဓါန် ဆိုတာ လိုအပ်တဲ့ မရှိမဖြစ် ပစ္စည်းပါ။ English-Myanmar လိုအပ်သလို English-English လဲ လိုအပ်ပါတယ်။ သူများနိုင်ငံတွေမှာတော့ အဘိဓါန် အသုံးချနည်းကို မူလတန်း ကျောင်းသားကတည်း က သင်ပေးလိုက်တာပါ။ မူလတန်းကလေးတွေ အတွက် သီးသန့်ထုတ်ပေးတဲ့ ရောင်စုံဓါတ်ပုံ တွေ များများ ပါတဲ့ အဘိဓါန်မျိုးတွေ လည်း အများကြီး ထုတ်ဝေပေးကြပါတယ်။ အဘိဓါန် မရှိတဲ့ အိမ်တစ်အိမ် ဟာ ပြတင်းပေါက်မပါတဲ့ အိမ်နဲ့ တူပါတယ်။

The Best English is simple English လို့ ဆရာတစ်ဦးက ပြောဖူးပါတယ်။ အဲဒီအဆို နဲ့ ပတ်သက်လို့ ဆရာ့ အမြင်ကို သိပါရစေ။

     ဒီစကားက အင်္ဂလိပ်စကားမှ မဟုတ်ပါဘူး။ ဘယ်ဘာသာ စကားမှာ မဆို အကျုံးဝင်ပါတယ်။ စာရေးတဲ့ နေရာမှာ လည်း ရိုးရိုးစင်းစင်း နဲ့ လူတိုင်းနားလည်အောင် ရေးတတ်ခြင်း ဟာလည်း စာရေးကောင်းခြင်း ရဲ့ အင်္ဂါတစ်ပါး ဖြစ်ပါတယ်။ ကွန့်လွန့်ပြီး ဝေဝေဆာဆာ ဖြစ်အောင် ရေးတာ၊ လူ နားလည်ရခက်အောင် ရေးတာက လွယ်ပါတယ်။ ရိုးရိုးလွယ်လွယ်လေး ရေးတတ်ဖို့က မလွယ်ပါဘူး။ ဟာသစာပေလိုပေါ့… ဟာသစာပေ ရေးရတာ ကို လူတွေက ခပ်ပေါပေါ သဘောထားတတ်ကြတယ်။ တကယ်က စာပေအမျိုးအစားတွေ အားလုံးထဲမှာ ဟာသစာပေ ရေးရတာ အခက်ဆုံးပါ။

မြန်မာလိုတွေး၊ အင်္ဂလိပ်လို ရေးလို့ တချို့က ဆိုကြတယ်။ အချို့ကတော့ အင်္ဂလိပ်လိုတွေး၊ အင်္ဂလိပ် လိုရေးလို့ ဆိုကြပြန်တယ်။ အင်္ဂလိပ်စာရေးသားမှု နဲ့ အင်္ဂလိပ်လိုရေးလို့ ဆိုကြပြန်တယ်။ အင်္ဂလိပ်စာ ရေးသားမှု နဲ့ ပတ်သက်လို့ လမ်းညွှန်ရှင်းပြပေးပါ ဆရာ။

    မြန်မာလို ရေးတဲ့အခါ မြန်မာ နဲ့ တူအောင် ရေးတတ်ဖို့ လိုအပ်သလို အင်္ဂလိပ်စာရေးတဲ့အခါမှာ လည်း အင်္ဂလိပ်နဲ့ တူအောင် ရေးတတ်ဖို့ လိုပါတယ်။ အင်္ဂလိပ်နဲ့ တူအောင် ရေးတတ်ဖို့ ဆိုရင် အင်္ဂလိပ်လို တွေးတတ်မှ ဖြစ်ပါတယ်။ မြန်မာလို တွေးပြီး အင်္ဂလိပ်လို ရေးရင် ကျွန်တော့် ကျောင်းသားတွေကို တော့  “ငပိ အင်္ဂလိပ် “ လို့ ကျွန်တော်က ပြောလေ့ ရှိပါတယ်။ မြန်မာတွေ ဖတ်ဖို့ ရေးတဲ့ မြန်မာစာတွေ ထဲမှာ အင်္ဂလိပ်စကားလုံးကြီးတွေ ဘုံးဘောလအောညှပ်ညှပ်သုံးတဲ့ စာမျိုးကိုတော့ ကျွန်တော်က “ကကတစ်စာ” လို့ ပြောလေ့ရှိပါတယ်။ မြန်မာလို ရေးရင် မြန်မာလို ပီပီသသ ရေးပါ။ အင်္ဂလိပ်လို ရေးရင် လည်း အင်္ဂလိပ် လို ပီပီသသ ရေးပါ။
      အင်္ဂလိပ်လို တွေးပြီး အင်္ဂလိပ်လို ပီပီသသ ရေးတတ် အောင် ဘယ်လောက်ထိ လေ့လာရမလဲလို့ ကျောင်းသားတွေက မေးတတ်ပါတယ်။ သူတို့ကို ကျွန်တော့ကျောင်းမှာ သုံးလေးငါးနှစ် တက်သွားတဲ့ ပအို့ဦးပဉ္ဖင်းလေးတစ်ပါး အကြောင်း ပြောပြရပါတယ်။ အဲဒီ ဦးပဉ္ဖင်းလေးက ဆီဆိုင် ဘက် တော်တော်ခေါင် တဲ့ ကျေးရွာလေးတစ်ရွာ ကပါ။ မြန်မာစကားတောင် ပီပီသသ မပြောတတ်ဘူး။ “လုံချည်တစ်လုံး” လို့ ပြောတာပါ။ 

သူတို့ ရွာကလေးက သိပ်အောက်ကျ နောက်ကျဖြစ်ပြီး ပညာတတ် မရှိလေတော့ သူက ရန်ကုန်ဆင်းလာပြီး အင်္ဂလိပ်စာ ကြိုးစားသင်တယ်။ အခြေခံလောက် ရအောင် ၁ နှစ်လောက် ဘုန်းကြီးကျောင်းတွေမှာ သင်ခဲ့ပြီး ကျွန်တော့ဆီ ရောက်လာပါတယ်။ ကျွန်တော့်ဆီမှာကို ၃-၄ နှစ်လောက် နေသွားပါတယ်။ သိပ်ကြိုးစားပါတယ်။ မသိတာမှန်သမျှ ကျောင်းသားချင်းမေးပြီး မှတ်တာပဲ။ ဆရာ ကိုလည်း မေးတာပဲ။ အတန်းထဲမှာ မြန်မာစကား မပြောရဆိုတဲ့ စည်းကမ်းချထားတာ ဖြစ်တော့ တတ်သမျှ တွေ နဲ့ ကြိုးစားပြီး ပြောတယ်။ သူကျောင်းရောက်စမှာ အတူနေ အခြား ဦးပဉ္ဖင်းလေးတွေက ပြောတယ်။ သူဟာ ညအိမ်မက်ယောက်ရင်တောင် အင်္ဂလိပ်စကားတွေ ဝူးဝူးဝါးဝါး ပြောပြီး ယောင်တယ်တဲ့။ ၁ နှစ်၊ ၂ နှစ် အတွင်းမှာ သူဟာ မိတ်ဖြစ်ဆွေဖြစ် အာလာပသလ္လာပ စကားတွေ လောက်တော့ သွက်သွက်လက် လက်ပြောနိုင်လာပါတယ်။ လှလှပပ ခန့်ခန့်ညားညားတော့ မဟုတ်ဘူးပေါ့။ 

      ဒါပေမဲ့ သူပြောချင်တဲ့ အကြောင်းအရာတစ်ခုကို တစ်ဖက်လူ နားလည်အောင်တော့ ပြောနိုင်စွမ်းရှိပါတယ်။ အဲဒီလိုနဲ့ အရေးအခင်း ဖြစ်လာတော့ သူရွာကို ပြန်သွားပါတယ်။ ရွာက ကလေးတွေ ကို စာသင်ပေးနေတာ အခုထက်ထိပါပဲ။ သူ ဘယ်လောက်ကြိုးစာသလဲ ဆိုတော့ ကျောင်းရောက်ကတည်း က အတန်းထဲမှာ ဘယ်တော့မှ မြန်မာစကား မပြောပါဘူး။ သူများတွေက သူ့ကို မြန်မာလို လာမေးရင်တောင် သူက အင်္ဂလိပ် လို ပြန်ပြောတာပါ။ အင်္ဂလိပ်လို တွေးပြီး အင်္ဂလိပ်လို ရေးတတ်အောင် ဆိုရင် အဲဒီ ဦးပဉ္ဖင်းလေးလို အိပ်မက်ယောက်တာတောင် အင်္ဂလိပ် လို ယောင်တဲ့ အထိ အမြဲမပြတ် လေ့လာ ဆည်းပူးနေရပါမယ်။

ဝေါဟာရ ( Vocabulary ) ကြွယ်ဝလိုတဲ့ အင်္ဂလိပ်စာ လေ့လာနေသူများ အတွက် အလွယ်ကူဆုံးလေ့လာ နိုင်တဲ့ နည်းလမ်း ရှိရင် လမ်းညွှန်ပေးပါ ဆရာ။

     ဝေါဟာရ ကြွယ်ဝ ဖို့ အတွက် စာကို များနိုင်သမျှ အများဆုံး ဖတ်နေဖို့ လိုအပ်ပါတယ်။ အလွယ်ဆုံး လမ်းဆိုတာ မရှိပါဘူး။ ပညာတတ်ဖို့ အတွက် ဖြတ်လမ်းနည်း မရှိပါဘူး။ အလေ့အကျင့်လုပ် ဒီနည်းပဲ ရှိပါတယ်။ ကိုယ့်အတွက် ပြောတတ်ဖို့က အရေးကြီးရင် အပြောများများ ကျင့်ပါ။ ကျွန်တော့ကျောင်းမှာ အင်္ဂလိပ်စာ နဲ့ မဟာဘွဲ့ ရပြီး ဆရာမလုပ်နေတဲ့သူတွေ၊ ဆရာဝန်၊ အင်ဂျင်နီယာတွေ ရှိပါတယ်။ တချို့ဆရာမ သာ လုပ်နေတယ် စောစောက ပြောတဲ့ ပအို့ဦးပဉ္ဖင်းလေးလောက်တောင် အင်္ဂလိပ်စကား မပြောတတ်ဘူး ဆိုတာ အများကြီးရှိပါတယ်။

နိုင်ငံခြားမှာတော့ Reading practice ရအောင် Ladder series တွေကို word level အလိုက်စာအုပ်တွေ ထုတ်ပြီး  Reading level အဆင့်မြင့်အောင် ပျိုးထောင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ဆီမှာ  Reading improve ဖြစ်မယ့် နည်းလမ်းများ ရှိရင် လမ်းညွှန်ပေးပါ ဆရာ။

      Reading improve  ဖြစ်ချင်လို့ How to improve your reading skill ဆိုတဲ့ စာအုပ်မျိုးတွေ ရှာဖတ်နေသူတွေဟာ ဘယ်တော့မှ တိုးတက်မလာနိုင်ပါဘူး။ စာဖတ်တတ်ချင်ရင် စာတွေ ဖတ်ပါ။ များများဖတ်ပါ။ ပိုပြီး ဖတ်တတ်ချင်ရင် ပိုပြီး များများဖတ်ပါ။ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါ။ တခြားနည်းလမ်း မရှိပါဘူး။ တခြားနည်းလိုက်နေရင်တော့ ပိုးသာကုန်မောင်ပုံ စောင်းမတတ် ဖြစ်မှာ သေချာပါတယ်။ အဲ ဖတ်တဲ့ အခါမှာ အင်္ဂလိပ်တွေ ရေးတဲ့ အင်္ဂလိပ်စာကို သာ ဖတ်ပါ။ မြန်မာတွေ ရေးတဲ့ အင်္ဂလိပ်စာကို မဖတ်ပါနဲ့လို့ အကြံပေးချင် ပါတယ်။

ဆရာ ရဲ့ အင်္ဂလိပ်စာလေ့လာပျိုးထောင်မှု အစီအစဉ်ကို ဘယ်လို ရည်ရွယ်ချက် နဲ့ ဆောင်ရွက်ခဲ့တယ် ဆိုတက ရှင်းပြပေးပါ ဆရာ။

     ကျွန်တော့ ကျောင်းလေး ထောင်ထားတာ လူငယ်တွေ အတွက် “လေ့ကျင့်ကွင်းလေးတစ်ခု” ဖန်တီးပေးချင် လို့ပါ။ ကျွန်တော့ကျောင်းမှာ ဘာပြဌာန်းစာအုပ်မှ မရှိပါဘူး။ သတင်းစာတွေနဲ့ Time, Newsweek, Reader’s Digest ၊ သီချင်းစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေ ထဲက ကြိုက်တာတစ်ခု တွေ့ရင် ကောက်သင်ပေးလိုက်တာပါပဲ။ ကျောင်းသားတွေက သူတို့ ဖတ်ချင်တာ ဖတ်ပြီး နားမလည်လို့ ယူလာရင်လဲ အဲဒါကို သင်ပေးလိုက်တာပဲ။ တစ်ခါတလေလည်း ဘာမှ သင်မနေတော့ပဲ ထိုင်ပြီး ရောက်တတ်ရာရာတွေ ပြောကြတာပါပဲ။ အင်္ဂလိပ်လို ပြောကြတာပါ။ မြန်မာလိုတော့ ပြောခွင့် မပြုပါဘူး။ အင်္ဂလိပ်လို ပြောနေလို့ကတော့ ရုပ်ရှင်အကြောင်း၊ ဝတ္ထုအကြောင်း၊ သီချင်း၊ အပြောင်အပျက် ပြောချင်တာ ပြောလို့ ရပါတယ်။ ကျွန်တော့ ကျောင်းမှာ အချိန်အကန့်အသတ် မရှိသလို၊ ကာလကန့်သတ်ချက်လည်း မရှိပါဘူး။ တစ်နေကုန်လာပြီး နေလို့ရသလို တစ်သက်လုံးလည်း တက်နေလို့ ရပါတယ်။ တချို့ဆို ၁၀ တန်း ပြောပြီးကတည်းက တက်နေတာ ဆရာဝန်၊ အင်ဂျင်နီယာတွေ ဖြစ်ပြီး တောင် တက်နေကြတုန်းပါပဲ။
        ပညာဆိုတာ သင်လို့ ပြီးဆုံးတယ်လို့ မရှိပါဘူး။ ကျွန်တော်တို့လဲ ခုထိ လေ့လာဖတ်မှတ်လုပ်နေရ တုန်းပါပဲ။ အဲဒါကြောင့် ကျောင်းသားတွေ ကိုလည်း အချိန်အားမထားဘဲ လေ့လာဆည်းပူးနေဖို့ တိုက်တွန်းပါတယ်။ သူတို့အားတဲ့ အချိန်တွေမှာ လာချင်တိုင်းလာနိုင်အောင် ခုလို ဖန်တီးထားတာပါ။

နှစ်ဆယ်တစ်ရာစုမှာ အင်္ဂလိပ်စာဟာ International Language အဖြစ် ဘယ်လောက် ရှင်သန်အရေးပါ မလဲ ဆိုတာ ရှင်းပြပေးပါ ဆရာ။

     ကမ္ဘာကြီးဟာ ကမ္ဘာရွာဖြစ်နေပြီဆိုတော့ ဘာသာစကားတွေရဲ့ အခန်းကဏ က ပိုပြီး အရေးကြီးလာ ပါတယ်။ ဘာသာစကားမတတ်ရင် လူရာမဝင်နိုင်တော့ လောက်တဲ့ အထိ ဖြစ်လာနေပါပြီ။ အင်္ဂလိပ်စကားတစ်ခု တည်း မဟုတ်ပါဘူး။ ပြင်သစ်စကား၊ ဂျပန်စကား၊ စပိန်စကား စတဲ့ ကမ္ဘာသုံးစကားတွေ အားလုံး အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ တစ်ခုမဟုတ် တစ်ခု တော့ တတ်ထားမှ ဖြစ်ပါမယ်။ ကျွန်တော်တို့ အတွက်ကတော့ ရင်းနှီးကျွမ်းဝင်ပြီး သား အင်္ဂလိပ်စကားကို အဓိကထားရမှာ ပါပဲ။ ပိုပြီး ကျွမ်းကျင်အောင် ပိုပိုပြီး ကြိုးစားသင့်ကြပါတယ်။
     နိဂုံးအနေနဲ့ ထပ်ပြီးပြောချင်တာကတော့ “How to” စာအုပ်တွေ နဲ့ အချိန်ကုန်ခံ မနေပဲ၊ ကိုယ်တိုင် အလေ့အကျင့် မပြတ်တမ်း လုပ်နေဖို့ အဓိကထားပါ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ များများလေ့ကျင့်မှ များများ တတ်ပါတယ်။
    အခုလို ဆရာ နဲ့ တွေ့ဆုံ မေးမြန်းခွင့်ရတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။
                                                                   မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)

No comments:

Post a Comment