Tuesday, October 16, 2012

အပြုသဘော ခွင်လွှတ်ခြင်း

      ခွင့်လွှတ်သည်းခံခြင်းတရားသည် ဘုန်းကြီးကျောင်းတွင်သာ အလုပ်ဖြစ်နိုင်ပါသည်။ တကယ့်ဘဝမှာ ထိုသို့ခွင့်လွှတ်ခြင်းကို ကျင့်သုံးပါက အခြားသူတွေက ကျွန်တော်တို့ကို အမြတ်ထုတ် အခွင့်အရေးယူသွားလိမ့်မယ်လို့ ခင်ဗျားက ပြန်ပြောနိုင်ပါတယ်။ လူတွေက ကျွန်တော်တို့ ခေါင်းပေါ်ကို တက်နင်းသွားပါလိမ့်မယ်။ အားနည်းပျော့ညံ့တယ်လို့ ထင်လိမ့်မယ်။ ဒါကြောင့် ခွင့်လွှတ်ခြင်း တစ်ခုတည်းနဲ့ အကျိုးသက်ရောက်ဖို့ ခဲယဉ်းလှပါတယ်။
          “နောက်ပါးတစ်ဖက်ကို လှည့်ပေးလိုက်သူသည် သွားဆရာဝန်ထံသို့ တစ်ကြိမ် သွားရမည့်အစား ၂ကြိမ် သွားရပါလိမ့်မယ်။” လို့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။
          ယခင်ပုံဝတ္ထုမှာပါဝင်သော ထိုင်းအစိုးရသည် ချွင်းချက်မဲ့ လွှတ်ငြိမ်းချမ်းသာခွင့် ကိုပေးပြီး၊ အားလုံးကို သည်းခံခွင့်လွှတ်ခဲ့တယ်။ ပြဿနာ၏ အရင်းအမြစ်ဖြစ်သော ဆင်းရဲမွဲတေခြင်းကို ကျွမ်းကျင်စွာ ဖြေရှင်းခဲ့ပါတယ်။ အဲဒါကြောင့် ခွင့်လွှတ်ခြင်းက အကျိုးသက်ရောက်မှု ရှိခဲ့တယ်။
          ထိုသို့သောခွင့်လွှတ်ခြင်းကို ကျွန်တော်က “အပြုသဘော ခွင့်လွှတ်ခြင်း” လို့ ခေါ်ပါမည်။ “အပြုသဘော” လို့ ဆိုလိုတဲ့အဓိပ္ပါယ်က ကျွန်တော်တို့ လိုအပ်သော ရလဒ်ကောင်းများ ရရှိစေရန်အတွက် အပြုသဘော ထောက်ပံ့ပေးထားလို့ပါ။ “ခွင့်လွှတ်ခြင်း” ဆိုတဲ့ အဓိပ္ပါယ်က ပြဿနာရဲ့အစိတ်အပိုင်း ဖြစ်သည့် မကောင်းသော အရည်အသွေးများကို ခွါထုတ်လိုက်ဖို့ပါ။ ပြဿနာတွေကို ခွဲထုတ်ပြီး၊ ရွေ့ထုတ်လိုက်ခြင်းပါ။ ဥပမာဆိုရသော်..ဥယာဉ်ထဲမှာ ပေါင်းပင်တွေကို ရေလောင်းတယ်ဆိုတာ ပြဿနာတွေကို ကြီးထွားအောင်လုပ်တာပါ။ ရေလောင်းခြင်း မပြုဘဲနေခြင်း ဆိုတာက ခွင့်လွှတ်ခြင်း တစ်ခုတည်းကို ကျင့်သုံးတယ် လို့ အဓိပ္ပါယ်ရပါတယ်။ ပန်းပွင့်တွေကို ရေလောင်ပြီး၊ ပေါင်းမြက်တွေကို ရေမလောင်းခြင်းက “အပြုသဘော ခွင့်လွှတ်ခြင်း” လို့ ဆိုလိုတာပါ။
          လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက ပတ်(စ်)မြို့က သောကြာနေ့ညပိုင်း တရားပွဲအပြီးမှာ အမျိုးသမီးတစ်ဦးက ကျွန်တော်ဆီကို စကားပြောဖို့ ရောက်လာပါတယ်။ ကျွန်တော် မှတ်မိသလောက် အပတ်စဉ်တရားပွဲတွေကို ဒီအမျိုးသမီး ပုံမှန်တက်ရောက်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီကို လာပြီး စကားပြောတာကတော့ ပထမဆုံးအကြိမ်ပါ။ သူမက ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် လို့ ဆိုပါတယ်။ ကျွန်တော်ကို သာမက ဘုန်းကြီးကျောင်းရှိ ရဟန်းတော်အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုတာပါ။ ထိုနောက် သူမက အဘယ်ကြောင့် ဒီလိုမျိုး လုပ်ရတယ်ဆိုတာကို ကျွန်တော်တို့ကို ရှင်းပြပါတယ်။
          ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို သူမ လာရောက်တာ ခုနှစ်နှစ် ရှိပါပြီ။ သူမ လာရောက်ရခြင်းက ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့လဲ မဟုတ်ပါဘူး။ တရားထိုင်ခြင်းကိုလဲ စိတ်မဝင်စားပါဘူးလို့ သူမက ဝန်ခံစကားပြောပါတယ်။ သူမ တရားပွဲကို လာတက်ရတဲ့ အဓိကအကြောင်းရင်းက အိမ်ကနေ ထွက်ခွင့်ရဖို့ပါ။
          သူမ ယောင်္ကျားက အလွန်ကြမ်းတမ်းပါတယ်။ အိမ်တွင်းကိစ္စ အကြမ်းဖက်မှုမှာ သူမက သားကောင်ပါ။ အဲဒီကာလတွေတုန်းက သူမလို အကြမ်းဖက်မှုရဲ့သားကောင်တွေအဖို့ ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေက အကူအညီတွေ မရပါဘူး။ အဲဒီလို ဒုက္ခတွေနဲ့ပြည့်နေတဲ့ ပေါင်းအိုးကြီးထဲရောက်နေတဲ့ ဘဝက ဘယ်အချိန်မှ အေးအေးဆေးဆေး လွှတ်မြောက်နိုင်ပါ့မလဲ။ လွှတ်မြောက်ကြောင်းကို ရှာဖွေနိုင်ဖို့ သူမ ဘုန်းကြီးကျောင်းကို ထွက်လာပါခဲ့တယ်။ နှစ်နာရီဘုန်းကြီးကျောင်းမှာနေရင် နှစ်နာရီစာ သူ့ယောင်္ကျား ရိုက်နှက်မှုကနေ လွှတ်မြောက်ရတာပါပဲ။
          ဘုန်းကြီးကျောင်းမှာ နာကြားရသောတရားများက သူမဘဝ ကို ပြောင်းလဲလိုက်ပါတယ်။ ရဟန်းတော်တွေက “အပြုသဘောခွင့်လွှတ်ခြင်း”ကို ကျင့်သုံးဖို့ ပြောကြားတာ သူမ နားထောင်ရပါတယ်။ သူမယောင်္ကျားက သူ့ကို ရိုက်နှက်တိုင်း၊ သူမက ခွင့်လွှတ်ခဲ့တယ်။ သူမကို ရိုက်နှက်တာတွေကို အမှတ်မထားပဲ၊ သူမ လုပ်ပေးနိုင်တာတွေအပေါ်မှာပဲ သတိထားလုပ်ကိုင်ခဲ့ပါတယ်။ သူ့ယောင်္ကျားက သူ့အပေါ် ကြင်နာတဲ့ အပြောအဆို၊ အပြုအမူလေးတွေ ပြုလုပ်ခဲ့ရင်၊ ထိုအပြုအမူလေးတွေက ဘယ်လောက်ပဲ သေးသေး၊ သူမက ယောင်္ကျားကို ပွေ့ဖက်တယ်။ ကြင်နာစွာ နမ်းရှုံ့ပါတယ်။ ဒီလိုကြင်နာမှုလေးတွေကို သူမက ဘယ်လိုနက်နက်ရှိုင်းရှိုင်း ခံယူတယ် ဆိုတာကိုလဲ အခြားနည်းလမ်းတွေနဲ့ ပြသပါတယ်။ သူမယောင်္ကျားရဲ့ အပြုအမူတွေကိုလည်း မှန်ကန်တယ်လို့ သူမက ယူဆပါတယ်။
          သူမ အဲဒီလို ပြုမူလုပ်ကိုင်ခဲ့တာ ခုနှစ်နှစ်ကြာပါတယ်။ အဲဒီလိုပြောလိုက်ချိန်မှာတော့ သူမ မျက်လုံးတွေမှာ မျက်ရည်တွေ စိုစွတ်နေပါတယ်။ ကျွန်တော်လည်း မျက်ရည်တွေ ဝိုင်းနေပါပြီ။ “အဲဒီ ခုနှစ်နှစ်လုံးလုံးလေ….အခုဆိုရင်တော့ ရှင် သူ့ကို တွေ့ရင်မှတ်မိတော့မှာ မဟုတ်ပါဘူး။ သူက လုံးဝကို ပြောင်းလဲသွားပါပြီ” ဆိုပြီး သူမက ပြောပြပါတယ်။ အခုတော့ ကျွန်မတို့မှာ ပျော်ရွှင်စရာ အချိန်တွေနဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။ တယောက်ကို တစ်ယောက် ချစ်ခင်ပြီး၊ စိတ်ချမ်းသာစရာကောင်းတဲ့ ဆက်ဆံရေး ရရှိထားပါတယ်။ အံ့သြဖွယ်ရာကလေးနှစ်ယောက်ကိုလဲ ရထားပါတယ်။ သူမမျက်နှာက အပြုံးပန်းတွေနဲ့ လင်းလက်တောက်ပနေပါတယ်။  ကျွန်တော့်ခြေရင်းမှာ ဝပ်ပြီး အရိုအသေပေးသလို ခံစားရပါတယ်။ လမ်းလျှောက်လာရင်း သူမက ကျွန်တော့်ကို ခဏရပ်ပါဦး လို့ ပြောလိုက်ပါတယ်။ ဟိုက ခုံတန်းကို တွေ့ပါသလား။ တရားထိုင်ဖို့အတွက် ဒီခုံတန်းက သူက ကျွန်မအတွက် လုပ်ပေးတာလေ။ ရုတ်တရက်ဘာမှ မပြောပဲ အံ့သြသွားအောင် လုပ်ပေးလိုက်တာလေ။ လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက ဆိုရင်တော့ ဒီခုံတန်းက ကျွန်မကို ပစ်ပေါက်ဖို့ပဲ သုံးမှာပါ။ သူမနဲ့ အတူ ကျွန်တော် အသံထွက်အောင် ရယ်လိုက်မိပါတော့တယ်။
          ထိုအမျိုးသမီးက ချစ်ခင်ဖွယ်ရာပါပဲ။ သူမရဲ့ပျော်ရွှင်မှုကို သူကိုယ်တိုင် ရှာဖွေယူခဲ့တာပါ။ သူမရဲ့ ရွှင်လန်းလင်းလက်နေတဲ့အမူအယာအရ သူမ ရရှိခဲ့တဲ့ပျော်ရွှင်မှုဟာ အမြောက်အများပါလို့ ကျွန်တော် ပြောလို့ရပါတယ်။ အခုတော့ လူဆိုးလူမိုက်တစ်ယောက်ကို ကြင်နာတဲ့လူတစ်ဦးအဖြစ် သူမ ပြောင်းလဲလိုက်နိုင်ပါပြီ။ အခြားလူတစ်ဦးကို ထိထိရောက်ရောက် ကူညီပြောင်းလဲလိုက်တာပါ။
          ဒါဟာ “အပြုသဘော ခွင့်လွှတ်ခြင်း” ကို ဖေါ်ပြတဲ့ နမူနာကောင်းတစ်ခုပါ။ ဒီလို ချဉ်းကပ်မှုမျိုးကို အခြားအိမ်တွင်းရေး အကြမ်းဖက်မှုတွေအတွက် လိုက်လံကျင့်သုံးသင့်တယ်လို့ ကျွန်တော် မညွန်းဆိုပါဘူး။ ဒီလိုချဉ်းကပ်မှုမျိုးဟာ သူတော်စင်တစ်ယောက်ရဲ့ ပြဿနာကို ချဉ်းကပ်အဖြေရှာပုံမျိုးလို့ ကျွန်တော် ဆိုချင်ပါတယ်။ ဘယ်လိုပဲဆိုဆို ဒီဥပမာလေးကနေပြီး ခွင့်လွှတ်ခြင်းနဲ့ အကောင်းဘက်ကို အားပေးကူညီခြင်း ရှိခဲ့ရင် ဘယ်လောက်အောင်မြင်မှုရနိုင်တယ်ဆိုတာကို မြင်တွေ့နိုင်ပါတယ်။
(ဆရာတော် “ Ajahn Brahm” ၏ “Who Ordered This Truckload of Dung?” စာအုပ်မှ  “positive forgiveness” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment