Friday, October 26, 2012

လောကနီတိ မြန်မာပြန်(၁)


                                        လောကနီတိ မြန်မာပြန်

                                      ရေးသားစီစဉ်ပုံ
၁။ (အကျွန်ုပ် စတုရင်္ဂဗလ အမတ်သည်) ရတနာသုံးကို ရှိခိုးပြီး၍ ကျမ်းဂန်အမျိုးမျိုးတို့မှ ထုတ်နုတ်ထားသော လောကနီတိကျမ်းကို မာဂဓဘာသာဖြင့် အကျဉ်းချုပ်၍ ဆိုပေအံ့။

                                      သင်ကြားလေ့လာထိုက်ပုံ

၂။ ဂုဏ်အထူးကား- နီတိကျမ်းသည် ယောင်္ကျား၏၊ အနှစ်မည်၏၊ အမိအဘလည်း မည်၏၊ ဆရာသမားလည်း မည်၏၊ မိတ်ဆွေလည်း မည်၏၊ ထို့ကြောင့် ယောင်္ကျားကောင်း ဖြစ်လိုသူသည် နီတိကျမ်းကို တတ်သိနားလည်ရာ၏။ နီတိကျမ်း တတ်သော သူသည် ပညာရှိ ဖြစ်နိုင်၏။ ကြီးကျယ် မွန်မြတ်၏။ အကြားအမြင်များနိုင်၏။
မှတ်ချက်   ။ ပဓာနနည်းအားဖြင့် ယောင်္ကျားကို ပြဆိုထားပါသည်။ မိန်းမ များလည်း နီတိကျမ်းကို တတ်သင့်ပါသည်။ တတ်လျှင် လူရာဝင်နိုင်ပါသည်။

                                       ၁။ ပညာရှိကို ဆိုရာအပိုင်း

၃။(က) ပျင်းသောသူ အတတ်ပညာ မရနိုင်၊
   (ခ) အတတ်ပညာ မရှိသောသူ ဥစ္စာမရနိုင်၊
   (ဂ) ဥစ္စာ မရှိသောသူ မိတ်ဆွေမရနိုင်၊
   (ဃ) မိတ်ဆွေ မရှိသောသူ ချမ်းသာမရနိုင်၊
   (င) ချမ်းသာ မရှိသောသူ ကောင်းမှုမပြုနိုင်၊
   (စ) ကောင်းမှုမရှိသောသူ နိဗ္ဗာန်မရနိုင်။

၎။(က) အတတ်ပညာနှင့် တူသော ဥစ္စာမရှိ၊
   (ခ) အတတ်ပညာကို သူခိုး မခိုးနိုင်၊
   (ဂ) အတတ်ပညာသည် ဤလောက၌ မိတ်ဆွေကောင်းမည်၏။
   (ဃ) အတတ်ပညာသည် တမလွန်၌ ချမ်းသာကို ဆောင်တတ်၏။

၅။ အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏၊ ခြကောင်များ စု၍ ကြီးထွားလာသော တောင်ပို့နှင့် အိုးစရည်း၌ ကျဖန်များ၍ ပြည့်လာသော ရေပေါက်ကဲ့သို့ မှတ်အပ်၏။

၆။ နှုတ်မှုပညာကို ဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ၊ ကုန်စင်အောင် တတ်မြောက်ခဲ့သော် မိမိတတ်မြောက်ထားသော အတတ်ပညာ တမျိုးမျိုးက အသက်မွေးဝမ်းကျောင်း အတွက် အထောက်အပံ့ဖြစ်နိုင်၏။

၇။ (က) တောင်တိုင်း တောင်တိုင်း၌ ပတ္တမြားမထွက်၊
    (ခ) ဆင်တိုင်း ဆင်တိုင်း၌ အမြုတေ(ပုလဲ)မရှိ၊
    (ဂ) တောတိုင်း တောတိုင်း၌ စန္ဒကူးနံ့သာ မပေါက်၊
    (ဃ) အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိ မထွန်းကား။

၈။ သုတနှင့် ပြည့်စုံသော ပညာရှိပုဂ္ဂိုလ် ရှိသည်ဟု သတင်းစကားကြားသိငြားအံ့၊ သုတကိုရှာမှီးသော အမျိုးကောင်းသားသည် လုံ့လဝီရိယ ကြီးမားစွာဖြင့် ပညာရှိပုဂ္ဂိုလ်ရှိရာ အရပ်သို့ အရောက်သွား၍ ပညာကို ရှာမှီးရာ၏။

၉။ (က) အတတ်ပညာကို ဖြည်းဖြည်း သင်ရာ၏။
    (ခ) ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
    (ဂ) တောင်ကို ဖြည်းဖြည်းသာ တက်ရာ၏။
    (ဃ) ကာမဂုဏ်ကို ဖြည်းဖြည်းသာ ခံစားရာ၏။
    (င) အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရာ၏။
     ဤငါးမျိုးကို ဖြည်းဖြည်း ဖြည်းဖြည်း တစ တစသာ အလိုရှိရာ၏။ (ဆန္ဒမစေရာ။)

၁၀။ (၁) အကြား အမြင် အတတ်၊
      (၂) လောကသမ္မုတိဖြစ်သော ဓမ္မသတ် ရာဇသတ် အတတ်၊
      (၃) ဂဏန်းသင်္ချာ အတတ်၊
      (၄) တံစဉ်း၊ စူး၊ ဆောက် စသော လက်သမား အတတ်၊
      (၅) နီတိကျမ်း အတတ်၊
      (၆) ယာယီ၊ ယကြာပြုခြင်း စသော ဗျာကရုဏ်း အတတ်၊
      (၇) စောင်း၊ ငြင်း စသော ကဗျာလင်္ကာအတတ်၊
      (၈) လက်ချိုးရေတွက်ခြင်း(လက်ပစ်) အတတ်၊
      (၉) ဒူလေး၊ လင်းလေး အတတ်၊
      (၁၀) ထုံးဟောင်း ရာဇဝင် အတတ်။

၁၁။  (၁၁) ဆေးပညာ အတတ်၊
       (၁၂) ရယ်ရွှင်မှု အတတ်၊
       (၁၃) ဗေဒင် အတတ်၊
       (၁၄) လှည့်ပတ်မှု အတတ်၊
       (၁၅) ဆန်းကျမ်း အတတ်၊
       (၁၆) သံတမန်အတတ်၊
       (၁၇) မန္တန် အတတ်၊
       (၁၈) သဒ္ဒါကျမ်း အတတ်။
ဤသည်တို့ကား တစ်ဆယ့်ရှစ်ပါးသော အတတ်ပညာများတည်း။

၁၂။   ပညာရှိသည် သူတစ်ပါးက မမေးသော်(ပြောရိုးမရှိ)၊ တီးမှမြည်သော စည်ကြီးနှင့်တူ၏၊ သူတစ်ပါးက မေးလာခဲ့သော် သဲသဲမဲမဲ ရွာချသော မိုးကြီးနှင့်တူ၏။ (ပြောသင့်သမျှ တစ်လုံးမကျန် ပြောတတ်၏။)၊ သူမိုက်သည် သူတစ်ပါးက မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ များစွာ ပြောဟောတတ်၏။
၁၃။  စာအုပ်၌ရှိသော အတတ်ပညာနှင့် သူတစ်ပါး၏ လက်၌ရှိသော ဥစ္စာသည် ကိုယ်ပိုင်မဟုတ်၊ အကြောင်းကိစ္စ ပေါ်ပေါက်သော် အသုံးချ၍ မရ။

၁၄။ (က) ရေတိမ်၊ ရေနက်၏ သဘောကို ကြာရိုးကို မြင်၍ သိနိုင်၏၊
      (ခ) အမျိုးယုတ်၊ အမျိုးမြတ် ဖြစ်ကြောင်းကို ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ကြည့်၍ သိနိုင်၏။
      (ဂ) ပညာရှိသည်၊ မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏၊
      (ဃ) မြေကောင်းသည်၊ မကောင်းသည်ကို မြေပေါ်၌ ပေါက်သော မြက်ပင် ညှိုးသည်၊ မညှိုးသည်ကို
             မြင်၍ သိနိုင်၏။

၁၅။  ဗဟုသုတခေါင်းပါးသော သူသည် အနည်းငယ်မျှတတ်သော အတတ်ပညာကို အများကြီးတတ်သည် ဟု အထင်ရောက်တတ်၏၊ မာန်ရှိတတ်၏။ သမုဒ္ဒရာရေကို မမြင်ဖူးသော ဖါးသူငယ်သည် တွင်းဝ၌ ရှိသော ရေကို အများကြီးထင်မှတ်သည်နှင့် တူနေတတ်၏။

၁၆။ (က) ပထမအရွယ်၌ အတတ်ပညာကို မရခဲ့သော်
      (ခ) ဒုတိယအရွယ်၌ ဥစ္စာကို မရခဲ့သော်၊
      (ဂ) တတိယအရွယ်၌ တရားကို မရခဲ့သော်၊
      (ဃ) စတုတ္ထအရွယ်ခေါ်သော သေချိန်ကာလ၌ အဘယ်မှာလျှင်
            အသုံးကျအံ့နည်း (လူဖြစ်ရှုံးလိမ့်မည်သာ)။

၁၇။  ချစ်သား(ချစ်သမီး)…အတတ်ပညာ ကြိုးစားသင်စမ်းပါ။ အဘယ့်ကြောင့် ပျင်းစိတ်ဝင်ချင်ရသနည်း။
       အတတ်ပညာမရှိသောသူသည် သူ၏ ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌   
       သူတစ်ပါးတို့က ပူဇော်ဂုဏ်ပြုနေကြသည်။ ထို့ကြောင့် ချစ်သား(ချစ်သမီး)…နေ့တိုင်း၊ နေ့တိုင်း
       အတတ်ပညာကို ကြိုးစား၍ သင်ကြားပါလော့။

၁၈။  အမိသည် အပြင်ရန်သူ မည်၏။ အဘသည် အတွင်းရန်သူ မည်၏။ အဘယ်ကြောင့် ရန်သူမည်
       သနည်း။ ငယ်ရွယ်စဉ်အခါ၌ သားသမီးကို ပညာသင်မပေးသောကြောင့် ရန်သူမည်၏။ ပညာမတတ်
       သောသူသည် ဟင်္သာတို့၏ အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်၌ မတင့်တယ်။

၁၉။ (က) တောင်ချောက်ကြား၌ ပေါက်ရောက်သော ဆူးသည် ဘယ်သူချွန်၍ ထက်သနည်း။ သူ့သဘာဝ
            အတိုင်းသာ ထက်နေ၏။
      (ခ) သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း။ သူ့သဘာဝအတိုင်းသာ ကြည်
           လင်နေ၏။
      (ဂ) နွံ၌ ပေါက်သော ကြာကို ဘယ်သူ အနံ့ကောင်း ထည့်၍ မွှေးသနည်း၊ သူ့သဘာဝအတိုင်းသာ
           မွှေးနေ၏။
      (ဃ) အမျိုးကောင်းသားတို့၏ ယဉ်ကျေးလိမ္မာသော စိတ်သဘောသည် ဘယ်သူပြု၍ ဖြစ်ပေါ်သနည်း။
            သူ့သဘာဝအတိုင်းသာ ဖြစ်၏။

၂၀။ (က) ထုံးမပါသော ကွမ်းသည် အရသာမရှိ။
      (ခ) ကိုယ်ပိုင်ဥစ္စာ မရှိသော သူ၏ (အငှားပစ္စည်းဖြင့်) တန်ဆာဆင်ခြင်းသည် အရသာမရှိ။
      (ဂ) ဆားမပါသော စားဖွယ်သည် အရသာမရှိ။
      (ဃ) အတတ်ပညာ မရှိသောသူ၏ ပျို့ကဗျာဖွဲ့ခြင်းသည် အရသာမရှိ။

No comments:

Post a Comment