Tuesday, October 30, 2012

လောကနီတိ မြန်မာပြန်(၄)


                                  ၅။ မိန်းမကို ဆိုသော အပိုင်း။

၉၄။ (က) ဥသြငှက်တို့၏ တန်ဖိုးသဘောကား အသံ။
      (ခ) မိန်းမတို့၏ တန်ဖိုးသဘောကား လင်ကို မြတ်နိုးခြင်း။
      (ဂ) ရုပ်မလှသူတို့၏ တန်ဖိုးသဘောကား သည်းခံခြင်း။

၉၅။ (က) မိန်းမတို့၏ ဥစ္စာကား အဆင်း။
      (ခ) ယောက်ျားတို့၏ ဥစ္စာကား အတတ်ပညာ။
      (ဂ) ရဟန်းတို့၏ ဥစ္စာကား သီလ။
      (ဃ) မင်းတို့၏ ဥစ္စာကား ရဲမက်ဗိုလ်ပါ။

၉၆။ (က) ရသေ့၊ ရဟန်းတို့သည် ကြုံလှီမှ တင့်တယ်ကုန်၏။
      (ခ) အခြေလေးချောင်း သတ္တဝါတို့သည် ဆူဖြိုးမှ တင့်တယ်ကုန်၏။
      (ဂ) ယောက်ျားတို့သည် အတတ်ပညာရှိမှ တင့်တယ်ကုန်၏။
      (ဃ) မိန်းမတို့သည် လင်ရှိမှ တင့်တယ်ကုန်၏။

၉၇။ (က) တက်လှစွာသော စောင်းသမားသည် ငါးရက်ကြာမျှ စောင်းနှင့် ကင်းကွာမူ ပျက်တတ်၏။
      (ခ) တတ်လှစွာသော လေးသမားသည် ခုနှစ်ရက်ကြာမျှ လေးနှင့် ကင်းကွာမူ ပျက်တတ်၏။
      (ဂ) တော်မှန်ဖြောင့်သား ကောင်းသော မယားသည် တစ်လကြာမျှ လင်နှင့် ကင်းကွာမူ ပျက်တတ်၏။
      (ဃ) ပညာသင်သော တပည့်တို့သည် လခွဲမျှဆရာနှင့် ကင်းကွာမူ ပျက်တတ်ကုန်၏။

၉၈။ (က) ကျွဲသည် ညွန်၌သာ မွေ့လျော်၏။
      (ခ) ဟင်္သာငှက်သည် ရေကန်၌သာ မွေ့လျော်၏။
     (ဂ) မိန်းမသည် ယောက်ျား၌သာ မွေ့လျော်၏။
     (ဃ) ရဟန်းသည် တရား၌သာ မွေ့လျော်၏။

၉၉။ (က) ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
      (ခ) မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
      (ဂ) ရဲမက်စစ်သည်ကို စစ်အောင်၍ ပြန်မှ ချီးမွမ်းရာ၏။
      (ဃ) ကောက်စပါးကို အိမ်သို့ရောက်မှ ချီးမွမ်းရာ၏။

၁၀၀။ (က) နှစ်လင်၊ သုံးလင် ကွာပြီးသော မိန်းမ၊
        (ခ) နှစ်ကျောင်း၊ သုံးကျောင်း ပြောင်းပြီးသော ရဟန်း၊
        (ဂ) နှစ်ကြိမ်၊ သုံးကြိမ် ကျော့ကွင်းမှ လွတ်ပြီးသောငှက်။
        (ဤသူတို့သည်) ပရိယာယ်မာယာ များစွာပြုတတ်ကုန်၏။

၁၀၁။ (က) မကောင်းသော သူယုတ်ကို ပုတ်ခတ်သဖြင့် ယဉ်ကျေးစေရာ၏။
        (ခ) မကောင်းသော မိတ်ဆွေကို စကားမဆိုသဖြင့် ယဉ်ကျေးစေရာ၏။
        (ဂ) မကောင်းသော မိန်းမကို စည်းစိမ်မအပ်သဖြင့် ယဉ်ကျေးစေရာ၏။
        (ဃ) အစာ၌ တက်မက်သောသူကို အစာအနည်းငယ် ပေးသဖြင့် ယဉ်ကျေးစေရာ၏။

၁၀၂။ (က) ညဉ့်သည် လရောင်မှ ကင်းသော် မတင့်တယ်။
        (ခ) သမုဒ္ဒရာသည် လှိုင်းတံပိုးမှ ကင်းသော် မတင့်တယ်။
        (ဂ) ရေကန်သည် ဟင်္သာမှ ကင်းသော မတင့်တယ်။
        (ဃ) သတို့သမီးသည် လင်မှ ကင်းသော် မတင့်တယ်။

၁၀၃။  လင်က စည်းစိမ်ဥစ္စာကို ဖြစ်စေအပ်၏၊ မိန်းမက (လင် ရှာဖွေပေးသော စည်းစိမ်ဥစ္စာကို) လုံခြုံ
        အောင် စောင့်ထိန်းအပ်၏၊ လင် ယောက်ျားသာ ပဓါနဖြစ်၏။ မိန်းမမူကား အပ်သွားရာပါသော
        ချည်နှင့် ဥပမာတူလှ၏။

၁၀၄။ (က) မြစ်ဟူသမျှ ကွေ့ကောက်သော မြစ်တို့သာတည်း။
        (ခ) တောဟူသမျှ ထင်းဖြင့်သာ ပြီး၏။
        (ဂ) မိန်းမဟူသမျှ ဆိတ်ငြိမ်သောအရပ်ကို ရသည်ရှိသော် မကောင်းသောအမူကို ပြုမြဲတည်း။

၁၀၅။ (က) ငြင်းခုံတတ်သော အလေ့ရှိခြင်း၊
        (ခ) ငြူစူစောင်းမြောင်းသော စကားကို ဆိုလေ့ရှိခြင်း၊
        (ဂ) မြင်တိုင်းသောအာရုံကို တက်မက်လေ့ရှိခြင်း။
        (ဃ) များစွာ ချက်ပြုတ်၍ စားတတ်ခြင်း၊
        (င) လင်၏ အဦးကို စားတတ်ခြင်း၊
        (စ) သူတပါးအိမ်သို့ သွားတတ်နေတတ်သော အလေ့ရှိခြင်း။
       ဤ မိန်းမမျိုးကို သားတစ်ရာပင် မြင်ငြားသော်လည်း လင်ယောက်ျားက စွန့်ပစ်ရာ၏။

၁၀၆။ (က) စားသောအခါ၊ အဝတ်တန်ဆာ ဆင်ယင်သောအခါတို့၌ မိခင်ကဲ့သိုပ နှစ်သက်ဖွယ်ကို
              ပြုတတ်ခြင်း၊
        (ခ) လျှို့ဝှက်အပ်သော၊ ကျစ်လျစ်သော၊ အရာ၌ နှစ်မကဲ့သို့ လွန်စွာ ရှာက်တတ်ခြင်း၊
        (ဂ) အမှုကိစ္စ ပြုလုပ်သောအခါ၊ လင်၏ အပါးသို့ သွားသောအခါတို့၌ ကျွန်မကဲ့သို့ ရိုသေစွာ
             ပြုတတ်ခြင်း၊
        (ဃ) ဘေးရောက်သောအခါတို့၌ တိုင်ပင်ဖက်ရခြင်း၊
        (င) အိပ်သောအခါတို့၌ မွေ့လျော်စေတတ်ခြင်း၊
        (စ) အရောက်အဆင်းကို ပြုပြင်ခြင်းတို့၌ တင့်တယ်စွာ ပြုပြင်တတ်ခြင်း၊
       (ဆ) အမျက်ထွက်သောအခါတို့၌ သည်းခံတတ်ခြင်း။
      ထိုမိန်းမမျိုးကို မိန်းမမြတ်ဟူ၍ ပညာရှိတို့က ဆိုကုန်၏။ ထိုလိမ္မာသော မိန်းမသည် သေပြီးနောက်
    နတ်ပြည်၌ ဖြစ်ရ၏။

၁၀၇။ (က) ဝင်းဝါစိုပြည်သော အသားအရေရှိခြင်း။
        (ခ) သမင်၏ မျက်စိကဲ့သို့ ညိုနက်သော မျက်စိရှိခြင်း။
        (ဂ) ခါးသေး တင်ကျယ် ငယ်သောဝမ်း ရှိခြင်း။
        (ဃ) ဆင်နှာမောင်းကဲ့သို့ သွယ်ပျောင်းသော ပေါင်ရှိခြင်း။
        (င) ဖြေ၍ နောက်သို့ ဖြန့်သော် ဖနောင့်တိုင်အောင် သွားလျက် အဖျားကော့၍ တက်သော ဆံပင်
             ရှိခြင်း။
        (စ) ကြီးငယ်မထင် ညီညွတ်သော သွားအစဉ်ရှိခြင်း။
        (ဆ) နက်သော ချက်ရှိခြင်း။
        (ဇ) ကောင်းသော အလေ့အကျင့် ရှိခြင်း။
     ထိုအင်္ဂါရပ်နှင့် ပြည့်စုံသော မိန်းမပျိုကို အမျိုးအနွယ်ညံ့သော်လည်း ဆက်ဆံထိမ်းမြားရာ၏။

၁၀၈။ (က) ဥတုကာလတို့တွင် တန်ဆောင်မုန်းလသည် မြတ်၏။
        (ခ) မယားတို့တွင် အဆင်းလှသော မယားသည် မြတ်၏။
       (ဂ) သားတို့တွင် အကြီးဆုံးသားသည် မြတ်၏။
       (ဃ) အရပ်မျက်နှာတို့တွင် မြောက်အရပ်သည် မြတ်၏။

၁၀၉။  ဘဝတိုင်း ဘဝတိုင်း အကြိမ်ကြိမ်အခါခါ ယောက်ျားဘဝကို ရလိုသော အမျိုးသမီးသည် သိကြားမင်း
        ၏ မယားက သိကြားမင်းကို ရိုရိုသေသေ လုပ်ကျွေးသကဲ့သို့ မိမိ၏ လင်ယောက်ျားကို ရိုရိုသေသေ
       လုပ်ကျွေး ပြုစုရာ၏။

၁၁၀။ ဘဝတိုင်း ဘဝတိုင်း အကြိမ်ကြိမ်အခါခါ ယောက်ျားဘဝကို ပြန်ရလိုသော အမျိုးကောင်းသားသည်
        ခြေဆေးပြီးသောသူက ရွံ့ညွှန်ကို ကြဉ်ရှောင်သကဲ့သို့ သူတစ်ပါးမယားကို မပြစ်မှားမူ၍ ဝေးစွာကြဉ်
        ရှောင်ရာ၏။

၁၁၁။ အရွယ်လွန်ပြီးသော ယောက်ျားသည် တည်သီးသဖွယ် ငယ်သော သားမြတ်ရှိသော မိန်းမငယ်ကို
        သိမ်းမြန်းဆောင်ယူ အိမ်သူပြုလုပ်၏။ ထိုမိန်းမငယ်အား ယောက်ျားတစ်ပါးနှင့် ပျော်မွေ့မည်ကို
        မနာလိုခြင်းကြောင့် မအိပ်နိုင် ဖြစ်ရ၏။ ထိုငယ်သော မိန်းမကို ပေါင်းသင်းခြင်းသည် အရွယ်
        လွန်သော ယောက်ျားအဖို့ ပျက်စီးခြင်း၏ အကြောင်းတည်း။

                                   မိန်းမကို ဆိုသော အပိုင်း ပြီး၏။

No comments:

Post a Comment