Friday, October 26, 2012

လောကနီတိဆိုင်ရာ သိမှတ်ဖွယ်


{ အခြေခံလူတိုင်းကျင့်သုံးရမည့် ကျင့်ဝတ်၊ နီတိများကို စုစဉ်းထားသော လောကနီတိကျမ်းစာ အား ဖေါ်ပြလိုပါသည်။ ထိုလောကနီတိကျမ်းစာကို ကူးယူဖေါ်ပြရာတွင် ပါဋ္ဌိပါတ်သားများကို ချန်လှပ်ကာ မြန်မာစကားပြေကိုသာ ဖေါ်ပြပါမည်။ ဆရာတော်ဦးပညာသာမိ(မာဂဓီ-သာစည်) သင်တန်းသားများ အတွက် ပြုစုသော ဆယ်စောင်တွဲသင်တန်း(မြန်မာပြန်) စာအုပ်မှ ကူးယူဖေါ်ပြပါမည်။ }

                                       လောကနီတိဆိုင်ရာ သိမှတ်ဖွယ်

          ဆယ်စောင်တွဲ၌ ဆဋ္ဌမမြောက် သင်ကြားရသောစာမှာ လောကနီတိ ဖြစ်သည်။ လောကအကြောင်း သိမှတ်ဖွယ်ရာများကို ထုတ်ဆိုပြသောကြောင့် လောကနီတိ ခေါ်သည်။ ဤလောကနီတိကျမ်းစာကို လောကီ၊ လောကုတ်၊ စွယ်စုံရ ကျမ်းဂန်တတ် ပညာရှိ အမတ်ကြီး စတုရင်္ဂဗလ ရေးသားပြုစုခဲ့သည်။
          စတုရင်္ဂဗလ အမတ်ကြီးက လောကနီတိကျမ်း ပဏာမဂါထာတွင် “နာနာသတ္တသမုဒ္ဓဋံ”ဟု ဝန်ခံထားသည့်အတိုင်း ဓမ္မပဒ၊ သံယုတ်၊ ဇာတ်၊ သုတ္တနိပါတ်စသော ဘုရားဟောကျမ်းဂန်များမှ လည်းကောင်း၊ စာဏကျနီတိ၊ ဟိတောပဒေသ စသော သက္ကတကျမ်း များမှလည်းကောင်း သင့်လျော်ရာ ရွေးထုတ်၍ အပိုင်းကဏ္ဍ(၇)မျိုး ခွဲကာ စနစ်တကျ စီစဉ်ထားသည်။ မိမိ(မာဂဓီ) လက်လှမ်းမီသလောက် ကျမ်းညွှန်များကို ဆိုင်ရာဂါထာ၏ အဆုံးတွင် ဖေါ်ပြပေးထားပါသည်။

                                                လောကနီတိနိဿယ

            လောကနီတိကျမ်း၏ မှီရာနိဿယကို ဘကြီးတော်မင်း လက်ထက် သက္ကရာဇ် ၁၁၉၆-ခုနှစ်တွင်စက္ကိန္ဒာဘိသိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိ-ရာဇဂုရု ” ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဦးဗုဓ်က အနက်မြန်မာပြန်ဆိုထား ပါသည်။ နိဿယ၏ အဆုံးတွင် ကျမ်းပြုပုဂ္ဂိုလ်၏ အမည်၊ ကျမ်းပြီးနှစ်၊ ကျမ်းပြီးချိန် တို့ကို ဂါထာစီ၍ တိတိကျကျ ဖေါ်ပြထားပါသည်။ ဆရာတော်ဦးဗုဓ်၏ လောကနီတိနိဿယမှာ ဝေါဟာရလွယ်ကူရှင်းလင်းပြီး မြန်မာ့အသိဥာဏ်နှင့် နီးစပ်ရင်းနှီးသောကြောင့် အသုံးများကြသည်။
         
                                     
                                      လောကနီတိပျို့

          ရတနာပုံခေတ် သီပေါမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၄၂-ခုနှစ် ခရစ်နှစ် ၁၈၈၀-ခုနှစ်တွင် နေမျိုးမင်းထင်ကျော်ခေါင်ဘွဲ့ရ အမှာတော်ရေး ဦးရှင်ကလေး ဆိုသူက လောကနီတိပျို့ အမည်ဖြင့် ကဗျာ ရေးသားဖွဲ့ဆိုထားသည်။ လောကနီတိပျို့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုကာလတွင် အမျိုးသားကျောင်းများ၌ ကျောင်းသုံးစာ အဖြစ် ပြဋ္ဌာန်း သင်ကြားခဲ့ကြရသည်။

                                      အင်္ဂလိပ်ဘာသာပြန်ဆို

          မစ္စတာဂျေဂရေး ဆိုသူက ၁၈၈၆-ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ စာအုပ်နိဒါန်းတွင် ဂျေဂရေးက နီတိမျိုးစုံအကြောင်း မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရသော လောကနီတိအကြောင်း ၊လောကနီတိကို မြန်မာနိုင်ငံ ရဟန်းရှင်လူတို့က အထူးဦးစားပေး၍ သင်ကြားပုံအကြောင်း စသည်များကို စုံလင်စွာ ဖေါ်ပြထားသည်။ သို့ရာတွင် လောကနီတိကျမ်းပြု စတုရင်္ဂဗလအမတ်ကြီးနှင့် ပတ်သက်၍ တစ်စွန်းတစ်စမျှ ဂုဏ်ပြုဖေါ်ပြခြင်းမပြုဘဲ တမင်ချန်ထားသည်မှာ စဉ်းစားစရာ ကောင်းနေပါသည်။ မန္တလေးတက္ကသိုလ် ဒဿနိကနှင့် စိတ္တဗေဒပါမောက္ခ ဒေါက်တာစိန်တူကလည်း ၁၉၆၂-ခုနှစ်တွင် လောကနီတိကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်။ အခြား အင်္ဂလိပ်၊ မြန်မာသို့ ပြန်ဆိုကြသော ဆရာတော်များလည်း ရှိပါသေးသည်။
{မိုးသီးဇွန်ရေးသားသော “နာခံမှုကို စမ်းစစ်ခြင်း” စာအုပ်တွင် လောကနီတိစာအုပ်မူရင်းရေးသားသူအား ရှာဖွေခြင်းနှင့် စာအုပ်ဝေဖန်ချက်များကို ဖတ်နိုင်ပါသည်။}

                                      လောကနီတိခေတ်

          လောကနီတိကျမ်းတွင် ပါသောဂါထာအချို့မှာ ဘုရားဟော ဂါထာများ ဖြစ်၍ ဘုရားလက်ထက်ကပင် ရှိနေသည်ဟု ဆိုရပါမည်။ လောကနီတိကျမ်းကိုမူ စတုရင်္ဂဗလအမတ်ကြီး ပြုစုသော ကျမ်းဖြစ်၍ ပင်းယခေတ်ကျမ်းစာအဖြစ် သတ်မှတ်ရပါမည်။
{ထိုကျမ်းကို မူရင်းရေးသားသူ၏ အမည်မှာ ကွဲလွဲမှုများ ရှိပါသည်။ }

                             လောကနီတိကျမ်း၏ ဂုဏ်နှင့် သင်ရကျိုး

          လေ့လာသင်ကြားသူအဖို့ လောကနီတိကျမ်းသည်--
၁။ သာရော= အနှစ်သာရမည်၏။
၂။ မာတာပိတု= မိဘသဖွယ်ဖြစ်၏။
၃။ အာစရိယော= ဆရာသမားနှင့်တူ၏။
၎။ မိတ္တော= မိတ်ဆွေနှင့်တူ၏။
ဟူသော ကျမ်း၏ ဂုဏ်လေးမျိုးကို မှတ်သားအပ်၏။ ထို့ကြောင့် လောကနီတိကျမ်းကို တတ်မြောက်အောင် အဝါးဝစွာ လေ့လာဆည်းပူးသင့်ကြသည်။ ဆည်းပူးကြပါ။

လောကနီတိကျမ်းကို လေ့လာသင်ကြားသူသည်--

၁။ ဥာဏီ= ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း။
၂။ မဟာ= ကြီးကျယ်မြင့်မြတ်သူ ဖြစ်နိုင်ခြင်း။
၃။ ဗဟုဿုတော= အကြားအမြင် များနိုင်ခြင်း-
ဟူသော အကျိုးသုံးပါးကို ရရှိနိုင်ပါသည်။

No comments:

Post a Comment