Friday, October 26, 2012

"အဏုမြူဗုံး လုပ်ခဲ့စဉ်က"


သင့်ဘဝ မဂ္ဂဇင်း (၂၀၀၀ပြည့်နှစ်၊ ဇွန်လ) မှ “ကျွန်တော် အဏုမြူဗုံး လုပ်ခဲ့စဉ်က “ ဆောင်းပါးကို ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။ ဘာသာပြန်ဆိုသူမှာ သန်းဇော်ဝင်း ဖြစ်ပါသည်။ မူရင်းဆောင်းပါးမှာ “How I Designed An A-Bomb In My Junior Year At Princeton- By John Aristotle Phillips and David Michaclis) ” ဖြစ်ပါသည်။ 

ပရင်စတန် တက္ကသိုလ် ပထမနှစ်အတွင်း ဂျွန်အာရစ်စတိုတယ်ဖိလစ် သည် ရူပဗေဒစာတမ်းအဖြစ် ပေါက်ကွဲနိုင်သည့် အဏုမြူဗုံးတစ်လုံး၏ ဒီဇိုင်းကို တည်ဆောက်ခဲ့သည်။ ထို့နောက်တွင် သူ့အတန်းဖေါ် ဒေးဗစ်မိုက်ကယ်လစ်နှင့် အတူ “မှိုပွင့်-အဏုမြူဗုံးကလေးတစ်လုံး၏ ဇာတ်လမ်း (၁၉၇၈) “ ကို ရေးသားခဲ့သည်။ အောက်ဖေါ်ပြပါ ကောက်နုတ်ချက်တွင် ဖိလစ်နှင့် မိုက်ကယ်လစ် တို့ သည် စာတမ်းသုံးလအတွင်း အပြီးသတ်နိုင်ရန် ဖိလစ်ကြိုးစားရသော ဇာတ်လမ်းအား ရင်ခုန်ဖွယ် ပြောပြကြသည်။ ထိုစာတမ်းမှာ ယခုအခါ အမေရိကန်အစိုးရ၏ လျှို့ဝှက်စာတမ်းစာရင်းထဲ ဝင်သွားခဲ့ပြီ ဖြစ်သည်။

                             ကျွန်တော် အဏုမြူဗုံး လုပ်ခဲ့စဉ်က

ပရစ်စတန်တက္ကသိုလ်၏ ပထမနှစ်ဝက်ကား သွေးပျက်ဖွယ်ပါပေ။ ကျွန်တော့ ရမှတ်အဆင့်များကလည်း ဤအတိုင်းပင် ပြဆိုကြသည်။ “ဒီ” နှင့် “အက်(ဖ်) “ အဆင့်တို့၏ သြဇာနှင့် ကျောင်းအုပ်ကြီး၏ မှတ်ချက်တို့ ကြောင့် ကျွန်တော်အား တက္ကသိုလ်က အစမ်းသဘော အဖြစ်သာ လက်ခံလိုက်သည်။ သင်တန်းတစ်ခု တွင် မဟန်လျှင် ကျွန်တော် ကျောင်းထွက်ရမည်။
      ကံအကြောင်းလှသဖြင့် စာသင်နှစ်သစ် အစတွင် ကျွန်တော်ယူသည့် သင်တန်းများက ကျွန်တော့အား ဖမ်းစားထားလိုက်ကြသည်။ တစ်ပတ်လျှင် သုံးနာရီတက်ရသော နျုကလိယာလက်နက်မဟာဗျူဟာ နှင့် လက်နက်ထိန်းချုပ်ရေးသင်တန်းတွင် ပါမောက္ခသုံးယောက်က ကျောင်းသား ဆယ့်နှစ်ယောက်ကို ဦးဆောင်၍ ကမ္ဘာပျက်ကိန်း ကြုံလာနိုင်သည်များ ဟန့်တားနိုင်စွမ်းများ ကို အသည်းအသန် ဆွေးနွေးကြပါသည်။ ဦးဆောင်ဆရာမှာ သူ့ဘာသာရပ်တွင် ကျွမ်းကျင်နှံ့စပ်လှသည်ဟု ကျော်ကြားသော ဟောလ်ဖတ်ဗီဆန် ဖြစ်သည်။ လက်ထောက်များမှာ စစ်အေးကာလ သံတမန်ရေးရာ ကျွမ်းကျင်သူ မာတီရှားဝင်း နှင့် ထင်ရှားသော ရူပဗေဒပညာရှင် ဖရီးမင်းဒိုင်ဆန် တို့ ဖြစ်ကြသည်။
     တစ်မနက်တွင် ဒိုင်ဆန်က အဏုမြူဗုံးအကြောင်းနှင့် ဆွေးနွေးခြင်းကို စသည်။

      “ နှစ်ဆယ်ကီလိုတန်ချိန်ရှိတဲ့ ဗုံးတစ်လုံး ပေါက်ကွဲတဲ့အခါ ဘာတွေ ဖြစ်သလဲ ဆိုတာ ပြောပါရစေ။ ဒီဗုံးမျိုးက ဟီရိုးရှီးမား နဲ့ နာဂါစကီမြို့တွေပေါ်ချခဲ့တဲ့ ဗုံးနှစ်လုံး နဲ့ အမျိုးအစား အတူတူပဲ။ ပထမဆုံး ကောင်းကင်မှာ အင်မတန်တောက်ပဖြူဖွေးတဲ့ အလင်းစူးစူးကြီး လက်ဖြာလာတယ်။ ဗုံးကွဲတဲ့ နေရာတဝိုက် မှာ အပူချိန်တွေ တအားထိုးတက်သွားတော့ လေထုထဲမှာ အလင်းရောင်တွေ ထွက်လာတာပဲ။ ခြောက်မိုင်အကွာက ရပ်ကြည့်နေသူတစ်ယောက်အဖို့ မီးလုံးကြီးဟာ နေအစင်းတစ်ရာထက် ပိုပြီးတောက်ပတယ်။ “

      “ မီးလုံးကြီး ကြီးထွားပြန့်ကားလာတော့ မှိုပွင့်လို တိမ်တိုက်ကြီးဖြစ်သွားတယ်။ အပူချိန်ကြောင့် မိုင်များစွာ ပတ်လည်က မီးလောင်နိုင်တဲ့ ပစ္စည်းအားလုံး မီးစွဲကုန်တယ်။ သစ်သားအိမ်တွေ မီးစွဲတယ်။ အဝတ်အစားတွေ ရုတ်တရက်ပြာကျသွားတယ်။ လူတွေမှာ အကာအကွယ်မဲ့တဲ့ နေရာ၊ အဝတ်အစားဖုံး မထားတဲ့ နေရာက အသားအရေတွေ ပြင်းပြင်းထန်ထန် မီးလောင်ခံရတယ်။ အဆမတန် မြင့်တဲ့ အပူချိန် ကြောင့် တုန်ခါလှိုင်း တစ်ခု ဖြစ်လာပြီး နျူကလိယာ ရောင်ခြည်တွေဟာ လက်မနှစ်ဆယ်ထူတဲ့ ကွန်ကရစ် ကို တောင် ဖေါက်ထွင်းသွားနိုင်ကြတယ်။ တုန်ခါလှိုင်းကြီးက မြေပြင်ပေါ်က ရှိသမျှ အရာတွေကို ပြားပြားဝပ်သွားအောင် လုပ်လိုက်တယ်။ ဟာရီကိန်းမုန်တိုင်း အင်အားရှိတဲ့ လေပြင်းကြီးတွေက တုန်ခါလှိုင်းကြောင့် ဖြစ်သွားတဲ့ လေဟာနယ်ထဲ တိုးဝင်လာကြပြီး အုတ်ကျိုးအုတ်ပဲ့တွေ၊ မှန်စတွေ၊ သံမဏိချောင်းတွေ ကို သိမ်းကျူံးမွှေ့ယမ်းပစ်တော့ သေလောက်အောင် အန္တရာယ်ကြီးတဲ့ အရာတွေ ဖြစ်ကုန်တယ်။

         နျူကလီယာ အဖျက်ဓါတ်၏ ကြီးမားသော စွမ်းပကားများကို နားလည်ခံစားလာကြရင်း တစ်ခန်းလုံး ငြိမ်သက်နေသည်။
      “အဏုမြူဗုံးတစ်လုံး အကြမ်းထည်လုပ်ဖို့ ပလူတိုနီယမ် ဆယ့်ငါးပေါင်ပဲ လိုတယ်။ အဏုမြူဓါတ်ပေါင်းဖို တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးလာမယ် ဆိုရင် နှစ်စဉ် တိုင်းပြည်ထဲ ဝင်လာမယ့် ပလူတိုနီယမ် ပမာဏဟာ ဗုံးပေါင်း ထောင်ပေါင်များစွာ လုပ်ဖို့ လုံလောက်တယ်။ အဲဒီဝင်လာတဲ့ ပလူတိုနီယမ် အတော်များများဟာ လည်း အလုခံရဖို့၊ အပိုင်စီးခံရဖို့ သိပ်လွယ်တာပဲ “

        အတန်းသည် ဖြစ်တန်ရာသော ဖြစ်လာနိုင်သည်များကို ဆွေးနွေးကြသည်။ ပြန်လည်သန့်စင်ရေး စက်ရုံတစ်ရုံ နှင့် ဓါတ်ပေါင်းဖိုတစ်ခုအကြားသယ်ဆောင်သွားသော ပလူတိုနီယမ် ပေါင်နှစ်ရာ လမ်းခရီးတွင် ပျောက်ဆုံးသွားသည်။ သေဆုံးနေသာ ဒရိုင်ဘာနှင့် အခွံချည်းကျန်ခဲ့သော ထရပ်ကားကိုသာ ရဲက တွေ့သည်။ ရက်သတ္တပတ် နှစ်ပတ်ကြာသော် စီးပွါးရေးအချက်အချာ ဒေသဖြစ်သော ဝေါလမ်းမကြီးတွင် အဏုမြူဗုံး အကြမ်းထည်တစ်လုံး ပေါက်ကွဲလေသည်။ ပုံမှန်အလုပ်ချိန်အတွင်း ပျားပန်းခတ် စည်ကားနေသော ဧရိယာထဲရှိ လူငါးသိန်းအနက် လူတစ်သိန်းမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ က သူတို့လက်ချက် ဟု ကြေညာလိုက်ပြီး သူတို့၏ အစွန်းရောက်နိုင်ငံရေးတောင်းဆိုမှုများအား မလိုက်လျောပါက တစ်ပတ်အတွင်း နောက်ထပ် ဖေါက်ကွဲမှု တစ်ခု ပြုလုပ်မည်ဟု သမ္မတအား ခြိမ်းခြောက်သတိပေးလိုက်သည်။

     “မဖြစ်နိုင်တာ “ ဟု ကျောင်းသားတစ်ဦးက ကန့်ကွက်သည်။ “အကြမ်းဖက်သမားတွေ ဆီမှာ ဗုံးလုပ်ဖို့ နည်းပညာမှ မရှိကြတာ 
      “ အဏုမြူဗုံးတစ်လုံး ဒီဇိုင်းလုပ်ဖို့ဆိုတာ အလွန်တော်မှ ဖြစ်တာ၊ အကြမ်းဖက်သမားတွေ ဒီပညာ မရနိုင်ပါဘူး ” နောက် တစ်ယောက်က ဆိုသည်။ 

         မဖြစ်နိုင်ဘူးတဲ့လား။ ဖြစ်နိုင်တယ်ဆိုရင်ကော။ လက်ဖြစ်အဏုမြူဗုံးတစ်လုံးဖြင့် မြို့ကြီးတစ်လုံးအား မီးလောင်တိုက်သွင်းမည့် အကြမ်းဖက်သမားတစ္ဆေက ကျွန်တော့ကို ခြောက်လှန့်စ ပြုလာသည်။ ဂျွန်မက်ဖီး၏ “စည်းနှောင်ထားသော စွမ်းအင်၏ ကောက်ကြောင်း ” စာအုပ်ကို ကျွန်တော် လှန်သည်။ ထိုစာအုပ်တွင် လော့စ်အလာမို့စ် နျူကလီယာ ရူပဗေဒပညာရှင်ဟောင်း တက်တေလာက ဆိုထားသည်မှာ အကြမ်းဖက်အုပ်စုတစ်စုသည် နျူကလီယာဓါတ်ပေါင်းဖိုတစ်ခုမှ ပလူတိုနီယမ် သို့မဟုတ် ယူရေနီယမ် ကို အလွယ်တကူ ခိုးယူနိုင်ပြီး အများပြည်သူရရှိနိုင်မည့် သတင်း အချက်အလက် နှင့်ပင် အဏုမြူဗုံးတစ်လုံး လုပ်ယူနိုင်သည် ဆိုပါကလား။ တေလာ၏ အဆိုအရ ပလူတိုနီယမ်မှ တစ်ပါး အခြားလိုအပ်သည့် ပစ္စည်းများကို ကုန်မာဆိုင် နှင့် ဓါတုပစ္စည်းဆိုင်များတွင် တရားဝင် ဝယ်ယူရရှိနိုင်သည် ဆိုပါလား။

      ရုတ်ချည်းပင် ခေါင်းထဲမှာ လက်ကနဲ ဖြစ်သွားသည်။ ပျှမ်းမျှ အဆင့်ရှိသူ သို့မဟုတ် ကျွန်တော်လို ပျှမ်းမျှအဆင့်အောက်ရှိသူ ရူပဗေဒကျောင်းသားတစ်ယောက်က ပေါက်ကွဲနိုင်သော အဏုမြူဗုံးတစ်လုံး စာရွက်ပေါ်တွင် တည်ဆောက်နိုင်သည် ဆိုပါစို့။ ဒါ - တေလာ၏ အဆိုကို အံ့စဖွယ်ထောက်ခံလိုက် ခြင်း ဖြစ်မည်။ ထို့ပြင် ပလူတိုနီယမ် သိုလှောင်ရုံများတွင်လည်း တင်းကြပ်သော စောင့်ကြပ်မှုများ ထားရှိရတော့ မည်ဖြစ်ကြောင်း အစိုးရအား ပြသလိုက်ခြင်း ဖြစ်မည်။ ကျွန်တော် ဗုံးလုပ်နိုင်သည် ဆိုလျှင် ဥာဏ်ကောင်းသူ မည်သူမဆို လုပ်နိုင်မည် မလွဲ။ ဤကိစ္စကို ကျွန်တော်၏ အငယ်တန်း ကိုယ်ပိုင်ပရောဂျက်အဖြစ် စာတမ်းတင်ရမည်။ သို့သော် သုံးလမကျော်ပဲ ပြီးအောင် လုပ်နိုင်မှ ဖြစ်မည်။ ဖရီးမင်းဒိုင်ဆန်ကို ကျွန်တော့ ကြီးကြပ်သူအဖြစ် ဆောင်ရွက်ခိုင်းရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။

      “ အစိုးရ လုံခြုံရေးကင်းလွှတ်မှု က တားဆီးထားတာ မင်းနားလည် တယ်နော် ” ဟု ဒိုင်ဆန်က ဆိုသည်။ “ ရူပဗေဒ စာကြည့်တိုက်တွေမှာ တွေ့နိုင်တာထက် ပိုပြီး ငါ့မှာ ဘာမှ ပိုပြီး ပြောခွင့် မရှိဘူး။ ပြီးတော့ နျူကလီယား လျှို့ဝှက်ချက်တွေ ဆိုင်ရာမှာ ကင်းလွတ်ခွင့် ရထားတဲ့ သိပ္ပံပညာရှင်တွေ ဟာ ရေငုံ နုတ်ပိတ် ဥပဒေ အရ ခံဝန်ထိုးထားရတယ်။ ဗုံးလုပ်နည်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဟုတ်တယ် မဟုတ်ဘူး ဘာမှ ဖြေလို့ မရဘူး ”
       “ ဟုတ်ကဲ့ ဆရာ၊ ကျွန်တော် နားလည်ပါတယ် ”
        “ အိုကေ.. ဒါဖြင့် အထွေထွေသဘောတရား ပြဋ္ဌာန်းစာအုပ် စာရင်း တစ်ခု ငါပေးမယ်။ ကံကောင်းပါစေကွာ ”
          ရူပဗေဒ ရုံးခန်းဠ် ကျွန်တော့် ပရောဂျက်ကို စာရင်းသွင်းသောအခါ ကျွန်တော့်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ခေါင်းစဉ်ကို အနိုင်နိုင် ရေးချရ၏။
    ဂျွန်အာရစ်စတိုတယ်ဖိလစ်
    ဒေါက်တာဖရီးမင်းဒိုင်ဆန် (ကြီးကြပ်သူ)
    “ အဏုမြူဗုံး ကိုယ်တိုင်လုပ်နည်း
     သုံး၊ လေးရက်ကြာသော် ဒိုင်ဆန်က စာအုပ်စာရင်းတိုလေးတစ်ခု ပေးသည်။ နျူကလီယာ ဓါတ်ပေါင်းဖို နည်းပညာ၊ အထွေထွေနျူကလီယာ ရူပဗေဒ နှင့် အက်တမ်ဆိုင်ရာ လက်ရှိသီအိုရီတို့ အကြောင်း စာအုပ်များ ဖြစ်သည်။ လမ်းညွှန်အမြောက်အများ မျှော်လင့်ထားသော ကျွန်တော့မှာ “ ဟင်…ဒါပဲလား  ” ဟု မယုံနိုင်စွာ မေးမိပါသည်။ 

     နောက်ပိုင်းတွင် ကြီးကြပ်သူနှင့် ကျောင်းသားတွေ့ဆုံရသည့် အခါတိုင်း ဒိုင်ဆန်သည် နျူကလီယာရူပဗေဒ ၏ အခြေခံသဘောတရားများကိုသာ ရှင်းပြပါသည်။ ကျွန်တော် တွက်ချက်ထားသည် များ အပေါ် သူ၏ တုံ့ပြန်မှုများမှာ နားလည်ခက်၍ခက်၍ လာပါသည်။ အသေးစိတ် တည်ဆောက်ပုံ သို့မဟုတ် တွက်ချက်ပုံကို မေးလိုက်သည်နှင့် ကျွန်တော်လုပ်ထားသည်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောနေသည့် အကြောင်းအရာကို ပြောင်းပစ်လိုက်တော့သည်။ ပထမတော့ ကျွန်တော်လုပ်ထားသည်မှာ မှန်ကန်ကြောင်း အာပတ်လွတ်ပြောနည်း တစ်မျိုးဟု ထင်ခဲ့သေး၏။ သေချာအောင် တမင်အမှားတွေ လုပ်ပြီး ပြပြန်တော့လည်း ဖတ်ကြည့်ပြီး မဆိုင်တာတွေ ပြောပါတော့သည်။

     နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျွန်တော် ဝါရှင်တန်သို့ သွားသည်။ ၁၉၅၄ နှင့် ၁၉၆၄ ခုနှစ် အတွင်းက လော့စ်အလာမို့စ်ပရောဂျက် မှတ်တမ်းများ ရှာဖွေရန် ဖြစ်သည်။ ထိုအချိန်တုန်းကတော့ လျှို့ဝှက်မှတ်တမ်းများပေါ့။ ထိုပရောဂျက်နှင့် ဆက်စပ်ခဲ့ကြသော သိပ္ပံပညာရှင်များထံ ၁၉၄၃ ခုနှစ် နွေရာသီတုန်းက ပေးသည့် စာတမ်းမိတ္တူတစ်ခု ကျွန်တော်တွေ့သည်။ “ လော့အလာ့မိုစ် အခြေခံသင်ပုန်းကြီး ” အမည်ရှိ ထိုစာတမ်းမှာ ၁၉၄၀ အစောပိုင်းနှစ်များ၏ အချွန်ဆုံးသိပ္ပံပညာရှင်များ သိရှိထားခဲ့ကြသည့် အက်တမ်ဖြိုခွဲပုံ အသေးစိတ် ကို ကျကျနန စီစဉ်ရေးသားထားခြင်း ဖြစ်သည်။ မိတ္တုတစ်စုံ ဆွဲရာ နှစ်ဆယ်ငါး ဒေါ်လာလောက် ကုန်သွားသည်။ စာရွက်တွေ သိမ်းကျူံးစုစည်း၍ အဝင်ဝ စားပွဲရှိ ဗျူရိုကရက် မမ တစ်ယောက်ထံ ကျွန်တော်သွားသည်။ ထိုမမက ခေါင်းစဉ်တွေကို ကြည့်ပြီး ကျွန်တော့ကို မော့ကြည့်သည်။

     “ သြော်…မင်းလည်း ဗုံးလုပ်ချင်သေးသကိုး ” ဟု ရိုးအီနေသည့် လေသံဖြင့် ဆိုလေ၏။
      ကျွန်တော် မယုံနိုင်ဖြစ်သွားရသည်။ ဗုံးလုပ်နည်း အချက်အလက်တွေ ရှာဖို့ ဒီနေရာကို လူတွေ နေ့တိုင်းလာနေကြသလား။ ဒိုင်ဆန်အား စာရွက်စာတမ်းတွေ ပြသည့်အခါ သူ သိသိသာသာ တုန်လှုပ်သွားသည်။ ထိုတုံ့ပြန်မှုက အလုပ်ဖြစ်နိုင်သည့် အခွင့်အလမ်းပေါ်သို့ ကျွန်တော် အမှန်တကယ် ရပ်မိနေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
     ကျွန်တော့်ဗုံးပေါက်ကွဲရန် လိုအပ်သည့်ပစ္စည်းမှာ ပလူတိုနီယမ် ၂၃၉ ဟုခေါ်သည့် လက်ဖြစ်အိုင်ဆိုတုပ် အလေးစားဖြစ်သည်။ ဗုံးကို ပုံပေါ်စေရန် ဤသို့ မြင်ယောက် ကြည့်ပါ။ ဘိခ်ျဘောလုံးထဲက ဘတ်စကက်ဘောလုံး ဟူ၍။ ဗုံးပေါက်ဖို့ စတင် အကောင်အထည်ပေါ်သူမှာ ဗုံးအလယ်ခေါင် တည့်တည့်က ဖန်ပေသီး ပမာဏရှိ သတ္တုခဲပင် ဖြစ်သည်။ ၄င်း၏ ပတ်လည်တွင် ဂရိတ်ဖရဲသီး အရွယ် ပလူတိုနီယမ် ၂၃၉ ရှိသည်။ ၄င်း၏ ပတ်လည်ကို ဘာရီလီယမ်( Beryllium) ဖြင့် လုပ်ထားသော သုံးလက်မ ရောင်ပြန်ပြားဖြင့် ကာကွယ်ထားသည်။ ရောင်ပြန်ပတ်လည် တွင် ပြင်းအားမြှင့် ပေါက်ကွဲ ပစ္စည်းများစီ၍ ထည့်ထားသည်။ ၄င်းတို့ကို ဖေါက်ခွဲလိုက်သည်နှင့် အတွင်းပေါက်ကွဲ တုန်ခါလှိုင်းတစ်ခု ဖြစ်တည်ကာ ဂရိတ်ဖရုသီး အရွယ် ပလူတိုနီယမ်အား ဆီးသီး အရွယ် ဖြစ်သွားအောင် ဖိညှစ်ပစ်လိုက်သည်။ ထိုအခိုက်မှာပင် အက်တမ်ပြိုကွဲမှု ဖြစ်စဉ် စတင်လေသည်။ 

       အဏုမြူဗုံးပေါက်ကွဲခြင်းတွင် ရှင်းပြဖို့ခက်သည့် အပိုင်းတွေ အများကြီး ရှိသည်။ အများစုမှာ ဘာရီလီယမ် ရောင်ပြန်ကို ဝန်းရံနေသည့် ဖေါက်ကွဲပစ္စည်း၏ ပေါက်ကွဲမှု ဖြစ်သည့် နေရာတွင် ရှိသည်။ ထိုပစ္စည်းစုသည် အဏုမြူဗုံး၏ အမြင့်ဆုံးသော လျှို့ဝှက်ချက်များထဲက တစ်ခု ဖြစ်သည်။ ကျွန်တော်အတွက်လည်း အကြီးမားဆုံးသော ပြဿနာဖြစ်သည်။
     ကျွန်တော့ စစ်ဆင်ရေး၏ အခြေစိုက်စခန်းမှာ “ အိုင်ဗီ” အမည်ရှိ အဆောင်ရှိ ဒုတိယထပ်က အခန်းကျဉ်းကလေး ဖြစ်သည်။ အခန်းအလယ်ရှိ စားပွဲကြီးအား စာအုပ်တွေ၊ ဂဏန်းပေါင်းစက်တွေ၊ ပုံဆွဲစာရွက်တွေ၊ မှတ်စုစာရွက်တွေ ဖြင့် ဖုံးလွှမ်းထားသည်။ ကျွန်တော့ အိပ်ယာကြမ်းပြင်ပေါ်မှာ ဖြန့်လျက်သား ရှိသည်။ နောက်သုံးပါတ် ကုန်ဆုံးသွားသောအခါ ကျွန်တော် အတန်းတွေ မတက်တော့ဘဲ နေ့ရောညပါ အလုပ်လုပ်သည်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး မရိတ်မသင်ဘဲ ပေရေ စုတ်ပြတ်လာသော ကျွန်တော့ပုံကြောင့် အိုင်ဗီအဆောင်သားတွေက ကျွန်တော့အား တေလေ ဟု ခေါ်လာကြသည်။ မျက်လုံးတွေလဲ နီရဲလာသည်။ မအိပ်ဘဲ နေသည်က များ၏။

      ပြဿနာတိုင်းအား အကြမ်းဖက်သမား၏ ရှုဒေါင့်မှ ကျွန်တော် ချဉ်းကပ်သည်။ ဗုံးသည် တည်ဆောက်ဖို့ ဈေးပေါရမည်။ ပုံစံ ရိုးစင်းရမည်။ ကားတစ်စင်း၏ နောက်ဖုံးထဲ သို့မဟုတ် စွန့်ပစ်ထားသော နောက်တွဲယာဉ်ထဲတွင် အမှတ်တမဲ့ ထည့်ထားနိုင်လောက်အောင် သေးငယ်ရမည်။
     ကော်ဖီခွက်များ၊ အသားညှပ်မုန့်များ ဖြင့် နေ့တွေ၊ ညတွေ ကုန်သွားခဲ့သည်။ လျှို့ဝှက်ဆဲ နည်းပညာဒေသကို ညွှန်ပြနိုင်မည့် ဟာကွက်တွေများ တွေ့လေမလားဟူ၍ မှတ်တမ်းတွေ ကို စေ့စေ့စပ်စပ် ကြည့်သည်။ အမှန်တော့ ကျွန်တော့မှာ ရုပ်ပုံကားဆက် ပဟေဠိအကြီးစားတစ်ခုကို ပုံဖေါ်ကြည့်နေခြင်းသာ ဖြစ်သည်။ အရံရုပ်ပုံကွက်တွေတော့ ရနေပြီ။ နေရာအများအပြား ဖြည့်၍ရလာပြီ။ သို့သော် အချို့ရုပ်ပုံကွက် တွေက ပျောက်ဆုံးနေဆဲ။ ရုပ်ပုံကွက် ပုံကြမ်းတစ်ခုပေါ်တိုင်း ကော်ဖီဗူးကို ဆုပ်ကာ ကွက်လပ်ဖြည့်နိုင်အောင် ထိုင်၍ ကြံဆနေရ၏။

     ရက်သတ္တနှစ်ပတ်ကုန်သောအခါ ပဟေဠိမှာ ပြီးစီးလုနီး ဖြစ်နေပြီ။ သို့သော် အစိတ်အပိုင်း နှစ်ခုကား ပျောက်ဆုံးနေဆဲပင်။ ဘယ်ဖေါက်ခွဲပစ္စည်းကို သုံးမလဲ။ ပလူတိုနီယမ် ပတ်လည်မှာ ဘယ်လိုနေရာ ချမလဲ။
     ဖေါက်ခွဲပစ္စည်းများကို ရောင်ပြန်ပတ်လည် တွင် ထူထူပတ်၍ ထည့်လျှင် အလုပ်ဖြစ်နိုင်ကြောင်း ကျွန်တော် ဖတ်မိသည်။ သို့သော် တစ်ညလုံး တွက်ချက်ပြီး ဤနည်းလည်း အောင်မြင်သော ပေါက်ကွဲမှုလှိုင်း ဖြစ်ပေါ်အောင် လုံလောက်သော အာမခံချက်မပေးနိုင်ကြောင်း ကောက်ချက်ချမိသည်။ ကျွန်တော့မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေလေသည်။
     နှိုးစက်နာရီသည် စားပွဲပေါ်က လိမ့်ကျပြီး ကွဲသွားသည်။ တစ်ခုခု ကို အပြင်းအထန် တက်သုတ်ရိုက်ရတော့ မည့် လက္ခဏာဟု ကျွန်တော မှတ်ယူလိုက်ပြီး အစက ပြန်စကြည့်သည်။ ပြီးခဲ့သည့် တွက်ချက်မှုများတွင် အမှား အယွင်းတွေ ဟိုနေရာ သည်နေရာ တွေ့ရသည်။ ကျွန်တော်ပြန်ပြင်၏။ အချိန်ကို ကျွန်တော် မသိတော့ပြီ။
     စာတမ်းတင်ဖို့ အချိန်စေ့ရန် နှစ်ဆယ့်လေးနာရီပင် မပြည့်တော့။ အပြေးအလွှား အသစ်ပြန်တွက်သည်။ ပလူတိုနီယမ် ကို ဝန်းရံထားမည့် ပစ္စည်းတွေ၏ အနေအထားကို သင်္ချာနည်းဖြင့် တွက်ထုတ်သည်။ ကျွန်တော့သင်္ချာ ညီမျှခြင်းတွေသာ မှန်ကန်ပါက ကျွန်တော့ဗုံးသည် ဟီရိုရှီးမား နှင့် နာဂါစာကီ တွင် ကြဲသည့် ဗုံးကဲ့သို့ပင် ထိရောက်လိမ့်မည်။ သို့သော် ကျွန်တော် သုံးစွဲမည့် ဖေါက်ခွဲပစ္စည်းများ၏ တိကျသော သဘာဝ ကို မသိရသေးဘဲ နှင့်တော့ သေချာပေါက် မပြောနိုင်သေး။

      နောက်တစ်နေ့မနက်။ ကျွန်တော့စာတမ်းမှာ ညနေငါးနာရီတွင် အပြီးတင်ရမည် ဖြစ်သည်။ ဒူးပွန့်ကုမ္ပဏီ သို့ ဖုန်းဆက်ပြီး ဓါတုပေါက်ကွဲ ပစ္စည်းဌာန အကြီးအကဲ( မစ္စတာဂရေ့ဟု ဆိုပါစို့) နှင့် တွေ့ခွင့်တောင်းလိုက်သည်။ သူ့ဆီက အသေးငယ်ဆုံး လမ်းညွှန်မှုရလျှင်ပင် ကျန်တာကို ကျွန်တော့ဘာသာ တွက်ထုတ် နိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင်တော့ ကျွန်တော်သွားပြီ။

      “ ဟဲလို…မစ္စတာဂရေ့၊ ကျွန်တော် ဂျွန်ဖိလစ်ပါ။ ပရစ်စတန်က ကျောင်းသားတစ်ယောက်ပါ။ ရူပဗေဒ ပရောဂျက်တစ်ခု လုပ်နေပါတယ်။ ဖြစ်နိုင်ရင် ခင်ဗျား အကြံဥာဏ်ရချင်ပါတယ်။ ”
     “ ကိုယ်ဘာလုပ်ပေးနိုင်သလဲ။”
       “ ဟုတ်ကဲ့ ” ကျွန်တော် အထစ်ထစ်အငေါ့ငေါ့ ဖြင့် ပြောရ၏။  “ ဘောလုံးပုံသတ္တုထဲမှာ သိပ်သည်းမှု မြင့်သွားအောင် လုပ်နိုင်တဲ့ ပေါက်ကွဲ ပစ္စည်းရဲ့ ပုံဖေါ်ဖို့ ကျွန်တော် သုတေသန လုပ်နေပါတယ်။ အဲဒါမျိုးနဲ့ အံဝင်မယ့် ဒျူးပွန့် ပစ္စည်းများ ရှိပါသလား ။ ”
       “ ရှိသပေါ့ မောင်ရာ ” ဟု သူက ကူညီချင်သော လေသံ ဖြင့် ဖြေသည်။
        သူ သံသယ ဝင်သလား…ကျွန်တော်မသိပါ။ သို့သော် ကျွန်တော် ညာဖို့ ဆုံးဖြတ်လိုက်သည်။  “ ပါမောက္ခတစ်ယောက် ပြောတာကတော့ ရိုးရိုးပေါက်ကွဲ ပစ္စည်းအထူတစ်ခုကို သိပ်သည်းဆမြင့် အခြေအနေမှာ သုံးလို့ရတယ်တဲ့ ”
         “ မဟုတ်ဘူး။အဲဒါကျောက်ခေတ်တုန်းက သုံးတဲ့ပစ္စည်း ၊ မင်းပြောတဲ့ သိပ်သည်းဆ ပြဿနာအတွက် ( ပစ္စည်းအမည်ကို သူပြောသည်) ကို ကိုယ်တို့ ရောင်းပါတယ် ။”
          ဖုန်းချလိုက် ပြီးသော် ကျွန်တော် ပျော်ရွှင်စွာ ဝူးကနဲ တစ်ချက်အော် လိုက်သည်။ ကျွန်တော်လိုနေသည့် အချက်ကို မစ္စတာဂရေ့က ပေးလိုက်ပြီ။ ကဲ…အခု ကျွန်တော့် တွက်ချက်မှုတွေက အချက်အလက် အသစ် နှင့် အံဝင်ခွင်ကျ မှန်ကန်နေခဲ့သော် ကျွန်တော် လုပ်စရာရှိသည် မှာ ညနေငါးနာရီ တွင် စာတမ်းကို အပြီးသတ်ဖို့ပင် ဖြစ်သည်။

       ငါးနာရီထိုးရန် ငါးမိနစ်အလို။

       ရူပဗေဒဌာနသို့ ကျွန်တော် ကသောကမျော ပြေးရသည်။ လှေကားထစ်တွေကို အမြန်ခုန်ကျော်သည်။ ရုံးခန်းထဲ ရောက်သောအခါ လူတိုင်းလူတိုင်း စကားရပ်ပြော၍ ကျွန်တော့ကို ကြည့်နေကြသည်။ ကျွန်တော် မုတ်ဆိတ်မွှေး မရိတ်သည်မှာ အတန်ကြာပြီ။
        “မင့် မုတ်ဆိတ်ရိတ်ဓါးများ ကျိုးသွားသလား လူကလေးရယ်” ဟု ဌာနကိုယ်ရေးအရာရှိများထဲက တစ်ယောက်က မေး၏။
         “ ကျွန်တော့ ပရောဂျက်ကို လာပို့တာပါ ခင်ဗျာ၊ မုတ်ဆိတ်ရိတ်ဖို့ အချိန်မရခဲ့ပါဘူး၊ ဝမ်းနည်းပါတယ်”

         တစ်ပတ်ကြာပြီးသော် ကျွန်တော့ ပရောဂျက်ကို ပြန်ယူရန် ရူပဗေဒ ဌာနသို့ ပြန်သွားသည်။ အတွေးတစ်ခုက  ခံနေ၏။ အကယ်၍ ကျွန်တော် ပေါက်ကွဲမှုလှိုင်းကို မှန်ကန်စွာ မခန့်မှန်းနိုင်ခဲ့လျှင် သို့မဟုတ် ဂရပ်ဆွဲရာ တွင် တစ်နေရာရာတွင် မှားယွင်းခဲ့မိလျှင် … ပရစ်စတန်မှာ ကျွန်တော့်ဘဝ ပြီးဆုံး သွားပါပြီ။ ထွက်တော်မူနန်းက ခွါရုံသာ ရှိတော့မည်။
      ကိုယ်ရေးအရာရှိတစ်ယောက်က စာရွက်ပုံကို ညွှန်သည်။ ကျွန်တော် လှန်လျောရှာဖွေ၏။ သို့ရာတွင် ကျွန်တော့်စာတမ်းကို မတွေ့။ ကျွန်တော် အသေအချာရှာသည်။ ကျွန်တော့စာတမ်းကား ထိုနေရာ တွင် မရှိတော့။
       ကိုယ်စိတ်နှစ်ပါး တည်ငြိမ်အောင် ကြိုးစားရင်း စာတမ်းအားလုံး အမှတ်ပေးပြီး မပြီး မေးလိုက်၏။
       “ ပေးပြီးပြီလေ ” ဟု သူမက ဆိုသည်။
        အခန်းဆီသို့ ကျွန်တော်ဖြည်းလေးစွာ ပြန်လာသည်။ ကိုယ့်စာတမ်း ကိုယ်မတွေ့ရခြင်းမှာ တစ်ခုခု မှားသွားခဲ့၍ သာ ဖြစ်ရပေတော့မည်။
        နောက်သုံးလေးရက်ကြာသော် ရူပဗေဒဌာန ရုံးခန်းသို့ ကျွန်တော် ပြန်သွားသည်။ ဌာနအကြီးအကဲ အား ခဏတဖြုတ် တွေ့ရလိုတွေ့ရငြား သဘောဖြင့် ဖြစ်သည်။ ကိုယ်ရေးအရာရှိက ကျွန်တော့ကို မော့ကြည့်ပြီး တောင့်တောင့်ကြီး ဖြစ်သွား၏။
         “ မင်း …ဂျွန်ဖိလစ်လား ”
          “ ဟုတ်ပါတယ် ”
           “ အဏုမြူဗုံး ဒီဇိုင်းလုပ်တဲ့ ကောင်လေး မဟုတ်လား ”
           “ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့ စာတမ်းက….”
           အမျိုးသမီးက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။
       “ ဌာနမှာတော့ ပြဿနာတက်နေပြီ၊ မင့် စာတမ်းကို အမေရိကန်အစိုးရ ရဲ့ လျှို့ဝှက်စာတမ်းဖြစ်သင့် မသင့် စကားပြောနေကြလေရဲ့။ ”
       “ ခင်ဗျာ.. လျှို့ဝှက်စာတမ်း..”
       သူမက တွဲလောင်းကျနေသော ပျော့တိပျော့ဖတ် ကျွန်တော့် လက်ကို ဆွဲယူကာ စိတ်အားထက်သန်စွာ လှုပ်ရမ်းလေသည်။ “ ဂုဏ်ယူပါတယ်ကွယ် ” ဟု ပြောလိုက်သော သူ့မျက်နှာ မှာ ပြုံးပန်းတွေ ဝေသည်။ “ ဌာနရဲ့ အေ အဆင့်တွေ ထဲက တစ်ယောက်ဖြစ်သွားပြီနော်၊ ဒေါက်တာဝစ်ဂနာ က အခု ချက်ခြင်းကို တွေ့ချင်နေတာ၊ မင်း လုပ်ထားတာ သိပ်ကောင်းတာပဲလို့ ပြောနေကြတယ်။ ပြီးတော့ ဒေါက်တာဒိုင်ဆန် လည်း မင်းကို ရှာနေတာ ဒေါင်းတောက်နေပြီ။ ”

     တစ်ခဏတော့ ကျွန်တော ဘာမှ မပြောနိုင်ပါ။ ထို့နောက်တော့ ကျွန်တော် ဘာဖြစ်သွားမှန်းပင် မသိပါ။ ကြည်နူးဝမ်းမြောက်ခြင်း ပလုံစီများက ကျွန်တော့ လည်ချောင်းမှာ တရွရွ ဖြစ်နေကြသည်။ ဟောသည်မှာ…လူထောင်ပေါင်းများစွာ သေကြေနိုင်သည့် ကိရိယာတစ်ခုကို ကျွန်တော စာရွက်ပေါ်တင်ပြီးခဲပြီ။ ပြီးတော့ ကျွန်တော် အကြောက်ဆုံးအရာအားလုံးလည်း ပျက်ပြယ်သွားခဲ့ပါပြီ။ 

(How I Designed An A-Bomb In My Junior Year At Princeton- By John Aristotle Phillips and David Michaclis)

No comments:

Post a Comment