Monday, April 21, 2014

မောင်သာမည- ရင့်ကျက်မှုအတွက် ကွင်းဆက်များ ( ၁ )



( ဆရာမောင်သာမည ပြန်ဆိုပြုစုသော “ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ” စာအုပ်လေးကို ကောက်နုတ်ကူးယူတင်ပြလိုပါတယ်။ စာအုပ်ကို “Plastic Rainbow Publishing” စာအုပ်တိုက်မှ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အဓိကပြဿနာများမှာ ဦးဆောင်သူများ အပြင် နောက်လိုက်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှုကြောင့် ဖြစ်ပွါးနေသည်ဟု ထင်မြင်ယူဆပါသည်။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်းကို အောက်တွင် ရေးသားထားသည့် ကောက်နုတ်ချက်များကို ဖတ်ရှူပြီး စာဖတ်သူတို့ ဆက်လက်တွေးတောကြည့်ပါတော….။   )

ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ
မောင်သာမည
( Ref: Criteria of Maturity by Harry A. Overstreet )

ရင့်ကျက်ခြင်း
အောက်စဖို့အဘိဓါန်က “ရင့်ကျက်ခြင်း”ဟူသော စကားလုံးကို ချင့်ချင့်ချိန်ချိန် ပြုမူဆောင်ရွက်တတ်မှု၊ လျော်ကန်သင့်မြတ်သော ချင့်ချိန်တတ်မှု၊ ပြည့်ဝသော ဖွံ့ဖြိုးသော တိုးတက်မှု၊ ရင့်မှည့်မှု၊ လျော်ကန်သင့်မြတ်သော သွက်လက်ချက်ချာမှု၊ ပြီးပြည့်စုံသောအဖြစ်၊ ပြည့်ဝသောအဖြစ်၊ အဆင်သင့် အရံသင့်ဖြစ်မှု စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

လူ့အဖွဲ့စည်းတစ်ခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့ နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿနပါမောက္ခ ဟာရီအိုဗာစထရိ ( Harry Overstreet ) က ကောက်ချက်ချပါတယ်။ လူတစ်ယောက်ဟာ အသက်အရွယ်အားဖြင့် လူကြီးတစ်ယောက် ဖြစ်လာပေမယ့် စိတ်ဓါတ်နဲ့ အသိဥာဏ်ပိုင်းဆိုင်ရာမှာ လူ့လောကအတွက် ကလေးသူငယ်တစ်ယောက်လိုပဲ ဖြစ်နေဦးမယ်ဆိုရင်၊ လူ့လောကအတွက် ရန်အများဆုံးခြိမ်းခြောက်မှု တစ်ခုပဲလို့၊ ဆိုလိုချင်ပုံရပါတယ်။

လူတစ်ယောက်ဟာ အသက်အရွယ်ကြီးလာတဲ့အခါ သြဇာရှိတဲ့သူလည်း ဖြစ်လာပါတယ်။ မိဘတစ်ယောက် ဖြစ်လာမယ်။ ဆရာတစ်ယောက်ဖြစ်လာမယ်။ အလုပ်ရှင်တစ်ယောက်ဖြစ်လာမယ်။ အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ်။ အရာရှိတစ်ယောက်ဖြစ်လာမယ်။ တစ်စုံတစ်ယောက် အပေါ်မှာတော့ သြဇာရှိနေမှာ ဧကန်ပါ။ ဘယ်သူ့အပေါ်မှာမှ သြဇာမရှိဘူးဆိုတဲ့ လူကြီးက မရှိသလောက်ရှားပါတယ်။ ဒါကြောင့် လူကြီးတစ်ယောက်ရဲ့စိတ်ဓါတ်ဟာ ကလေးသူငယ်အဆင့်မှာပဲ ရပ်တန့်နေမယ်ဆိုရင်၊ အဲသည်မဖွံ့ဖြိုးတဲ့ စိတ်ဓါတ်ကြောင့် သူ့သြဇာလွှမ်းမိုးမှု အောက်ကလူတွေ ဘယ်လောက်ဒုက္ခခံရမလဲ။

ဆရာကြီး အိုဗါစထရိက ရင့်ကျက်သောစိတ်အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ သည်စာအုပ်မှာ အဓိကထားတင်ပြထားတာက ရင့်ကျက်မှုဆိုင်ရာ ကွင်းဆက်သဘောတရား ( The Linkage Theory of Maturity ) ဖြစ်ပါတယ်။ သည်သဘောတရားကို ရှင်းပြရင်းနဲ့ ရင့်ကျက်သူဖြစ်လာဖို့အတွက် တည်ဆောက်ယူရမယ့် ကွင်းဆက်ခြောက်ခုကို သူဖေါ်ထုတ်ခဲ့ပါတယ်။ သည်ကွင်းဆက်တွေက ဘဝနဲ့ ဆက်စပ်တဲ့ ကွင်းဆက်တွေပါ။

ကွင်းဆက် ( ၆ ) ခု
၁) အသိဥာဏ်ကွင်းဆက်
၂) တာဝန်ကွင်းဆက်
၃) အပြောအဆိုကွင်းဆက်
၎) လိင်မှုကွင်းဆက်
၅) ကိုယ်ချင်းစာမှုကွင်းဆက်
၆) ဒဿနကွင်းဆက်

၁) အသိဥာဏ်ကွင်းဆက်

ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့် သက်ဆိုင်ပါသည်။ သစ်ပင်ပန်းပင်တို့၏ အမည်နာမနှင့် သဘာဝတို့ကို သိဖို့လိုအပ်သည့် ဘဝမျိုးတွင် နေထိုင်ရပါလျက်၊ သိဖို့ မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရပါမည်။ တစ်ဖန် တကယ်မသိပါဘဲလျက် သိသယောင် ဟန်ဆောင်နေလျှင်လည်း ထိုသူကို မရင့်ကျက်သူဟုပင် ဆိုရပါလိမ့်မည်။ တစ်ဖန် ကိုယ်က မသိသောကြောင့် ကိုယ်က မသိသည့် ပညာတို့ကို၊ တန်ဖိုးမရှိသည့် ပညာတွေပါဟု နှိမ့်ချပြောဆိုလျှင်လည်း ထိုသူကို မရင့်ကျက်သူဟုပင် ခေါ်ဆိုရပါလိမ့်မည်။

          သိလည်းသိသင့်သည့်အရာကို သိလည်းသိနိုင်ပါလျက်၊ မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက်ဖျက် ပိတ်ပင်ခြင်းသည်၊ မိမိရှင်သန်ကျင်လည်ရသည့် ပတ်ဝန်းကျင်ကမ္ဘာကြီးနှင့် ပတ်သက်၍၊ ဂရုမထား အရေးမစိုက်သည့် သဘောထားဖြစ်ပါသည်။ ထိုသဘေားထားမျိုးရှိသူကို မရင့်ကျက်သေးသူဟု ခေါ်ရပါမည်။ 

          လူတစ်ယောက်သည် အသိစိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတို့၌ ရင့်ကျက်မှုကို ရရှိလိုသည်ဆိုလျှင် “အသိပညာကွင်းဆက်” ကို စဉ်ဆက်မပြတ် တည်ဆောက်နေရပါမည်။
          အသိပညာကွင်းဆက်ကို တည်ဆောက်ရန်နှင့် ဘဝတစ်လျှောက်လုံး ဆက်လက်တည်ဆောက်နေရန် ပျက်ကွက်ခြင်းသည်၊ မိမိ၏ အတွင်းအဇ္ဈတ္တရှိ အကြောင်းအရင်းများနှင့် တစ်ပိုင်းသက်ဆိုင်ပြီး၊ အပြင်ဗဟိဒ္ဓိ အကြောင်းအရင်းများနှင့် တစ်ပိုင်းသက်ဆိုင်ပါသည်။

No comments:

Post a Comment