မာဂျူ့ဟာ ကုန်းတွင်းပိုင်းမြို့ငယ်လေးတစ်ခုရှိ အစိုးရဌာနတစ်ခုမှာ
ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်ပါတယ်။ တိုင်းပြည်ရဲ့စီးပွါးရေး ကျဆင်းနေပြီး၊ သူ့အတွက်
ဒီအလုပ်ထက်ပိုကောင်းမယ့် အခြားအလုပ်တစ်ခုရဖို့လည်း မျှော်လင့်ချက် မရှိပါဘူး။ တစ်နေ့ကိုရှစ်နာရီလုပ်ကိုင်ပြီး၊
ညနေပိုင်းတွေ ရုံးပိတ်ရက်တွေမှာ သူ တစ်ယောက်ထဲ တီဗွီကြည့်ပြီး အချိန်ဖြုန်းနေရပါတယ်။
နေ့လည်ခင်းတစ်ခုမှာတော့
တိုက်ကြက်နှစ်ကောင် ခွပ်နေတာကို တွေ့ပါတယ်။ ကြက်တွေကို သနားပြီး၊ အလယ်ခေါင်ဝိုင်းထဲဝင်ပြီး
ဖျင်လိုက်ပါတယ်။ သူ့လုပ်ရပ်ဟာ ကြက်ပွဲကို ရပ်လိုက်သလို အနှောက်အယှက်ဖြစ်သွားတယ်ဆိုတာ
သူ မသိပါဘူး။ ဒေါသထွက်နေတဲ့ပွဲကြည့်သူတွေ မာဂျူ့ကို ရန်ပြုပါတော့တယ်။ ပွဲကြည့်သူတစ်ယောက်က
သူ့ကို သတ်မယ်လို့ ချိမ်းခြောက်ပါတယ်။ အကြောင်းက သူ့ရဲ့တိုက်ကြက် နိုင်ခါနီးအခြေအနေမှာ
ပွဲပျက်သွားလို့ ပိုက်ဆံအမြောက်အများ ဆုံးသွားပါပြီ။
မာဂျူ့ကြောက်လန့်ပြီးတော့
မြို့မှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မာဂျူ့အလုပ်ကို ရောက်မလာတဲ့အခါ လူတွေ အံသြပေမယ့်
သူ့နေရာကို အစားထိုးလုပ်ကိုင်မယ့် အခြားလူတွေ ရှိတာကြောင့် သူ့ကို မကြာမှီမှာ မေ့ပျောက်သွားကြပါတယ်။
သုံးရက်လောက်ခရီးသွားပြီးနောက်
မာဂျူ့ တံငါသည်တစ်ယောက်နဲ့ တွေ့ပါတယ်။
တံငါသည်က
မာဂျူ့ကို ဘယ်သွားမလဲလို့ မေးပါတယ်။
“ငါ မသိဘူး။”
မာဂျူ့ရဲ့အခြေအနေကို
သိသွားတဲ့အခါ တံငါသည်က သူ့ကို အိမ်ခေါ်လာပါတယ်။ တစ်ညတာ စကားပြောဆိုအပြီး မာဂျူ့ စာရေး၊
စာဖတ် တတ်တယ်ဆိုတာကို တံငါသည် သိသွားပါတယ်။ ဒါကြောင့် သူ့ကို ကမ်းလှမ်းချက်တစ်ခုလုပ်ပါတယ်။
တံငါသည်က တံငါပညာကို မာဂျူ့ကို သင်ပေးမယ်။ မာဂျူ့က စာရေး၊ စာဖတ်ပညာကို ပြန်သင်ပေးရပါမယ်။
မာဂျူ့ တံငါအလုပ်ကို
လေ့လာသင်ကြားပါတယ်။ ငါးတွေ ရောင်းပြီး ငွေတွေရလာတဲ့အခါ စာအုပ်တွေဝယ်ပါတယ်။ ထိုစာအုပ်တွေနဲ့
တံငါသည်ကို စာသင်ပေးပါတယ်။ စာအုပ်တွေကို ဖတ်ရှူရင်း ယခင်တုန်းက မသိခဲ့တာတွေကို သူ သိလာပါတယ်။
ဥပမာအားဖြင့်
စာအုပ်တစ်အုပ်မှာ လက်သမားပညာကို ရေးထားပါတယ်။ ဒါကြောင့် မာဂျူ့အလုပ်ရုံလေးတစ်ရုံကို
ထူထောင်လိုက်ပါတယ်။
တံငါသည်နဲ့မာဂျူ့ဟာ
ဆူးဆောက်ကိရိယာတွေဝယ်ပါတယ်။ စားပွဲတွေ၊ ကုလားထိုင်တွေ၊ ငါးဖမ်းကိရိယာစင်တွေ သူတို့
လုပ်ကြပါတယ်။
နှစ်ပေါင်းများစွာ
အချိန်တွေကုန်ဆုံးသွားပါတယ်။ သူတို့နှစ်ယောက် ငါးဖမ်းတယ်။ အခြားအချိန်တွေမှာ မြစ်ကို
စောင့်ကြည့်ပြီး သဘာဝတရားကို သင်ယူကြပါတယ်။ သူတို့နှစ်ဦး လေ့လာသင်ကြားခြင်းကိုလည်း
ဆက်လက်လုပ်ကိုင်ကြပါတယ်။ သူတို့နှစ်ဦးဖတ်ကြတဲ့စာအုပ်တွေက လူသားတွေရဲ့စိတ်ဝိဥာဉ်တွေကို
သင်ပြပေးပါတယ်။ လက်သမားအလုပ်တွေကို နှစ်ဦးသား ဆက်လက်လုပ်ကြပါတယ်။ ကိုယ်ကာယအလုပ်တွေကြောင့်
ကျမ်းမာသန်စွမ်းကြပါတယ်။
ဖေါက်သည်တွေနဲ့
ဆက်ဆံရတာကို မာဂျူ့ကြိုက်နှစ်သက်ပါတယ်။ မာဂျူ့ဟာ ကျန်းမာသန်စွမ်းပါတယ်။ ယဉ်ကျေးပျူငှာပြီး၊
ဥာဏ်ပညာလည်း ရှိပါတယ်။ လူတွေ သူ့ဆီလာပြီး အကြံဥာဏ်တွေ တောင်းခံကြပါတယ်။ မြို့ဟာ တိုးတက်ဖွံ့ဖြိုးလာပါတယ်။
မာဂျူ့ လူတွေရဲ့ ပြဿနာတွေကို ရှင်းလင်းပေးနေတာကို လူတိုင်းမြင်တွေ့ရပါတယ်။
မြို့မှလူငယ်တွေဟာ
မာဂျူ့နဲ့တံငါသည်တို့နဲ့ ပူးပေါင်းပြီး လေ့လာသင်ကြားကြပါတယ်။ သူတို့ကိုယ် သူတို့ ပညာရှိနှစ်ယောက်ရဲ့တပည့်တွေလို့
ပြောတတ်ကြပါတယ်။ တစ်နေ့မှာတော့ လူငယ်တစ်ဦးမှ မာဂျူ့ကို မေးပါတယ်။
“အသိပညာကို
ရှာဖွေဖို့အတွက် အရာရာကို စွန့်ခဲ့ရပါသလား။”
“မဟုတ်ရပါဘူးကွာ။
ငါ့ကို သတ်မှာစိုးလို့ ငါနေတဲ့မြို့က ထွက်ပြေးလာတာပါကွ။”လို့ မာဂျူ့ဖြေလိုက်ပါတယ်။
သို့သော်လည်း
တပည့်ဟာ အရေးပါတဲ့အရာတွေကို ဆွေးနွေးမေးမြန်းနိုင်ခဲ့ပါတယ်။ အခြားလူတွေကိုလည်း အဲဒီအသိတွေ
ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ ကျော်ကြားတဲ့အတ္ထုပ္ပတိပြုစုသူဟာ ပညာရှိနှစ်ဦးရဲ့အတ္ထုပ္ပတိကို
ပြုစုဖို့မေးမြန်းပါတယ်။ မာဂျူ့နဲ့ တံငါသည်ဟာ လိုအပ်တဲ့အချက်အလက်တွေကို ဖြေကြားပေးပါတယ်။
“ဆရာတို့
ဥာဏ်ပညာကို ဘယ်လိုရလာတယ်ဆိုတဲ့အချက်အလက်တွေကို ကျွန်တော် မတွေ့ရဘူး” လို့ သူက မေးပါတယ်။
“မင်း ထင်တာမှန်ပါတယ်။
အဲဒီလိုအချက်တွေ မရှိပါဘူးလေ။ ငါတို့ဘဝမှာ ထူးထူးခြားခြား ဖြစ်ပျက်တယ်ဆိုတာ ဘာမှမရှိခဲ့ဘူးလေ။”
အတ္ထုပ္ပတိပြုစုသူဟာ
ငါးလတာ စာအုပ်ကို ရေးသားပြုစုပါတယ်။ စာအုပ်ထုတ်ဝေပြီးချိန်မှာ အရမ်းရောင်းကောင်းသွားပါတယ်။
စာအုပ်မှာရေးထားခဲ့တာက လူနှစ်ယောက် အသိပညာကို ရှာဖွေပုံ ခရီးစဉ်ပါ။ သူတို့မှာ ရှိတာအားလုံးကို
စွန့်လွှတ်ပြီး ကြီးကျယ်စွာရှာဖွေခဲ့တဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဉ်ပါ။ ခက်ခဲစွာရှာဖွေခဲ့တယ်။
နောက်ဆုံးမှာ ဖုံးကွယ်နေတဲ့ လျှို့ဝှက်ဆရာသခင်တွေကို တွေ့ရှိခဲ့ပုံ ရေးသားထားပါတယ်။
“အဲဒီလို
လုံးဝမဟုတ်ခဲ့ပါဘူး။” လို့ စာအုပ်ကို ဖတ်ပြီးနောက် မာဂျူ့ပြောလိုက်ပါတယ်။
“သူတော်စင်တွေဆို
စိတ်လှုပ်ရှားဖွယ်ဘဝတွေ ရှိရမယ်လေ”လို့ စာအုပ်ပြုစုသူက ပြောပါတယ်။
“ပုံပြင်ဆိုတာ
တစ်ခုခုကို သင်ပေးရမှာပေါ့။ တကယ့်အစစ်အမှန်ဘဝက ဘာမှ မသင်ပေးပါဘူး။”
မာဂျူ့ ထိုသူနဲ့
ဆက်လက်ငြင်းခုံ မနေတော့ပါဘူး။ တကယ့်အစစ်အမှန်တရားဟာ လူတစ်ဦး သိချင်တာမှန်သမျှကို သင်ကြားပေးပါတယ်။
ဒါပေမယ့် ဒါကို ရှင်းပြဖို့ ဘာမှ မထူးတော့ပါဘူး။
“အရှူးတွေကိုတော့
သူတို့ရဲ့စိတ်ကူးယဉ်ဘဝထဲမှာ ထားလိုက်ပါတော့” လို့ မာဂျူ့ တံငါသည်ကို ပြောလိုက်ပါတယ်။
သူတို့ စာတွေ
ဆက်ဖတ်ပါတယ်။ ဆက်ရေးပါတယ်။ ငါးတွေကို ဆက်ဖမ်းပြီး၊ ပရိဘောဂတွေလည်း ဆက်လုပ်ကြပါတယ်။ သူတို့ရဲ့တပည့်တွေကို ဆက်လက်သင်ကြားပေးပါတယ်။ ကောင်းမှုတွေကို
လုပ်ဖို့ ဆက်လက်ပြောပြနေပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ကတိကဝတ်တစ်ခုကိုတော့ ချမှတ်ထားလိုက်ပါတယ်။
ဘယ်တော့မှ သူတော်စင်တွေရဲ့ဘဝအကြောင်းစာအုပ်တွေကို မဖတ်တော့ဖို့ပါ။ ဒီစာအုပ်တွေကိုရေးသားတဲ့သူတွေဟာ
အင်မတန်ရိုးရှင်းလှတဲ့အမှန်တရားလေးကို နားမလည်ပါဘူး။ သာမာန်လူတစ်ဦးရဲ့ဘဝမှာ လုပ်ကိုင်တဲ့
အရာရာကြောင့် ဘုရားသခင်နဲ့ နီးကပ်စေပါတယ်။
( ဆူဖီပုံပြင်တစ်ပုဒ်ကို မှီးငြမ်းပါသည်။ )
No comments:
Post a Comment