Saturday, April 19, 2014

စစ်ကိုင်းဦးဖိုးသင်း - ကိုယ်တိုင်ရေးအတ္ထုပ္ပတိ



နိုင်ငံရေးသဘာဝ
        
နိုင်ငံရေးမှာ အလွန်အသိဥာဏ်လိုလေသည်။ ငွေရှိရုံနှင့် ဆဲတတ်ရုံနှင့် နိုင်ထက်စီးနင်းပြုနိုင်ရုံနှင့် အရာရောက်စေကာမူ တကယ့်သဘောဆိုက်ဖို့၊ လိုရင်းရောက်ဖို့ အလွန်ခဲယှဉ်းပေသည်။ နိုင်ငံရေး၌ သဘောမဆိုက်ပဲ လွဲမှားချွတ်ချော်ခဲ့သော် တိုင်းပြည်နှင့်လူမျိုးသည် များစွာ အနစ်နာခံရတတ်လေသည်။



နိုင်ငံရေးကား တကယ်အစစ်ကြောက်စရာ၊ ထိတ်လန့်စရာ အပြင် အလွန်လည်း ကျယ်ဝန်းနက်နဲသောကိစ္စ ဖြစ်ချေသည်။ သူတစ်ပါးအပေါ် တိုင်းပြည်အပေါ်၌ ခေါင်းပုံဖြတ်တတ်ရုံ၊ ဖိနှိပ်ချုပ်ချယ်တတ်ရုံ၊ ဂုဏ်လုပ် ဟိတ်လုပ် ကိုက်ထုတ်တတ်ရုံဖြင့် နိုင်ငံရေးသမားဖြစ်ခြင်း၊ ပြုလုပ်၍ ဆောင်ရွက်ခြင်းကြောင့် တိုင်းပြည်နစ်နာခဲ့ခြင်းမှာ မထူးဆန်းပါ။

          ထို့ပြင်လည်း သဘာဝကို နားမလည်၊ အသိဥာဏ် မစူးရှ၊ အမြင်မကျယ်၊ ဒေသန္တရ ဗဟုသုတမရှိ၊ တိုင်းနေပြည်သူတို့၏ အကြောင်းကို လေ့လာ ကျွမ်းကျင်မှုမရှိပါပဲလျှက် နိုင်ငံရေးကို စေတနာရှိရှိနှင့် လုပ်ကိုင်စေကာမူ မျိုးချစ်မျက်ကန်းမျှသာဖြစ်၍ တိုင်းပြည်မှာ ဆေးဆိုးကြမ္မာဆိုးနှင့် တွေ့ရတတ်လေသည်။ ထိုသို့သော သဘောကို ကျွန်ုပ်ကောင်းစွာ စဉ်းစားမိခဲ့လေသည်။



          သို့လင့်ကစား စပါးကို သဲထဲ၌ စိုက်၍ အကျိုးမဖြစ်သကဲ့သို့ ရှိတတ်၏။ အုပ်ချုပ်ရေး ပြောင်းလဲလာသလောက် လူများမှာ အသိဥာဏ်နှင့် သဘောတရားပြည့်ဝရန် လိုပေသည်။ သို့မှသာ လယ်မြေကောင်း၍ စပါးစိုက်သကဲ့သို့ ဖြစ်မည်။



          လောကမှာ ကောင်းတိုင်း ကောင်းကျိုးမဖြစ်၊ စားမြုံပြန်ရသောတိရစ္ဆာန်များအား ထမင်းကို စားနိုင်သလောက် ကျွေးသော် ထမင်းသည် ၄င်းတို့၌ သေဆေးဖြစ်သည်။ နံ့သာဆီသည် တိရိစ္ဆာန်ကို အကျိုးမပြုသာ။ ထို့ကြောင့် အောက်ကျ နောက်ကျ၍ အတတ်ပညာ ဥာဏ်နည်းပါးသော လူမျိုးမှာ တွေ့ရသမျှ ပြောင်ပြောင်လက်လက်ရှိသော်လည်း အရသာကင်းမဲ့နေတတ်သည်။

          လောကကို အသိပညာ နှင့် ဥာဏ်ပညာအလင်းကသာလျှင် ချယ်လှယ်နေပေသည်။ အသိပညာဥာဏ်အလင်းသည် မှန်ကန်သော စာပေသင်ကြားနည်းဖြင့် ကြောင်းကျိုးရှာသဘောမှသာ ပေါ်ပေါက်လာနိုင်ပေသည်။ ပညာသင်ကြားရေးစနစ်သာလျှင် လူမျိုးတစ်မျိုးလုံး အညွှန့်အတက် မထွက်နိုင်။

No comments:

Post a Comment