၃။ သူမိုက် သူယုတ်မာတို့ကို ဆိုသောအပိုင်း
၆၈။ သူယုတ်မာကို အလွန်အကဲ ချစ်ခင်မှု မပြုအပ်၊ သူယုတ်မာသည် ဦးခေါင်းပေါ်တင်၍ မြှောက်စား
သော်လည်း ရေမပြည့်သော အိုးကဲ့သို့ အုတ်အုတ်ကျက်ကျက် စကားပွက်ခြင်းကို ပြုတတ်၏။
၆၉။ မြွေသည် ကြမ်းကြုတ်၏၊ သူယုတ်မာသည် ကြမ်းကြုတ်၏၊ မြွေထက် သူယုတ်မာက ပို၍ ကြမ်းကြုတ်
၏။ မြွေကို မန္တရားဆေးဝါးတို့ဖြင့် ငြိမ်းအေးနိုင်၏။ သူယုတ်မာကို အဘယ်မည်သော မန္တရားဆေးဝါးဖြင့်
ငြိမ်းအေးနိုင်အံ့နည်း(ငြိမ်းအေးနိုင်သော ဆေးမရှိ)။
၇၀။ (က) သူမိုက်သည် မိမိမိုက်၍ နေသည်ကို သိလျှင် ပညာရှိမည်၏။
(ခ) သူမိုက်သည် မိမိမိုက်၍ နေသည်ကို မသိဘဲ ပညာရှိအထင်ရောက်ခဲ့သော် သူမိုက်အစစ်ဟု
ခေါ်ဆိုရ၏။
၇၁။ သူမိုက်သည် မိမိပြုလုပ်သော မကောင်းမှုအကျိုးပေးချိန် မရောက်သေးလျှင် အကုသိုလ်ကို ပျားရည်
သဖွယ် အောက်မေ့တတ်၏။ မကောင်းမှု အကျိုးပေးချိန်ရောက်သည့်အခါ ဆင်းရဲဒုက္ခသို့ မုချမလွဲ
ရောက်မည်ဖြစ်၏။
၇၂။ သူမိုက်သည် အင်အားရှိမူ မကောင်း၊ အနိုင်အထက် သူတစ်ပါးဥစ္စာကို ယူတတ်၏။ အသိဥာဏ်ပညာ
နည်းသော ထိုသူမိုက်သည် သေပြီးနောက် ငရဲသို့ မလွဲမုချ ရောက်ရ၏။
၇၃။ (က) အိမ်၌ ဖျက်ဆီးတတ်သည်ကား ကြွက်၊
(ခ) တော၌ ဖျက်ဆီးတတ်သည်ကား မျောက်၊
(ဂ) ငှက်၌ ဖျက်ဆီးတတ်သည်ကား ကျီးကန်း၊
(ဃ) လူ၌ ဖျက်ဆီးတတ်သည်ကား ပုဏ္ဏား။
၇၄။ (က) အိပ်မပျော်ငြား နိုးနေသူအား ညဉ့်သည် ရှည်လျား၏။
(ခ) ခရီးပန်းသောသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏။
(ဂ) သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။
၇၅။ စိတ်သဘောထား ယုတ်ညံ့သောသူသည် သူတစ်ပါး၏ နှမ်းစေ့သဖွယ်သေးငယ်သော အပြစ်ကို
ရှုမြင်တတ်၏၊ အုန်းသီးအလား ကြီးမားသော မိမိ၏ အပြစ်ကိုမူ မမြင်တတ်။
၇၆။ ပညာရှိသည် မိမိ၏ အပြစ်ကို သူတစ်ပါးတို့ မသိစေရာ၊ သူတစ်ပါးအပြစ်ကိုမူ သိအောင်ပြုရာ၏။
လိပ်သည် လက်ခြေ၊ ဦးခေါင်းတို့ကို လျှို့ဝှက်ထားသကဲ့သို့ မိမိ၏ အပြစ်တို့ကို လျှို့ဝှက်ထားရာ၏။
သူတစ်ပါး အပြစ်ကိုကား မှတ်သားရာ၏။
၇၇။ သူမိုက်သည် ပညာရှိအား ချီးမြောက်ခြင်းဖြင့် ဒဏ်ပေးသည် မည်၏။(ဒဏ်ပေးရာ ရောက်၏)။
ပညာရှိကို ပညာရှိက ချီးမွမ်းမှသာလျှင် ကောင်းစွာ ချီးမွမ်းသည် မည်၏။ (ချီးမွမ်းရာ ရောက်၏။)
၇၈။ (က) လိုချင်တက်မက်သူကို တံစိုးလက်ဆောင် ပေးခြင်းဖြင့် သိမ်းပိုက်ရာ၏။
(ခ) ခက်ထန်သူကို လက်အုပ်ချီသဖြင့် သိမ်းပိုက်ရာ၏။
(ဂ) သူမိုက်ကို အလိုလိုက်သဖြင့် သိမ်းပိုက်ရာ၏။
(ဃ) ပညာရှိကို ဟုတ်မှန်တိုင်း ပြုသဖြင့် သိမ်းပိုက်ရာ၏။
သူမိုက် သူယုတ်တို့ကို ဆိုသော အပိုင်း ပြီး၏။
--------------------------------------------------------------------------------------------------
၎။ မိတ်ဆွေကို ပြဆိုသော အပိုင်း
၇၉။ (က) အကျိုးစီးပွါးကိုဆောင်ရွက်ခဲ့သော် ရန်သူသည် မိတ်ဆွေ မည်၏။
(ခ) အကျိုးစီးပွါးကို မဆောင်ရွက်ခဲ့သော် မိတ်ဆွေသည်ပင် ရန်သူမည်၏။
(ဂ) အနာရောဂါသည် ခန္ဓာကိုယ်၌ ဖြစ်လျက် အကျိုးမဲ့ကို ပြုတတ်၏။
(ဃ) ဆေးသည် တော၌ ဖြစ်လျက်လူ၏ အကျိုးစီးပွါးကို ဆောင်တတ်၏။
၈၀။ မျက်ကွယ်၌ ကျေးဇူးကို ချေဖျက်တတ်သော မျက်မှောက်၌ ချစ်ဖွယ်သောစကားကို ပြောဆိုတတ်သော
မိတ်ဆွေမျိုးကို အဆိပ်အိုး၌ ကျရောက်သော ပျားရည်ကို မသုံးဆောင်ဘဲ ရှောင်ကြဉ်ရသကဲ့သို့ ရှောင်
ကြဉ်ရာ၏။
၈၁။ ပစ္စည်းဥစ္စာမရှိခဲ့သော် မိတ်ဆွေကလည်း စွန့်ခွါတတ်၏။ သားမယားတို့ကလည်း စွန့်ခွါတတ်ကုန်၏။
တမိဝမ်းဖွါး ညီအစ်ကို မောင်နှစ်မတို့ကလည်း စွန့်ခွါတတ်ကုန်၏။ (လူတို့၏ သဘောသည်) ဥစ္စာ
ရှိသူကိုသာလျှင် မှီဝဲပေါင်းသင်းလိုကုန်၏။ ထို့ကြောင့် ဥစ္စာသည် လောက၌ မိတ်ဆွေမည်၏။
၈၂။ (က) ကျွန် သူခစား(အခိုင်းအစေ)တို့၏ အကဲကို ခိုင်းစေကြည့်သောအခါ၌ သိရာ၏။
(ခ) ဆွေမျိုးအကဲကို ဘေးရောက်သောအခါ၌ သိရာ၏။
(ဂ) မိတ်ဆွေအကဲကို ဥစ္စာနည်းသောအခါတို့၌ သိရာ၏။
(ဃ) မယားအကဲကို စည်းစိမ်ကုန်မှ သိရာ၏။
၈၃။ (က) အစီးအပွါး၌ ယှဉ်သော သူသည် ဆွေမျိုးမည်၏။
(ခ) ကျွေးမွေးတတ်သော သူသည် မိဘမည်၏။
(ဂ) အကျွမ်းဝင်သော သူသည် မိတ်ဆွေမည်၏။
(ဃ) ယောက်ျား၏ စိတ်နှလုံးကို ငြိမ်းအေးစေတတ်သော သူသည် မယားမည်၏။
၈၄။ ရန်သူကို အကျွမ်းမဝင်ရာ၊ မိတ်ဆွေကိုလည်း အလွန်အမင်း အကျွမ်းမဝင်ရာ၊ တခါတရံ မိတ်ဆွေသည်
ပင် အမျက်ထွက်လတ်သော် အပြစ်အားလုံးကို ထုတ်ဖေါ်ပြတတ်၏။
၈၅။ တစ်ကြိမ် အမျက်ထွက်ဖူးသော မိတ်ဆွေကို တဖန် ပြန်လည်၍ စေ့စပ်သောသူသည် ကိုယ်ဝန်ကို
ယူသော အဿတိုရ်မြင်းမကဲ့သို့ သေမင်းကို ယူသည် မည်၏။
၈၆။ မိမိ အကြံအစည် မအောင်သေးမှီ ရန်သူကို ပုခုံးဖြင့် ရွက်ဆောင်ထားရာ၏။ မိမိ အကြံအစည်
အောင်မြင်ချိန်ရောက်သော် ရွက်ထားသောရေအိုးကို ကျောက်ခဲ၌ ရိုက်ခွဲသကဲ့သို့ ခွဲဖျက်ရာ၏။
၈၇။ ကြွေးကြွင်း၊ မီးကြွင်း၊ ရန်ကြွင်း(ဤသုံးမျိုးသည်) အဖန်တလဲလဲ တိုးပွါးတတ်၏။ ထို့ကြောင့်
အကြွင်းကို မထားရာ။
၈၈။ (က) မျက်နှာက ပဒုမ္မာကြာကဲ့သို့ ရွှင်၏။
(ခ) ပြောဆိုသော စကားက စန္ဒကူးနံ့သာကဲ့သို့ အေးမြ၏။
(ဂ) စိတ်နှလုံးမှာမူ လျင်စွာသေစေတတ်သော အဆိပ်နှင့် တူ၏။
ထိုကဲ့သို့ သဘောမျိုးရှိသူကို မပေါင်းသင်းရာ။
၈၉။ (က) ရက်စက်ကြမ်းကြုတ်သော အရှင်သခင်ကို မမှီဝဲရာ။
(ခ) ထို့ထက် နှမြောဝန်တိုသော အရှင်သခင်ကို မမှီဝဲရာ။
(ဂ) ထို့ထက် မချီးမြှောက်သော အရှင်သခင်ကို မမှီဝဲရာ။
(ဃ) ထို့ထက် နှိပ်စက်တတ်သော အရှင်သခင်ကို မမှီဝဲရာ။
၉၀။ (က) ဦးချိုရှိသော သတ္တဝါကို အတောင်ငါးဆယ်ဝေးသော အရပ်မှ ရှောင်ကြဉ်ရာ၏။
(ခ) မြင်းကို အတောင်တစ်ရာဝေးသော အရပ်မှ ရှောင်ကြဉ်ရာ၏။
(ဂ) ဆင်ကို အတောင်တစ်ထောင်ဝေးသော အရပ်မှ ရှောင်ကြဉ်ရာ၏။
(ဃ) မကောင်းသောသူကို အရပ်ဒေသစွန့်ခွါသဖြင့် ရှောင်ကြဉ်ရာ၏။
၉၁။ (က) မကောင်းသော အရပ်ဒေသ။
(ခ) မကောင်းသော မိတ်ဆွေသင်္ဂဟ။
(ဂ) မကောင်းသော အမျိုးအနွယ်။
(ဃ) မကောင်းသော ဆွေမျိုးသားချင်း။
(င) မကောင်းသော မယား။
(စ) မကောင်းသော ကျွန်။
ဤ(၆-မျိုး) ကို ဝေးစွာ ရှောင်ကြဉ်ရာ၏။
၉၂။ (က) ရောဂါနှိပ်စက်သောအခါ။
(ခ) ငတ်မွတ်ခေါင်းပါးသောအခါ။
(ဂ) စည်းစိမ်ပျက်စီးသောအခါ။
(ဃ) ရန်သူဖမ်းမိသောအခါ။
(င) မင်းအိမ်တံခါး(တရားရုံး) ၌ အမှုရင်ဆိုင်ရသောအခါ။
(စ) ခန္ဓာဝန်ထုပ် အကောင်ပုပ်ကို မြှုပ်နှံပြာချ သုဿန်ကိစ္စ ကြုံသောအခါ။
(ဤအခါတို့၌) ရပ်တည်ကူညီသော သူသည် မိတ်ကောင်း ဆွေကောင်း မည်၏။
၉၃။ (က) နှုတ်ခွန်း ချိုသာယာ စကားရှိသူသည် မိတ်ဆွေပေါများ၏။
(ခ) နှုတ်ထွက် ကြမ်းသောသူသည် မိတ်ဆွေနည်းပါး၏။
ဤအရာ၌ နေမင်း၊ လမင်းတို့၏ ဥပမာကို ထောက်၍ သိအပ်၏။
မိတ်ဆွေကို ပြဆိုသော အပိုင်း ပြီး၏။
No comments:
Post a Comment