Monday, October 29, 2012

လောကနီတိ မြန်မာပြန်(၂)


၂၁။ နာကြားခြင်း၊ မှတ်သားခြင်းကြောင့် သုတနှင့် ပြည့်စုံ၏။ သုတ ပညာဖြင့် ကြီးပွါးတိုးတက်နိုင်၏။ သုတ
      ပညာဖြင့် အနက်အဓိပ္ပါယ်ကိုသိနိုင်၏။ သိထားသောအနက်အဓိပ္ပါယ်သည် ချမ်းသာကိုဆောင်တတ်၏။

၂၂။ အစာစားခြင်း၊ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်း၊ ဤသုံးမျိုးသည် လူမှာလည်းရှိ၏။ နွားမှာလည်း ရှိ၏။ အတတ်
      ပညာသည် လူက နွားထက်ထူးခြားချက် ဖြစ်၏။ အတတ်ပညာမရှိသော်လူသည်နွားနှင့်အတူပင်ဖြစ်၏။

၂၃။ (က) အတတ်ပညာနှင့် တူသော မိတ်ဆွေမရှိ၊
      (ခ) အနာရောဂါနှင့် တူသော ရန်သူမရှိ၊
      (ဂ) ကိုယ်နှင့် တူသော ချစ်အပ်သူမရှိ၊
      (ဃ) ကံနှင့်တူသော ခွန်အားမရှိ။

၂၄။ (က) ဟင်္သာသည် ကျီးငှက်တို့၏ အလယ်၌ မတင့်တယ်။
      (ခ) ခြင်္သေ့သည် နွားတို့၏ အလယ်၌ မတင့်တယ်။
      (ဂ) မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။
      (ဃ) ပညာရှိသည် လူမိုက်တို့၏ အလယ်၌ မတင့်တယ်။

၂၅။  ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ လူမိုက်သည် အသက်ရှည်သမျှကာလပတ်လုံး
      ပညာရှိကို ဆည်းကပ်ရစေကာမူ(သူတော်ကောင်း) တရားကို လျှင်မြန်စွာ သိနိုင်၏။

၂၆။ လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ သိကြားလိမ္မာသူသည် တခဏတာမျှ ပညာရှိကို ဆည်းကပ်
      ရစေကာမူ (သူတော်ကောင်း) တရားကို လျင်မြန်စွာ သိနိုင်၏။

၂၇။ (က) ရဲရင့်သော သူသည် လက်နက်မပါဘဲ စစ်မြေပြင်သို့ မသွားရာ။
      (ခ) ပညာရှိသည် ကျမ်းဂန်အထောက်အထားမပါဘဲ စကားမပြောရာ။
      (ဂ) ခရီးရှည်သွားသော ကုန်သည်သည် အဖေါ်မပါဘဲ ခရီးမသွားရာ။
      (ဃ) အရပ်တစ်ပါးသို့ သွားသော သူသည် အဖေါ်မပါဘဲ မသွားရာ။

၂၈။ (က) ဥစ္စာ ပျက်စီးခြင်း။
      (ခ) စိတ်နှလုံးပူပန်ခြင်း။
      (ဂ) အိမ်၌ မကောင်းပြုခြင်း။
      (ဃ) အလှည့်အပတ်ခံရခြင်း။
      (င) မထီမဲ့မြင် အပြုခံရခြင်း။

၂၉။ (က) အရေးအခွင့် ရောက်သည်နှင့် လျော်သော စကားကို ဆိုခြင်း။
      (ခ) ကိုယ်နှင့် သင့်လျော်သော ချစ်အပ်သူကို ရှာခြင်း။
      (ဂ) ကိုယ်နှင့် တန်ရုံသာ အမျက်ထွက်ခြင်း။

၃၀။ (က) ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ။
      (ခ) ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ။
      (ဂ) ပညာမရှိဘဲလျက် စကားလိုလားသောသူ။

၃၁။ (က) သူ မခေါ်ဘဲလျက် သူ့အိမ်သို့ သွားဖန်များသောသူ။
      (ခ) သူ မမေးဘဲလျက် များစွာပြောချင်သူ။
      (ဂ) မိမိဂုဏ်ကို ဝါကြွားပလွှားတတ်သူ။

၃၂။ (က) အဆင်းမလှသော သူသည် စကားများတတ်၏။
      (ခ) ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
      (ဂ) ရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်၏။
      (ဃ) နို့မထွက်သော နွားမသည် ကျောက်ကန်တတ်၏။

၃၃။ ဖါးသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ရုံမျှဖြင့် ခြင်္သေ့ဟု ထင်တတ်၏။ ကျီးငှက် အသုတ်ခံရသော
     အခါ ချစ်ဆွေ ချစ်ဆွေ ဟု ယောင်ယမ်းမြည်တတ်၏။ ပညာမရှိသာလူမိုက်သည်လည်း မိမိကိုယ်ကို
     ပညာရှိဟု ထင်တတ်၏။ ပညာရှိများက မေးမြန်းသည့်အခါ ငါ့ရှင် ငါ့ရှင်ဟု ချစ်ခင်ဖွယ်သော စကားကို
     ဆို၍ ပရိယာယ်သုံးတတ်၏။

၃၄။ (က) ဖါးသူငယ်ကို ဆောင့်ကြောင့်ထိုင်တတ်ရုံမျှဖြင့် ခြင်္သေ့ဟု မခေါ်နိုင်။
      (ခ) ဝက်ကိုလည်း အုတ်အုတ်မြည်တတ်ရုံမျှဖြင့် သစ်ဟု မခေါ်နိုင်။
      (ဂ) ကြောင်ကိုလည်း အဆင်းသဏန် တူရုံမျှဖြင့် ကျားဟု မခေါ်နိုင်။
      (ဃ) ပညာရှိအားလုံး(တစ်ဦးနှင့်တစ်ဦး) အတတ်ပညာတူနိုင်မည် မဟုတ်။

၃၅။ (က) မင်းသည် ဥစ္စာ၌ မရောင့်ရဲ။
      (ခ) ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
      (ဂ) မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
      (ဃ) သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။

၃၆။ အဆင်းအရွယ်နှင့် ပြည့်စုံ၍ ပြန့်ပြောကြွယ်သော အမျိုး၌ လူဖြစ်သော်လည်း အတတ်ပညာ မရှိသော်
      မတင့်တယ်၊ အနံ့ကင်းသော ပေါက်ပန်း၌ တူတတ်၏။

၃၇။ အမျိုးယုတ်သောသူ၏ သားဖြစ်သော်လည်း မင်းအမတ် ဖြစ်တတ်၏။ လူမိုက်၏သား ဖြစ်သော်လည်း
      ပညာရှိ ဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏သားဖြစ်သော်လည်း ဥစ္စာပစ္စည်း ကြွယ်ဝတတ်၏။ ထို့ကြောင့်
      ယောက်ျားတို့ကို အထင်မသေးရာ။

၃၈။ အတတ်ပညာလိုချင်စိတ်လွန်ကဲသော တပည့်သည်(အတတ်ပညာ တမျိုးမျိုးကို လမ်းဆုံးရောက်
     အောင် မသင်ကြားဘဲ) တွေ့ရာ မြင်ရာ အတတ်ပညာများကို မနှံ့မစပ် သင်ကြားခဲ့သော် အိပ်မက်ကို
     မြင်မက်သော သူအ ကဲ့သို့ ဘာတစ်ခုမျှ ပြန်ပြောနိုင်စွမ်း ရှိမည်မဟုတ်။

၃၉။ အိုးလုပ်သော သူသည် မိမိအိုးကို ကွဲစိမ့်သောငှာ ပုတ်ခတ်သည် မဟုတ်။ တင့်တယ်လှပစိမ့်
      သောငှာ ပုတ်ခပ်ပေးရ၏။ ဆရာသည် တပည့်တို့ကို အပါယ်ဆင်းရဲ ကျစေခြင်းငှာ ရိုက်နှက်
      သည် မဟုတ်။ အတတ်ပညာ အစီးအပွါး ဖြစ်ထွန်းစေလိုသောကြောင့် ရိုက်နှက်ပေးရခြင်း
     ဖြစ်သည်။

၄၀။   တောင်ဇလပ်ပန်းကို ထုပ်သောဖက်သည် ပန်း၏ရနံ့ကြောင့် မွှေးကြိုင်၏။ ထို့အတူ ပညာရှိကို
       မှီဝဲသော သူသည်လည်း လိမ္မာယဉ်ကျေးသော ဓါတ်သဘာဝများ ကူးစက်နိုင်၏။

                             ၂။ သူတော်ကောင်းကို ဆိုရာအပိုင်း

၄၁။ (က) သူတော်ကောင်းတို့နှင့်သာ ပေါင်းသင်းရာ၏။
      (ခ) သူတော်ကောင်းတို့နှင့်သာ ပေါင်းသင်းခြင်းကို ပြုရာ၏။
      (ဂ) သူတော်ကောင်းတရားကို သိ၍ စိတ်ထား မြင့်မြတ်၏။ မယုတ်မာချေ။

၄၂။ (က) သူယုတ်မာနှင့် ပေါင်းသင်းခြင်းကို စွန့်လွှတ်ပါ။
      (ခ) သူတော်ကောင်းကို မှီဝဲဆည်းကပ်ပါ။
      (ဂ) နေ့ညဉ့်မပြတ် ကုသိုလ်ကောင်းမှုကို ပြုပါ။
      (ဃ) သင်္ခါရတရားတို့၏ မမြဲပုံကို အမြဲမပြတ် အောက်မေ့ပါ။

၄၃  ရေသဖန်းသီးမှည့်တို့သည် အပ၌ အနီရောင်အဆင်း ရှိ၍ (လှပသော်လည်း) အတွင်း၌ ပိုးရွအတိ
       ပြီးသကဲ့သို့ သူယုတ်မာတို့၏ စိတ်နှလုံးတို့သည် အတွင်းဓါတ်ညံ့၍ စက်ဆုပ်ဖွယ် ကောင်းကုန်၏။

၄၄။ ပိန္တွဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးရှိ၍( အမြင်ဆိုးသော်လည်း) အတွင်း၍ အမြိန်အရသာနှင့် ပြည့်စုံ
      သကဲ့သို့ သူတော်ကောင်းတို့၏ စိတ်နှလုံးတို့သည် အတွင်းဓါတ် မြင့်မြတ်၍ နှစ်သက်ဖွယ်
     ကောင်းကုန်၏။

၄၅။ (က) စန္ဒာကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။
      (ခ) ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်း
           ကို မစွန့်။
     (ဂ) ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသော အရသာကို မစွန့်။
     (ဃ) ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို
           မစွန့်။

၄၆။ (က) ခြင်္သေ့တို့၏ သဘောမည်သည် ဆာလောင် မွတ်သိပ်သော်လည်း သစ်ရွက် စသည်ကို မစား။
      (ခ) ခြင်္သေ့တို့၏ သဘောမည်သည် ကြုံလှီ ပိန်ချုံးသော်လည်း ဆင်သားကို မစား။

၄၇။ မြတ်သောအမျိုး၌ ဖြစ်သော အမျိုးအနွယ်ကိုစောင့်တတ်သော အမျိုးကောင်းသား(အမျိုးကောင်း
      သမီး)သည် မိမိဆင်းရဲ၍ နေစေကာမူ ယုတ်ညံ့သော ဒုစရိုက်မှုမျိုးကို မပြုလုပ်ရာ။

၄၈။ (က) လောက၌ စန္ဒကူးနံ့သာသည် ချမ်းမြေ့၏။
      (ခ) ထိုစန္ဒကူးနံ့သာ ချမ်းမြေ့သည်ထက် လရောင်က ပို၍ ချမ်းမြေ့၏။
      (ဂ) လနှင့် စန္ဒကူးတို့ ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းတို့၏ စကားက
           ပို၍ ချမ်းမြေ့၏။

၄၉။ (က) နေသည် အနောက်မျက်နှာ၌ ထွက်သော် ထွက်ရာ၏။
      (ခ) မြင်းမိုရ်တောင်ကြီးသည် ကိုင်းညွတ်သော် ကိုင်းညွတ်ရာ၏။
      (ဂ) ငရဲမီးသည် အေးသော အေးရာ၏။
      (ဃ) တောင်ထိပ်၌ ကြာပွင့်သော် ပွင့်ရာ၏။
      (င) သူတောင်ကောင်းတို့၏ စကားသည် တရံတဆစ်မျှ ဖေါက်ပြန်ရိုး မရှိ။

၅၀။ (က) သစ်ပင်၏ အရိပ်သည် ချမ်းသာ၏။
      (ခ) သစ်ပင်၏ အရိပ်ချမ်းသာသည်ထက် ဆွေမျိုး မိဘအရိပ်က ပို၍ ချမ်းသာ၏။
      (ဂ) ဆွေမျိုးမိဘအရိပ် ချမ်းသာသည်ထက် ဆရာသမားအရိပ်က ပို၍ ချမ်းသာ၏။
      (ဃ) ဆရာသမားအရိပ် ချမ်းသာသည်ထက် မင်းစိုးရာဇာအရိပ်က ပို၍ ချမ်းသာ၏။
      (င) မင်းစိုးရာဇာအရိပ် ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟု ဆိုအပ်သော
           တရားတော်က ပို၍ ချမ်းသာ၏။

၅၁။ (က) ပိတုံးတို့သည် ပန်းရနံ့ကို အလိုရှိကုန်၏။
      (ခ) သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။
      (ဂ) ယင်ကောင်တို့သည် အပုပ်ကို အလိုရှိကုန်၏။
      (ဃ) သူယုတ်မာတို့သည် အမျက်ဒေါသကို အလိုရှိကုန်၏။

၅၂။ (က) အမိယုတ်သူအား မကောင်းသော စကားရှိ၏။(နူတ်ထွက် မကောင်း)။
      (ခ) အဘယုတ်သူအား မကောင်းသော အမူအကျင့် ရှိ၏။(အကျင့် မကောင်း)။

၅၃။ (က) အမိမြတ်သူအား ကောင်းသော စကား ရှိ၏။(နူတ်ထွက် ကောင်း၏)။
      (ခ) အဘမြတ်သူအား ကောင်းသော အမူအကျင့် ရှိ၏။(အကျင့် ကောင်း၏)။
      (ဂ) မိဘနှစ်ပါးစုံ မြတ်မူကား စကားလည်းကောင်း၊ အကျင့်လည်းကောင်း၏။

၅၄။ (က) စစ်မြေပြင်၌ ရဲရင့်သော သူကို အလိုရှိကုန်၏။
      (ခ) လျှို့ဝှက်တိုင်ပင်ရာတို့၌ နှုတ်လုံသူကို အလိုရှိအပ်ကုန်၏။
      (ဂ) ထမင်းအဖျော်ကောင်း စားသောက်ရာတို့၌ အချစ်ဆုံးသောသူကို အလိုရှိအပ်ကုန်၏။
      (ဃ) အခက်အခဲ ကြုံတွေ့ခဲ့သော် ပညာရှိကို အလိုရှိအပ်ကုန်၏။

၅၅  ခွေးတစ်ကောင်သည် ခွေးတစ်ကောင်ကို တွေ့မြင်သောအခါ ချုပ်ချယ်လျက် ညှဉ်းဆဲအံ့သောငှာ
      သွားကို ပြ၏။ သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်သောအခါ ချုပ်ချယ်လျက် ညှဉ်းဆဲခြင်း
      ကို အလိုရှိ၏။

၅၆။ အမှုကိစ္စဟူသမျှရှိ အဆောတလျင် ကိုယ်တိုင်လည်း မပြုသင့်၊ သူတစ်ပါးကိုလည်း မပြုစေသင့်၊
      အမှုကိစ္စကို အဆောတလျင် ပြုခဲ့သော် ပညာ(အသိဥာဏ်) နည်းသော သူသည် နောက်မှ ပူပန်
      ရတတ်၏။

၅၇။ (က) အမျက်ဒေါသကို ဖျောက်နိုင်မူကား တရံတဆစ်မျှ မစိုးရိမ်ရ။
      (ခ) သူတစ်ပါးကျေးဇူး သိခြင်းကို ဘုရားစသော သူတော်ကောင်းတို့က ချီးမွှမ်းကြကုန်၏။
      (ဂ) သူခပ်သိမ်းတို့၏ ကြမ်းကြုတ်သောစကားကို သည်းခံရာ၏။
      (ဃ) ဤသို့ သည်းခံခြင်းကို ဘုရားစသော သူတော်ကောင်းတို့က မြတ်၏ ဟူ၍ မိန့်ဆိုကုန်၏။

၅၈။ (က) မစင်အတိပြီး၍ ကျဉ်းမြောင်းသော အရပ်၌ နေရခြင်းသည် စိတ်ဆင်းရဲ၏။
      (ခ) ထိုဆင်းရဲထက် မချစ်မနှစ်သက်သော ရန်သူ၏ အထံ၌ နေရခြင်း ပို၍ ဆင်းရဲ၏။
      (ဂ) ထိုဆင်းရဲထက် ကျေးဇူးတရားကို မသိတတ်သော သူ၏ အထံ၌ နေရခြင်းက ပို၍ ဆင်းရဲ၏။

၅၉။  ဆုံးမရာ၏၊ မပြတ်ဆုံးမရာ၏။ ယုတ်မာသော အကျင့်မှလည်း တားမြစ်ရာ၏။ ဆုံးမတတ်သူကို
       သူတော်ကောင်း ချစ်ခင်၏၊ မသူတော်တို့က မချစ်ခင်ကြ။

၆၀။ (က) ကိုယ့်ထက် မြတ်သောသူကို ကိုယ့်ကို နှိပ်ချသဖြင့် အောင်ရာ၏။
      (ခ) ရဲရင်သောသူကို သင်းခွဲသဖြင့် အောင်နိုင်၏။
      (ဂ) ကိုယ့်အောက်နိမ့်ကျသူကို အနည်းငယ်ပေးခြင်းအားဖြင့် အောင်ရာ၏။
      (ဃ) ကိုယ်နှင့် အဆင့်တူသောသူကို လုံ့လပြုသဖြင့် အောင်ရာ၏။

၆၁။  ပကတိအဆိပ်ကို အဆိပ်ဟု မဆိုကြကုန်၊ သံဃာ၏ ပစ္စည်းကိုသာ အဆိပ်ဟူ၍ ပြောဆိုကြကုန်၏။
       ပကတိအဆိပ်မျိုးသည် တစ်ကြိမ်တစ်ဘဝသာလျှင် အသက်ကို သတ်တတ်၏။    သံဃာပိုင်ပစ္စည်းသည် ဘဝ အလုံးစုံကို နစ်မွန်းအောင် သတ်တတ်၏။

၆၂။ (က) လျင်မြန်ခြင်းဖြင့် မြင်းကောင်း၏ ကျေးဇူးကို သိရ၏။
      (ခ) လေးလံသော ဝန်ကို သယ်ဆောင်ခြင်းဖြင့် နွားလား၏ ကျေးဇူးကို သိရ၏။
      (ဂ) နို့ညှစ်ခြင်းဖြင့် နို့ထွက်သော နွားမ၏ ကျေးဇူးကို သိရ၏။
      (ဃ) ခက်ခဲသော စကားကို ဆိုခြင်းဖြင့် ပညာရှိ၏ ကျေးဇူးကို သိရ၏။

၆၃။ (က) သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းသော်လည်း တွင်းမှထွက်သော ရေချိုကဲ့သို့ အသုံးဝင်၏။
      (ခ) သူယုတ်မာတို့၏ ဥစ္စာသည် များပင် များသော်လည်း သမုဒ္ဒရာမှ ဆားငံရေကဲ့သို့ အသုံးမဝင်ချေ။

၆၄။ (က) မြစ်တို့သည် ရေကို မသောက်ကုန်(သူတစ်ပါး အကျိုးသာ ဖြစ်၏။)
      (ခ) သစ်ပင်တို့သည် အသီးကို မစားကုန်(သူတစ်ပါး အကျိုးသာ ဖြစ်၏။)
      (ဂ) မိုးတို့သည် အချို့အရပ်၌ မရွာကုန်။
     (ဃ) သူတော်ကောင်းတို့၏ ဥစ္စာသည် သူတစ်ပါး အကျိုးသာ ဖြစ်၏။

၆၅။ (က) မတောင့်တအပ်သည်ကို မတောင့်တရာ။
      (ခ) မကြံအပ်သည်ကို မကြံရာ။
      (ဂ) တရားသဘောနှင့် စပ်ယှဉ်သည်ကိုသာလျှင် ကောင်းစွာ ကြံရာ၏။
      (ဃ) အချိန်ကို အချည်းနှီး မကုန်လွန်စေရာ။

၆၆။ မကြံဘဲလျက်လည်း ဖြစ်တတ်၏။ ကြံသော်လည်း ပျက်တတ်၏။ မှန်၏၊ မိန်းမဖြစ်စေ၊ ယောင်္ကျား
      ဖြစ်စေ စည်းစိမ်ဥစ္စာတို့သည် ကြံစီတိုင်း မပြီးစီးကုန်။

၆၇။ (က) သူတော်မဟုတ် သူယုတ်မာကို ချစ်ခင်သူ၊
      (ခ) သူတော်ကောင်းကို မချစ်ခင်သူ၊
      (ဂ) သူယုတ်မာတရားကို နှစ်သက်သူသည် ပျက်စီးခြင်း၏ အကြောင်းသာ ဖြစ်၏။

       သူတော်ကောင်းကို ဆိုရာအပိုင်း ပြီး၏။

No comments:

Post a Comment