Wednesday, October 24, 2012

"လူထုစိန်ဝင်း နှင့် တွေ့ဆုံခြင်း(၁)"


English For All စာစောင်၏ ၁၅ နှစ်မြောက် စာစောင်မှ မောင်မောင်မြင့်သိန်း နှင့် လူထုစိန်ဝင်း တွေ့ဆုံ မေးမြန်းခန်းကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။
လူထုစိန်ဝင်း နှင့် တွေ့ဆုံခြင်း
       ဝေါဟာရတို့သည် လူက ထင်သလို လျှောက်လုပ်ထားသော၊ ရှေးအစဉ်အလာမှရသော၊ လူသုံးပစ္စည်း မျှသာ မဟုတ်ချေ။ ဘာသာစကားများ၏ သမိုင်းက လူသားတို့၏ ဇာစ်မြစ်ကို ဖော်ညွှန်းပေသည်။ ဘာသာစကား လေ့လာမှု ပညာရပ်သည် တွေ့ရှိသော အမှန်တရားများဖြင့် စုပေါင်း ဖေါ်ပြသော ဗဟိုဌာနဖြစ် ကြောင်း သေချာပေသည်။
                                                                   Professor Hans Aarsleff
                                                                   (Language and Victorian Ideology)

          ကျွန်တော်သည် Priceton University မှ အင်္ဂလိပ်ဘာသာ ပေါမောက္ခ အားစလက်ဖ်၏ “ဘာသာစကား ၏ အရေးပါမှု ” ဆောင်းပါးပါ အတွေးအခေါ် တစ်ခုကို ဖတ်ရှုနေမိသည်။ အင်္ဂလိပ်ဘာသာရပ် ဆိုင်ရာ သင်ကြားခြင်း နယ်ပယ်တွင် ဆရာလူထုစိန်ဝင်း ၏ စေတနာရည်ရွယ်ချက် ဖြင့် ဖွင့်လှစ်ထားသော အင်္ဂလိပ်စာ လေ့လာပျိုးထောင်မှုအစီအစဉ်သည် တမူထူးခြားနေပြီး လေ့ကျင့်ကွင်း တစ်ခု ပမာ လက်တွေ့ကျကျ အောင်မြင်မှု ရရှိနေသည်ကို သတိပြုမိပါသည်။ ဆရာ့လေ့ကျင့်ကွင်း မှ အောင်မြင်ထူးချွန်သူများပင် မနည်းလှတော့။ တစ်ဖက်တွင်လည်း ဆရာလူထုစိန်ဝင်း ၏ ဘာသာပြန် ဆောင်းပါးများ၊ အတွေးအမြင်ဆောင်းပါးများ၊ ဘာသာရပ်ဆိုင်ရာဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် မပြတ်ဖတ်ရှုနေရပေသည်။ ကျွန်တော် လေးစားသော ဆရာ လူထုစိန်ဝင်း ၏ အင်္ဂလိပ်စာ ဘာသာရပ်ဆိုင်ရာ အတွေးအမြင် ဗဟုသုတများကို မျှဝေလိုသော ဆန္ဒဖြင့် ဆရာနှင့် တွေ့ဆုံမေးမြန်းခဲ့မှု များကို တင်ပြလိုက်ရပါသည်။

  •  ဆရာတို့ ငယ်စဉ်က အင်္ဂလိပ်စာအခြေခံ ကောင်းမွန်အောင် ဘယ်လို လေ့လာဆည်းပူး အားထုတ်ခဲ့တယ် ဆိုတဲ့ အတွေ့အကြုံ ကို ပထမဆုံး သိပါရစေ။

  • ငယ်ငယ်တုန်းကတော့ အင်္ဂလိပ်စာအခြေခံကောင်းမွန်အောင် ဆိုပြီး ကိုယ့်ဟာကိုယ် အားထုတ်ခဲ့တာမျိုး ရှိမယ်မထင်ပါဘူး။ ဆရာတွေ ပုံသွင်းပေးတဲ့ အတိုင်း လုပ်ခဲ့ရတာမျိုးပါပဲ။ ငယ်ငယ် ကျောင်းစ နေပါတယ် ဆိုကတည်းက မြန်မာစကား မပြောရတဲ့ကျောင်းမှာ နေခဲ့ရလေတော့ အိုင်းရစ်၊ အီတာလျံ နဲ့ အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီးတွေက ကျက်ခိုင်းတာတွေကျက်၊ ဖတ်ခိုင်းတာတွေ ဖတ် လုပ်ခဲ့ရပါတယ်။ ကျောင်းသား အချင်းချင်း မြန်မာစကားပြောမိရင် တစ်ခွန်းပြောတာနဲ့ ဒဏ်ရိုက်ခံရပါတယ်။ ပြီးတော့ ငယ်ငယ်လေးက တည်းက သမိုင်း၊ ပထဝီ၊ ပြည်သူ့နီတိ စသည့် ဘာသာတွေကိုလည်း အင်္ဂလိပ်လို သင်ရပါတယ်။ (၇)တန်း အစိုးရစစ်ကို ဖြေရတော့ မြန်မာရာဇဝင် သင်ရပါတယ်။ အဲဒီ မြန်မာရာဇဝင်တောင်မှ အင်္ဂလိပ်လို သင်ပြီး အင်္ဂလိပ်လိုပဲ ဖြေခဲ့ရတာ ဖြစ်ပါတယ်။ သူငယ်တန်းက တည်းက အင်္ဂလိပ်ကဗျာတွေ၊ သီချင်းတွေ ကို လည်း သင်ပေးပါတယ်။
        ကျွန်တော်တို့ ဆရာဘုန်းကြီးတွေက ကြက်တူရွေးလို အလွတ်ကျက်ပြီး အာဂုံပြန်တာမျိုး အားမပေးဘူး ခင်ဗျ၊ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် ကို အဓိပ္ပါယ်နားလည်အောင် ရှင်းပြပေးတယ်။ ပြန်ပြောရတဲ့ အခါကျတော့ ကိုယ့်စကား နဲ့ ကိုယ် ပြန်ရေးပြီး ဖြေတာမျိုးပဲ လုပ်ရပါတယ်။ ပြဌာန်းစာအုပ် ထဲက အတိုင်း “ ၏-သည် “ မလွဲ တူအောင်ပြန်ရေးရင် စာအုပ်ထဲက ကူးချတာလို့ အပြောခံရပါတယ်။ စာအုပ်ထဲ ကနဲ့ မတူအောင် ကိုယ့်စကားနဲ့ ကိုယ် ပြန်ရေးရပါတယ်။ အဲဒါက ကျွန်တော်တို့ ငယ်ငယ်က သင်ကြားခဲ့ရတဲ့ ပုံစံပါ။

ဆရာ့ဘဝခရီး ဖြတ်သန်းမှုမှာ အင်္ဂလိပ်စာက ဆရာ့ကို ဘယ်လိုအထောက်အပံ့ အကူအညီတွေ ပေးခဲ့သလဲ ဆိုတာ ရှင်းပြပေးပါ ဆရာ။
ကျွန်တော် အခု အသက် ၆၀ ရှိပါပြီ။ ဘဝမှာ အလုပ် နှစ်ခုပဲ လုပ်ဖူးပါတယ်။ တစ်ခုက သတင်းစာ အယ်ဒီတာ အလုပ်ပါ။ နောက်တစ်ခုကတော့ ခုလက်ရှိ လုပ်နေတဲ့ အင်္ဂလိပ်စကားပြောသင် အလုပ်ပါ။ အလုပ် နှစ်ခုစလုံးမှာ အင်္ဂလိပ်စာ ကို အသုံးချပြီး လုပ်ရတာချည်း ဖြစ်ပါတယ်။ နိုင်ငံခြားသတင်းစာ အချို့နဲ့ မဂ္ဂဇင်းအချို့မှာ သတင်းတို့ ဆောင်းပါးတို့ ရေးတာမျိုးလည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာ နဲ့ အသက်မွေးခဲ့ရတယ်လို့ ပြောလျှင် ဖြစ်မယ်ထင်ပါတယ်။
အင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်မှု အတွက် 4 Skills လို့ခေါ်တဲ့ Reading, Writing, Speaking, Listening လိုအပ်တယ်လို့ ဆိုကြပါတယ်။ ယနေ့လူငယ်တွေ 4 Skills ပိုင်နိုင် ကျွမ်းကျင်အောင် ဘယ်လို လေ့လာအား ထုတ်သင့် တယ် ဆိုတာ ဆရာ့ အမြင်ကို ရှင်းပြပေးပါဆရာ။
အင်္ဂလိပ်စာ အပြော၊ အရေး၊ အဖတ်၊ နားထောင်ကျွမ်းကျင် ဖို့အတွက် How to စာအုပ်တွေကို အားကိုးနေရုံနဲ့ တော့ ဘယ်တော့မှ ကျွမ်းကျင်လာမှာ မဟုတ်ဘူးဆိုတာ သတိပေးချင်ပါတယ်။ 

လူအတော်များများက How to read တို့၊ How to write တို့၊ How to speak တို့ ဆိုတဲ့ စာအုပ်တွေ ဝယ်ပြီး အလွတ်ကျက်တာနဲ့ပဲ အချိန်ကုန်နေတတ်ကြတယ်။ ကိုယ်တိုင် အပြော၊ အဖတ်၊ အရေးလေ့ကျင့်တဲ့ အချိန် သိပ်မရှိပါဘူး။ အလေ့အကျင့် မလုပ်ဘဲနဲ့ ဘယ်တော့မှကျွမ်းကျွမ်းကျင်ကျင် ဖြစ်မလာဘူးဆိုတာ သတိပြုသင့်ကြပါတယ်။ အင်္ဂလိပ်စကားပြောမှ မဟုတ်ပါဘူး။ ပညာဆို ဘယ်ပညာ မဆို ကိုယ်တိုင်အလေ့ အကျင့် လုပ်မှ တကယ်တတ်ကျွမ်းပါတယ်။ ဆရာဝန်တစ်ယောက်က ဆေးကျောင်းက အောင်လာရုံနဲ့ တကယ်တတ်ကျွမ်းတဲ့ ဆရာဝန် ဖြစ်မလာပါဘူး။ ဆေးရုံမှာ သုံးလေးနှစ် ဆရာဝန်လုပ်မှ တကယ်တတ်လာတာပါ။ ဆရာဝန်ပညာ ဆိုတာ ထားပါတော့။ မော်တော်ကားမောင်းတဲ့ အလုပ်တောင်မှ မောင်တော်ကားမောင်းသင်တန်း သွားတက်ရုံနဲ့ ကျွမ်းကျွမ်းကျင်ကျင်မောင်းတတ် သွားတာ မဟုတ်ပါဘူး။ မြို့ထဲမှာ ၂လ၊ ၃ လ လောက်နေ့စဉ် မောင်းနေမှ ကားကောင်းကောင်း မောင်းတတ်သွားတာပါ။ 

       ဒီခေတ်လူငယ်လေးတွေ ကျူရှင်တကာ လိုက်တက်နေကြတာနဲ့ ပဲ အချိန်ကုန်နေတတ်ကြလို့ ဒီလို သတိပေးတာပါ။ If you want to learn English speaking, there is no way other than speaking it. ဆိုတဲ့ စကားလေးကို မှတ်သားထားကြစေချင်ပါတယ်။
       နောက်တစ်ခု နားထောင်လေ့ကျင့်ခန်း နဲ့ ပတ်သက်ပြီးတော့ ယခု ခေတ်မှလဲ TOEFL အခွေတွေ ဝယ်ပြီး လေ့ကျင့်ကြလေ့ ရှိပါတယ်။ TOEFL အခွေနဲ့ စာအုပ်တစ်စုံ ဆိုရင် လေးငါးခြောက်ထောင် ပေးရပါတယ်။ အဲဒါတွေ နားထောင်လည်း တကယ်တမ်းကျ သိပ်အရာ မရောက်ပါဘူး။

        အကောင်းဆုံး Listening Practice ကတော့ သီချင်းခွေတွေ နားထောင်ခြင်းပဲ လို့ အကြံပေးချင်ပါ တယ်။ သီချင်းဆိုတော့ မပျင်းဘူး။ အကြိမ် ၁၀၀၊ ၂၀၀ နားထောင်လည်း ရတယ်။ တိုဖဲလ် အခွေမျိုးကြ တော့ သုံး၊လေး၊ငါး ခေါက် နားထောင်ပြီးရင် ပျင်းသွားရော။ နားမထောင်ချင်တော့ဘူး။ သီချင်းခွေ ကို အထပ်ထပ်နားထောင်ခြင်း လောက်ကောင်းတဲ့ Listening Practice မရှိပါဘူး။ နားထောင်ပြီး လိုက်ဆိုရင်း နဲ့ အသံထွက်တွေ၊ လေယူလေသိမ်းတွေ မှန်ကန် ကောင်းမွန်စေပါတယ်။ ကျွန်တော်ကတော့ Listening အားကောင်းအောင် သီချင်းများများနားထောင်၊ အင်္ဂလိပ်ရုပ်ရှင်ခွေတွေ များများကြည့်လို့ အကြံပေးလေ့ ရှိပါတယ်။ ပိုက်ဆံ မကုန်ပဲ အပျင်းလည်းပြေ၊ ပညာလည်း ရစေတဲ့ နည်းပါ။
       ရေးတာ၊ ဖတ်တာလည်း အဲဒီလို ပါပဲ။ များများ ဖတ်ပြီး၊ များများ ရေးကျင့် လုပ်ပေးဖို့ လိုပါတယ်။ နေ့စဉ်ဒိုင်ယာရီ မှာ အင်္ဂလိပ်လို ရေးမှတ်တာလေးက စကျင့်ပေါ့။ ရေးပါ များ လာတော့ လက်က အလိုလို သွက်လာပါ လိမ့်မယ်။ 

  • Language is a system of communication ဆိုတာ ဖတ်ရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာ့အမြင် ကို သိပါရစေ။
ဘာသာစကားဆိုတာ လူတစ်ဦးနဲ့ တစ်ဦး ပေါင်းကူးဆက်သွယ်တဲ့ နည်းတစ်ခု ဖြစ်တယ် ဆိုတာ မှန်ကန်ပါတယ်။ လူတစ်မျိုးနဲ့ တစ်မျိုး ဆက်ဆံဖို့ အတွက်တော့ ကြားက ဘုံဘာသာ  စကားတစ်ရပ် လိုပါတယ်။ ဥရောပနဲ့ တောင်အမေရိက မှာတော့ ပြင်သစ်၊ ဂျာမန် နဲ့ စပိန် ဘာသာစကား တွေက ဘုံဘာသာစကားပေါ့။ အင်္ဂလိပ်၊ အမေရိကန် နဲ့ အင်္ဂလိပ် ကိုလိုနီနိုင်ငံဟောင်းတွေမှာတော့ အင်္ဂလိပ် ဘာသာစကားက ဘုံဘာသာစကား ဖြစ်တယ်။ ကျွန်တော်တို့ မြန်မာတွေ အဖို့တော့ ရင်းနှီးပြီး ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို အဓိကထားလေ့လာကြရမှာပါပဲ။

  • ‘ဝင်းဇော်’ အမည်နဲ့ ဆရာ့ ရဲ့ ဘာသာပြန်လုံးချင်းဝထ္တု တချို့ကို ဖတ်ခဲ့ရပါတယ်။ ဘာသာပြန်သူ တစ်ဦး အတွက် လိုအပ်တဲ့ အင်္ဂလိပ်စာအခြေခံကောင်းမွန်မှု မှာ ဘာတွေ အရေးကြီးသလဲ ဆိုတာ ရှင်းပြပေးပါဦး ဆရာ။
ကျွန်တော်ကတော့ ဘာသာပြန်စာအုပ်တွေ ရေးမှ သဘောပေါက်လာတဲ့ အချက်တစ်ခု ကတော့ စာအုပ်တွေ ဘာသာပြန်တဲ့သူ တစ်ယောက်အဖို့ မြန်မာစာ ကျွမ်းကျင်ဖို့ ပိုပြီး လိုအပ်တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဘာသာပြန်ကောင်းလှတယ် ဆိုတဲ့ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာဇော်ဂျီတို့၊ ဆရာသခင်ဘသောင်းတို့ တတွေဟာ မြန်မာစာ၊ မြန်မာဘာသာစကား အလွန်ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ ဘာသာပြန်တွေ ဖတ်ရတာ ဘာသာပြန်စာအုပ်ဖတ်နေရတာ နဲ့ မတူဘဲ မြန်မာစာအုပ်တစ်အုပ် ဖတ်နေတယ်လို့ ကို ထင်ရလောက်အောင် ကောင်းကြတာပါ။

  • သဒ္ဒါတတ်မှ စာတတ်တယ်လို့ ဆိုကြပါတယ်။ အင်္ဂလိပ်စာ လေ့လာသင်ယူနေတွေအတွက် အင်္ဂလိပ်သဒ္ဒါ (English Grammar ) ဟာ ဘယ်လောက် အရေးကြီးပါတယ်လို့ ထင်မြင်ပါသလဲ ဆရာ။
မြန်မာပြည်က မွေးစကလေးတစ်ယောက် စကားသင်တဲ့ အရွယ်ရောက်တဲ့ အခါ မိဘတွေက တို့ကလေးတော့ စကားသင်ရတော့မယ်။ အဲဒီတော့ ကတ္တား၊ကံ၊ ကြိယာတွေ အကြောင်းကို စသင်ပေးမှ ဖြစ်တော့မယ်ဆိုတာမျိုး ရှိပါသလား။ မရှိပါဘူး။
       အဲဒီလိုပါပဲ။ အင်္ဂလိပ်ကလေးတစ်ယောက်၊ တရုတ်ကလေး တစ်ယောက်၊ ဂျပန်ကလေးတစ်ယောက် စတဲ့ လူမျိုးပေါင်းစုံ ကလေးတွေ ကိုလည်း ဘယ်မိဘတွေကမှ သဒ္ဒါတွေ စသင်ပေးတယ်လို့ မရှိပါဘူး။ ကလေးတွေက သူတို့ ဟာ သူတို့ လူကြီးတွေကို အတုခိုးပြီး “ ပါး “ တို့ “ မား” တို့ လိုက်ပြောရာက  တဖြည်းဖြည်းချင်း သူတို့ ဘာသာစကားကို ပြောတတ်သွားကြတာ ချည်း ဖြစ်ပါတယ်။

      လူမျိုးတစ်မျိုး နဲ့ တစ်မျိုး သာမာန်မိတ်ဖြစ်ဆွေဖြစ် အလုပ်ဖြစ်ရုံလောက် ဆက်ဆံဖို့ အတွက် ဆိုရင်တော့ သဒ္ဒါတွေ ထုံးလို ချေ၊ ရေလိုနှောက် တတ်မြောက်ဖို့ မလိုပါဘူး။ အင်္ဂလိပ်စာသင်တဲ့ ဆရာ တစ်ယောက်လုပ်မယ်၊ အင်္ဂလိပ်လို စာရေးတဲ့ စာရေးဆရာတစ်ယောက် လုပ်မယ် ဆိုရင်တော့ သဒ္ဒါတွေ ကို အခြေခံကျကျ ပိုင်ပိုင်နိုင်နိုင် တတ်ဖို့လိုပါတယ်။ 

    ကျွန်တော့ အတွေ့အကြုံအရ ပြောရရင် လူတွေက သဒ္ဒါမှားမှာ ကြောက်ပြီး မပြောရဲ၊ မဆိုရဲ၊ မရေးရဲ ဖြစ်နေကြပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က ဘွဲ့ရတွေဟာ စာဖတ်ရင် အတော်အသင့် နားလည်သလို နိုင်ငံခြားသားတွေ ပြောတာကိုလည်း အတော်အသင့် နားလည်ပါတယ်။ ဒါပေမဲ့ သဒ္ဒါမှားမှာ ကြောက်ပြီး ပါးစပ်က ပြောရမှာ နှုတ်ဆွံ့နေတတ်ကြတယ်။ အဲဒါကြောင့် မပြောတတ်ဘူး၊ မပြောတတ်ဘူး ဖြစ်နေတာပေါ့ အဲဒီလူမျိုးတွေ နိုင်ငံခြားရောက်သွားပါလား။ မပြောမဖြစ်ပြောရတော့ အလုပ်ဖြစ်ရုံလောက်တော့ ပြောနိုင်ကြတာချည်းပါ။ အဲဒါကြောင့် “ သဒ္ဒါမတတ်၊ စာမတတ် “ ဆိုတဲ့ ဆောင်ပုဒ်ကြီး နဲ့ ခြောက်လှန့်တာ မျိုးတွေ စွန့်လွှတ်သင့်ပါပြီ။ အဲဒီဆောင်ပုဒ်ကြီး နဲ့ ခြောက်ခြောက်နေတော့ ကျွန်တော်တို့ လူတွေ နှုတ်ဆွံ့ နေပါတယ်။ “ဆွံ့ “ ရာ ကနေပြီးတော့ “ အ” သွားတတ်ပါတယ်။
     ကျွန်တော်တို့ မြန်မာတွေဟာ မညံ့ပါဘူး။ အင်္ဂလိပ်စကားပြောတစ်ခုတည်း ပြောမယ်ဆိုရင် အာရှမှာ မြန်မာမနိုင်တာ အိန္ဒိယသား တစ်ခုတည်း ရှိတယ်။ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ် ကြိုက်ရာ နဲ့ ယှဉ် မြန်မာတွေက သာပါတယ်။ စင်ကာပူသားတွေ တတ်တယ် ဆိုတာ Singlish ပါ။ English မဟုတ်ပါဘူး။ အဲဒါကြောင့် လီကွမ်ယူ ကတောင် စင်ကာပူသားတွေ စံချိန်မှီ အင်္ဂလိပ်စကားပြောတတ်ဖို့ ကျောင်းတွေက သင်ပေးကြဖို့ ဆော်သြနေရတာပါ။
      မြန်မာတွေ တတ်တာက စံချိန်မှီ အင်္ဂလိပ်စကားပါ။ သူတို့လို နှုတ်မသွက်ပဲ နှုတ်ဆွံ့နေရတာက နိုင်ငံခြားသားတွေနဲ့ အထိအတွေ့ အဆက်အဆံ (Exposure) နည်းနေလို့ပါ။ ကိုယ့်ဟာ ကိုယ် သိမ်ငယ်စိတ်တွေ များနေလို့ပါ။ ကျွန်တော်တို့ (အင်္ဂလိပ်ဘာသာစကားမှာ ) အညံ့ကြီးထဲ မပါပါဘူး။ အာရှမှာ ထိပ်က ရှိပါတယ်။ ကြုံတုန်းတစ်ခု ပြောချင်ပါတယ်။ ဝါးတားဂိတ် အရှုပ်တော်ပုံကြီး ဖြစ်လာတော့ အဲဒီတုန်းက သမ္မတနစ်ဆင်ရဲ့ မှတ်တမ်းတွေကို ကွန်ဂရက် လွှတ်တော်က စစ်ဆေးပါတယ်။ အဲဒီ စစ်ဆေး တွေ့ရှိချက်တွေကို စုစည်းပြီး အစီရင်ခံစာ တင်ပါတယ်။ 

စာအုပ်အဖြစ်လည်း ထွက်ပါတယ်။ အဲဒီ စာအုပ်တွေထဲမှာ သမ္မတနစ်ဆင် ရဲ့လက်ရေးနဲ့ ရေးမှတ်ထားတာတွေ ပါပါတယ်။ အဲဒီနစ်ဆင် ရဲ့ လက်ရေးမှတ်တမ်းတွေ ထဲမှာ ခပ်လွယ်လွယ် စကားလုံးတွေ ကိုတောင် သတ်ပုံ(Spelling ) တွေ မှားနေတာတွေ့ ရပါတယ်။ အဲဒါကြောင့် အသားဖြူတဲ့ လူ နဲ့ စကားပြောရတိုင်း လန့်ပြီး နှုတ်ဆွံ့မနေပါနဲ့။ အင်္ဂလန်မှာမွေးပြီး အင်္ဂလိပ်စကားပြောတဲ့ အင်္ဂလိပ်လူမျိုးတွေထဲမှာ လည်း ကိုယ့်လောက် အင်္ဂလိပ်စာ မတတ်တဲ့ လူတွေ အများကြီးရှိတယ်ဆိုတာ အမြဲ ခေါင်းထဲမှာ ထည့်ထားပါ။ ကျွန်တော်တို့ မညံ့ပါဘူး။ (Exposure) ပြင်ပနဲ့ အထိအတွေ့ နည်းလို့ ကိုယ့် ဟာ ကိုယ် ယုံကြည်မှု နည်းနေတာလေး တစ်ခုပဲ ရှိပါတယ်။

No comments:

Post a Comment