Sunday, October 21, 2012

“ကြက် နှင့် ဘဲ”


ဒီပုံပြင်ဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နေထိုင်တဲ့ ကျွန်တော့ ဆရာ Ajahn Chah ရဲ့ အနှစ်သက် ဆုံး ပုံပြင်တစ်ပုဒ်ပါ။

      ကြင်စဦး ဇနီးမောင်နှံတစ်တွဲ ဟာ ညနေစာစားပြီးနောက် တောထဲကို လမ်းလျှောက်ထွက်ကြ ပါတယ်။ အတူတကွ လမ်းလျှောက်လာရင်း နှစ်သက်ပျော်ရွှင်စွာ အချိန်တွေ ကုန်ဆုံးသွားတယ်။ အဝေးတစ်နေရာက “ ဂတ်ဂတ် ” ဆိုတဲ့ အသံတစ်သံ ကို မကြားခင် အထိ သူတို့နှစ်ယောက် ပျော်ရွှင် ကြည်နူးနေရပါတယ်။

     “နားထောင်ကြည့်၊ ဒါဟာ ကြက်တစ်ကောင် ဖြစ်မယ်” လို့ မိန်းမ ဖြစ်သူက ပြောလိုက်တယ်။
     “မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒါက ဘဲတစ်ကောင် အသံပါ” လို့ ယောင်္ကျား က ပြန်ပြောတယ်။
      “မဟုတ်ဘူး။ သေချာတယ်၊အဲဒါ ကြက် ” လို့ သူမက ပြောတယ်။
       “ မဖြစ်နိုင်တာပဲ။ ကြက်ဆိုရင် “ကွက်ကွက် ” လို့ အော်မှာ၊ ဘဲ က “ဂတ်ဂတ်” လို့ အော်တယ်။ ဒါကြောင့် ဘဲ အသံပါ၊ အချစ်ရယ်။” လို့ စိတ်မရှည်သည့် အသံ နဲ့ ယောင်္ကျား ဖြစ်သူက ပြောတယ်။
       “ဂတ်ဂတ် ” ဆိုသည့် အသံက နောက်ထပ် ပေါ်လာပြန်သည်။
       “ကြည့်လိုက်၊ ဒါ “ဘဲ” ဖြစ်တာ သေချာတယ်။” လို့ သူက ပြောတယ်။

        “မဟုတ်ပါဘူး၊ ယောင်္ကျားရယ်။ ဒါဟာ ကြက်တစ်ကောင်ပါ။ ကျမ သေချာပါတယ်။” လို့ မိန်းမက ခြေကို ဆောင့်ရင်း ပြန်ပြောတယ်။
         “နားထောင်ကြည့်၊ မိန်းမ။ ဒါဟာ….ဘဲ။ ဘ…..ဘဲ။ ကြားလား။ ” လို့ ယောင်္ကျားက စိတ်ဆိုးစွာ ပြောတယ်။
           “ဒါပေမဲ့၊ အဲဒါ ကြက် ” လို့ သူမက ကန့်ကွက်လိုက်တယ်။
            “ ဒါက မိတ်လိုက်တဲ့ ဘဲ ”
            သူ တစုံတရာကို ထပ်မပြောရခင်မှာ  “ ဂတ်ဂတ် ” ဆိုတဲ့ အသံ ထွက်လာ ပြန်တယ်။
            မိန်းမ ဖြစ်သူက မျက်ရည်စက်တွေ နဲ့ “ ကြက်ပါ ” လို့ ပြောတယ်။
            နောက်ဆုံးမှာ ယောင်္ကျားက သူ့မိန်းမ မျက်လုံးမှာ မျက်ရည်တွေ ဝဲနေတာ တွေ့ပြီး၊ သူ ဘာကြောင့် သူ့မိန်းမကို လက်ထပ်သလဲ ဆိုတာ သတိရသွားတယ်။
            သူ့မျက်နှာ သည် ပြော့ပျောင်းသွားပြီး  “မှားသွားတယ်၊ အချစ်ရယ်။ မင်း မှန်တယ် လို့ ငါ ထင်တယ်။ ဒါဟာ ကြက်တစ်ကောင် ဖြစ်မယ် ”
         “ကျေးဇူးပါ၊ ယောင်္ကျား ” လို့ သူမက ပြောပြီး၊ သူ့ယောင်္ကျား လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။
           “ဂတ်ဂတ်” ဆိုသည့် အသံမှာ သူတို့ နှစ်ဦး အတူတကွ လက်တွဲလျှောက်သွားတဲ့ အချိန်မှာ ထပ်ပေါ်လာပါတယ်။ 

          ယောင်္ကျားဖြစ်သူက နောက်ဆုံးမှာ စိတ်ထဲမှာ ရှင်းလင်းစွာ သိမြင်သွားတယ်။ ကြက် ဖြစ်ဖြစ် ဘဲ ဖြစ်ဖြစ် ဘာကို ဂရုစိုက်ရမှာလဲ။ သူတို့အတူတကွ ရှိနေခြင်းက ပိုပြီး အရေးကြီးတာပါ။ ဒီလို သာယာတဲ့ နွေရာသီ ညနေခင်းမှာ အတူတကွ လမ်းလျှောက်နေခြင်းက ပိုပြီး အရေးကြီးတာပါ။ အရေးမကြီးတဲ့ ကိစ္စလေးတွေ အတွက် အိမ်ထောင်ရေးဘယ်နှစ်ခု လောက် ပြိုကွဲ ပျက်စီးခဲ့ပြီလဲ။ “ ကြက် သို့မဟုတ် ဘဲ ”  ဆိုတဲ့ အရေးမကြီးတာလေး အတွက် အိမ်ထောင်ပြိုကွဲမှု ဘယ်နှစ်ခု ဖြစ်ခဲ့ပြီလဲ။

      ဒီပုံပြင်လေးကို ကျွန်တော်တို့ နားလည်သွားတဲ့ အခါ ၊ ကျွန်တော်တို့ရဲ့ ဦးစားပေးဆောင်ရွက်ရမှု ကို သတိရပါလိမ့်မယ်။ “ ကြက် သို့မဟုတ် ဘဲ” ဆိုသည့် အရာမှာ မှန်ကန်သွားခြင်း ထက် အိမ်ထောင်ရေးက ပိုပြီး အရေးကြီးပါတယ်။ ကျွန်တော်တို့ဘက်က လုံးဝ သေချာပေါက် မှန်ကန်နေတယ် ဆိုတာ ဘယ်နှစ်ကြိမ် များ ရှိပါသလဲ။ အခု မှန်နေသည့် အရာတွေ ဟာ နောက်ပိုင်းကျရင် လုံးဝ မှားယွင်းနေတာလဲ ဖြစ်နိုင်တာပါပဲ။ ဘယ်သူများ သေချာ သိနိုင်မှာလဲ။ ဇီဝဗေဒအရ ပြုပြင်ထားသည့် “ကြက်” က “ဘဲ” အသံလိုမျိုး ထွက်နေခြင်း မဖြစ်နိုင်ဘူးလား

(လိင်ခွဲခြားခြင်းမရှိသော၊ ငြိမ်းချမ်းသောဘဝ ပိုင်ရှင်ရဟန်းတစ်ဦး အနေနှင့် ထိုပုံပြင်ကို ကျွန်တော် ပြန်ပြောပြသည့် အခါတိုင်း ကြက် နှင့် ဘဲ ကို ပြောပြသည့် ယောင်္ကျား နှင့် မိန်းမ ကို တစ်လှည့်စီ ပြောင်းလဲပါသည်။)

ဆရာတော် “Ajahn Brahm”၏ “Who Ordered This Truckload of Dung?” စာအုပ်မှ “the chicken and the duck”  အခန်းကို ဘာသာပြန်ဆိုပါသည်။)

No comments:

Post a Comment