Friday, October 26, 2012

“အဖိုးထိုက်သော သင်ကြားခြင်း”


“စိတ်ဓါတ်ကျခြင်း” သည် ဒေါ်လာသန်းပေါင်းများစွာတန်သော လုပ်ငန်းကြီးကို ဖြစ်စေပါတယ်။ တကယ့်ကို စိတ်ဓါတ်ကျခြင်း ကြောင့်ပါ။ အခြားလူတစ်ဦး၏ ဒုက္ခဝေဒနာမှ ပိုက်ဆံရှာတယ်ဆိုတာ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ပကာသနကင်းသော ထုံးတမ်းစဉ်လာကို လိုက်နာရသည့် ရဟန်းတော်တစ်ပါးသည် ငွေကြေးပိုက်ဆံကို ရှာဖွေခွင့်မရှိပါဘူး။ ဟောပြောပွဲများ၊ အကြံပေးဆွေးနွေးခြင်းများ နှင့် အခြားမည့်သည့်ဝန်ဆောင်မှုမှ မဆို ငွေကြေးတောင်းခံခွင့် မရှိကြပါ။
          အမေရိကန်အမျိုးသမီးတစ်ဦးသည် ထင်ရှားသောတရားပြရဟန်းတော်ထံသို့ တရားရှုမှတ်ခြင်း နည်းလမ်းကို လေ့လာသင်ကြားရန်အတွက် တယ်လီဖုန်းဖြင့် ဆက်သွယ်ပါသည်။

“အရှင်ဘုရား တရားထိုင်တာကို သင်ကြားပေးတယ်လို့ ကြားပါတယ်” လို့ ဖြေးဖြေးချင်း ပြောပါတယ်။
“ဟုတ်ပါတယ်။ ကျွန်ုပ် သင်ကြားပေးပါတယ် ” လို့ ရဟန်းက ယဉ်ကျေးစွာ ပြန်ပြောပါတယ်။
“သင်ကြားမှုအတွက် ဘယ်လောက်ကျသင့်ပါသလဲ ” လို့ သူမက တိုက်ရိုက် မေးမြန်းလိုက်ပါသည်။
“တပြားမှ မယူပါဘူး။”
“အဲဒါဆိုရင်တော့ အရှင် သင်ပြတာက ကောင်းမှာ မဟုတ်ဘူး။” လို့ ပြောပြီး၊ ဖုန်းကို ချလိုက်ပါသည်။
ကျွန်တော်လည်း ထိုကဲ့သို့ အလားတူ ဖုန်းခေါ်ဆိုခြင်းကို လွန်ခဲ့သောနှစ် အနည်းငယ်က လက်ခံရဖူးပါတယ်။ ခေါ်ဆိုသူမှာ ပိုလန်လူမျိုးသြစတြေးလီယားနိုင်ငံသူတစ်ဦး ဖြစ်ပါသည်။
 “ဒီညနေ ရှင့် ဘုန်းကြီးကျောင်းမှာ ဟောပြောပွဲ ရှိပါသလား ” လို့ သူမက မေးပါတယ်။
“ဟုတ်ပါတယ်။မဒမ်။ ဒီညနေ ဟောပြောပွဲ ရှိပါတယ်။ ည ၈နာရီမှာ စတင်ပါမယ်။ ” လို့ ကျွန်တော်က သူမကို ပြောလိုက်ပါတယ်။
“ဟောပြောပွဲအတွက် ဘယ်လောက်ပေးရမှာလဲ ” လို့ သူမက မေးပါတယ်။
“တပြားမှ ပေးစရာမလိုပါ။ အခမဲ့ဖြစ်ပါတယ်။ ” လို့ ကျွန်တော်က ရှင်းပြပါတယ်။ ထို့နောက် စကားသံ ရပ်သွားပါတယ်။
 “ရှင် ကျွန်မ ပြောတာ နားမလည်ဖူး ထင်တယ်။” လို့ သူမက ခပ်မာမာ ပြောပါတယ်။
“ရှင့် ဟောပြောပွဲကို နားထောင်ရဖို့ ကျွန်မက ဘယ်လောက်ပေးရမလဲ။”
“မဒမ်၊ ပိုက်ဆံ တပြားမှ ပေးစရာ မလိုပါဘူး။ အခမဲ့ပါ။” လို့ ကျွန်တော်လည်း တတ်နိုင်သလောက် ဖြေးဖြေး ပြန်ပြောလိုက်ပါတယ်။

“နားထောင်စမ်း။”
“ဒေါ်လာ!!! ဆင့် !!! ဘယ်လောက်ပေးရမလဲ။ ဟောပြောပွဲကို နားထောင်ဖို့ ဘယ်နှစ်ပြားပေးရမလဲ။ ”
“မဒမ်၊ ခင်ဗျား တပြားမှ ပေးစရာ မလိုပါဘူး။ ခန်းမထဲကို ခင်ဗျား ဝင်လိုက်ပါ။ နောက်မှာ ထိုင်လိုက်ပါ။ ကြိုက်တဲ့အချိန် ပြန်နိုင်ပါတယ်။ ဘယ်သူကမှ နာမည် နှင့် လိပ်စာ ကို မေးမြန်းမှာ မဟုတ်ပါဘူး။ မည်သည့် လက်ကမ်းကြေညာကိုမှ ပေးဝေခြင်းကိုလဲ မပြုလုပ်ပါဘူး။ တံခါးဝမှာ အလှူခံခြင်းကိုလဲ ပြုလုပ်မှာ မဟုတ်ပါဘူး။ လုံးဝအခမဲ့ပါ။”

အချိန်အကြာကြီး တိတ်ဆိတ်သွားပါတယ်။
“အဲဒီလိုဆိုရင် ရှင်တို့က ဟောပြောပွဲကနေ ဘာရမှာလဲ ” လို့ သူမက သိချင်စိတ်နဲ့ ရိုးရိုးသားသား မေးလိုက်ပါတယ်။
“ပျော်ရွှင်မှုပါ၊ မဒမ်။”
“ပျော်ရွှင်မှုပါ” လို့ ကျွန်တော် အဖြေပေးလိုက်ပါတယ်။
အခုအချိန်မှာတော့ တစုံတဦးက ဟောပြောပွဲအတွက် ဘယ်လောက်ကျပါသလဲ လို့ ကျွန်တော့်ကို မေးလာခဲ့ပါရင်၊ အခမဲ့ လို့ ကျွန်တော် ဖြေမှာ မဟုတ်တော့ပါ။
“အဖိုးအနဂ္ဃ ထိုက်ပါတယ်” လို့ ကျွန်တော် ဖြေလိုက်မှာပါ။

(ဆရာတော် “Ajahn Brahm” ၏  “Who Ordered This Truckload of Dung?” စာအုပ်မှ “priceless teaching”အခန်းအား ဘာသာပြန်ခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment