ကျွန်တော့်မိတ်ဆွေတွေက ကျွန်တော်တို့ကို ထိခိုက်စေမဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဒေါသထွက်ပြီး၊ မိတ်ဆွေအဖြစ် ဆက်ဆံရေးကို ထာဝရ ရပ်ဆိုင်းခဲ့ရပါတယ်။ အဲဒီလိုမျိုး ဖြစ်ရမှာလား။ ပျော်ရွင်စရာကောင်းတဲ့ နှစ်ပေါင်းများစွာကို ဘယ်အတွက်ကြောင့် ကျွန်တော်တို့က အပေါင်းအသင်း ခပ်နည်းနည်း နဲ့ ဖြတ်သန်းသွားရမှာလဲ။ အံ့သြဖွယ်ရာ အချိန်ကာလတွေကို ကျွန်တော်တို့ အားလုံးဝေမျှ ခံစားသွားရမှာပါ။ ကောင်းမွန်တဲ့အပိုင်းတွေကို ပဲ မြင်ကြည့်လိုက်စမ်းပါ။ မကောင်းတဲ့ အစိတ်အပိုင်း သေးသေးလေး၊ အမှားအယွင်းလေး ကိုပဲ မြင်မိမယ် ဆိုရင်တော့ အရာရာ ကို ဖျက်ဆီး ပစ်လိုက်သလိုပါပဲ။ သိပ်တော့လည်း မမျှတပါဘူး။ ခင်ဗျားက ဒေါသတရားကို မွေးမြူထားမယ် ဆိုရင်တော့ အထီးကျန်ဘဝနဲ့ နေထိုင်သွားရပါလိမ့်မယ်။
ကနေဒါလူမျိုးလူငယ်စုံတွဲတစ်တွဲကို ကျွန်တော်သိပါတယ်။ သူတို့က ပတ်စ်မြို့က အလုပ် ကန်ထရိုက် ပြီးစီးလို့ ပြန်ကြတော့မှာပါ။ သူတို့ရဲ့ ဇာတိမြို့တိုရွန်တိုမြို့ကို ပြန်ဖို့ အစီအစဉ် ရေးဆွဲကြပါတယ်။ အပြန်ခရီးကို ရွက်လွင့်ပြီး ကနေဒါနိုင်ငံကိုပြန်မယ်ဆိုပြီး တွေးမိသွားပါတယ်။ ရွက်လှေငယ်လေးတစ်စီးကို အခြားဇနီးမောင်နှံ အကူအညီနဲ့ ဝယ်ဖို့ ပြင်ဆင်ပါတယ်။ အခြားဇနီး မောင်နှံက ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး၊ ဗိုကူးဗါးမြို့ကို ရွက်လွင့်သွားမှာပါ။
ဗိုကူဗါးမြို့ကို ရောက်ရင် ရွက်လှေကို ပြန်ရောင်းမယ်။ စိုက်ထုတ်ထားသောငွေကို ပြန်ရမယ်။ အတိုးသဘောမျိုး ရင်းနှီးမြုပ်နှံငွေကို ထပ်ရပါလိမ့်မယ်။ အဲဒီလို ရွက်လွင့်သွားရင် ငွေကြေးအရ တွက်ခြေကိုက်နိုင်တဲ့အပြင် ငယ်ရွယ်တဲ့ မောင်နှံတွေအတွက် တဘဝလုံးရဲ့ စွန့်စားမှုတစ်ခု ဖြစ်ပါလိမ့်မယ်။
သူတို့ ကနေဒါကို ပြန်ရောက်တဲ့အခါ အံ့သြဖွယ်ကောင်းတဲ့ခရီးစဉ် အကြောင်း ကျွန်တော့်ထံကို စာရေးကြပါတယ်။ အထူးသဖြင့် ရေးထားတာကတော့ သူတို့တွေ့ကြုံခဲ့ရတဲ့ မတော်တဆ ဖြစ်ပွါးမှုတစ်ခုပါ။ ဒေါသထွက်လာတဲ့အခါ ဘယ်အတိုင်းအတာအထိ ကျွန်တော်တို့ မိုက်မဲတတ်ကြတယ်ဆိုတာကို ဖြစ်ပွါးတဲ့ မတော်တဆမှုလေးကတဆင့် မြင်တွေ့နိုင်ပါတယ်။
သူတို့ ခရီးတဝက်လောက်မှာ ရွက်လှေအင်ဂျင်က ပျက်သွားပါတော့တယ်။ ရောက်နေတဲ့ နေရာက အနီးဆုံးကမ်းနဲ့ ဆိုရင်တောင်မှ မိုင်ထောင်ချီ ဝေးနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲ မှာပါ။ ယောင်္ကျားနှစ်ယောက်က အဝတ်အစားလဲပြီး အင်ဂျင်ခန်းထဲကို ဆင်းသွားပါတယ်။ သေးငယ်တဲ့ အင်ဂျင်ခန်းလေးထဲ ဝင်ပြီး၊ စက်ကို ပြင်ဖို့ ကြိုးစားပါတယ်။ မိန်းမနှစ်ယောက်ကတော့ ကုန်းပတ်ပေါ်မှာ မဂ္ဂဇင်းစာအုပ်ဖတ်ရင်း နေပူစာ လှုံနေကြပါတယ်။
အင်ဂျင်ခန်းက ပူလောက်ပြီး၊ ပိတ်လှောင်နေတယ်။ အင်ဂျင်ကလဲ ပြင်လို့ရမဲ့ပုံ မပေါ်ပါဘူး။ မူလီခေါင်းအကြီးတွေကို ဖြုတ်လို့မရဘူး။ တချို့အရေးကြီးတဲ့ မူလီတွေက ပြုတ်နေပြီး၊ ချောနေတဲ့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျနေတယ်။ ပိုက်တွေကလဲ ပေါက်ပြဲနေပြီး၊ ယိုစိမ့်မှုတွေက ဖြစ်နေပါတယ်။ သူတို့ နှစ်ယောက်က စိတ်တိုပြီး၊ ဒေါသထွက်လာပါတယ်။ ပထမတော့ အင်ဂျင်စက်ကို ဒေါသထွက်တယ်။ နောက်တော့ အချင်းချင်း ဒေါသထွက်ကြပါတယ်။ ဒေါသတွေ အရမ်းထွက်လာပြီး၊ တစ်ယောက်နဲ့ တစ်ယောက် အကြီးအကျယ်စိတ်ဆိုးကြပါတယ်။ တစ်ယောက်က “တော်ပြီကွာ” လို့ ပြောပြီး လက်ထဲက ဂွင်းဂွကို ပစ်ချလိုက်တယ်။ “ကောင်းပြီ၊ ဒါပဲကွာ၊ ငါ ထွက်သွားတော့မယ်” လို့ တစ်ယောက်က အော်ပြောလိုက်ပါတယ်။
ဒေါသနဲ့ အရူးအမူးဖြစ်ပြီး၊ သူ့အခန်းထဲကို ပြန်တယ်။ လက်ဆေး၊
သန့်ရှင်းရေးလုပ်ပြီး၊ အဝတ်လဲတယ်။ အထုတ်အပိုးတွေ ပြင်တယ်။
အကောင်းဆုံးဂျာကင်အင်္ကျီကို ဝတ်ပြီး၊ လက်နှစ်ဖက်က အထုတ်အပိုးတွေ ဆွဲလျှက်
ကုန်းပတ်ပေါ်ကို တက်လာတယ်။ သူက ဒေါသတွေ ထွက်နေတုန်းပါ။ မိန်းမနှစ်ယောက်ကတော့
သူ့ကို မြင်ပြီး၊ ရယ်ရလွန်းလို့ ရွက်လှေပေါ်က ပြုတ်ကျတော့မလားပါပဲ လို့
ကျွန်တော့်ကို ပြန်ပြောပြတယ်။ အထုတ်ဆွဲလာတဲ့သူက ပင်လယ်ပြင်ကြီးကို
ကြည့်လိုက်ပါတယ်။ မိုးကုတ်စက်ဝိုင်းက ဘယ်အရပ်မျက်နှာကို ကြည့်လိုက်၊
ကြည့်လိုက် အဆုံးမရှိပါဘူး။ သူ့အတွက် ဘယ်ကိုမှ ထွက်သွားလို့မရပါဘူး။
ထိုသူက အရူးဖြစ်သွားသလို ခံစားလိုက်ရပါတယ်။ မျက်နှာက စိတ်ပျက်ပြီး၊
နီရဲလာပါတယ်။ နောက်ကြောင်းပြန်လှည့်ပြီး၊ အခန်းထဲကို ပြန်ဝင်သွားပါတယ်။
အထုတ်ကို ဖြေပြီး၊ အဝတ်ပြန်လဲတယ်။ ပြီးတော့ အင်ဂျင်စက်ခန်းထဲကို ကူညီဖို့၊
ပြန်ဝင်သွားပါတယ်။ ဒီလိုမျိုး သူ မလုပ်လို့ မရပါဘူး။ သူ့အတွက် ထွက်သွားစရာ
ဘယ်နေရာမှ မရှိပါဘူး။(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung? ” စာအုပ်မှ “right! That’s it, I’m leaving ” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။-)
No comments:
Post a Comment