Saturday, October 6, 2012
(၃)နာရီကြာ လေယာဉ်ခရီး နှင့် Paradigm ပြောင်းလဲမှု(၁)
 Paradigm shift- a great and important change in the way sth is done or thought about.. 
        လုပ်ကိုင်မှု သို့မဟုတ် စဉ်းစားမှုနှင့် ပတ်သက်၍ အရေးပါသော ပြောင်းလဲမှု။ 
     ထိုသို့ အဓိပ္ပါယ်သတ်မှတ်သော Paradigm shift-ကို အတော်များများ နေရာများတွင် ပြောတာ ကြားရသည်။ တချို့ဆရာများကလည်း Paradigm ကို သိမှတ်နားလည်မှု ဟု ဘာသာပြန်ကြသည်လည်း ရှိပါသည်။ ဆိုလိုသည်မှာ အကြောင်းအရာ တစ်ခုသည် မိမိနှင့် ပတ်သက်သလောက်၊ ထိတွေ့မှု ရှိသလောက် ကိုမူတည်၍ မိမိ၏ စိတ်တွင် ထိုအကြောင်းအရာ အပေါ်သိမှတ် နားလည်းထားခြင်း ကို ဆိုလိုသည်။ Paradigm ကို ပြောင်းလဲစေသော အချက်အလက်များတွင် စာဖတ်ခြင်း၊ သင်တန်းတက်ခြင်း စသော အသိပညာ ဖြည့်ဆည်းမှုများ ပါဝင်သည်။ နေရာအသစ်များသို့ သွားသောအခါ ယဉ်ကျေးမှုပုံစံ အသစ်များကြောင့် Paradigm လည်းပြောင်းလဲ နိုင်ပါသည်။ ထို့ပြင် Meditation ဟုခေါ်သော တရားရှုမှတ်ခြင်း ၊ အဖန်တလဲလဲ စဉ်းစားဆင်ခြင်ခြင်းတို့လည်း ပါဝင်သည်။ 
      ယခု ကျွန်တော်တို့ ကြုံတွေ့နေရသော ခေတ်သည် ပြောင်းလဲမှုများ မြန်ဆန်သောကြောင့် မူများကို အသေကိုင်စွဲ ထားခြင်းများကို လျှော့ချသင့်ပြီး။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသည်ကို ရှာဖွေကာ အလျှော့ အတင်းဖြင့် သဘောထားများကို ထားသင့်သည်။ ထိုအချက်ကို ကျွန်တော်ကြုံတွေ့ရသည်ကို သုံးသပ်၍ တင်ပြချင်ပါသည်။ ထိုအမြင်မှာ ကျွန်တော်၏ ပုဂ္ဂလိကအမြင်သာ ဖြစ်သောကြောင့်၊ အမြင်မတူညီမှုများလည်း ရှိနိုင်ပါသည်။ 
   စင်ကာပူနှင့် မြန်မာနိုင်ငံသည် လေယာဉ်စီးပါက ၃-နာရီကျော်သာ ကြာမြင့်ပါသည်။ သို့သော် ကွာခြားချက်မှာများစွာ ဖြစ်ပါသည်။ စင်ကာပူမှာ ပထမနိုင်ငံဖြစ်၍ မြန်မာနိုင်ငံမှာ တတိယနိုင်ငံ အဆင့်ဖြစ်ပါသည်။ 
    အခြားသော နိုင်ငံရေး၊ စီးပွားရေး ကွာခြားချက်များကို ကျွန်တော့်အနေဖြင့် ဆွေးနွေးရေးသားခြင်း မပြုပါ။ နေထိုင်မှုပုံစံ မတူညီသည်များကိုသာ ရေးသားပါမည်။ 
      အဓိက တွေ့ရသည်မှာ တိုးတက်သော နိုင်ငံဖြစ်သည်နှင့်အညီ အ၀တ်အစားဆင်ယင်မှုများမှာ ခေတ်မှီ လှပါသည်။ စင်ကာပူမှာ ပူအိုက်သော နိုင်ငံဖြစ်သောကြောင့် သေးသော ငယ်သော အ၀တ်အစားများကို ၀တ်ဆင်လေ့ရှိကြပါသည်။ 
   ကျွန်တော်တို့နိုင်ငံမှ စင်ကာပူတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော ကျောင်းတက်ကြသော မိန်းကလေးများမှာ ထိုသို့တိုသော သေးငယ်သော အ၀တ်အစားများကိုလည်း ၀တ်ဆင်လာကြပါသည်။ ထိုသို့ ၀တ်ဆင်သောအခါ ကျွန်တော်တို့ မြန်မာအသိုင်းအ၀ိုင်းတွင် မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးသည် ဟု အွန်လိုင်းများတွင် ဝေဖန်သံများကို ကြားရပါသည်။ ထိုသို့ အပြင် တစ်ခါတစ်ရံ တွင် မြန်မာမော်ဒယ် မိန်းကလေး များ၊ သရုပ်ဆောင်များသည် နိုင်ငံခြားမော်ဒယ်များကို တုပကာ ၀တ်ဆင်ကြပါသည်။ ထိုအခါမျိုးတွင်လည်း မြန်မာယဉ်ကျေးမှုကို ဖျက်ဆီးသည် ဟု ဝေဖန်ကြပါသေးသည်။ 
      ကျွန်တော်သည် ဆရာK ရေးသော Burmese Cultures စာအုပ်ကို မဖတ်ရသေးသောကြောင့် ဆရာက မည်သို့ မြန်မာယဉ်ကျေးမှုကို ပုံဖော်ရေးသားသည်ကို မသိပါ။ ဆရာမကြီးဒေါ်ခင်မျိုးချစ် ရေးသားသော စာအုပ်များကို ဖတ်ဖူးပါသည်။ သို့သော် ဒေါ်ခင်မျိုးချစ်သည် မြန်မာ့ရိုးရာ ဓလေ့စရိုက်များကို ပုံဖော်ရာတွင် တောရွာဓလေ့များကို ပုံဖော်ရေးသားခဲ့သည်။ 
  မြန်မာမိန်းကလေးများသည် စင်ကာပူတွင် နေထိုင်စဉ် စင်ကာပူသူများနည်းတူ ၀တ်စားဆင်ယင်ခြင်းသည် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ခြင်း၊ ဖျက်ဆီးခြင်း ရှိသည်ဟူ၍ ကျွန်တော် မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ရောမမှာနေရင် ရောမသားကဲ့သို့ကျင့်ရမည် ဟူသော စကားရှိသည့်အပြင် အ၀တ်အစားဆင်ယင်မှုနှင့် မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းသည် ကွဲပြားသည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ 
      ထိုသို့သော မြန်မာ့ယဉ်ကျေးမှု ဟူသော စကားများကိုသုံးကာ အာဏာရှင်တို့ လက်သုံး စကားများဖြင့် ၀ါဒဖြန့်ဝေမှုကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ မှိုင်းမိနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဝါဒ ဖြန့်မှုကြောင့် မြန်မာ့ယဉ်ကျေးမှု ဟူသည် ချိတ်ထမီ ၀တ်၊ ပုံတော် ဖိနပ်စီးရမလို ဖြစ်နေပါသည်။ ယောင်္ကျားများ ဆိုလျှင် လည်ကတုံးအကျီဝတ်ကာ၊ တောင်ရှည်ပုဆိုး ၀တ်ရမည်ကဲ့သို့ ဖြစ်နေသည်။ ထိုသို့ခေတ်မှီစွာ ၀တ်စား ဆင်ယင်ခြင်းများကို ရုပ်ရှင်၊ ဗီဒီယိုများတွင် လော်မာခြင်း၊ အကျင့်စာရိတ္တ ဖောက်ပြန်ခြင်းများနှင့် တွဲကာ ပုံဖော်ခဲ့ပါသည်။ အပေါ်ယံ ၀တ်ဆင်မှုနှင့် အတွင်းအကျင့် စာရိတ္တ ပုံစံများကို တွဲကာ ပုံဖော်ခဲ့သည်။အပေါ်ယံကျော စဉ်းစားလေ့ရှိကာ ပုံသေသတ်မှတ် စဉ်းစားနည်းများဖြင့် ကျွန်တော်တို့ကို အသားကျစေခဲ့ပြီဖြစ်သည်။ 
   ထိုသို့ စဉ်းစားနည်းများကို ကျွန်တော်တို့၏ အမေ၊ အဖေ၊ ဦးကြီး၊ ဘကြီး အရွယ်များက စဉ်းစားသည်ဆိုသော် များစွာ မထောင်းသာလှသော်လည်း၊ ကျွန်တော်တို့အရွယ် ခေတ်ပညာကိုတတ်သော နိုင်ငံရပ်ခြားတွင် နေထိုင်ကြသူများထံမှ ဝေဖန်သံ များကြားရသောအခါ ၀မ်းနည်းမိပါတော့သည်။ 
  အဘယ်ကြောင့်ဆိုသော် ရောက်ရှိသော နေရာအသစ်၊ ယဉ်ကျေးမှုအသစ်တွင် မိမိတို့၏ တွေးခေါ်မှုများကို မပြောင်းလဲနိုင်ကြဟု ထင်မြင်မိသောကြောင့် ဖြစ်ပါသည်။ တရားသေ တွေးခေါ်မှုများဖြင့် အသားကျခဲ့ပြီ ဖြစ်သည်။ ထိုသို့ဖြစ်သည်မှာ Paradigm shift မလုပ်နိုင်သောကြောင့် ဟု ထင်မိသည်။ ထောက်ခံသောဖက်မှ မနေရင်တောင်မှ ကြားနေသောဖက်တွင် ရှိသင့်သည် ဟု ထင်မြင်မိသည်။ 
     ကျွန်တော်သည် အခွင့်သင့်သဖြင့် Singapore Polytechnics တွင် Advanced Diploma Course တစ်ခုကို တက်မိသည်။ ကျောင်းသူများမှာ အများအားဖြင့် ၁၇-နှစ် ၁၈-နှစ် ခန့်များဖြစ်ကြသည်။ ဘောင်းဘီတိုများ၊ စကတ်တိုများမှာ ကျောင်းသူတိုင်းလိုလိုပင်ဖြစ်သည်။ မလေးနွယ်ဝင် ကျောင်းသူများကတော့ ဘောင်းဘီရှည်များ၊ အကျီင်္လက်ရှည်များကို ၀တ်ဆင်လေ့ရှိသည်။  
   ထိုသို့ ဘောင်းဘီတို၊ စကတ်တို ကောင်မလေးများနှင့် လော်လီဖောက်ပြားခြင်းမှာ မည်သို့မျှ မပတ်သက်ပါ။ ထို့ပြင် ရထားပေါ်၊ ကားပေါ်တွင် ထိုသို့ ၀တ်ဆင်သော မိန်းကလေးများလည်း ဖိတ်ခေါ်သောမျက်လုံး၊ မြူဆွယ်သော မျက်လုံးများဖြင့် မကြည့်ကြပါ။ သူတို့ဘာသာပင် တည်ကြည်စွာ နေထိုင်ကြသည်။ 
   ကျွန်တော်တို့ အများစု ကိုးကွယ်ယုံကြည်သော ဗုဒ္ဓဘာသာသည် မိန်းကလေးများ၏ ၀တ်စားဆင်ယင်မှုကို ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါ။ ကျွန်တော်တို့၏ ယဉ်ကျေးမှုမှလည်း ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါ။ 
     ကျွန်တော်၏ ယခုအမြင်ကို လက်ခံပါဟု ဆိုလိုရင်းမဟုတ်ပါ။ ကွဲပြားသော အမြင်တစ်ခုအဖြစ်သာ လက်ခံ ကြည့်ရန်သာဖြစ်၏။ အခြားတစ်ဖက်မှာ စဉ်းစားကြည့်ခြင်းဖြစ်ပါသည်။ ရောက်သော ယဉ်ကျေးမှုအသစ်၏ လက်ခံပုံများကို အတွင်းအထိ စဉ်းစားကြည့်စေလိုခြင်းဖြစ်သည်။
No comments:
Post a Comment