Wednesday, October 24, 2012

“ဝေဖန်ခြင်းကို လျော့ချလိုက်ပါ”


         အခြားသူများကို ဝေဖန်သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်းသည် အမှန်တကယ် အကြောင်းအရာများကို ပြောဆိုခြင်း မဟုတ်ဘဲ၊ သူတစ်ပါးကို ဝေဖန်လိုသော မိမိစိတ်တွင်းလိုအပ်ချက်ကြောင့် ပြောဆိုခြင်း ဖြစ်ပါသည်။ 

          ဆွေးနွေးပွဲတစ်ခု၏ ဝေဖန်သုံးသပ်ချက်များကို နားထောင်ကြည့်လိုက်ပါ။ အိမ်ပြန်ရောက်သောအခါ ဝေဖန်ချက်များကြောင့် လောကကြီး  တစုံတရာ ပိုကောင်းမွန်နိုင်ပါသလား…လို့ တွေးကြည့်လိုက်စမ်းပါ။ သင် နှင့် ကျွန်တော်သည် သဘောထားချင်း တိုက်ဆိုင်ပါလိမ့်မည်။ လုံးဝ..မထူးခြားလာပါ။ ကောင်းကျိုး လုံးဝ မပေးပါ။ လုံးဝ မကောင်းပါ။ ဝေဖန်ခြင်းသည် အဖြေကိုမှ ရှာနိုင်မည်မဟုတ်ပါ။ လောကအတွက် ဒေါသ နှင့် အယုံအကြည်ကင်းမှုကို သာဖြစ်ပွါးစေပါသည်။ 

လူသားအားလုံးသည် ဝေဖန်ခံရခြင်းကို မနှစ်သက်ပါ။ ခုခံခြင်း၊ ငြင်းဆိုခြင်း ဖြင့် တုံ့ပြန်ပါလိမ့်မည်။ လူတစ်ဦးသည် ပုံစံနှစ်မျိုး ဖြင့် တိုက်ခိုက်ခံရမှုကို တုံ့ပြန်နိုင်ပါသည်။ ကြောက်လန့်ခြင်း(သို့မဟုတ်) ရှက်ခြင်း ကြောင့် နောက်ဆုတ်သွားနိုင်ပါသည်။ သို့တည်းမဟုတ် ဒေါသဖြင့် ထုရိုက်ကာ တုံ့ပြန်ပါလိမ့်မည်။ လူတစ်ဦးကို ဝေဖန်လိုက်သောကြောင့် ထိုလူက “ကျွန်တော့် ချို့ယွင်းအားနည်းချက်များကို ထောက်ပြသောကြောင့် ခင်ဗျားကို အရမ်း ကျေးဇူးတင်ပါသည် ” လို့ ပြောခဲ့ဖူးပါသလား။

          ဝေဖန်ခြင်းသည် ဆဲဆိုခြင်း ကဲ့သို့ပင် အကျင့်ဆိုး ဖြစ်ပါသည်။ ဝေဖန်ပြောဆိုခြင်းကို နေ့စဉ်ကိစ္စ တစ်ခုလို ကျွန်တော်တို့ လုပ်ကိုင်လေ့ရှိပါသည်။ ထို့ကြောင့် ဝေဖန်မှုနှင့် အကျွမ်းတဝင်ဖြစ်နေပါပြီ။ ထိုဝေဖန်ချက်များ ကြောင့် အလုပ်တွေ ရှုပ်ရသလို၊ စကားအများကြီးလည်း ပြောရပါသည်။ 

          လူတစ်ယောက်ကို ဝေဖန်ကြည့်လိုက်ပါ။ ထို့နောက် မည်သို့ ခံစားရသည် ကို ထိုခဏတွင် စောင့်ကြည့်နေလိုက်ပါ။ ယုံကြည်ချက်မဲ့ ကာ ရှက်ရွံ့သွားသလို သင် ကိုယ်တိုင်ခံစားရပါလိမ့်မည်။ ဝေဖန်ခံလိုက်ရသူ လို သင်လည်း ခံစားလိုက်ရပါလိမ့်မယ်။ အမှန်ကတော့ ကျွန်တော်တို့ ဝေဖန်လိုက်သောအခါ “ကျွန်တော်လည်း ဝေဖန်ခြင်းခံရဖို့ လိုအပ်ပါပြီ။ ” လို့ ကျွန်တော်တို့ကိုယ်တိုင် နှင့် လောကကြီးအား ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။ ထိုအချက်ကိုတော့ ကျွန်တော်တို့ ဝင့်ကြွားစွာ ဝန်ခံမိခြင်း မရှိပါ။
          ဖြေရှင်းနည်းကတော့ ဝေဖန်မှုကို လုပ်သည့် အချိန်တိုင်း သင် ကိုယ်သင် စောင့်ကြည့်နေလိုက်ပါ။ ဝေဖန်ခြင်းကို မကြာခဏ လုပ်လေ့ရှိသလား။ ထိုအချိန်တွင် ဘယ်လို ခံစားလိုက်ရသလဲ ကို သင့် ကိုယ် သင် သတိထားစောင့်ကြည့်ပါတော့။ 

 ကျွန်တော်လုပ်ကြည့်ချင်တာက စောင့်ပြီးဖမ်းတဲ့ ကစားပွဲတစ်ခု လိုပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဝေဖန်ခြင်းအပြုအမှု ကို စောင့်ဖမ်းနေတာပါပဲ။ အခြားသူကို ဝေဖန်ချင်လာသောအခါ ၊ “ဒီတခါလည်း ငါ အဝေဖန်ခံလိုက်ရပြန်ပြီ။ ” လို့ ကိုယ့် ကို ကိုယ် ပြောလိုက်ပါတယ်။ မကြာခဏဆိုသလိုမှာတော့ အခြားသူကို ဝေဖန်ခြင်းအစား သည်းခံခြင်းတရား နှင့် လေးစားမှုပြုခြင်း ဆီသို့ ကျွန်တော်ပြောင်းလဲနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

(“ A Don’t Sweat The Small Stuff Treasury- by Richard Carlson,Ph.D ”စာအုပ်မှ “ Resist the Urge to Criticize ” အခန်းအား ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။-)

No comments:

Post a Comment