Friday, October 19, 2012

“ကမ္မနိယာမ”


        အနောက်တိုင်းသားအများစုက ကမ္မနိယာမ ကို နားလည်မှုလွဲလေ့ရှိပါတယ်။ ကံယုံဝါဒနှင့် လွဲမှားကြတာပါ။ လွန်ခဲ့သောဘဝဟောင်းတစ်ခုက မမှတ်မိတော့သည့် အပြစ်ကျူးလွန်ခဲ့ခြင်းအတွက် လူတစ်ယောက်က အပြစ်ဒဏ်စီရင်ခြင်းခံရသည့် ဝါဒကို ကံယုံဝါဒလို့ ခေါ်ပါတယ်။ ကမ္မဝါဒက ကံယုံဝါဒ နှင့် လုံးဝထပ်တူညီနေတာမဟုတ်ပါ။ အောက်ပါပုံပြင်လေးကိုက ကမ္မဝါဒကိုရှင်းပြပါလိမ့်မယ်။
မိန်းမ နှစ်ယောက် ကိတ်မုန့်တစ်လုံးစီ ဖုတ်ကြပါတယ်။

          ပထမမိန်းမကြီးမှာ သုံးထားတဲ့ ပစ္စည်းတွေက မကောင်းပါဘူး။ ဂျုံမှုန့်က မလတ်ဆတ်ပါဘူး။ အစိမ်းရောင်မှိုအသီးလေးတွေ ဖြစ်နေလို့ အရင်ဆုံး ဖယ်ထုတ်ရပါသေးတယ်။ ကိုလက်စထောဓါတ် များနေတဲ့ ထောပတ်က ပျက်စီးလုနီးနီး ဖြစ်နေပါတယ်။ သကြားဖြူအပေါ်က အညိုရောင်အသီးလေးတွေကို ဖယ်ထုတ်ပါတယ်။(တစ်ယောက်ယောက်က ကော်ဖီပေတဲ့ဇွန်း နဲ့ သကြားထဲကို နိုက်ထားလို့ပါ။) တစ်ခုထဲရှိတဲ့ သစ်သီးကတော့ ရက်ကြာနေတဲ့ စပျစ်သီးခြောက်ပါ။ ပျက်စီးနေတဲ့ ယူရေနီယမ်တုံးလို မာကျောလှပါတယ်။ မီးဖိုချောင်ကလဲ စစ်ကြီးမဖြစ်မှီက ပုံစံနဲ့ပါ။ ပထမကမ္ဘာစစ်ကြီးလား၊ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မှီကလား ဆိုတာကတော့ အတော်အငြင်းအခုံ ဖြစ်မဲ့ အကြောင်းအရာပါ။

          ဒုတိယမိန်းမကြီးမှာ သုံးထားတဲ့ ပစ္စည်းတွေကတော့ အကောင်းတွေချည်းပါပဲ။ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ဂျုံညို က အကောင်းစားပါ။ မျိုးရိုးဗီဇလဲ မပြုပြင်ထားဘူးလို့ အာမခံပေးထားပါတယ်။ ကိုလက်စထောကင်းတဲ့ ပထမတန်းစား ဆီလဲ ရှိတယ်။ သကြားအကြမ်းလဲ ရှိတယ်။ ကိုယ်ပိုင်ဥယျာဉ်ထဲက ထွက်တဲ့ အရည်ရွမ်းပြီး၊ အရသာရှိတဲ့ သစ်သီးတွေလဲ ရှိပါသေးတယ်။ မီးဖိုချောင်ကလဲ ခေတ်မှီပစ္စည်းတွေ နဲ့ နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားပါတော့တယ်။
          ဘယ်သူဖုတ်တဲ့ ကိတ်မှန့်က အရသာပိုရှိမလဲ။

          တခါတလေမှာ အကောင်းဆုံးပစ္စည်းတွေ သုံးထားပေမဲ့ အကောင်းဆုံးကိတ်မုန့်ကို မရတတ်ပါဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာက ပါဝင်တဲ့ပစ္စည်းတွေကောင်းတိုင်းလဲ ပြီးတာ မဟုတ်ပါဘူး။ တခါတရံမှာ သုံးတဲ့ပစ္စည်းတွေက မကောင်းပေမဲ့ ကြိုးစားအားထုတ်ပြီး၊ သတိထားလုပ်ကိုင်မယ်။ မုန့်ဖုတ်ခြင်းကို မြတ်နိုးမယ်ဆိုရင်တော့ အကောင်းဆုံးကိတ်မုန့်ကို ရတတ်ပါတယ်။ အဲဒါကတော့ ပါဝင်တဲ့ပစ္စည်းတွေပေါ် မူတည်ပြီး လုပ်နိုင်တာလေးတွေပါ။

          ဘဝမှာ မကောင်းတဲ့ပစ္စည်းတွေနဲ့ အလုပ်လုပ်နေရတဲ့ ကျွန်တော့် မိတ်ဆွေအချို့ ရှိပါတယ်။ မွေးဖွါးလာကထဲက ဆင်းရဲချို့တဲ့တယ်။ အနိုင်ကျင့်ခံရတယ်။ ကျောင်းကောင်းကောင်း မနေခဲ့ရဘူး။ ဒုက္ခိတတောင် ဖြစ်နိုင်ပါသေးတယ်။ အားကစားတွေလဲ မလုပ်နိုင်ခဲ့ကြပါဘူး။ သူတို့မှာ ရှိတဲ့ အရည်အချင်းလေးတွေ နဲ့ အကောင်းဆုံးကို လုပ်ကိုင်ဆောင်ရွက်ပါတယ်။ အကောင်းဆုံးကိတ်မုန့်ကို အဲဒီလို ဖုတ်နိုင်ခဲ့တာပါ။ သူတို့အတွက် ကျွန်တော် အရမ်းကို ဝမ်းမြောက်ရပါတယ်။ ခင်ဗျားရော ဒီလိုလူစားတွေကို အသိအမှတ်ပြုပါရဲ့လား။
 
          ဘဝမှာ အကောင်းဆုံးတွေကို ရရှိခဲ့တဲ့ အခြားမိတ်ဆွေတွေလဲ ကျွန်တော့်မှာ ရှိပါသေးတယ်။ မိသားစုက ချမ်းသာတယ်။ ချစ်ခင်ကြင်နာခြင်းကိုလဲ ခံရတယ်။ ကျောင်းမှာ အောင်မြင်ပြီး၊ ထူးချွန်တဲ့ အားကစားသမားတွေပါ။ ရုပ်ရည်ချောမောပြီး၊ ထင်ရှားကျော်ကြားကြပါသေးတယ်။ သို့သော်လည်း သူတို့ရဲ့ ငယ်ဘဝကို မူးယစ်ဆေးဝါး၊ အရက်စသည့် အရာတွေနဲ့ ဖြုန်းတီးခဲ့ကြပါတယ်။ ခင်ဗျား အဲဒီလိုလူမျိုးထဲက တစ်ယောက်ယောက်ကို အသိအမှတ်ပြုခဲ့ပါသလား။
          ကမ္မဝါဒရဲ့ တစ်ဝက်က ကျွန်တော်တို့ရတဲ့ ထည့်ရမယ့် ပစ္စည်းတွေပါ။ အခြားတစ်ဝက်ကတော့ အရေးအကြီးဆုံးအပိုင်းပါ။ အဲဒါကတော့ ကျွန်တော်တို့ရရှိတာတွေနဲ့ ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ခဲ့သလဲ ဆိုတာပါ။

(ဆရာတော် “Ajahn Brahm”၏ “Who Ordered This Truckload of Dung?”စာအုပ်မှ “the law of karma”အခန်းအား ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment