Wednesday, October 17, 2012

“ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ”


         “စိတ်ဓါတ်ကျခြင်း” အတွက် အကောင်းဆုံး၊ အဖိုးအတန်ဆုံး အကြံဥာဏ် တစ်ခုကတော့ အလွန်ပဲ လွယ်ကူရိုးရှင်းပါတယ်။ တခါတရံမှာ အလွန်လွယ်ကူတဲ့ အကြံဥာဏ်တွေကို အလွယ်တကူ နားလည်မှုလွဲတတ်ပါတယ်။ “စိတ်ဓါတ်ကျခြင်း” က လွတ်မြောက်အောင် လုပ်နိုင်သွားရင်တော့ ဒီပုံပြင်လေးကို လုံးဝ နားလည်သဘောပေါက်သွားပြီလို့ ပြောနိုင်ပါတယ်။
          ထောင်ထဲကို အသစ်ရောက်လာတဲ့ ထောင်သားက အရမ်းကို ကြောက်နေပါတယ်။ စိတ်ဓါတ်လည်း ကျဆင်းနေပါတယ်။ သူ့အခန်းကျဉ်းလေးရဲ့ နံရံတွေက သူ့အတွက် အေးစက်လွန်းပါတယ်။ သံတိုင်တွေကလည်း စာနာမှုကင်းမဲ့စွာ လှောင်ပြောင်နေသလိုပါ။ အခန်းတံခါးကို ပြင်းထန်စွာ ဆွဲပိတ်လိုက်ချိန်မှာတော့ သူ့ မျှော်လင့်ချက်တွေ လုံးဝ ပျောက်ဆုံးသွားပါပြီ။ သူ့နှလုံးသားက နှေးကွေးစွာဘဲ ခုန်နေပါတယ်။ သူ့ထောင်ထဲမှာ နေရမဲ့ နေရက်တွေက အလွန်ရှည်လျားအောင် ဆွဲဆန့်ထားလိုက်သလိုပါ။ ခုတင်ရဲ့ ခေါင်းရင်းဘက်က နံရံမှာ စာလုံးတွေ ရေးခြစ်ထားတာ သွားတွေ့ပါတယ်။ “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ။ ”

          ဒီစကားလုံးတွေက သူ့စိတ်ကို ဆွဲဆောင်ထားလိုက်ပါတယ်။ သူ့ကို အားပေး နေသလိုပါပဲ။ ပြင်းထန်ခါးသီးတဲ့နေ့တွေနဲ့ ကြုံရတဲ့အခါ ဒီစာသားလေးကို ကြည့်လိုက်ပြီး “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ” လို့ ရေရွတ်လိုက်ပါတယ်။ ထောင်ကလွတ်တဲ့နေ့ရောက်တဲ့အခါမှာ သူ စကားလေးရဲ့ မှန်ကန်မှုကို နားလည်သွားပါပြီ။ သူ့ဒုက္ခခံရချိန်တွေ ပြီးဆုံးသွားပါပြီ။ ထောင်ကျတဲ့နေ့ရက်တွေကို ကုန်လွန်ကျော်ဖြတ်သွားပါပြီ။
          သူ့ရဲ့ပုံမှန်ဘဝကို ပြန်ရောက်တဲ့အခါ ဒီစာသားလေးကို မကြာခဏ သတိရပါတယ်။ အဲဒါကြောင့် အိပ်ယာဘေးမှာ၊ ကားထဲမှာ၊ အလုပ်ထဲမှာ အဲဒီစာသားလေးကို စာရေးပြီး ကပ်ထားပါတယ်။ သူ့အတွက် ကံဆိုးမိုးမှောင်ချိန်တွေ ကျရောက်လာပေမဲ့၊ သူ ဘယ်တော့မှ စိတ်မပျက်မိတော့ပါဘူး။ “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ ”ဆိုတဲ့ စကားလေးကို ရိုးရိုးလေး သတိရလိုက်ပါတယ်။ ပြီးတော့ အခက်အခဲတွေကို ရုန်းကန် ကျော်ဖြတ်သွားနိုင်ပါတော့တယ်။ ကံဆိုးမိုးမှောင်ချိန်တွေက သူ့အတွက် သိပ်မကြာတော့ပါဘူး။ ကံကောင်းတဲ့အချိန်အခါတွေ ရောက်လာခဲ့ရင်လည်း သူ ပျော်ရွှင်စွာ လက်ခံပေးပါတယ်။ သို့သော် အမှုမဲ့အမှတ်မဲ့ လက်ခံလိုက်တာတော့ မဟုတ်ပါဘူး။ ကံကောင်းတဲ့အချိန်တွေမှာလဲ သူက “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ” ဆိုတဲ့စကားလေးကို လက်ကိုင်ပြုပြီး အလုပ်လုပ်ပါတယ်။ သေချာစွာအမြဲရှိနေတဲ့အရာ မရှိပါဘူး။ ကံကောင်းတဲ့အချိန်တွေ ကတော့ ထူးထူးကဲကဲ ရည်လျှားလွန်းနေပါတယ်။ 

          သူ ကင်ဆာရောဂါ ဖြစ်တဲ့အခါ “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ” ဆိုတဲ့စကားလေးက သူ့အတွက် မျှော်လင့်ချက်ကိုပေးပါတယ်။ မျှော်လင့်ချက်က ခွန်အားဖြစ်စေပါတယ်။ ကောင်းမွန်တဲ့အမြင်ကို ရစေပါတယ်။ အဲဒါတွေက ရောဂါရဲ့ ပြင်းထန်မှုကို ခံနိုင်ရည် ရှိစေတာပါ။ တစ်နေ့မှာတော့ “ကင်ဆာရောဂါက သူ့ကို အောင်နိုင်သွားပြီ” ဆိုတာကို အထူးကုဆရာဝန်က အတည်ပြုပေးလိုက်ပါတယ်။ 

          သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ သေလုနီးနီး ခံစားရပြီး ကုတင်ပေါ်မှာ လဲနေပါတယ်။ ချစ်ခင်ရသူတွေကို အနားခေါ်ပြီး “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ” လို့ တိုးတိုးလေး ပြောလိုက်ပါတယ်။ ပြီးနောက် ငြိမ်းချမ်းစွာ သေဆုံးသွားပါတော့တယ်။ သူ့စကားလုံးတွေက မိသားစုနဲ့ မိတ်ဆွေတွေအတွက် နောက်ဆုံးချစ်ခြင်းလက်ဆောင်ပါ။ “ပူဆွေးသောကတွေကလည်း အချိန်တန်တော့ပြီးသွားမှာပါ” ဆိုတာကို သူတို့ နားလည်သဘောပေါက်သွားပါပြီ။

          “စိတ်ဓါတ်ကျခြင်း” ဆိုတာက ကျွန်တော်တို့ လူအများစု ဖြတ်သန်းသွားရမဲ့ အကျဉ်းထောင် တစ်ခုပါ။ “ဒီဟာကိုလည်း အချိန်တန်တော့ပြီးသွားမှာပါ” ဆိုတဲ့စကားလေးက ဖြတ်သန်းရမဲ့ ကိစ္စတွေကို ကူညီမှုပေးပါတယ်။ “စိတ်ဓါတ်ကျခြင်း” ကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကိုလည်း ရှောင်ကျဉ်နိုင် အောင်လုပ်ပေးပါတယ်။ အဲဒါကတော့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေဟာ မကုန်ဆုံးတော့ဘူး လို့ ထင်မြင်ယူဆကြခြင်း ဖြစ်ပါတယ်။
(ဆရာတော် “Ajahn Brahm” ၏  “this too will pass” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment