Sunday, October 14, 2012

“ဒေါသစားမကောင်းဆိုးဝါးကောင်”

ဒေါသထွက်ခြင်းနှင့် ဆက်နွယ်နေသော ပြဿနာတစ်ခုရှိပါသည်။ ထိုပြဿနာမှာ ဒေါသထွက်ခြင်းအပေါ် ကျွန်တော်တို့ သာယာမိကြခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့သည် ဒေါသထွက်ပြရခြင်း ကို စွဲလမ်းနေမိပြီး၊ ပြင်းပြင်းပြပြ သာယာနေမိပါသည်။  သာယာစွဲလမ်းသော အရာများကို ကျွန်တော်တို့ အလွယ်တကူ မစွန့်လွှတ်နိုင်ကြပါ။ ဒေါသထွက်ခြင်းကို အခြားသော ပျော်ရွှင်မှုတရားများထက်ပို၍ အရေးပေးလိုက်ပါက အန္တရာယ်ရှိလာပါ တော့သည်။ ဒေါသတရားကို ရင်ထဲတွင် မွေးမြူထားပြီး၊ ဒေါသထွက်ဖို့ ကျွန်တော်တို့ အမြဲအဆင်သင့်ဖြစ်နေတတ်ပါသည်။
          ရှေးအခါက ပုံပြင်တစ်ခုရှိပါသည်။ မကောင်းဆိုးဝါးတစ်ကောင်သည် ဘုရင်ကြီး မရှိခိုက်တွင် နန်းတော်အတွင်းသို့ ဝင်လာပါသည်။ ထိုမကောင်းဆိုးဝါး၏ ရုပ်အဆင်းသည် ဆိုးဝါးလှပြီး၊ အနံ့အသက်ကလည်း နံစော်လှပါသည်။ ပြောဆိုသောစကားလုံးများကလည်း ကြမ်းတမ်းလွန်းပါသည်။ ထို့ကြောင့် နန်းတော်အစောင့်များနှင့် အစေအပါးများသည် ကြောက်ရွံ့စွာ ရှောင်ကွင်းသွားပါသည်။ သူတို့၏ ရှောင်ကွင်းမှုကြောင့် မကောင်းဆိုးဝါးအကောင်သည် နန်းတော်အပြင်မှနေ၍ နန်းတော်အတွင်းသို့ ရောက်ရှိလာပါသည်။ နောက်ဆုံးတွင် မကောင်းဆိုးဝါးသည် ဘုရင်ကြီး၏ ပလ္လင်ပေါ်တက်ထိုင်နေလိုက်ပါ တော့သည်။ ပလ္လင်ပေါ်မှ မကောင်းဆိုးဝါးကောင်ကို တွေ့တော့မှ အစောင့်များသည် သတိဝင်လာ ပါတော့သည်။
          “ထွက်သွား။” “ဒီနေရာက မင်းနဲ့ ဘာမှ မဆိုင်ဘူး။”
“ အခုချက်ချင်း ဒီနေရာက မထွက်ရင် ငါတို့က ဓါးနဲ့ မင်းကို ကော်ပြီး ထုတ်လိုက်မယ်။” ..စသည့် စကားဖြင့် အစောင့်များက မကောင်းဆိုးဝါးကို ရိုင်းစိုင်းစွာ ပြောဆိုကြပါသည်။
ထိုသို့ ဒေါသစကားလုံးများကို ပြောကြသောအခါ၊ မကောင်းဆိုးဝါးကောင်သည် ပိုကြီးလာပါသည်။ ရုပ်က ပိုမိုဆိုးလာပြီး၊ အနံ့ဆိုးများ ပိုထွက်လာပါသည်။ မကောင်းဆိုးဝါး၏ပါးစပ်မှ ယုတ်ညံ့သော စကားများ ပိုထွက်လာပါသည်။
ဓါးတို၊ ဓါးရှည်တွေကို ဝှေ့ယမ်းပြီး ခြိမ်းခြောက် ကြည့်ကြပြန်တယ်။ ဒေါသစိတ်ဖြင့် ပြောဆို၊ လုပ်ကိုင်၊ တွေးခေါ်၊ ဆောင်ရွက်မှုတွေကို လုပ်ဆောင်လိုက်တိုင်း မကောင်းဆိုးဝါးကောင်ရဲ့ ပုံပန်းသဏန်၊ အနံ့အသက်တွေက ပိုလို့ဆိုးလာတယ်။ ပါးစပ်ကလည်း ပိုပြီး ယုတ်ညံ့တဲ့ စကားလုံးတွေ ထွက်လာပါတယ်။
ဘုရင်ကြီးက နန်းတော်ထဲကို ပြန်ရောက်လာတဲ့အခါ နန်းတော်အစောင့်တွေနဲ့ မကောင်းဆိုးဝါးကောင် က ထိပ်တိုက်တွေ့နေတုန်းပါ။ မကောင်းဆိုးဝါးကောင်က သူ့ ပလ္လင်ပေါ်မှာ တက်ထိုင်နေတာ ကို ဘုရင်ကြီးက တွေ့ပါတယ်။ ဘုရင်ကြီးက အရင်တုန်းက ဒီလောက် ဆိုးဝါးတဲ့ ပုံပန်းရှိတဲ့ သတ္တဝါ ကို မမြင်ဖူးပါဘူး။ စိတ်ကူးထဲမှာတောင် တွေးမကြည့်ဖူးပါ။ အဲဒီအကောင်ရဲ့ ဆိုးရွားတဲ့ အနံ့အသက်ကြောင့် လောက်ကောင်တွေ တောင် သေကုန်နိုင်ပါတယ်။ ပါးစပ်ကထွက်တဲ့ စကားလုံးတွေက စနေနေ့မှာ မြို့ထဲက အရက်ဆိုင်က အရက်သမားတွေထက်တောင် တစ်တစ်ခွခွ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုပါသေးတယ်။
ဘုရင်ကြီးကတော့ ဥာဏ်ပညာကြီးမားပါတယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ရမယ်ဆိုတာကို သူသိပါတယ်။ အဲဒါကြောင့်လဲ သူက ဘုရင်ဖြစ်နေတာပါ။
ဘုရင်ကြီးက မကောင်းဆိုးဝါးကောင်ကို “ကြိုဆိုပါတယ်” လို့ ပြောလိုက်ပါတယ်။ ပြောလိုက်တဲ့ လေသံက နွေးထွေးလှပါတယ်။
“ဒီနေရာက သင့်ကို ကြိုဆိုပါတယ်။ တစ်စုံတစ်ယောက်က သင့်ကို စားစရာ၊ သောက်စရာတွေနဲ့ ခရီးဦးကြိုဆိုခြင်းကို မလုပ်ကြဘူးလား။”
အဲဒီလို နွေးထွေးတဲ့ အမူအယာ၊ စကားလုံးတွေကို ပြောလိုက်တဲ့အခါ မကောင်းဆိုးဝါးကောင်ရဲ့
အရွယ်အစားက နည်းနည်းလေး သေးငယ်သွားပါတယ်။ ရုပ်အဆင်းကလဲ နည်းနည်းကြည့်ကောင်းလာ သလိုပါပဲ။ အနံ့ကလဲ နည်းနည်းသက်သာသွားပါတယ်။ အယုတ်တ၊ အနတ္တတွေဆဲဆိုနေတာလဲ နည်းနည်းသက်သာသွားတယ်။
          နန်းတော်အစောင့်တွေက ဒီအခြေအနေကို ချက်ချင်းရိပ်မိသွားပါတယ်။ “လက်ဖက်ရည်လေး သောက်ပါဦးလား” လို့ တစ်ယောက်က မေးလိုက်တယ်။
 “ကျွန်တော်တို့မှာ ဒါဂျီလင်မနက်စာ၊ အင်္ဂလိပ်မနက်စာ၊ အားဂရေးမနက်စာ မျိုးစုံရှိပါတယ်။ ဘယ်ဟာမျိုးကို ကြိုက်နှစ်သက်ပါသလဲ။”
“အစားအသောက်တွေထဲကို ငရုတ်ကောင်းမှုန့်ဖြူးတာကို ကြိုက်ပါသလား။ ”
“ဒါကတော့ ကျန်းမာရေးအတွက် တကယ့်ကို ကောင်းမွန်တဲ့ အစားအစာတွေပါ။”
          နောက်အစောင့်တစ်ယောက်က ပစ်ဇာမှုန့်ကို ဖုန်းဆက်ပြီး၊ လှမ်းမှာနေပါတယ်။ ဒီလို ကြီးမားတဲ့အကောင်အတွက် အထူးအရွယ်အစား ပစ်ဇာကို အော်ဒါမှာတာပါ။ နောက်စစ်သားတွေက အသားညှပ်ပေါင်မှုန့်တွေ လုပ်နေပါတယ်။ စစ်သားတစ်ယောက်က မကောင်းဆိုးဝါးကောင်ရဲ့ ခြေဖဝါးကို နှိပ်ပေးပါတယ်။ အခြားတစ်ယောက်က ဂုတ်ကြောဆွဲပေးပါတယ်။
          မကောင်းဆိုးဝါးကောင်က “ကောင်းလိုက်တာ” လို့ ညီးနေပါတယ်။
          ညင်သာနူးညံ့တဲ့ အပြုအမှု၊ အပြောအဆို၊ အတွေးအခေါ်တွေကြောင့် မကောင်းဆိုးဝါးကောင် ရဲ့ အရွယ်အစားက သေးငယ်လာပါတယ်။ အနံ့ဆိုးတွေထွက်တာ နည်းလာပါတယ်။ ပုံပန်းကလဲ ပြောင်းလဲလာပါတယ်။ အယုတ်တ၊ အနတ္တစကားလုံးတွေနဲ့ ပြောဆိုတာ နည်းလာပါတယ်။ ပစ်ဇာပို့တဲ့ ကောင်လေး ရောက်မလာသေးပါဘူး။ မကောင်းဆိုးဝါးကောင်ရဲ့ အရွယ်အစားက သူ နန်းတော်ထဲကို ဝင်ပြီး ပလ္လင်ပေါ်ကို တက်ထိုင်ခါစ အရွယ်အစားအထိ ပြန်သေးငယ်သွားပါပြီ။ သို့သော်လည်း သူတို့က ကြင်နာမှုတွေကို ဆက်လက်ပေးနေဆဲပါ။ နောက်တော့ တဖြည်းဖြည်းနဲ့ အရွယ်က ငယ်သွားလိုက်တာ မမြင်ရတော့တဲ့ အထိပါပဲ။ ကြင်နာမှုတွေကို ဆက်ပေးနေဆဲမှာ မကောင်းဆိုးဝါးကောင် ဟာ လုံးဝကို ပျောက်ကွယ်သွားပါတော့တယ်။
          ဒီလို မကောင်းဆိုးဝါးကောင် ကို “ဒေါသစားမကောင်းဆိုးဝါးကောင်” လို့ ခေါ်ပါတယ်။
          သင့်ရဲ့ဘဝ အဖေါ်မွန်သည် တခါတရံ “ဒေါသစားမကောင်းဆိုးဝါးကောင်” ဖြစ်နိုင်ပါတယ်။ သင့် အဖေါ် ကို သင်က ဒေါသထွက်ကြည့်လိုက်စမ်းပါ။ သူက ပိုပြီးရုပ်ဆိုးပြီး ကြမ်းတမ်းစွာ ပြုမူပါလိမ့်မယ်။ ယုတ်ညံ့တဲ့ စကားလုံးတွေကို ပြောပါလိမ့်မယ်။ သင်က ဒေါသပိုထွက်လေ၊ ပြဿနာက ပိုကြီးမားလာလေ ပါပဲ။ အဲဒီအချိန်မှာ ခင်ဗျားက ကိုယ့်ရဲ့အားနည်းချက်ကို သိမြင်ပြီး၊ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို သိလာနိုင်ကောင်းပါရဲ့။
          နာကျင်မှု ဆိုတာကလဲ “ဒေါသစားမကောင်းဆိုးဝါးကောင်” ပါပဲ။ “သွားစမ်း။ ဒီနေရာက ထွက်သွားစမ်း။ မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ” လို့ သင်က ဒေါသနဲ့ နာကျင်မှုကို မောင်းထုတ်ကြည့်လိုက်ပါ။ နာကျင်မှုက ပိုပြီး ကြီးထွားလာလိမ့်မယ်။ ပိုဆိုးလာလိမ့်မယ်။ နာကျင်မှု ကဲ့သို့ ဆိုးရွားပြီး၊ ရန်လိုတဲ့ အရာကို ကြင်နာဖို့ဆိုတာ တကယ်တမ်းမှာ မလွယ်ပါဘူး။ သို့သော်လည်း ဘဝမှာ အခြားရွေးချယ်စရာလမ်း မရှိတဲ့ အချိန်တွေ၊ အခြေအနေတွေကို ကြုံတွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ဘဝမှာ ရွေးချယ်စရာ မရှိတော့တဲ့ အချိန်တွေ ရှိပါသေးတယ်။ ကျွန်တော် သွားကိုက်ဝေဒနာ ခံစားရတဲ့ အကြောင်းအရာမှာလို၊ နာကျင်မှုကို နွေးထွေးစွာ လက်ခံလိုက်ပါ။ ရိုးသားစွာ လက်ခံလိုက်ပါ။ နာကျင်မှုဝေဒနာက တဖြည်းဖြည်း လျော့ပါးသွား ပါလိမ့်မယ်။ တချိန်မှာ လုံးဝကို ပျောက်ကွယ်သွားပါလိမ့်မယ်။
          ကင်ဆာရောဂါဆိုတာကလဲ “ဒေါသစားမကောင်းဆိုးဝါးကောင်” တစ်မျိုးပါပဲ။ သင့်ရဲ့ကိုယ်ခန္ဓာ၊ သင့်ရဲ့ပုလ္လင်ထက်မှာ တက်ထိုင်နေတဲ့ မကောင်းဆိုးဝါးပါ။ ရုပ်ကလဲဆိုးပါတယ်။ ရန်လိုမုန်းတီးမှုကလဲ အပြည့်ပါပဲ။ “ထွက်သွားစမ်းကွာ၊ ဒီနေရာက မင်းနဲ့ ဘာမှ မဆိုင်ဘူး ” လို့ ကျွန်တော်တို့က သဘာဝအတိုင်း ပြောလိုက်မိကြပါတယ်။ အမျိုးမျိုးသော ကြိုးစားမှုတွေကို စမ်းသပ်ကြည့်ပြီး မအောင်မြင်ခဲ့ရင်တော့ ကျွန်တော်တို့က ခံစားမှုဝေဒနာတွေကို “ကြိုဆိုပါတယ်” လို့ ပြောလိုက်ရတော့မှာပါ။ ပူပန်မှုတွေက ခံစားမှုဝေဒနာတွေကို ပိုပြီး ကြီးထွားလာစေပါတယ်။ အဲဒါကြောင့် သူတို့ကို “ဒေါသစားမကောင်းဆိုးဝါးကောင်” လို့ ခေါ်ရတာပါ။ အဲဒီလို ကင်ဆာရောဂါမျိုးကို နန်းတော်ထဲက ဘုရင်ကြီး ရဲဝံ့စွာ ပြောဆိုသလို ပြောဆိုလိုက်ရမှာပါ။
          “ကင်ဆာရောဂါဝေဒနာ၊ ငါ့နှလုံးသားတံခါးတွေကို သင့်အတွက် အပြည့်အဝ ဖွင့်ထားပါတယ်ကွာ။ မင်း ကြိုက်သလို လုပ်လို့ရပါတယ်ကွာ။ ဝင်လာခဲ့လိုက်ပါ။ ”
(ဆရာတော် “Ajahn Brahm” ၏ “Who Ordered This Truckload of Dung?” စာအုပ်မှ  “the anger-eating demon” အခန်းအား ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment