Monday, October 1, 2012

ဗလငါးတန် ပွားများကြရအောင်


  ကျွန်တော်တို့သည် ကြီးပွားတိုးတက်ရေးအတွက် ဘ၀ပန်းတိုင်များကိုချမှတ်ကာ ရှေ့သို့သွားလာကြသည်။ ငယ်စဉ်အခါက ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်။ အင်ဂျင်နီယာကြီး လုပ်မယ်။ စစ်ဗိုလ်ကြီးလုပ်မယ် စသည်ဖြင့် ရည်မှန်းချက်များ ထားရှိခဲ့ကြသည်။ မိမိရည်မှန်းထားသောပန်းတိုင် ရောက်ရှိရေးအတွက် အားကြိုးမာန်တက် ရုန်းကန်ခဲ့ကြသည်။
    ထိုသို့ ရုန်းကန်နေရသော ခရီးတွင် မိမိရည်မှန်းထားသော ပန်းတိုင်ရောက်ရှိပါက မည်သို့ လုပ်ကိုင်မည်ကို တွေးတောကာ ပီတိပွားခဲ့ ရသည်။ ဆရာဝန်ကြီး ဖြစ်လာလျှင် မည်သို့ ဆင်းရဲသား များကို ဆေးကုပေးလိုက်မည်၊ ကျရာ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်လိုက်မည်။
   အင်ဂျင်နီယာကြီးဖြစ်လျှင် မည်သို့ လမ်း၊ တံတားများကို တည်ဆောက်မည်။ စစ်ဗိုလ်ကြီး အဖြစ်ဆိုလျှင်လည်း သောင်းကျန်းသူ အဖျက်သမားများကို မည်သို့ချေမှုန်းမည်။ နိုင်ငံတော်ကြီးကို မည်သို့ကာကွယ်မည် စသည်ဖြင့် စသည်ဖြင့် စိတ်ကူးယဉ်ခဲ့ကြသည်။ နီးစပ်ရာ ကြီးပွားချမ်းသာနေသော ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ကြီးများကို အားကျစိတ်လည်း ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မည်။
     အစိုးရ၏ ပေါ်လစီကား ဟုခေါ်သော ၀ါဒ ဖြန့်ချီရေးကားများ၏ လွှမ်းမိုးမှုကလည်း မြင့်မြတ်သော စိတ်ထားများကို ဖြစ်စေရန် တွန်းအားတစ်ရပ်အဖြစ် တစ်စိတ်တစ်ပိုင်း ပါကောင်းပါခဲ့နိုင်ပါသည်။ ကျွန်တော်တို့ ဖတ်မိသော ရသစာပေ ၀တ္ထုကောင်းများ၏ လွမ်းမိုးမှုကိုလည်း ထည့်သွင်း စဉ်းစား ရပါလိမ့်မည်။ ဘ၀၏ အနာဂါတ်ဟူသည် မိမိ၏ အနီးစပ်ဆုံးသော လွှမ်းမိုးမှုများအရ ပုံပေါ်ခြင်းဖြစ်ပေသည်။
 နှစ်ကာလတစ်ခုကိုဖြတ်သန်းပြီးသောအခါ ကျွန်တော်တို့သည် မိမိတို့ငယ်စဉ်က ရည်မှန်း ထားခဲ့သော၊ ဖြစ်ချင်ခဲ့လွန်းသော ဘ၀အခြေအနေ အဆင့်အတန်းကို ရရှိလာပါသည်။ ထိုသို့ ရရှိပြီး၍ ဘ၀များကို ဖြတ်သန်းလာရသောအခါ ငယ်စဉ်က စဉ်းစားပုံဖော် ထားခဲ့သော ဘ၀နေထိုင်မှု ပုံစံမှ သွေဖြည်လာခဲ့ပါသည်။
    ဥပမာ--ဆင်းရဲသားများကို ဆေးကုသပေးမည့် ဆရာဝန်ဘ၀မှ အသပြာ ဆရာဝန်ဘ၀သို့ လည်းကောင်း၊ တာဝန်ကျေပွန်သော အင်ဂျင်နီယာဘ၀မှ ပရောဂျက်အပေါ်တွင် ၀င်ငွေကို ရာခိုင်နှုန်းဖြင့် တွက်သည့် အင်ဂျင်နီယာ အဖြစ်သို့လည်းကောင်း ပြောင်းလဲသွားရပါသည်။
    ထိုသို့ ဖြစ်ပွားရခြင်းကို အကြောင်းရှာသော် အကြောင်းများစွာကို တွေ့မြင်လာရသည်။ ကျွန်တော် မြင်သော အမြင်အရ ဘ၀၏စံနှုန်းများကို သတ်မှတ်ရန်အတွက် လုံလောက်သော အချက်အလက်များမရ ရှိခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ဆရာဝန်၏ အလုပ်ကို နားကြပ်လေးထောက်ပြီး ပိုက်ဆံဝင်နေသည် ဟု အလွယ်မြင်သည်။ ခက်ခဲသော ရုန်းကန်နေရသော အခြားဘက်မှ တစ်ခြမ်းကို ကျွန်တော်တို့ လုံးဝမမြင် မကြည့်မိပဲ ဖြစ်တတ်သည်။ ထိုသို့ မိမိ၏ စံအဖြစ်ထားသော ပုဂ္ဂိုလ်ကလည်း သူ၏အခြားတစ်ဖက်ခြမ်းကို ဖွင့်ဟမပြောတတ်ကြပါ။ပြောပြခဲ့လျှင်လည်း မိမိတို့သည် ကိုယ်တိုင်ဖြတ်သန်းနေသူများ မဟုတ်သဖြင့် နားလည်မှုလွဲခဲ့နိုင်ပါသည်။ ထိုသို့ဖြင့် ကျွန်တော်တို့သည် အမြင်လွဲ၊ အယူလွဲဖြစ်ခဲ့ရသည်။ မိမိတို့ ကြိုက်ခဲ့သော ရသစာပေများကလည်း တစ်ခါတစ်ရံ အကောင်းဘက်သို့ မြင်လွန်းသောအမြင်ဖြင့် ရေးထားတတ်ပါသည်။ စာရေးဆရာသည် သူရှင်သန်သော စနစ်၏ ရည်မှန်းချက်ကို သူယုံကြည်သော အနုပညာဖြင့်ဖုံးကာ ပုံဖော်ခဲ့သည်လည်း ဖြစ်နိုင်ပါသည်။ ထို့သို့ဖြင့် ကျွန်တော်တို့သည် မြင့်မားလှသော ဘ၀စံနှုန်းများကို ထားခဲ့မိနေပါလိမ့်မည်။
 ထိုသို့စံနှုန်းများ ထားခဲ့ပြီးနောက် လက်တွေ့တွင် အကောင်အထည်ဖော်သောအခါ အခက်အခဲများ၊ တုန့်ပြန်မှု များကို တွေ့ကြုံလာရသည်။ မိမိ၏ အပြုအမူနှင့် လုပ်ကိုင်မှုများသည် မိမိ၏ပတ်ဝန်းကျင်ရှိ အခြားလူများနှင့် သဟဇာတရှိရပေမည်။ မိမိ အကောင်အထည် ဖော်ချင်သည့် ကိစ္စများကို မိမိ တစ်ဦးတည်း လုပ်ကိုင်ဆောင်ရွက်ပါက မဆောင်ရွက်နိုင်ပါ။ မိမိ ထားခဲ့သော စံနှုန်းကို လျှောချလာရင်း အခြား သူများနှင့် တသားတည်ြး ဖစ်သွားပါတော့သည်။ ဤသို့ဖြင့် ခေတ်နှင့်အညီ နေထိုင်သွားပါတော့သည်
    ထိုသို့ စံအမြင့်ကြီး ထားလာခဲ့ပြီးမှ ရည်ရွယ်ချက် ပျောက်သွားခြင်းမျိုးမဟုတ်ပဲ၊ အစကတည်းက ဤအဆင့်ကိုရောက်အောင် မည်သို့ကြိုးစားမည်။ ထိုအဆင့်နှင့် ထိုလုပ်ပိုင်ခွင့်ကိုရလျှင် မည်သို့ စားပေါက် ထွင်မည်ဟု တွက်ချက်ကာ လုပ်ကိုင်နေသောသူများလည်း ရှိပါ၏။
    ထိုသို့ဖြစ်ခြင်းကို စိတ်ပညာရှင်များကလည်း အဖြေရှာခဲ့ကြပါသည်။ စိတ်ပညာရှင်များ၏ အဖြေမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
    လူတို့သည် မိမိတို့၏ဘ၀ ရပ်တည်ရေးအတွက် လုပ်ငန်းအသီးသီးကို လုပ်ကိုင်ကြရ၏။ ထိုသို့လုပ်ကိုင်ရာတွင် အပိုင်းနှစ်ပိုင်း ရှိ၏။ အပိုင်းတစ်ပိုင်းမှာ မိမိတို့ ရရှိလိုသော ရလဒ်ဖြစ်၍ အခြားတစ်ပိုင်းမှာ ထိုရလဒ်ကို ရရှိစေရန် ကြိုးစားအားထုတ် လုပ်ကိုင်ရသောအပိုင်းဖြစ်သည်။ စိတ်ပညာဆရာများ၏ ရှာဖွေတွေ့ရှိချက်မှာ လူတို့အား ပိုမိုကျေနပ်မှုကို ပေးစေနိုင်သောအပိုင်းမှာ ရလဒ်ပိုင်း မဟုတ်ပါ။ ရလဒ်ကို ဦးတည်ကြိုးပမ်းနေသော အစဉ်တွင်ရရှိနေသော အောင်မြင်မှုများဖြစ်သည်။ Progress principle ဟုခေါ်သည်။
   နောက်တစ်ခုမှာ Adaptation principle ဟုခေါ်သည်။ ရလဒ်ကပေးသော ကျေနပ်ပျော်ရွှင်စေမှုမှာ တဒင်္ဂသာ တည်မြဲ၍ နောက်ပိုင်းတွင် ရိုးသွား၏။ ထိုအခါမျိုးတွင် လူသည် အခြားသောရလဒ် တစ်ခုကို ဦးတည်၍ ကြိုးပမ်းမှုအသစ် တစ်ခုကို ရှာပြန်သည် ဟုဆိုသည်။ ထိုကြောင့် လူတို့သည် ဘယ်အခြေအနေသို့ ရောက်သည်ဖြစ်စေ မိမိဘ၀မှာ ပြည့်စုံသွားသည် ဟူ၍ မယူဆကြပေ။
   ဆရာဒေါတ်တာခင်မောင်ဝင်းကမူ လူသည် တစ်ခုခုလုပ်သောအခါ အနီးကပ် ရည်မှန်းချက်ကိုသာ ထားရှိ၍ ဘ၀တစ်ခုလုံး၏ ရည်မှန်းချက်ကိုမူ မသတ်မှတ်ထားဘဲ မတင်မကျထားတတ်သောကြောင့် ဟူအဖြေရှာပါသည်။ အနီးကပ် ရည်မှန်းချက်များကိုဖြည့်ဆည်းရင်း မိမိ၏အဓိကပန်းတိုင်ကို လွဲချော်သွားကာ ငွေနောက်သာ လိုက်သွားမိခြင်း ဖြစ်သည်ဟု ဆိုပါသည်။
  ထို့ကြောင့် ရည်မှန်းချက်များသည် ခိုင်မြဲသော ရည်မှန်းချက်များ ဖြစ်မလာတော့ပဲ ဘ၀တစ်ဘ၀ အတွင်းမှာပင် အတ္တကို ဗဟိုပြုသော ရည်မှန်းချက်အဖြစ် သို့ ပြောင်းလဲသွားတတ်သည်။ ထိုသို့ ကောင်းသောစိတ်ထားများနေရာသို အတ္တ ဆန်သော စိတ်ထားများကနေရာယူလာသောအခါ လူနေမှု အဖွဲ့အစည်း တစ်ရပ်လုံး၏ စိတ်နှလုံး ချမ်းမြေ့မှုသည် ပျက်ပြားသွားတော့၏။ ယင်းနေရာတွင် စိတ်သောကရောက်ခြင်း၊ စိတ်လုံခြုံမှု ပျက်ပြားခြင်းများ ရောက်လာသည်။
     ဤသို့သော ဒုက္ခဘေးမှ ကင်းဝေးစေရန်အတွက် ဆရာတော် Thich Nhat Hanh  က စိတ်၏ ဗလငါးတန်အား ပွားများကြစေရန် သူ၏ The Art of Power စာအုပ်တွင် အဆိုပြုထားသည်။ ဤဗလငါးတန်မှာ
(၁) သက်ဝင်ယုံကြည်မှု (Faith)
(၂) အင်အားစိုက်ထုတ်မှု (Diligence)
(၃) သတိတရားရှိမှု  (Mindfulness)
(၄) အာရုံစူးစိုက်နိုင်မှု (Concentration)
(၅) ထိုးဖေါက်မြင်နိုင်မှု (Insight) တို့ပင် ဖြစ်ပါသည်။
(ဒေါက်တာခင်မောင်ဝင်(ဒဿနိက)၏ ကျွန်တော်နားလည်သော အရှေ့တိုင်းအတွေးအခေါ် စာအုပ်ကို မှီးငြမ်းပါသည်။)

No comments:

Post a Comment