Friday, October 5, 2012

နိုင်ငံရေးဆိုတာ ဘာလဲ…? (၂)


    ဘယ်လိုနိုင်ငံရေးသမားမှ လူတွေကို နားလည်မှု၊ ကိုယ့်ကိုကိုယ် တခြားလူတွေနေရာမှာထားပြီး ကြည့်မြင်နိုင်မှုမှာ အဲသည်ပါရမီရှင် စေ့စပ်ညှိနှိုင်းသူတွေကို မမီဘူး။ အချိန်နဲ့အမျှ နိုင်ငံရေးသမားတွေမှာ နိုင်ငံရေးအရည်အသွေးတွေ မြင့်လာမှာပဲ။ သို့ပေမယ့် နိုင်ငံရေးနည်းလမ်းတွေရဲ့ သြဇာသက်ရောက်မှု တဖြည်းဖြည်းလျော့လာတာကိုလည်း မမေ့သင့်ဘူး။ ခုလိုဖြစ်ရတာ ကံမကောင်းလှဘူးပေါ့ဗျာ။ ခုနေခါမှာ ကမ္ဘာကို သြဇာလွှမ်းမိုးနေတာက စီးပွားရေးကော်ပိုရေးရှင်းကြီးတွေသာ ကမ္ဘာ့သမိုင်းရဲ့ဘောင်ကို သတ်မှတ်နေကြတယ်။ ကုလသမဂ္ဂတောင်မှ သူတို့ကို လိုက်မမီတော့ဘူး။ 
    နိုင်ငံရေးနည်းနဲ့ ခြယ်လှယ်မှု အားပျော့လာပေမယ့် ဒါကို ပစ်လိုက်လို့လည်း မဖြစ်သေးဘူး။ တကယ်တော့ ပိုလို့တောင် လုပ်ရမှာပါ။ ချမ်းသာ ဆင်းရဲနိုင်ငံတွေကြား ကြားဝင်ဖို့ နိုင်ငံရေးနည်းလမ်းပဲ ကျင့်သုံးရမှာပါ။ သယံဇာတတွေ မျှမျှတတခွဲဝေဖို့ တစ်နေ့မှာ လူသားတိုင်း တန်းတူညီတူ အခွင့်အရေးရဖို့ ဒီနည်းပဲ ရှိတာ။ 
  ပူပူလောင်လောင် နိုင်ငံရေး ပဋိပက္ခတွေဘက် ပြန်လှည့်ကြရအောင်။ သွေးထွက်သံယိုမှု တားဆီးဖို့အတွက် နိုင်ငံရေးသမားဆိုတာ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ဘယ်တော့မှ လက်မလျော့သင့်ဘူး။ ပါလက်စတိုင်း အစ္စရေး ပဋိပက္ခဆိုပါစို့။ အရင်းစစ်ကြည့်ရင် လူမျိုးနှစ်မျိုးအတွက် တိုင်းပြည်က တစ်ခုတည်း။ မြေနေရာတစ်ခုအတွက် တိုက်နေကြတယ်။ စကားမစပ်ပြောရရင် အဲဒီမြေနေရာက မက်ဆာချူးဆက်ပြည်နယ်လောက်ပဲ ကျယ်တယ်။ ပဋိပက္ခကို ပိုကြီးစေတာက၊ ဒီလူမျိုးနှစ်ခုက ဂေါ့ဒ်နှစ်မျိုးကို ကိုးကွယ်နေတာ (ဂျူးနဲ့ မွတ်ဆလင်)၊ ဘာသာစကားတစ်မျိုးစီ ပြောနေတာ( ဟီဘရူးနဲ့ အာရပ်) သမိုင်းအမြင် မတူတာပါ။ နှစ်မျိုးလုံးကတော့ လွတ်လပ်မှုနဲ့ လုံခြုံမှု လိုချင်နေကြတယ်။  
  ဒီအခြေအနေတွေရဲ့ အလယ်ခေါင်မှာ ကျုပ် ဘာလုပ်နေပါသလဲ။ ကျုပ်အလုပ်က တရားတဲ့ နိုင်ငံရေးအရ ဖြေရှင်းချက်ကို ရှာတာပါ။ ကျုပ် စိတ်ကူးက ဟောသလိုဗျ။ ပါလက်စတိုင်းတွေအတွက် လွတ်လပ်မှုအပြည့်အဝ၊ အစ္စရေးလ်တွေအတွက် လုံခြုံမှုအပြည့်အဝ ရမယ်။ ဒီနှစ်ခု အကုန်အစင် မရရင် ငြိမ်းချမ်းရေးအစစ် မရနိုင်ဘူးလို့ ကျုပ် ယုံကြည်တယ်။ တစ်နိုင်ငံတည်း ကျုပ်တို့ ဘာကြောင့် အတူမနေနိုင်ကြသလဲ။ အန္တရာယ်များလွန်းလို့ဗျ။ ကိုဆိုဗိုကို ကြည့်ဗျာ။ အဲလ်ဘေးနီးယန်းတွေနဲ့ ဆာဘ်တွေ နိုင်ငံတစ်နိုင်ငံတည်း ဆိုပေမယ့် အတူမနေနိုင်ကြဘူး။ လက်နက်ကိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြတာ၊ တစ်ဘက်ကို နိုင်ဖို့ မောင်းထုတ်ပစ်ဖို့ ယခုထိပဲ။ ကျုပ်တို့ အခြေအနေနဲ့ အတော်ဆင်တူတယ်။ အစ္စရေးလ်နဲ့ ပါလက်စတိုင်းတွေအတွက် သတ်မှတ်ထားတဲ့ နယ်နိမိတ်ရှိတဲ့ သီးခြားနိုင်ငံတွေနဲ့နေတာ ပိုကောင်းပါတယ်။ 
   နိဂုံးချုပ်အနေနဲ့ ကျုပ်နိုင်ငံရေးသမား ဖြစ်လာပုံကို ပြောချင်တယ်။ ကျုပ် ၁၄ နှစ်သားတုန်းက အစ္စရေးဟာ နိုင်ငံတစ်နိုင်ငံ မဖြစ်သေးဘူး။ အရှေ့အလယ်ပိုင်းက တိတိကျကျ မသတ်မှတ်ရသေးတဲ့ နေရာတစ်ခုမှာ ဟိုလိုကောစ့်ရဲ့ ချောက်ချားစရာတွေကို မမေ့နိုင်တဲ့ ကျုပ်ပါဝင်တဲ့ လူတစ်စု၊ အခြေအနေက အန္တရာယ်များလှတယ်။ ဖိအားတွေနဲ့ အမြဲရင်ဆိုင်နေရတယ်။ အဆပေါင်းများစွာ ကြီးမားတဲ့ အာရပ်စစ်တပ်က အချိန်မရွေး တိုက်နိုင်တယ်။ “ဂျူးတို့အတွက် တိုင်းပြည်” ဆိုတာကို စကားရည်လုနေကြတာပေါ့။ 
    နိုင်ငံရေးမှာ ကျုပ်တို့ ပထမသင်ခန်းစာဟာ “အလုပ်သမားလူငယ် လှုပ်ရှားမှု” မှာ ပါတုန်းကပါ။ အဲသည်အဖွဲ့အစည်းက အကွဲအပြဲတွေနဲ့။ လူတချို့က အစ္စရေးနယ်မြေတစ်ခုလုံးကို ဆုပ်ကိုင်ထားချင်တယ်။ အစ္စရေးနိုင်ငံရယ်လို့ တရားဝင်ဖြစ်တာ ကြာချင်ကြာပါစေတဲ့။ တချို့ကျတော့ အစ္စရေးနိုင်ငံကို ချက်ချင်းလိုချင်တယ်။ အာရပ်တွေကို နယ်မြေခွဲပေးချင် ပေးရပါစေတဲ့။ ဒုတိယသင်္ခန်းစာကတော့ ကိုယ်လိုတာရဖို့ တစ်ခါတလေ အလျှော့ပေးတန် ပေးရမတဲ့။ 
   အကယ်၍ ကျုပ်မြေးတွေက “ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးသမား” ဘယ်လိုဖြစ်နိုင်မလဲလို့ ကျုပ်ကို မေးလာသော် ကျုပ် ဟောသလို ဖြေမယ်။ မျက်စိကို ကျယ်ကျယ်ဖွင့်ထား၊ စိတ်ညစ်စရာတွေ၊ မြင်တွေ့နေရတဲ့ ဒုက္ခဆင်းရဲတွေကြောင့် တုန်လှုပ်မသွားနဲ့။ လူအများစုဟ အတိတ်ကို စွဲလမ်းတာ ရှေ့ကိုထက် နောက်ပြန်ကြည့်ကြတာကို သိမှတ်ပါ။ အနာဂါတ်ကို ကြည့်ခြင်းအားဖြင့်သာ ကမ္ဘာကို ပိုကောင်းအောင် လုပ်နိုင်မယ်။ အတိတ်ကို မေ့မပစ်ရမှာ မှန်ပါတယ်။ သို့ပေမယ့် အိပ်မက်မက်ဖို့တော့ သတ္တိရှိရမယ်။ ကိုယ်ဖြစ်ချင်တဲ့ ကမ္ဘာကို မြင်ကြည့်ရမှာပေါ့။ ဒါမျိုးအတွက် ကြိုးပမ်းအားထုတ်ရတာ တန်ပါတယ်။ မိမိထားတဲ့ စံတွေအပေါ် သစ္စာရှိ၊ အရှုံးကြောင့် အတားအဆီးကြောင့် သောကတွေ စိတ်ပျက်စရာတွေ ရှိနေတဲ့ ခေတ္တခဏတွေကြောင့် အားမလျော့လေနဲ့။ ကိုယ့်ကိုယ်ကိုယ် သေးလှ ငယ်လှတယ် မထင်နဲ့။ ရည်ရွယ် မျှော်လင့်ချက်ကို ကြီးတယ် ကျယ်တယ် ထင်ပါ။ 
    နောက်ဆုံးအနေနဲ့ ကျုပ်မြေးတွေကို ပြောချင်တယ်။ လူဆိုတာ စားပိုင်ခွင့်သောက်ပိုင်ခွင့်ရှိသလို အိပ်မက် မက်ခွင့်ရှိတယ်။ စိတ်ကူးစိတ်သန်း လွတ်လပ်ပါစေ။ အဲသလိုလူကို ဒီမှာဟေ့ ကိုယ်ဘာလိုချင်တာ မသိတဲ့ လူတစ်ယောက်၊ အနာဂါတ်ကို ကြည့်သူတစ်ယောက်တွေ့ပြီလို့ လူတွေက မင်းကို မော်ကြည့်ကြလိမ့်မယ်။ 
(ဆရာကိုတာ ၏ “အရေးကြီးတဲ့ ပုစ္ဆာများအတွက် အဖြေများ” စာအုပ်မှ အစ္စရေးဝန်ကြီးချုပ် ရှီမွန်ပဲရက်စ်၏ “နိုင်ငံရေးဆိုတာ ဘာလဲ” ဆောင်းပါး အား ကူးယူ တင်ပြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှ နိုင်ငံရေးသမား အား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့် နှိုင်းယှဉ်၍ ဆင်ခြင်ကြည့်ကြရန် ဖြစ်ပါသည်။ ) (ရှီမွန်ပဲရက်စ်ကို ၁၉၂၃ သြဂုတ် ၁၅ တွင် မွေးဖွားသည်။ အရှေ့အလယ်ပိုင်းနိုင်ငံရေးအားထုတ်မှုများကြောင့် ၁၉၉၄ တွင် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရသည်။ ရစ်ဇတ် ရာဘင် ယာဆာ အာရာဖတ်နှင့် အတူဖြစ်သည်။ Peres Institute for Peace ဟူသော အဖွဲ့ကို ထူထောင်သည်။ ၂၀၀၁-၂၀၀၂ တွင် နိုင်ငံခြားရေးဝန်ကြီး ဒုဝန်ကြီးချုပ် ဖြစ်သည်)

No comments:

Post a Comment