Tuesday, October 2, 2012

နိုင်ငံရေး ဆိုတာ ဘာလဲ(ရှီမွန်ပဲရက်စ်)

ဒီမေးခွန်းကို မဖြေမှီ တခြားမေးခွန်းတစ်ခုကို အရင်မေးကြည့်ရအောင်….. နိုင်ငံရေးနည်းနဲ့ မအောင်မြင်ရင် ဘာတွေဖြစ်မလဲ.....???

 သမိုင်းက ဖြေတာကတော့ လူတွေဟာ သဘောတူညီချက်တစ်ခု မရရင် အနှေးနဲ့အမြန် သွေးထွက်သံယို ဖြစ်ကြတော့တာပဲ။ နိုင်ငံရေးငြင်းခုံမှုတွေအစား လက်နက်နဲ့ တိုက်ကြတာတို့၊ မြေအတွက် ငွေနဲ့သယံဇာတအတွက် ယုတ်စွအဆုံး အနာဂါတ်မှာ ဘယ်သူ့စကားက အရေးပါ အရာရောက်မလဲ ဆိုတဲ့ ငြင်းခုံမှုအတွက်။ နိုင်ငံရေးနည်းက မအောင်မြင်တော့ရင် တစ်ခါတစ်ရံ နိုင်ငံတွေအချင်းချင်းလဲ တိုက်ကြခိုက်ကြတော့တာပဲ။ ဘာသာရေး ယုံကြည်မှုအတွက် အနာဂါတ်မှာ လူတွေ ဘယ်လိုနေသင့်တယ်ဆိုတဲ့ စိတ်ကူးအတွက် လူတွေဟာ သူတို့ယုံကြည်တဲ့ စိတ်ကူးစိတ်သန်းအတွက် အားလုံးကို စွန့်လွှတ်နိုင်ကြတယ်။ သူတို့အသက်တွေရော လမ်းမှာ အတားအဆီးလုပ်တဲ့ အခြားသူတွေရဲ့ အသက်တွေကိုရော၊ စေ့စပ်ပေးမဲ့သူ မရှိများမရှိရင်…. တကယ်တော့ နိုင်ငံရေးရဲ့ အလုပ်ဟာ ရှုပ်ထွေးပွေလီတဲ့ အကြောင်းခြင်းရာတွေရဲ့ ဖြေရှင်းချက်တွေကို ရှာတာပါပဲ။ ဘက်နှစ်ဘက်လုံး အလျော့အတင်းလုပ်ရတယ်လို့ ဆိုလိုတာ။ အဲသလို မစေ့စပ်နိုင်ရင်တော့ ဒါဟာ ငြိမ်းချမ်းရေးလား စစ်ပွဲလား တစ်ခုခုပဲ။
  မကောင်းတဲ့နိုင်ငံရေး (Bad Politics) ကြောင့် ကပ်ဆိုက်တာမို့ ကျွန်တော် ကတော့ ကောင်းတဲ့ နိုင်ငံရေးကို တည်ဆောက်ချင်တယ်။ ကျွန်တော့်တိုင်းပြည် အစ္စရေးလ်မှာ အိမ်နီးချင်းတွေ ဂျော်ဒန်၊ ဆီးရီယား၊ လက်ဘနွန်၊ အီဂျစ်၊ ပါလက်စတိုင်း လူမျိုးတွေနဲ့ ဆက်ဆံရေးဟာ မေးခွန်းတစ်ခုအပေါ် မူတည်နေလို့လည်း ဖြစ်တယ်။ စစ်ကို ရှောင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ နိုင်ငံရေးကို ဘယ်လို ကျင့်သုံးကြမလဲ။
          မကောင်းတဲ့ နိုင်ငံရေးရဲ့ ရလဒ်အဖြစ် စစ်ဖြစ်ရတယ်။ ဒါကြောင့် နိုင်ငံရေးဟာ အရေးကြီးရတယ်လို့ ခင်ဗျား သဘောပေါက်ပြီ ထင်တယ်။ လူတွေအကြား နိုင်ငံတွေရဲ့အကြားမှာ ဆက်ဆံရေးတစ်ခု ဖန်တီး တည်ဆောက်ရတာကိုး။ ပဋိပက္ခ ပေါ်ပေါက်လာသည်ရှိသော် နှစ်ဖက်စလုံး သဘောတူတဲ့ ဖြေရှင်းချက် ရနိုင်တဲ့ ဆက်ဆံရေးပေါ့။
          လက်ထပ်ထိမ်းမြားထားတဲ့ ဇနီးမောင်နှံနှစ်ယောက် ဆိုပါစို့။ သပ္ပါယဖြစ်ဖို့၊ တစ်ယောက်လိုအင်ကို တစ်ယောက်သိရတယ်။ အလျှော့အတင်း တစ်ခါတစ်ရံ လုပ်ရတယ်။ ပိုကြီးတဲ့ ပန်းတိုင်ကို လျှောက်ဖို့ ကိုယ်အရေးကြီးတယ်လို့ ယူဆထားတဲ့အရာကိုတောင် တစ်ခါတစ်ရံ စွန့်လွှတ်ရတယ်။ အဲသလို မဟုတ်ရင် ကွာရှင်းပြတ်စဲ၊ ရန်ဖြစ်။ နိုင်ငံတွေလည်း သည်အတိုင်းပဲပေါ့။ နိုင်ငံတွေကျတော့ ပိုပြီး ရှုပ်တာတစ်ခုပါ။ မတူတဲ့ လူသန်းပေါင်းများစွာ နေကြတာကိုး။ အမိုးတစ်ခုတည်းအောက်က အဲသလောက် လူအများကြီးရဲ့ ဆန္ဒတွေ အားလုံးပြည့်ဝဖို့ ခက်တာပေါ့။
          ဒါကြောင့်လည်း နိုင်ငံရေးမှာ အယူအဆတွေ အများကြီးကွဲပြားနေတာ။ နိုင်ငံရေးသမားတွေမှာ ကမ္ဘာကြီး ဘာဖြစ်သင့်တယ်ဆိုတဲ့ ကိုယ်ပိုင်အယူအဆတွေ အသီးသီးနဲ့ အဲဒီ အယူအဆတွေကြောင့် နိုင်ငံရေး ပဋိပက္ခတွေ တစ်ခုပြီး တစ်ခုဖြစ်နေတာ။ နိုင်ငံရေးသမားတွေဟာ စဉ်းစားပုံမတူတဲ့ တခြားနိုင်ငံတွေကသာဆိုရင် အခြေအနေတွေဟာ ပိုရှုပ်ထွေးလာတော့တာကိုး။ ဘာကြောင့်လဲ ခင်ဗျားမေးချင်သလား။ ကျွန်တော်တို့နေတဲ့ ဒီနေရာက ဘာသာကြီး ၃-ခု ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ် အစပြုတဲ့နေရာ၊ ဘာသာတရားက နိုင်ငံရေးမှာ ဝင်ပါနေတာကိုး။ ဘာသာတိုင်းကလဲ လူတွေကို ပျော်ရွှင်စေတဲ့ တစ်ခုတည်း မှန်ကန်တဲ့နည်းလမ်းကို တွေ့ထားကြတယ်လို့ သေချာနေကြတာကိုး။ ယုံကြည်မှုစရင် ကျိုးကြောင်းဆင်ခြင်မှု ဆုံးတယ်။ ဘာသာတရားတွေမှာ တူတာက မတူတာထက် ပိုများပေမယ့် မတူတာနည်းနည်းကြောင့် အကြီးအကျယ် မုန်းတီးနေကြတာ ထူးဆန်းတယ်။ ကျွန်တော်တို့ဒေသမှာ ဒါပဲ တကယ့် ပြဿနာကြီးဖြစ်နေတာ။ နိုင်ငံရေးမှာ အကျိုးရယ် အကြောင်းရယ် ဆင်ခြင်မှုကို ကျွန်တော်တို့ လိုအပ်နေတယ်။
          နိုင်ငံရေးအပေါ် ဘာသာတရားရဲ့ လွှမ်းမိုးမှုမှာ ကောင်းတာတွေလည်း ရှိတော့ ရှိပါတယ်။ ဂေါ့ဒ်မှာ ယုံကြည်ရင်၊ အားရှိတာကိုး။ သည်အားက အတူအကွ အောင်မြင်ပေါက်ရောက်စေလို့ပဲ။ ဒီအားကပဲ ကြောက်စရာ လန့်စရာကောင်းတဲ့ မကောင်းတာတွေလဲ ဖြစ်စေတယ်။ ကိုယ့်ဂေါ့ဒ်က အခြားဂေါ့ဒါတွေထက် အရေးကြီးနေတဲ့ အခါမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အနာဂါတ်ကို မျှော်လင့်ယုံကြည်ရတာပါပဲ။ နယ်မြေတွေကြောင့် စစ်ပွဲတွေမဖြစ်တဲ့ ကာလတစ်ခု ရောက်လာမှာလို့ ကျွန်တော် ယခုထိ ယုံကြည်တုန်းပဲ။ ဘာကြောင့် အဲဒီလိုယုံကြည်သလဲဆိုတော့ နိုင်ငံရေးဟာ ဒီနည်းလမ်းနဲ့ပဲ အလုပ်ဖြစ်မြောက်မယ်လို့ ကျွန်တော်ထင်နေလို့ပဲ။ လူတိုင်း လူတိုင်းဟာ သူ့စရိုက်၊ သူ့ဓလေ့၊ သူ့ယုံကြည်မှု၊ သူ့နေပုံထိုင်ပုံကို ထိန်းသိမ်းလို့ အိမ်နီးနားချင်းတွေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းနေလို့…..။ ဒီပန်းတိုင်းကို ပေါက်မြောက်ဖို့ ကောင်းတဲ့ နိုင်ငံရေးသမား အများကြီးရှိရမယ်။
          ကောင်းတဲ့ နိုင်ငံရေးသမားဆိုတာ ဘာလိုဟာလဲ။ ဖြေကြည့်ရအောင်။ ကောင်းကောင်း ပညာတတ်ရမယ်။ အင်း…. စူးစမ်းတတ်ဖို့ကတော့ ပိုပြီး အရေးကြီးတယ်။ နယ်ပယ်တစ်ခုမှာ အထူးတတ်ကျွမ်းတာက လိုအပ်ချက်တစ်ခုပဲ။ တော်တဲ့ ပါရမီရှိတဲ့လူတွေကို အဖွဲ့ထဲမှာ ပါအောင် သိမ်းသွင်းနိုင်တဲ့ အရည်အချင်းက ပိုအရေးကြီးတယ်။ ပန်းတိုင်ချမှတ်တဲ့ ခေါင်းဆောင် ဆုံးဖြတ်ချက်တွေချမှတ်တဲ့ ခေါင်းဆောင် ဖြစ်ရမယ်။ သို့သော် တစ်ဦးတည်းဆုံးဖြတ်တဲ့ တစ်ကိုယ်တော် လုပ်ဆောင်တဲ့သူတော့ မဖြစ်ရဘူး။ နိုင်ငံရေးသမားကောင်းဖြစ်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ အကြံကောင်း၊ ဥာဏ်ကောင်းပေးတဲ့ လူတော်တွေနဲ့ အလုပ်လုပ်တာပဲ။ ခင်ဗျားသိတဲ့အတိုင်း နိုင်ငံရေးသမားတွေ ရင်ဆိုင်ဖြေရှင်းရတဲ့ အလုပ်တွေက ဧရာမကိုး။
          ကျွန်တော်တို့နိုင်ငံရေးသမားဆိုတာ လူထုရဲ့စေကျွန်၊ ရှေ့နေ၊ သံတမန်…….. လွှတ်တော်တွေ၊ အုပ်ချုပ်ရေး ဌာနတွေမှာ တခြားလူတွေ သို့မဟုတ် နိုင်ငံတွေကို လေးစားပြီး အလုပ်လုပ်ရတယ်။ လူ့ဂုဏ်သိက္ခာအတွက်၊ လူ့အခွင့်အရေးအတွက် ၊ လူ့တန်ဖိုးအတွက် စေသည့်ကျွန်တွေ။ လူတိုင်းမှာ တန်းတူအခွင့်အရေး ရှိတယ်ဆိုတဲ့မူကို အမြဲစွဲကိုင်ထားရမယ်။ လူတိုင်းရဲ့ ကွဲပြားခြားနားနိုင်ခွင့်ကို ကာကွယ်ရမယ်။ လူတို့ရဲ့ အသက်ရှင်ခွင့်ဆိုတဲ့ အခြေခံအကျဆုံး ပိုင်ခွင့်ကို ဘယ်တော့မှ မမေ့ရဘူး။
          သည်တာဝန်တွေကို ဟောနေတဲ့ ကျွန်တော်ဟာ ကျွန်တော် ဘာပြောတယ်ဆိုတာ သိပါတယ်။ နှစ်ငါးဆယ်ကျော်ပါပြီ အစ္စရေးနိုင်ငံရေးမှာ ကျွန်တော်ပါနေတာ။ နောက်လှည့်ကြည့်လိုက်တော့ ဒီနှစ်တွေမှာ နိုင်ငံရေးဟာ အတော့်ကို ပြောင်းလဲခဲ့တယ်။ ရှေးတုန်းက အာဏာဟာ နိုင်ငံရေးသမားတွေ လက်ထဲမှာ။ ဒီနေ့တော့ အာဏာဟာ လူထုရဲ့လက်ထဲ ပိုရောက်နေတယ်။ မီဒီယာမှာလည်း အာဏာအတော်များများ ရှိတယ်။ နိုင်ငံရေးသမားတွေဟာ မိုက္ကရိုဖုန်းတွေနဲ့။ တီဗွီကင်မရာတွေက လှုပ်ရှားသမျှ မှတ်တမ်းတင်ထားပြီး ပြောသမျှကို ကမ္ဘာဖြတ်ပြီး ပရိသတ်ဆီ ပို့တယ်။ ဒီနေ့ကမ္ဘာမှာ မီဒီယာဟာ နိုင်ငံရေးသမားကို စောင့်ကြည့်တဲ့ တာဝန်ကိုလည်း ထမ်းဆောင်နေတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ပြင်းထန်တဲ့ မတရားတဲ့ ဝေဖန်မှုတွေ လုပ်တတ်တယ်။ နိုင်ငံရေးသမားကောင်းတစ်ဦးဟာ လူထုအကြိုက်ကို လိုက်မနေဖို့ သတိထားရမယ်။ ကိုယ့်မူနဲ့ကိုယ် ရပ်တည်ရမှာပဲ။ ဒါမျိုးဟာ ခက်တော့လည်း ခက်တာပေါ့။
          နိုင်ငံရေးဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့ အနုပညာပဲ။ စစ်တွေ ထပ်မဖြစ်ချင်တာကြောင့် ကမ္ဘာတစ်လွှားက နိုင်ငံတွေရဲ့ ပဋိပက္ခတွေအတွက် ပို၍ ပို၍ ဆွေးနွေး ညှိနှိုင်းကြရမယ်။ ဒီကိစ္စလုပ်ဖို့ ကုလသမဂ္ဂသံအမတ် ရစ်ချက် ဟိုးဘရွတ်လို အတွေ့အကြုံလည်း ကြွယ်ဝ၊ လေ့ကျင့်လည်း လေ့ကျင့်ထားတဲ့ နိုင်ငံရေးသမားမျိုး လိုအပ်တယ်။ ဒီအမေရိကန်ဟာ ဘော့စ်နီးယား ပဋိပက္ခမှာ အောင်အောင်မြင်မြင် ကြားခံဆောင်ရွက်နိုင်တယ်။ ဒင်းနစ်ရော့စ်လည်းပဲ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အချိန်အကြာကြီး ကြိုးစားခဲ့တဲ့အမေရိကန်။ သူတို့အလုပ်တွေက တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတဲ့ ရန်သူ နှစ်ယောက်အကြား ပြန်လည်ဆက်သွယ်ပေးရတာ။ စကားမပြောဘဲ စစ်တိုက်ဖို့ ပြင်နေတဲ့သူတွေ မသင့်မြတ်တဲ့ နိုင်ငံတွေကြားမှာ နားလည်မှု တံတားခင်းဖို့ လိုအပ်ချက်ကတော့ စိတ်ရှည်တာပဲ။ ကျုပ်က ဟိုးလ်ဘရွတ်နဲ့ ရော့စ် နှစ်ဦးလုံးနဲ့ လူချင်းရင်းတယ်။ သူတို့နှစ်ဦးလုံးမှာ အဲဒီ အရည်အချင်းရှိတယ်။ အလွန်စိတ်ရှည်တဲ့လူတွေ။

No comments:

Post a Comment