Wednesday, October 17, 2012

“ငြိမ်းချမ်းရေး လုပ်ခြင်း"

  မပြုလုပ်ခြင်း (ဝါ) ငြိမ်သက်ခြင်းသည် ပြုလုပ်ခြင်းအားလုံး၏ အရင်းခံဖြစ်သည်။ ကျုပ်တို့စိတ်ထဲတွင် မငြိမ်းချမ်းက ကမ္ဘာလောက၏ ငြိမ်းချမ်းရေးကို ကျုပ်တို့ နည်းနည်းပဲ လုပ်နိုင်သည်။ ငြိမ်းချမ်းရေး ပြုလုပ်မည်ဟု ကျုပ်တို့ ကြံသော် ငြိမ်သက်ခြင်း နှင့် ကျုပ်တို့ စရမည်။ ငြိမ်သက်ခြင်းဟူသည် ဘာဝနာစီးဖြန်းခြင်း နှင့် ဆုတောင်းခြင်းကို ဆိုလိုသည်။
          ငြိမ်းချမ်းရေးပြုလုပ်ခြင်းမှာ ကရုဏာရှိခြင်း လိုအပ်သည်။ နားထောင်တတ်သော အတတ်လည်း လိုအပ်သည်။ နားထောင်ရန်အတွက် ကျုပ်တို့သည် ကျုပ်တို့ကိုယ် ကျုပ်တို့ လျော့လိုက်ရသည်။ ကျုပ်တို့ စကားများကိုပင် လျှော့လိုက်ရသည်။ ကျုပ်တို့၏ ငြိမ်းချမ်းလိုသော သဘာဝကို ကျုပ်တို့ ကြားနိုင်သည်အထိ နားထောင်ရသည်။ ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ် နားထောင်တတ်လာသောအခါမှ သူများကိုလည်း နားထောင်တတ်လာသည်။ စိတ်ကူးထည်အသစ်များ ပေါ်လာသည်။ ပွင့်လင်းခြင်း၊ သဟဇာတ စည်းကိုက် ဝါးကိုက်ဖြစ်ခြင်း ရှိလာသည်။ ကျုပ်တို့ တစ်ဦးကိုတစ်ဦး ယုံကြည်လာသည်နှင့် အမျှ ပဋိပက္ခကို ဖြေရှင်းရန်၊ ဖြစ်နိုင်စရာ အသစ်များ ရှာဖွေတွေ့ရှိလာသည်။ ကျုပ်တို့ ကောင်းစွာ နားထောင်သောအခါ ငြိမ်းချမ်းရေး ရှင်သန်လာသည်ကို ကြားရလေ့ရှိသည်။
          ငြိမ်းချမ်းရေးပြုလုပ်ခြင်းမှာ သတိရှိခြင်းလိုအပ်သည်။ မနာလိုခြင်း၊ ငါသာ မှန်သည်ဟု ထင်ခြင်း၊ အဓိပ္ပါယ်မရှိသော ဝေဖန်ခြင်းတို့နှင့်အတူတော့ ငြိမ်းချမ်းရေးမရှိ။ ငြိမ်းချမ်းရေး ပြုလုပ်ခြင်းကား စစ်တိုက်ခြင်းထက် ပို၍ အရေးကြီးသည်ဟု ကျုပ်တို့က ဆုံးဖြတ်ရမည်။
          ငြိမ်းချမ်းရေး ပြုလုပ်ခြင်းမှာ အတ္တနည်းခြင်း လိုအပ်သည်။ ငြိမ်းချမ်းရေးဟူသည်မှာ အတ္တနည်းခြင်းက အမြစ်တွယ်ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေး ပြုလုပ်ခြင်း ၌ အဖွဲ့လိုက်အလုပ်လုပ်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိမဖြစ် လိုသည်။ ကျုပ်တို့သာ လမ်းကိုသိသူများဟု ထင်နေသမျှ ငြိမ်းချမ်းရေးအတွက် ကျုပ်တို့ ပြက်သိကာသာ လုပ်နိုင်သည်။ ငြိမ်းချမ်းရေးလုပ်သူ အစစ်သည် ငြိမ်းချမ်းရေး အတွက်သာ အားထုတ်သည်။ ကျော်စောမှု ဂုဏ်ဒြပ်နှင့် ချီးကျူးခံဖို့ အတွက် အားထုတ်ခြင်းသည် ကျုပ်တို့၏ ကြိုးစားမှုများကို အခက်အခဲ ဖြစ်စေလိမ့်မည်။
          ငြိမ်းချမ်းရေးလုပ်ခြင်းမှာ ဥာဏ်လိုသည်။ ငြိမ်းချမ်းရေးသည် အသိနှင့် ရွေးချယ်သော လမ်းတစ်လမ်း ဖြစ်သည်။ ရည်ရွယ်ချက်မရှိ လှည့်ပတ်နေခြင်း မဟုတ်၊ တစ်လှမ်းပြီး၊ တစ်လှမ်း ခရီးသွားခြင်း ဖြစ်သည်။
          ငြိမ်းချမ်းရေးလုပ်ခြင်းမှာ ဥပေက္ခာထားရသော အလယ်လမ်း ဖြစ်သည်။ ဟိုဘက်သည်ဘက်မရှိ၊ အစွဲမရှိသော လမ်းတည်း။
          ငြိမ်းချမ်းရေးလုပ်ခြင်းမှာ ဥာဏ်နှင့် ကရုဏာ ညီညွတ်မျှတခြင်း ဖြစ်သည်။ လူတို့၏ လိုအပ်ချက်များနှင့် နိုင်ငံရေး အခြေအနေများ ဆုံစည်းခြင်း ဖြစ်သည်။ “လိုက်လျောရသော ကရုဏာ” “ချင့်ရဲပြေ ငြိမ်ဝပ်ငြိမ်းချမ်းရေး” မဟုတ်။
          မေတ္တာသည်သာ ငြိမ်းချမ်းရေးကို သွားသော တစ်ခုတည်းသော လမ်းဖြစ်သည်။
(ဆရာကိုတာ မြန်မာပြန်သော “တစ်လှမ်းချင်း” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။ မူရင်းရေးသားသူမှာ--ကမ္ဘောဒီယား ရဟန်းတော် “Maha Ghosananda” ဖြစ်ပါသည်။။

No comments:

Post a Comment