Friday, April 25, 2014

ကံ ဆိုတာဘာလဲ



[ ဗုဒ္ဓ၏ လူမှုရေးတရားတော်များ - ဦးခင်မောင်ဝင်း ပြုစုသောစာအုပ်မှ ကူးယူဖေါ်ပြပါသည်။
ထိုစာအုပ်သည် ဗုဒ္ဓ၏ပိဋကတ်စာပေကို မွှေနှောက်၍ လူမှုရေးအတွက်လက်တွေ့အသုံးချသင့်သော တရားများကို ကောက်နုတ်ပြထားပါသည်။ သာမာန်အားဖြင့် မတွေ့ရသောစိတ်ဝင်စားဖွယ်အချက်များကို ကောက်နုတ်ပြီး ခေတ်စကားပြေဖြင့် တင်ပြထားသော စာအုပ်ဖြစ်ပါသည်။ ]

ကမ္မနိယာမနှင့် ပတ်သက်ပြီး မိရိုးဖလာမှတ်သားမှုများနှင့် ပိဋကတ်စာပေတွင်ဖေါ်ပြချက်များ ကွဲလွဲနေကြောင်း သိရှိစေရန် ကောက်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။ “ကံတရား” ကို မိရိုးဖလားအားဖြင့် “အတိတ်ကံ” ဟု ပုံချတတ်ပါသည်။ ဗုဒ္ဓစာပေရှိ “ကံတရား” မှာ အကြောင်း၊ အကျိုးဆက်အားဖြင့် မငြင်းဆိုသော်လည်း၊ ပစ္စုပ္ပန်ရှိပြုလုပ်မှုများကို ပိုမိုအလေးထားရန်ဖြစ်သည်။ အတိတ်ဆိုသည်မှာ အတိတ်ဘဝကိုသာ ဆိုလိုသည်မဟုတ်ဘဲ၊ ပြီးခဲ့သောအချိန်ကာလကိုလည်း ရည်ညွှန်းပါသည်။ 

          “ကံတရား”သည် “အတိတ်ဘဝ”နှင့်သာ လုံးဝသက်ဆိုင်သော ဖေါ်ပြချက်သည် ဂျိမ်းဘာသာဝင်တို့၏ ကမ္မနိယာမ ဖြစ်သည်ဟု မှတ်သားဖူးပါသည်။ အလျဉ်းသင့်ခဲ့လျှင် ဂျိမ်းဘာသာမှ ကမ္မနိယာမ ကို ဖေါ်ပြပေးပါမည်။ “မိရိုးဖလာအမြင်”နှင့် “စာပေအမြင်မှန်” သည် လုံးဝကွဲပြားနေပါသည်။ ထိုအရေးကြီးသော ကမ္မနိယာမ အပေါ် မှန်ကန်သောအမြင် ရှိမှသာ ဘဝအတွက် အမြင်မှန်၊ အလုပ်မှန် နိုင်ပါလိမ့်မည်။ ထိုရည်ရွယ်ချက်ဖြင့် ကောက်နုတ်ကူးယူဖေါ်ပြပါသည်။ ထိုစာအုပ်တွင် အခြားသော မှတ်သားဖွယ်အချက်များစွာ ပါဝင်သောကြောင့် မူရင်းစာအုပ်ကို ဖတ်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။ အင်္ဂလိပ်စာအုပ်မှ ကိုးကားချက်ကိုလည်း ထည့်ပေးထားပါသည်။ ထိုအင်္ဂလိပ်စာအုပ်ကို ဆရာဆန်းလွင်မှ “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” ဟူသောအမည်ဖြင့် ဘာသာပြန်ထားပါသည်။ မူရင်းရေးသားသောဆရာတော်မှာ Ven.Dr.K.Sri Dhammananda ဆရာတော်ဖြစ်ပါသည်။

ကံ ဆိုတာဘာလဲ
          ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် ကံဆိုတာ ဘာကိုဆိုလိုသည်ကို ပြည့်ပြည့်ဝဝ သိသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကံ- ကံ၏ အကျိုးကို ယုံကြည်မှသာလျှင် ဗုဒ္ဓဘာသာအစစ် မည်ပေမည်။ ကံသည် ကမ္မ=ပြုလုပ်ခြင်း ဟူသော ပါဌိစကားမှ ဆင်းသက်လာသည့် ပါဌိပျက်စကားတစ်ခု ပင်ဖြစ်သည်။ မြန်မာတို့သည် ပါဌိစကားကို ဘာသာပြန်ရာ၌ ကံဟူသော ပါဌိပျက်စကားကို ဘာသာမပြန်ဘဲ မြန်မာစကားအဖြစ်ဖြင့် ‘ကံ’ ကို ‘မွေးစား၍’ ယူလိုက်သဖြင့် တချို့လူတို့ အဓိပ္ပါယ်အယူအဆ လွဲနေကြခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။
ကံကို များသောအားဖြင့် ယူဆထားကြသည်မှာ အတိတ်ဘဝက မိမိပြုလုပ်ခဲ့သော အကြောင်းများကြောင့် ယခုဘဝတွင် အကောင်းအဆိုးခံစားနေကြခြင်း ဖြစ်သည်ဟူ၍ပင် ဖြစ်သည်။ ထို့ကြောင့် ကံကောင်းသည် ၊ မကောင်းသည် ဟူသော အသုံးအနှုံး၌ အတိတ်ဘဝက မိမိပြုခဲ့သော ကောင်းမှု၊ မကောင်းမှုဟု အများက ယူဆထားကြသည်။ အမှန်အားဖြင့် နားလည် သဘောပေါက်မှု လွဲနေကြခြင်းဖြစ်သည်။ ကံကို ပြုလုပ်ပြောဆို ကြံစည်ခြင်းဟု အတိတ်ရော ပစ္စုပ္ပန်ပါ အကျုံးဝင်ပြီး ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးစလုံး သဘောပါအောင် ဘာသာပြန်ထားနိုင်ပါက ကံအကြောင်းကို ပိုမို သဘောပေါက်နားလည်လိမ့်မည်ဟု ယုံကြည်မိပါသည်။
လူတစ်ယောက်၏ ကံကောင်းမှုသည် ယခုပစ္စုပ္ပန် အလုပ်ကောင်းမှုပေါ်၌ အများကြီး တည်ရှိကြောင်းကို သိရှိလာပါက မိမိ၏ ပစ္စက္ခအလုပ်များကို ကောင်းအောင်ပြုလုပ်ပြောဆို ကြံစည်လာခြင်းအားဖြင့် ယခုဘဝတွင်ပင် ကောင်းကျိုးချမ်းသာများကို ရနိုင်ပေသည်။ လူတိုင်းသည် ကောင်းတာ လုပ်လျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းတာလုပ်လျှင် မိမိပင် ယခုဘဝ၌ ဆိုးကျိုးခံရမည်ဟူသော ကံ-ကံ၏ အကျိုးကို နှစ်နှစ်ကာကာ ယုံကြည်လာပါက မကောင်းမှုများကို ပယ်လာနိုင်သည်နှင့်အမျှ သာယာစိုပြည်သော ဘဝတစ်ခုကို ဖန်တီးနိုင်ကြမည်ဟု ယုံကြည်မိပါသည်။
ယခုဘဝတွင် လူတို့ တွေ့ကြုံနေရသော ကောင်းမှု၊ မကောင်းမှု (ကံ)ဖြစ်ရပ်တို့သည် မည်သည့် ပုဂ္ဂိုလ်တန်ခိုးရှင်မှ ဖန်ဆင်းခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း မဟုတ်ဘဲ မိမိအတိတ်က ပြုလုပ်ခဲ့သည့် အလုပ် အပြောအဆို အကြံအစည်နှင့် ယခုပစ္စုပ္ပန်တွင် ပြုလုပ်ပြောဆို ကြံစည်ခြင်းတို့၏ အကျိုးတရားများသာလျှင် ဖြစ်ပေသည်။ ထို့ကြောင့် “မည်သူမပြု မိမိမှု” ဟု အတိုကောက် မှတ်ထားသင့်ပေသည်။
လောက၌ လူတို့ ပြုလုပ်ပြောဆို ကြံစည်ကြသည်များသည် အလုပ်သစ် (ကံသစ်) များဖြစ်၍ ယခု ဖြစ်ပျက်သော အကြောင်းခြင်းရာတို့သည် ကံဟောင်းမည်၏။ အကောင်းနှင့် အဆိုး ဖြစ်ရပ်နှစ်ခုတို့သည် မိမိပြုလုပ်ခဲ့သော ကောင်းသောအလုပ်၊ ဆိုးသောအလုပ်တို့၏ ရလဒ်များပင် ဖြစ်ကြောင်း တထစ်ချ ယုံကြည်ထိုက်ပေသည်။ ထို့ကြောင့် အတိုကောက်အားဖြင့် “ပြုလျှင် အသစ်၊ ဖြစ်လျှင် အဟောင်း” ဟု မှတ်သားရာသည်။

ကံနှင့် ပတ်သက်၍ ပထမဦးစွာ မှားယွင်းသည့် အယူအဆ သုံးမျိုးကို သိထားသင့်ပေသည်။

၁)  သင်တွေ့ကြုံခံစားနေရသော အကောင်းအဆိုး ဟူသမျှတို့သည် ရှေးရှေးဘဝများစွာက ပြုလုပ်ခဲ့ဖူးသော အကြောင်းသက်သက်ကြောင့်သာလျှင် ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ယူဆထားလျှင် သင်သည် ပုဗ္ဗေကတဟေတုဒိဌိ ဖြစ်နေလေပြီ။
၂) သင်တွေ့ကြုံခံစားနေရသော အကောင်းအဆိုး ဟူသမျှတို့သည် လောကကို အစိုးရသော (ဝါ) ကမ္ဘာလောက၏ သက်ရှိသက်မဲ့ အရာဝတ္ထုအားလုံးကို ဖန်ဆင်းတတ်သော ဘုရား၊ ဗြဟ္မာ၊ ဗိဿနိုး စသော တန်ခိုးရှင်တို့၏ ဖန်ဆင်းမှုကြောင့်သာ ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ယူဆထားလျှင် သင်သည် ကုဿရနိမ္မာနဟေတုဒိဌိ ဖြစ်နေလေပြီ။
၃) သင်တွေ့ကြုံခံစားနေရသော အကောင်းအဆိုး ဟူသမျှတို့သည် ဖြစ်စေတတ်သောအကြောင်း၊ ထောက်ပံ့တတ်သောအကြောင်းများ လုံးဝမရှိဘဲ ပကတိ အလိုလိုသာဖြစ်ပေါ်ကြ၏။ (ဝါ) ဘာအကြောင်းမျှ မဟုတ်ဘဲ သူ့အလိုလို ဖြစ်ပေါ်လာတတ်ကြသည်မှာ မှားယွင်းစွာ ယုံကြည်ယူဆထားလျှင် သင်သည် အဟေတုကပစ္စယဒိဌိ ဖြစ်နေလေပြီ။

ဤသို့ ပြဆိုခဲ့ပြီးသော မှားယွင်းသည့် အယူအဆမျိုးမှ ကင်းလွတ်၍ အောက်ပါအတိုင်း ယုံကြည်မှသာလျှင် သင်သည် ကံ-ကံ၏ အကျိုးကို ယုံကြည်သော မှန်ကန်သော အယူကို လက်ခံထားသူ ဖြစ်ပေမည်။
က) ကောင်းသောအမှုတို့ကို ပြုလုပ်ပြောဆို ကြံစည်လျှင် ကောင်းသော အကျိုးကိုသာ ခံစားရမည်။
ခ) မကောင်းသောအမှုတို့ကို ပြုလုပ်ပြောဆို ကြံစည်လျှင် မကောင်းသော အကျိုးကိုသာ ခံစားရမည်။ ဤသို့ တွေ့ကြုံခံစားရခြင်းသည်
၁) ရှေးရှေးသော အတိတ်ဘဝများက ပြုလုပ်ခဲ့သော အကြောင်းကံများကြောင့်လည်းကောင်း၊
၂) ယခုပစ္စုပ္ပန်ဘဝ၌ ပြုလုပ်ခဲ့သော အကြောင်းကံများကြောင့် လည်းကောင်း။
ဤအကြောင်း နှစ်ပါးကြောင့်လည်းကောင်း ၊ သို့မဟုတ် ယင်းနှစ်ပါးအနက်မှ တစ်ပါးပါးကြောင့်သာလျှင် ဖြစ်သည်ဟု သင်ယုံကြည်ထားလျှင် သင်သည် ကံ-ကံ၏ အကျိုးကို ယုံကြည်သူ ကမ္မဿကတာ သမ္မာဒိဌိအစစ် ဖြစ်လေပြီ။

 
[ Misconceptions regarding Kamma
The misinterpretations or irrational views on kamma are stated in the Anguttara Nikaya which suggests that the wise will investigate and abandon the following views:
  1. The belief that everything is a result of acts in previous lives:
  2. The belief that all is the result of creation by a Supreme Ruler; and
  3. The belief that everything arises without reason or cause.
From What Buddhist believe by K.Sri Dhammananda   ]

No comments:

Post a Comment