Friday, April 18, 2014

ရွှေဥဒေါင်း- တသက်တာမှတ်တမ်း - လူရှေ့စကားပြောခြင်း



           “အင်္ဂလိပ်ဘာသာတွင် အပြောနှင့်အရေးသည် အတူတူလိုပင်ဖြစ်သော်လည်း မြန်မာဘာသာ၌မူ ပြောဟန်နှင့်ရေးဟန်မှာ ဝါကျတစ်ပုဒ်တည်း၌ပင် ခြားနားခြင်း ရှိပုံကို ထင်ရှားစွာ သိနိုင်ပေသည်။ အပြောနှင့် ပတ်သက်၍ မြန်မာလူမျိုးများ မြန်မာလိုပြောတတ်ပုံသည် အင်္ဂလိပ်လူမျိုးများ အင်္ဂလိပ်ပုံပြောတတ်ပုံနှင့် နှိုင်းစာလျှင် ထမင်းစားရေသောက်ပြောတတ်ပုံလောက်သာရှိသည်ဟု ဆိုပါက မြန်မာလူမျိုးများက ခံချင်ကြလိမ့်မည် မဟုတ်ပေ။”

          “အင်္ဂလန်ပြည်၌ စကားအကောင်းဆုံးပြောတတ်သူတို့သည် ပါလီမန်တွင် အမတ်ဖြစ်ဖို့ တက်လှမ်းကြ၍ အကောင်းဆုံးသောစကားများမှာလည်း ပါလီမန်၌ ကြားရတတ်ပေသည်။ မြန်မာပြည်မှာမူ ပါလီမန်သက် အလွန်နုသေးသည်ဖြစ်၍ ဗြိတိသျှပါလီမန်ကို မဆိုထားဘိ၊ အိန္ဒိယပါလီမန်နှင့် နှိုင်းယှဉ်လျှင်ပင် မြန်မာအမတ်များသည် ကလေးသာသာလောက်သာ ပြောတတ်ကြသေး၏။”
                                                                      
          “ဦးစော၏ စကားပြောကောင်းသော အင်္ဂါရပ်တစ်ရပ်ကို ကျွန်ုပ်အမှတ်ပြုခဲ့မိသည်မှာ ပြောစဉ်အခိုက်မှာ ‘ဝေါကနဲ’ပွဲကျအောင် ပြောတတ်ရုံသာမက တရားပွဲပြီး၍ ပရိသတ်များပြန်သွားကြသောအခါ၌လည်း သူတို့၏ ဦးခေါင်းထဲသို့ နှက်သွင်းလိုက်သည့်နှယ် စူးဝင်သွားသည့် စကားလုံးလေးငါးလုံးသည် ‘ဆောင်ပုဒ်’ကလေးများသဖွယ် တပြောတည်းပြောလျက် ကျန်ရစ်ခြင်းပင်ဖြစ်လေသည်။”

          “(ရွှေပြည်ဦးဘတင်)
ဆရာဦးဘသင်သည် မြန်မာရာဇဝင်ကို နှံ့စပ်ခြေမြစ်စွာလေ့လာဆည်းပူးထားရုံသာမက မိမိသိရှိထားသော အကြောင်းအရာများသည် (မှားတော့မှမှားစေ) ဧကန်မုချ မှန်ကန်သည်ဟု စိတ်ချထားသည့် အတွက်ကြောင့် ပြောဟောရာတွင် ‘ငါ့ပြင်မရှိ’ဟူသော ယုံကြည်ချက် ( Self-confidence ) သည် နားထောင်သော ပရိသတ်အား လက်မခံဘဲ မနေနိုင်လောက်အောင် အတင်းသွေးဆောင်လျှက် ရှိတော့၏။”

“ဟောပြောသူက စမ်းတဝါးဝါးလုပ်နေလျှင် မှန်ပင်မှန်စေဦးတော့ ပရိသတ်က မယုံချင်ဘဲ ရှိတတ်၏။”

“(သခင်ချစ်မောင်)
သူသည် အကြောင်းအရာတစ်ခုကို ပြောမည်ကြံသည့်အခါ တစ်နေရာမှ စတည်ပြောလိုက်ပြီးနောက် ထိုနေရာသို့ ပြန်ဆိုက်ကာ (ဝလုံးရေးသည့်နှယ်) ပြောတတ်သည့် အလေ့အကျင့်ရှိ၍ ကျွန်ုပ် သဘောကျလှသည်။”

“(သိန်းဖေမြင့်)
စကားပြောသောအခါ၌ တုန်လှုပ်ခြင်း အလျဉ်းကင်၍ အအေးဆုံးပြောတတ်သော အပြောသမားတစ်ယောက်ကို ရွေးချယ်စမ်းပါဟုဆိုလျှင် ကျွန်ုပ်သည် သိန်းဖေမြင့်ကို ရွေးချယ်ပေလိမ့်မည်။”

No comments:

Post a Comment