Tuesday, April 22, 2014

မောင်သာမည- ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ ( ၂ )



( ဆရာမောင်သာမည ပြန်ဆိုပြုစုသော “ရင့်ကျက်ခြင်းအတွက် ကွင်းဆက်များ” စာအုပ်လေးကို ကောက်နုတ်ကူးယူတင်ပြလိုပါတယ်။ စာအုပ်ကို “Plastic Rainbow Publishing” စာအုပ်တိုက်မှ ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အဓိကပြဿနာများမှာ ဦးဆောင်သူများ အပြင် နောက်လိုက်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှုကြောင့် ဖြစ်ပွါးနေသည်ဟု ထင်မြင်ယူဆပါသည်။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်းကို အောက်တွင် ရေးသားထားသည့် ကောက်နုတ်ချက်များကို ဖတ်ရှူပြီး စာဖတ်သူတို့ ဆက်လက်တွေးတောကြည့်ပါတော….။   )


၂) တာဝန်ကွင်းဆက်

- လူသည် မှီခိုသည့်ဘဝမှ အမှီကင်းသည့် ဘဝသို့ အလိုအလျောက် မရောက်ရှိနိုင်ပါ။

- အားကိုးရာမဲ့အဖြစ်မှ ကိုယ့်အားကိုယ်ကိုးနိုင်သည့် တာဝန်ယူတတ်သည့်အနေသို့ အလိုအလျောက် မရောက်ရှိနိုင်ပါ။

- တာဝန်မယူတတ်သည့်အနေမှ တာဝန်ယူတတ်သည့်အနေသို့ အလိုအလျောက် မရောက်ရှိနိုင်ပါ။

- တစ်ဖန် အမှီခိုကင်းခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်း စသည့် တာဝန်ယူတတ်မှု ကွင်းဆက်ကြီး၊ ချို့တဲ့နေပါကလည်း ရင့်ကျက်သူမဟုတ်ပဲ၊ အချောင်လူကြီးသာ ဖြစ်နေပါသည်။



          ပြဌာန်းခံဝါဒ ( Determinism ) ဆိုတဲ့ အယူအဆတစ်ရပ်ရှိပါတယ်။ သည်အယူအဆအရဆိုရင် လူတွေဟာ ပတ်ဝန်းကျင် အကြောင်းအရာတွေရဲ့ စီရင်ပြဌာန်းမှုကို ခံနေကြရသူများသာ ဖြစ်တယ်။ ဆိုးသွမ်းလူငယ်ဆိုတာ အိမ်ထောင်ပျက်မိသားစုက ဖန်တီးလိုက်တာဖြစ်တယ်။ ရာဇဝတ်သားဆိုတာ ပတ်ဝန်းကျင် မကောင်းလို့ ပေါ်ပေါက်လာတာဖြစ်တယ် စသည်ဖြင့် ပတ်ဝန်းကျင်မှာပဲ အကြောင်းအရင်း ဆင်ခြေကိုရှာဖွေတဲ့ အယူအဆပါ။ သည်အယူအဆကို မျက်စိပိတ် လက်ခံလိုက်ရင်လူဟာ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်မှု မရှိတော့တဲ့ ယဇ်ကောင်ဘဝကို ရောက်ရတော့တာပဲ။ ကျေးပိုင်၊ ကျွန်ပိုင် ပဒေသရာဇ်စနစ်ရဲ့အခြေခံအုတ်မြစ်ဟာ ပြဌာန်းခံဝါဒဖြစ်ပါတယ်။


          ပြဌာန်းခံ အခြေအနေက လွတ်မြောက်ဖို့အတွက် ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ လူဟာ ကိုယ့်ကိုယ်ကို ပိုင်စိုးတယ်။ ကိုယ့်ကိုယ်ကို ပိုင်စိုးခြင်းသည်သာ လူ့ဘဝရဲ့အနှစ်သာရ ဖြစ်တယ်လို့ ပြောင်းလဲရှူမြင်ခြင်းပါပဲ။ စင်စစ်သည်အမြင်ဟာ ဗုဒ္ဓဘာသာဝင်တို့ ထားရှိအပ်တဲ့ အမြင်ပါ။ ဘာကြောင့်လဲဆိုတာ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဆုံးစွန်ပန်းတိုင်ဖြစ်တဲ့ ဝိမုတ္တိရသ (လွတ်မြောက်ခြင်း ပန်းတိုင် ) ဟာ ကိုယ့်ကိုယ်ကို ပိုင်စိုးခြင်း၊ အမှီအခိုကင်းခြင်း၊ လွတ်လပ်ခြင်း စတာတွေဟာ ဖြစ်တည်မှု တစ်ခုတည်းရဲ့ အနှစ်သာရများ ဖြစ်ပါတယ်။


          ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကို ပိုင်စိုးတဲ့သူဟာ၊ လွတ်လပ်မှုကို ရရှိတာနဲ့အတူ ကိုယ့်တာဝန် ကိုယ်ယူရတဲ့ အဖြစ်ကိုလည်း လက်ခံရတာကိုး။ ဒါကြောင့် ဂျော့ဘားနတ်ရှော ဆိုတဲ့ စာရေးဆရာကြီးက ပြောဖူးတယ်။ “လွတ်လပ်ခြင်းဆိုတာ တာဝန်ယူမှု ဆိုတာနဲ့ အတူတူပဲ။ ဒါကြောင့် လူတွေက ကြောက်ကြတယ်”တဲ့။ 


          ဖြစ်တည်မှုဝါဒီ ယန်းပေါဆာ့ထ်ကတော့ ကိုယ့်တာဝန် ကိုယ်မယူရဲတဲ့သူတွေကို “မရိုးသားသူတွေ” လို့ ထောက်ပြပါတယ်။


          မွေးခါစမှာ ပြဌာန်းခံတွေ ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်း ကြီးပြင်လာတာနဲ့အမျှ၊ လွတ်လပ်လာပြီး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးသူတွေ ဖြစ်လာရပါမယ်။ ရင့်ကျက်သူဆိုတာ ကိုယ့်တာဝန် ကိုယ်ယူသူပဲ ဖြစ်ပါတယ်။

၃) အပြောအဆိုနူတ်မှုကွင်းဆက်


စကားပြောဆိုလျှင် ထစ်ထစ်ငေါ့ငေါ့ ပြောဆိုသော၊ တောင်ရောက်မြောက်ရောက် ပြောဆိုသော၊ လေလုံးမကွဲ ပြောဆိုသော၊ တစ်ဆိတ်ကို တစ်အိတ်လုပ်၍ ပြောဆိုသော၊ လေကြောရှည်ကြီးနှင့် ပျင်းရိငြီးငွေ့ဖွယ်ရာ ပြောဆိုသော၊ အပ်ကြောင်းထပ်၍ ပြောဆိုသော၊ တစ်ဖက်သားကို ဂရုမထားဘဲ တစ်ဖက်သတ်ပြောဆိုသော၊ နှုတ်မှုရေးရာ မနူးမနပ်သည့် သူတို့သည် လက်ညိုးထိုးမလွဲအောင် ပေါများလွှမ်းမိုးနေလေရာ၊ စကားပြော ရင့်ကျက်ခြင်းမှာ လူလွန်မသားတို့၏ ဂုဏ်ရည်လိုဖြစ်နေပါတော့သည်။

          ဂျာမန်ပညာရှင်ကြီးဗွန်ဟမ်းဗို့က “ဘာသာစကားကြောင့်သာ လူသည် လူအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်၏။” 


          အတွေးအကြံကို ဖလှယ်ရင်း အသိပညာ ဘဏ်တိုက်ကို ပိုင်ဆိုင်နိုင်ဖို့အတွက်၊ ဘာသာစကားရဲ့ အခန်းဏ္ဍဟာ အလွန်အရေးပါခဲ့တာပါ။

          မိမိပြောဆိုချင်သည့်အရာကို ခိုင်ခိုင်မာမာ တိတိကျကျ လှလှပပ ပြောနိုင်သူရှားသည်။ အခြေအနေနှင့် လိုက်ဖက်ညီသည့် စကားမျိုးကို အသိတရားရှိရှိပြောဆိုနိုင်သူ နည်းသည်။ ထို့ကြောင့်ပင်လျှင် စကားပြော ကျွမ်းကျင်ပါးနပ်ရုံမျှနှင့်ပင် အောင်မြင်မှုကို ရသူတွေ ရှိနေခြင်းဖြစ်၏။

          ဘာသာစကားပြောဆိုမှုဟာ ဗီဇပါ အရည်အချင်း မဟုတ်ပါဘူး။ မွေးဖွါးလာပြီးနောက်မှ သင်ယူလေ့ကျင့်ရတဲ့ အရာပါ။ ဒါကြောင့် နှုတ်မှုရေးရာ ညံ့ဖျင်းမှုဟာ သင်ယူမှု ညံ့ဖျင်းလို့ဆိုတာ သိသာထင်ရှားပါတယ်။


          စကားလုံးကွင်းဆက်သည် စကားလုံးများမှတစ်ဆင့် စိတ်ဓါတ်စရိုက်နှင့် ဆက်စပ်သည့် ကွင်းဆက်ဖြစ်သည်။

          ရင့်ကျက်တဲ့ အပြောအဆိုဟာ လူသားတိုင်းအတွက် မရှိမဖြစ်တဲ့ အရည်အချင်းတစ်ခုပါ။

No comments:

Post a Comment