Tuesday, April 15, 2014

ငြိမ်းချမ်းရေးကို ရှာဖွေခြင်း



      လူကြီးလူကောင်းအဖိုးကြီးတစ်ယောက် အလုပ်မှ အငြိမ်းစားယူပြီးနောက် အထက်တန်းကျောင်းတစ်ကျောင်းအနီး အိမ်တစ်လုံးကို ဝယ်ယူနေထိုင်ပါတယ်။ အငြိမ်းစားနေ့ရက်တွေရဲ့ ပထမပိုင်း သီတင်းပါတ်တွေမှာ အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်း အနားယူရပါတယ်။ ထို့နောက်မှာ ကျောင်းဖွင့်ချိန်ရောက်လာပါတယ်။ နောက်တစ်နေ့ နေ့လည်ပိုင်း ကျောင်းဆင်းချိန်မှာ လူငယ်သုံးဦးဟာ ကျောင်းဆင်းချိန်ရဲ့တက်ကြွမှုနှင့် အဖိုးကြီးနေထိုင်တဲ့လမ်းကို ရောက်လာပြီး၊ တွေ့သမျှ ပုံးခွန်အလွတ်တွေကို ဆူညံစွာ ရိုက်နေပါတယ်။ နောက်ရက်တွေမှာလည်း ရောက်လာပြီး ဆူညံကွဲအက်နေတဲ့အသံတွေလုပ်ပါတယ်။ ဒီကိစ္စကို တခုခုလုပ်ရတော့မယ်လို့ ပညာရှိအဖိုးကြီး ဆုံးဖြတ်လိုက်ပါတယ်။

          နောက်တစ်နေ့ နေ့လည်ပိုင်းမှာ အဖိုးကြီး လူငယ်ပါကပ်ရှင်းသမားတွေနဲ့ တွေ့ဖို့ ထွက်ခဲ့ပါတယ်။ လမ်းတလျှောက်ဆူဆူညံညံအသံတွေ လုပ်လာချိန်မှာ အဖိုးကြီးနဲ့ တွေ့ပါတယ်။ လူငယ်တွေကို ရပ်ဖို့ ပြောလိုက်ပါတယ်။
“မင်းတို့လေးတွေ သိပ်ပြီး ပျော်တတ်ရွှင်တတ်တာပဲကွာ။ ငါ မင်းတို့ အားကုန်သုံးပြီး ဒီလိုပျော်ရွှင်တာမျိုး ကြိုက်တယ်ကွ။ ငါ ငယ်ငယ်က လုပ်ခဲ့သလိုမျိုးပေါ့ကွာ။ မင်းတို့ ငါ့အတွက် တစ်ခုလောက်လုပ်ပေးနိုင်မလားကွာ။ မင်းတို့တစ်ယောက်ကို တစ်ဒေါ်လာပေးမယ်ကွာ။ နေ့တိုင်း ဒီကို လာပြီး၊ ဒီလို ဆူဆူညံညံလုပ်ပေးကြကွာ။”
          လူငယ်လေးတွေက အရမ်းပျော်သွားကြပါတယ်။ ပြီးတော့ ပုံးအလွတ်တွေကို ရိုက်ပုတ်ပြီး၊ ဆက်လက်ထွက်ခွါသွားပါတယ်။ ရက်အနည်းငယ်အကြာမှာ အဖိုးကြီး လူငယ်တွေကို လာတွေ့ပါတယ်။ သူ့မျက်နှာ သိပ်မကောင်းပါဘူး။
“ဒီစီးပွါးပျက်ကပ်ကြောင့် ငါ့ ဝင်ငွေတွေ လျှော့သွားတယ်ကွာ။” လို့ ကောင်လေးတွေကို ပြောလိုက်ပါတယ်။
“ဒီအချိန်မှစပြီး ပုံးတွေရိုက်တဲ့အတွက် ၅၀ ဆင့်ပဲ မင်းတို့ကို ပေးနိုင်တော့မယ်ကွာ။”

          ဆူဆူညံညံကောင်လေးတွေ သိပ်တော့ သဘောမကျပါဘူး။ ဒါပေမယ့် အဖိုးကြီးရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး၊ ဆူဆူညံညံနဲ့ ထွက်သွားကြပါတယ်။
          နောက်ရက်အနည်းငယ်အကြာမှာ ပါးနပ်တဲ့ အငြိမ်းစားအဖိုးကြီး ဆူဆူညံညံလုပ်လာတဲ့ ကောင်လေးတွေဆီကို ရောက်လာပါတယ်။
“ကြည့်စမ်း ကောင်လေးတွေ၊ ငါ့ရဲ့ လူမှုဖူလုံရေးငွေလေး မရတော့ဘူးကွာ။ အဲဒီတော့ ငါ မင်းတို့ကို ၂၅ ဆင့်ထက်ပိုပြီး မပေးနိုင်တော့ဘူး။ အဲဒါအဆင်ပြေမလားကွာ။ ”
          “တော်တော်ညစ်ပတ်တဲ့ရပ်ကွက်ထဲကလူကြီး။ ကျုပ်တို့ အချိန်ဖြုန်းပြီး၊ ရပ်ကွက်တစ်ခုလုံးကို ပုံးတွေ လျှောက်တီးနေတယ်လို့ ခင်ဗျားထင်နေလားဗျ။ ခင်ဗျား အရှူးပဲ။ လုံးဝ မဖြစ်နိုင်ဘူးဗျာ။ ခင်ဗျား ထွက်သွားတော့” လို့ လူငယ်တွေရဲ့ခေါင်းဆောင် ပြောပါတယ်။ အဲဒီနောက်ပိုင်း အဖိုးကြီး အေးအေးဆေးဆေး အနားယူနိုင်သွားပါတော့တယ်။

( Let there be peace by Gentle Spaces News ကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။  )

No comments:

Post a Comment