Friday, April 25, 2014

အချစ်တြိဂံ



( အချစ်တွင်ပါဝင်သော အင်္ဂါရပ်များကို ပါမောက္ခစတန်းဘာဂ် ဖေါ်ထုတ်ချက်များ ဖြစ်ပါသည်။ အချစ်တွင် ပါဝင်သောအပိုင်းများကို သိမှသာ အတိုင်းအတာကို စဉ်းစားနိုင်မည်ဖြစ်ပါသည်။ လူတိုင်းမကင်းကြသည့် အချစ်တြိဂံ အယူအဆကို ဆရာခင်မောင်သန်း(စိတ်ပညာ) ရေးသားပြုစုသော လူ့သဘာဝနှင့် စိတ်ပညာစာအုပ်မှ ကူးယူဖေါ်ပြပါသည်။ ) 

အချစ်တြိဂံ
          ယေးတက္ကသိုလ်မှ စိတ်ပညာပါမောက္ခစတန်းဘာဂ်သည် သူ၏လေ့လာမှု အမြောက်အမြားအပေါ် အခြေခံပြီး အချစ်တွင် အင်္ဂါ (၃) ရပ်ပါဝင်ကြောင်း တင်ပြခဲ့သည်။ ထိုအင်္ဂါ (၃)ရပ်မှာ တာဝန်ယူမှု၊ ရင်းနှီးမှုနှင့် ရမ္မက် တို့ဖြစ်ပါသည်။

တာဝန်ယူမှု
          အချစ်တြိဂံမှ သိမှုနှင့်ဆိုင်သောအပိုင်းသည် တာဝန်ယူမှုဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး စတင်တွေ့ဆုံခါစတွင် တာဝန်ယူမှုဟူ၍ မရှိသေး။ သိကျွမ်းလာသည့်အခါမှသာ ထိုအပိုင်းသည် ကြီးထွါးလာသည်။ တစ်ဦးနှင့်တစ်ဦး ဆက်နွယ်မှုသည် ရေရှည်တည်တံ့မည်ဟု ခန့်မှန်းထားပါက တာဝန်ယူမှုသည် ဖြည်းဖြည်းနှင့် မှန်မှန်တက်လာသည်။ လျင်မြန်စွာတက်လာပြီးသည့်နောက်တွင် ပုံသေဖြစ်လာ၏။

ရင်းနှီးမှု
          အချစ်တြိဂံမှ ခံစားမှုအပိုင်းကို ရင်းနှီးမှုဟု ခေါ်ခဲ့သည်။ နီးစပ်မှု၊ စိတ်သဘောချင်း တိုက်ဆိုင်မှုတို့သည် ရင်းနှီးမှုတွင် ပါဝင်သည်။ လူသားတစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြပြီးသောအခါ ရင်းနှီးမှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့်သာ တိုးတက်ခဲ့ပြီး နောက်ဆုံးတွင် ပြောင်းလဲမှု မရှိတော့ဘဲ တည်ငြိမ်သွားတော့သည်။
          တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဆက်နွယ်နေကြသော လူသားများသည် ကွဲကွာသွားပါက သူတို့၏ ခံစားမှုများပြင်းထန်လာတတ်သည်။ လွမ်းတသသဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကွယ်ရာတွင် တခြားသူက မည်သို့မည်ပုံ ပြုမူနေလိမ့်မည်ကို မသိသောကြောင့် ဖြစ်၏။

ရမ္မက်
          အချစ်တြံဂံမှ အပိုင်းတစ်ပိုင်းမှာ ရမ္မက်ဖြစ်သည်။ ရမ္မက်မှာ အချစ်နှင့် ပတ်သက်သော အပြုအမူ ဖြစ်ပေါ်လာရေးအတွက် စေ့ဆော်မှုပေးသည့် အင်္ဂါရပ်ဖြစ်သည်။ လင်ချစ် မယားချစ်တွင် ရမ္မက်သည် အခြေခံကျသည်။ “ခုမြင်ခုကြိုက်”သော လျှပ်တစ်ပြက် အချစ်ရေးများမှာ ဤအင်္ဂါရပ်ကိုသာ အခြေခံတတ်သည်။ ရင်းနှီးမှုလည်း မရှိ၊ တာဝန်ယူရန်လည်း စိတ်ကူးမရှိသည့် အချစ်အမျိုးအစားဖြစ်သည်။
          ဤစေ့ဆော်မှုတွင် အပိုင်းနှစ်ပိုင်း ပါဝင်၏။ တစ်ပိုင်းမှာ ဆွဲငင်မှုဖြစ်ပြီး၊ ကျန်တစ်ပိုင်းမှာ တွန်းကန်မှုဖြစ်သည်။ ဆွဲငင်အားသည် အတက်မြန်သလို အကျလည်းမြန်၏။ အရှိန်လည်း သေလွယ်၏။ တွန်းကန်အားမှာမူ အတတ်နှေးပြီး အကျလည်း နှေးသည်။
          စတန်းဘာဂ်က ရမ္မက်သည် အရက်နှင့်တူသည်ဟုဆို၏။ အရက်သောက်ကာစတွင် တစ်ခွက်လောက် သောက်ရုံမျှနှင့် အရှိန်တက်လာသည်။ ရီဝေဝေ မူးတူးတူးဖြစ်လာသည်။ ဤခံစားမှုကို နှစ်ခြိုက်သဖြင့် အရက်ကို ဆက်လက်သောက်လာသောအခါ ကျင့်သားရလာ၏။ တစ်ခွက်လောက် သောက်ရုံမျှနှင့် ယခင်ခံစားမှုမျိုးကို မရနိုင်တော့။ သောက်တတ်ကာစ ရသည့်အခြေအနေမျိုးလည်း မရတော့။ အရက်ကို ရှားရှားပါးပါး ရှာဖွေမနေရဘဲ ကြိုက်သလောက် သောက်နိုင်သည့် အခြေအနေဖြစ်ပါက ပို၍ပင် ဆိုးလာသေးသည်။ ထိုအခါ သင်သည် အရက်အပေါ် တန်ဖိုးထားမှုလည်း ရှိတော့မည် မဟုတ်ပါပေ။

          အချစ်တြိဂံတွင် အင်္ဂါသုံးခုအနက်မှ မည်မျှပါသနည်း။ တစ်ခုသာ ပါသလော။ နှစ်ခုပါသလော၊ သို့မဟုတ် သုံးခုပါသလော။ အင်္ဂါရပ်ပါဝင်မှု အခြေအနေ အမျိုးမျိုးကို လိုက်ပြီး အချစ်ရေးသည်လည်း အစားစားရှိနေမည် ဖြစ်သည်။
          ရင်းနှီးမှုလည်း မရှိ၊ တာဝန်ယူမှုလည်း မရှိ၊ ရမ္မက်လည်း မရှိသည့် အမျိုးအစားသည် အနိမ့်ဆိုး အချစ်အမျိုးအစား ဖြစ်၏။ လူသားနှစ်ဦး တွေ့ဖူးရုံသာရှိသည့် အဆင့်ပင်ဖြစ်သည်။ အချစ်မဲ့ ဆက်နွယ်မှု ခေါ်ရပေမည်။

အချစ်ပုံစံအမျိုးမျိုး
          ရင်းနှီးမှု၊ ရမ္မက်နှင့် တာဝန်ယူမှုတို့သည် အချိန်နှင့်လိုက်ပြီး အပြောင်းအလဲရှိနိုင်သည်။ အင်္ဂါရပ်တစ်ခု၏ ပမာဏပြောင်းလဲလာသည်နှင့်အမျှ အချစ်တြိဂံ၏ ပုံသဏ္ဍာန်သည် ပြောင်းလဲလာမည် ဖြစ်သည်။ တြိဂံ၏ အကျယ်အဝန်းသည် အချစ်၏ ပမာဏဖြစ်သည်။ အချစ်ပုံစံပင် ဖြစ်၏။ ဧရိယာကြီးလေလေ၊ အချစ်ပမာဏကြီးလေလေ ဖြစ်၏။

No comments:

Post a Comment